Skip to main content

သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် ပြည်သူအားလုံး အင်တိုက်အားတိုက် ပူးပေါင်းပါဝင်

ဇာနည်ဘွား

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားသောလုပ်ငန်းစဉ်များတွင် မဖြစ်မနေအခြေခံ အသုံးပြုရမည့် ကိန်းဂဏန်းများ၊ အချက်အလက်များနှင့် အကြောင်းအရာများရရှိရန်အတွက် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လာမည့်အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်အထိ နိုင်ငံတစ်ဝန်းလုံးတွင် တစ်ပြိုင်တည်းကောက်ယူတော့မည်ဖြစ်ရာ အချိန်အားဖြင့် ရက်သတ္တတစ်ပတ်ကျော်မျှသာ လိုတော့သည်။

သန်းခေါင်စာရင်းက ရရှိလာသည့် အချက်အလက်များသည် နိုင်ငံအတွင်းရှိ လူဦးရေ စုစုပေါင်းကိုသာ ဖော်ပြရုံမဟုတ်ဘဲ အသက်အပိုင်းအခြားအလိုက်၊ ကျား မ အလိုက် လူဦးရေများကို ရရှိနိုင်သလို လူမှုစီးပွားရေးဆိုင်ရာ ကဏ္ဍအားလုံးနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ အိမ်အကြောင်း အရာများကိုလည်း ရရှိနိုင်မည်ဖြစ်၍ နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။

လူဦးရေဆိုင်ရာကိန်းဂဏန်း အချက်အလက်များကို သန်းခေါင်စာရင်းမှသာ ရရှိနိုင်

နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို ကဏ္ဍအလိုက်အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် မူဝါဒချမှတ်ခြင်းများ၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းများ စသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံအဖြစ် အသုံးပြုရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်း အချက်အလက်များကို သန်းခေါင်စာရင်းမှသာ ရရှိနိုင်သည်။

သန်းခေါင်စာရင်းက ရရှိလာသည့်အချက်အလက်များသည် အုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှု နယ်ပယ်အဆင့်တိုင်းအတွက် ထိရောက်သည့် ဖွံ့ဖြိုးမှုစီမံကိန်းများ ရေးဆွဲနိုင်ရန်နှင့် အထောက်အထား အခြေပြုဆုံးဖြတ်ချက်များချမှတ်ရာတွင် မရှိမဖြစ်လိုအပ်သည်။ နိုင်ငံ၏သယံဇာတရင်းမြစ်များ ခွဲဝေသတ်မှတ်ခြင်းများ၊ ဘဏ္ဍာငွေခွဲဝေချမှတ်ခြင်းများ၊ နယ်မြေဧရိယာနယ်နိမိတ်များကို ပြန်လည်ဆန်းစစ်ခြင်းများကလည်း လူဦးရေပေါ်မှာပင် အခြေခံရ၍ ဖြစ်သည်။

ထို့အတူ သန်းခေါင်စာရင်းက နိုင်ငံ၏ပကတိအခြေအနေ၊ နိုင်ငံအတွင်းနေထိုင်သူများ၏ ဒေသအလိုက်၊ အသက်အပိုင်းအခြားအလိုက်၊ မြို့ပြ၊ ကျေးလက်အလိုက် လူဦးရေကိုသာ ရရှိနိုင်ရုံသာမက ပညာအရည်အချင်းအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ နေထိုင်မှုပုံစံအလိုက် လူဦးရေကိုခွဲခြားသိရှိ နိုင်မည်ဖြစ်၍ နေရာဒေသအလိုက် လိုအပ်သည့်အစီအမံများချမှတ်ရန် အခြေခံအရင်းအမြစ်များကို ဖန်တီးပံ့ပိုးပေးနိုင်မည်ဖြစ်သလို လိုအပ်သည့် လုပ်သားအင်အားကိုလည်း ဖော်ထုတ်သိရှိနိုင်မည်ဖြစ်သည်။

သန်းခေါင်စာရင်းကရရှိလာသည့် အချက်အလက်များကို လေ့လာဆန်းစစ်အသုံးပြုနိုင်မည်

အလားတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်သူများ ကယ်ဆယ်ရေး၊ လူမှုဖူလုံရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ မသန်စွမ်းထောက်ပံ့မှု အစီအစဉ်များ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများအပြင် ပြင်ပစီးပွားရေးလုပ်ငန်းရှင်များအတွက် လည်း ဈေးကွက်ရှာဖွေခြင်း၊ စားသုံးသူခန့်မှန်းခြင်း၊ ကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ ဝန်ဆောင်မှုလုပ်ငန်း များတွင် သန်းခေါင်စာရင်းကရရှိလာသည့် အချက်အလက်များကို လေ့လာဆန်းစစ်အသုံးပြုနိုင်မည် ဖြစ်၍ နိုင်ငံတော်အတွက် များစွာအသုံးဝင်ရုံမက အရေးကြီးလှသည်။

ထို့ကြောင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏ ကြီးမားရုံမက ငွေကုန်ကြေးကျ များပြားမှုရှိသည့်ကြားက ကမ္ဘာ့နိုင်ငံအများစုမှာ ၁၀ နှစ်လျှင်တစ်ကြိမ် ကောက်ယူလေ့ရှိသလို မှတ်ပုံတင်စာရင်းအင်းအချက်အလက်များ ပြည့်စုံသည့် ဖွံ့ဖြိုးပြီးနိုင်ငံများကလည်း သန်းခေါင်စာရင်းကို ပုံမှန်ကောက်ယူလေ့ရှိကြသည်။

မြန်မာနိုင်ငံတွင်လည်း ရှေးမြန်မာမင်းများ လက်ထက်မှစ၍ လူဦးရေစစ်တမ်းအဖြစ် ကောက်ယူခဲ့ကြပြီး ကိုလိုနီခေတ်တွင် ဗြိတိသျှအစိုးရသည် တနင်္သာရီ၊ ရခိုင်နှင့် အောက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ၁၈၇၂ ခုနှစ်တွင် သန်းခေါင် စာရင်းကောက်ယူခဲ့ကြသည်။ မြန်မာပြည်ကို ဗြိတိသျှအစိုးရ၏ ပထမဆုံးအကြိမ် စနစ်တကျကောက်ယူခဲ့သည့် သန်းခေါင်စာရင်းဖြစ်သည်။

ထိုစဉ်က ဗြိတိသျှတို့သိမ်းပိုက်ထားရှိသည့် မြန်မာပြည်၏ တစ်စိတ်တစ်ဒေသကို အိန္ဒိယအစိုးရ၏ ဘင်္ဂလားပြည်နယ်တိုင်းကြီးတစ်ခုအဖြစ် မဟာဝန်ရှင်တော်မင်းကြီးက အုပ်ချုပ်လျက်ရှိသောကြောင့် သန်းခေါင်စာရင်းကိုလည်း အိန္ဒိယအစိုးရ၏ညွှန်ကြားချက်ကို ခံယူ၍ကောက်ရသည့်အပြင် အစီရင်ခံစာကိုလည်း အိန္ဒိယအစိုးရထံတွင် တင်သွင်းရလေသည်။ ထိုစဉ်က ဗြိတိသျှအစိုးရအုပ်ချုပ်လျက်ရှိသည့် ရခိုင်၊ ပဲခူး၊ တနင်္သာရီတိုင်းများအတွင်းရှိ ခရိုင်အလိုက်ကောက်ယူရရှိသည့် လူဦးရေစာရင်းမှာ ၂၇၄၇၁၄၈ ဦးရှိကြောင်း မှတ်တမ်းများအရ သိရသည်။

ဩဂုတ်လ ၁၅ရက်နေ့ကို သန်းခေါင်စာရင်း ကောက်ယူရန်နေ့အဖြစ်သတ်မှတ်

မူလက ထိုသန်းခေါင်စာရင်းကို ၁၈၇၁ ခုနှစ် နိုဝင်ဘာလတွင်ကောက်ယူရန် စီစဉ်ခဲ့သော်လည်း ကျေးရွာလူထုအိမ်မြဲတတ်သည့် ဇွန်နှင့် ဇူလိုင်လအတွင်း ကောက်ယူသင့်ကြောင်း ခရိုင်အရာရှိများ၏ တင်ပြချက်များအရ ၁၈၇၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ကို မြန်မာပြည် ဗြိတိသျှအုပ်ချုပ်ထားသော နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူရန် နေ့အဖြစ်သတ်မှတ်ခဲ့လေသည်။

စာရင်းကောက်ရာတွင် သာမန်အားဖြင့် အခွန်ဘက်ဆိုင်ရာဝန်ထမ်းများနှင့် ပုလိပ်ဘက်မှ ပုဂ္ဂိုလ်များကို အသုံးပြုသည်။ ပင်လယ်ဆိပ်ကမ်းများတွင် ရေကြောင်းဌာနမှဝန်ထမ်းများ၊ စစ်တပ်နယ်မြေများတွင် တပ်မှအရာရှိ အရာခံများနှင့် ထောင်အစရှိသည့် ထူးခြားသောနေရာများတွင် သက်ဆိုင်ရာ ဝန်ထမ်းများက ကူညီကြလေသည်။

သာမန်အားဖြင့် မြို့ပေါ်တွင် စာရင်းကောက်ယူရသည်မှာ အလွယ်ဆုံးဖြစ်သည်ဟုဆိုသော်လည်း ရန်ကုန်မြို့တွင် ရည်မှန်းထားသလို ပြီးပြတ်မှုမရှိခဲ့ဟုဆိုသည်။ မြို့တော်ဆိုင်ရာ တရားသူကြီးက အချို့သောတန်းလျားများတွင် အလုပ်သမားများ သည်တာဝန်ကျ ပုလိပ်အဖွဲ့က တံခါးဖွင့်၍ မီးခွက်များယူလာရန် အမိန့်ပေးသော်လည်း အမိန့်ကိုမလိုက်နာဘဲ အိပ်ချင်ယောင်ဆောင်နေကြသည်ကိုတွေ့နေရသောကြောင့် ဥပဒေအရဆောင်ရွက်နိုင်ရေးအတွက် အာဏာအပြည့်အဝ အပ်နှင်းရန်လိုကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထို့နောက် ၁၈၈၁ ခုနှစ်မှစတင်၍ ၁၀ နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းများ ပုံမှန်ကောက်ယူခဲ့ သည်။ ၁၈၉၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ၁၀ နှစ်လျှင် တစ်ကြိမ်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများသည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကိုလွှမ်းခြုံအောင် ကောက်ယူနိုင်ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း လူအများသေဆုံးရခြင်း၏ အကြောင်းရင်းရောဂါများနှင့် နှစ်အလိုက် သေဆုံးသူများ၏ ဦးရေကို ၁၉၂၃ ခုနှစ်မှ ၁၉၂၇ ခုနှစ် ဖွားသေစာရင်းအဖြစ် စာရင်းကောက်ယူ၍ဖော်ပြခဲ့ရာ ဝမ်းရောဂါ၊ ကျောက်၊ ပလိပ်၊ အဖျား၊ ဝမ်းကိုက်၊ အသက်ရှူလမ်းကြောင်းနှင့် ပတ်သက်သောရောဂါများ၊ မိမိကိုယ်ကို သတ်သေခြင်း၊ ဒဏ်ရာရထိခိုက်၊ မြွေကိုက်၊ ခွေးရူးပြန်နှင့်အခြားဟူ၍ ရောဂါအလိုက် သေဆုံးဦးရေနှင့်တကွ စနစ်တကျ စာရင်းပြုစု ဖော်ပြခဲ့သည်ကို မှတ်တမ်းများအရ သိရသည်။

သန်းခေါင်စာရင်းကို လူဦးရေမှန်းဆ၍သာ တွက်ချက်ခဲ့ကြရ

ထို့နောက်ပိုင်း ဒုတိယကမ္ဘာစစ်ကာလမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစကာလအထိ သန်းခေါင်စာရင်းကို စနစ်တကျမကောက်နိုင်ခဲ့၍ လူဦးရေကိုမှန်းဆ၍သာ တွက်ချက်ခဲ့ကြရသည်။ ၁၉၅၃ ခုနှစ်က ကောက်ခံခဲ့သော သန်းခေါင်စာရင်းမှာလည်း နိုင်ငံ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်သာ ကောက်ယူ စာရင်းပြုစုနိုင်ခဲ့ပြီး တော်လှန်ရေးကောင်စီခေတ်တွင်လည်း လူဦးရေနှင့် စီးပွားရေးစစ်တမ်းမျှသာ ကောက်ယူနိုင်ခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင်မူ ၁၉၇၂ ခုနှစ်တွင် သန်းခေါင်စာရင်းဥပဒေကိုပြဋ္ဌာန်း၍ ၁၉၇၃ ခုနှစ် ဧပြီလ ၅ ရက်နေ့အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင်ကောက်ခံခဲ့သော သန်းခေါင်စာရင်းမှာ အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်းဖြစ်၍ မြန်မာ နိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကောက်ခံနိုင်ခဲ့သော အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်းဖြစ်ခဲ့သည်။ ဆက်လက်၍ ၁၉၈၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ထပ်မံကောက်ယူနိုင်ခဲ့ပါသည်။

မြန်မာ့သမိုင်းစဉ် တစ်လျှောက်တွင် အကောင်းဆုံးနှင့် အပြည့်စုံဆုံး သန်းခေါင်စာရင်းဖြစ်ခဲ့

၂၀၁၄ ခုနှစ် တတိယအကြိမ် ကောက်ယူနိုင်ခဲ့သည့် သန်းခေါင်စာရင်းမှာ ၁၉၈၃ ခုနှစ် ဒုတိယအကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့သည့်နောက်ပိုင်း နှစ်ပေါင်း ၃၀ ကြာမှ ကောက်ယူ နိုင်ခဲ့ခြင်းဖြစ်သော်လည်း မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် အကောင်းဆုံးနှင့် အပြည့်စုံဆုံး သန်းခေါင်စာရင်းဖြစ်ခဲ့သည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေအမှတ်(၁၉) အား ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးခဲ့သည်။ ဥပဒေတွင် မြန်မာနိုင်ငံအစိုးရကိုယ်စား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်၏ လူဦးရေ၊ တိရစ္ဆာန်၊ အဆောက် အအုံ၊ ပစ္စည်း၊ လုပ်ငန်းစာရင်းများနှင့် စာရင်း/ အင်းဆိုင်ရာ အချက်အလက်များကို တိကျမှန်ကန်စွာ ရရှိရေးဆောင်ရွက်ရန် အာဏာအပ်နှင်းထားသည်။ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီကောက်ယူရန် တာဝန်ရှိကြောင်းကိုလည်း ဥပဒေတွင် ဖော်ပြပါရှိသည်။ ထို့အပြင် သန်းခေါင်စာရင်းကောက်ယူခဲ့သည့် ဖြေဆိုသူများ၏ တစ်ဦးချင်း ကိုယ်ရေးအချက် အလက်များ မပေါက်ကြားစေရေးအတွက် ဖြေဆိုသူများအား အကာအကွယ်ပေးရန် ဥပဒေပုဒ်မများ ပါရှိသည်။

ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြ

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းစဉ်တွင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) နှင့် အလှူရှင်နိုင်ငံများ၏ အကူအညီနှင့် အကြံဉာဏ်များ အပြင် အဆင့်ဆင့်သော တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးမှ သန်းခေါင်စာရင်း ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ စာရင်းစစ်၊ စာရင်းကောက်များအဖြစ် နိုင်ငံတစ်ဝန်းမှ ပညာရေး ဝန်ထမ်းများ၊ သစ်တောဘက်ဆိုင်ရာ ဝန်ထမ်းများ၊ စေတနာရှင်၊ လုပ်အားရှင်များကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

အထူးသဖြင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ၏ စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်မှုကလည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်တွင် များစွာအထောက်အပံ့ အကူအညီဖြစ်ခဲ့လေ သည်။ ထို့ကြောင့်ပင် ထိုစဉ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက သန်းခေါင်စာရင်းထုတ်ပြန်ချက် အမှတ် (၁) ဥယျောဇဉ်တွင် “၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း၏ မေးခွန်းများအား လိုလားနှစ်ခြိုက်စွာ ဖြေဆိုခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော နိုင်ငံတစ်ဝန်းရှိ ပြည်သူပြည်သား တိုင်းရင်းသားညီ အစ်ကိုများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် နိုင်ငံတစ်ဝန်းရှိပြည်သူများ၏ စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်မှုကြောင့်သာလျှင် သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကြီးကို အောင်မြင်စွာကောက်ယူနိုင်ခဲ့သည်ဟု အစဉ်ထာဝရ ယုံကြည်စွဲမှတ်ထားပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်” ဟု ရေးသားဖော်ပြခဲ့သည်။

သန်းခေါင်စာရင်းသည် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရခေတ် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်အထိ ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များကိုအခြေခံပြီး ကိုယ့်အားကိုယ်ကိုးဆောင်ရွက်နေသည့် အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို တိတိကျကျ မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်စုံစုံကောက်ယူနိုင်မှသာ ပြည်သူများအတွက်လိုအပ်သော လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော မဲစာရင်း တိကျမှန်ကန်စေရေး လုပ်ဆောင်ရာတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း အထိမ်းအမှတ် ပြည်သူသို့ပြောကြားသည့် ဗီဒီယိုမိန့်ခွန်းတွင် “သန်းခေါင်စာရင်းကရရှိတဲ့ ကိန်းဂဏန်းတွေဟာ ကျွန်တော်တို့ အစိုးရလက်ထက်သာမက နောင်အစိုးရအဆက်ဆက်အထိ လက်ဆင့်ကမ်းအမွေပေးရမယ့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေ ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာအရေးကြီးဆုံးကတော့ မေးခွန်းတွေကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံဖြေဆိုပေးကြဖို့ လိုအပ်ပြီး မိမိတို့အတွက်၊ မိမိ မိသားစုအတွက်၊ မိမိ သားစဉ်မြေးဆက်အတွက်၊ နိုင်ငံတော်အတွက် အနည်းဆုံး ၁၀ နှစ်စာ စီမံဆောင်ရွက်နိုင်တဲ့ အခြေခံအချက်အလက်များရရှိစေနိုင်မယ့် အကျိုးရှိတဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောလိုပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့အနာဂတ်၊ ပြည်သူတွေရဲ့မျှော်လင့်ချက်၊ လိုအပ်ချက်တွေကို ပုံဖော်ပေးနိုင်ဖို့ အခုဆောင်ရွက်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကြီးမှာ မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြဖို့ ထပ်လောင်းအသိပေးလိုပါတယ်။

အိမ်ထောင်စုအဖွဲ့အစည်းတိုင်းအတွက် စာရင်းကောက်တွေက အိမ်တိုင်ရာရောက် လာရောက်မေးမြန်းမယ့် မေးခွန်းတိုင်းအပေါ်မှာ သံသယစိတ်၊ စိုးရိမ်ကြောင့်ကြစိတ်များ ကင်းစွာနဲ့ နောင်အနာဂတ် မျိုးဆက်သစ်တွေ အကျိုးအတွက် အမှန်ကိုအမှန်အတိုင်း အမှားအယွင်းမရှိအောင် ယုံယုံကြည်ကြည်ဖြေကြားကြဖို့ လိုအပ်ပါတယ်။ သန်းခေါင်စာရင်းအတွက် ထုတ်ပြန်ထားတဲ့ ၂၀၁၃ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေကလည်း ပြည်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို လုံခြုံမှုအကာအကွယ်ပေးထားပြီးဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်” စသည်ဖြင့် အကျယ်တဝင့် ပြောကြားခဲ့ပါသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဆိုရန်တိုဗီလာအဆောက်အဦ၌ ကျင်းပခဲ့သော ဆိုရန်တိုဗီလာစီမံကိန်းဟု လူသိများသည့် ပြန်လည်ထူထောင်ရေး (၂ နှစ်စီမံကိန်း) ကွန်ဖရင့်တွင် “ကျွန်တော်တို့ဟာ စာရင်းအင်းတွေကို အသိဉာဏ်ရှိရှိနဲ့ သုံးနိုင်ဖို့၊ သုံးတတ်ဖို့လိုပါတယ်။ အဲဒီတော့ ဒီလိုသုံးတတ်ဖို့ရာ ဘယ်စာရင်းအင်းတွေကို ဘယ်လိုလုပ်ပြီး ဘယ်လိုကြောင့် စုဆောင်းတင်ပြထားတယ်ဆိုတာကို သိဖို့လိုတယ်။ ပြီးတော့ ဒီစာရင်းအင်းတွေရဲ့ သဘောအဓိပ္ပာယ်ကို မှန်မှန်ကန်ကန် ကောက်တတ်ဖို့လိုတယ်” ဟူ၍ ထည့်သွင်းပြောကြားသွားခဲ့ပါသည်။

သို့ဖြစ်၍ နိုင်ငံတစ်ဝန်းရှိပြည်သူများအနေဖြင့်လည်းများ မကြာမီအောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းလုံးတွင် တစ်ပြိုင်တည်း ကောက်ယူတော့မည့် ၁၀ နှစ်တစ်ကြိမ် ကောက်ယူရသည့် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းစဉ်ကြီးတွင် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။