Skip to main content

လေးမျက်နှာ၊ သီတာကုန်းပြင်နှင့် မဒေါ့ပင်

မြင့်စိုး(နတလ)

(ယမန်နေ့မှအဆက်)

ပန်းတောကြီးမှ ပုသိမ်သို့အသွားခရီးလမ်းတွင် မဖြစ်မနေဝင်ရမည့် ကျေးရွာတစ်ရွာ ရှိနေပါသည်။ ရေကြည်မြို့နယ်ထဲက ပန်းပုကွင်းကျေးရွာဖြစ်၏။ ဆရာတော် ဦးဝိလာသ၊ ဦးဇနိန္ဒနှင့် ရွာသူရွာသားများက ရွာအနီးက သီတာချောင်းကူးတံတား တည်ဆောက်ပေးပါရန် ၂၀၂၃ ခုနှစ်ကတည်းက မေတ္တာရပ်ခံထား တာရှိနေသည်။ ချောင်းအနောက်ဘက်ရှိ ကျေးရွာအုပ်စု လေးခုအတွင်း၌လည်း ကျေးရွာပေါင်း ၇၀ ကျော်ရှိနေကြောင်း သိရှိရသည်။ ထိုရွာများထဲတွင် ဆင်ဖိုးထွန်း၏ဇာတိ ဖက်စလက်ရွာလည်း ပါဝင်နေပါသည်။ သည်နေရာ၌ တံတားတစ်စင်း ပေါ်ပေါက်လာရန် သူတို့မျှော်လင့်ထားသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဟု ဆိုကြ၏။ အကယ်၍သာ တံတားတစ်စင်း ပေါ်ပေါက်လာပါက သူတို့အတွက် အိပ်မက်တံတား ဖြစ်နေပေလိမ့်မည်။ မြေနေရာရွေးချယ်ခြင်း၊ ကွင်းဆင်းတိုင်းတာခြင်းများ လုပ်ကတည်းက ဒေသတစ်ခုလုံး ဝမ်းသာပျော်ရွှင်နေ ကြသည်ဟု ဆရာတော်က အမိန့်ရှိလာသည်။ ကျွန်တော်တို့ သွားရောက်ကြည့်ရှုသည့်နေ့ကလည်း ချောင်းအနောက်ဘက်ကမ်းမှာ ရွာသူရွာသားများကို လှမ်းမြင်နေရသည်။ ဖက်စလက်ရွာသားများလည်း ပါဝင်နေကြပေမပေါ့။ သမ/ကျေးလက်ပြည်သူ့ အတွက်မို့ ဆေးစက်ကျရာတိုင်းမှာ အရုပ်ထင်စေဖို့ အလိုလိုတာဝန် ရှိနေချေပြီတမုံ့။

သီတာကုန်းပြင်ဆိုသည်မှာ

သီတာကုန်းပြင်ဆိုသည့် အမည်ကတော့ ဧရာဝတီတိုင်းဒေသကြီးထဲတွင် ချောင်းသာ၊ ငွေဆောင်တို့ကဲ့သို့ပင် လူသိများထင်ရှားကျော်ကြား ခဲ့သည်။ ရခိုင်ဘုရင်မင်းဗာကြီးလက်ထက် အေဒီ ၁၅၃၁-၁၅၃၃ ကာလများတွင် မြောက်ဦးဒေသသို့ ပေါ်တူဂီများ ရောက်ရှိနေပြီး မြောက်ဦးမြို့ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည်ဆို၏။ မြောက်ဦးမင်းဆက် မင်းရာဇာကြီး အေဒီ ၁၅၉၃-၁၆၁၂ လက်ထက်၌ စစ်ဘက်အရာရှိအဖြစ် ပေါ်တူဂီလူမျိုး ငဇင်ကာသည် နေရာရရှိလာသည်။ ၁၅ ရာစုနှင့် ၁၆ ရာစုတို့တွင် ပေါ်တူဂီတို့ နယ်ချဲ့ အားကောင်းလာချိန်မှာ ရခိုင်ဘုရင်များ၊ မြန်မာ ဘုရင်များ အုပ်စိုးရာနေရာများ၌ စည်းလုံးညီညွတ်မှုပျက်ပြားပြီး သူတစ်လူငါတစ်မင်း ဖြစ်လာကြသည်။ ဘုရင့်နောင်မင်းတရားကြီး လွန်ပြီးနောက် သားတော်နန္ဒဘုရင်လက်ထက်တွင် အကွပ်အညှပ် အားနည်း၍ ဟံသာဝတီ ထီးနန်းယိမ်းယိုင်ခဲ့သည်။ ဟံသာဝတီ တိုက်ခိုက်ခံရပြီးနောက် ငဇင်ကာသည် သန်လျင်မြို့ စောင့်နယ်စားခန့်ထားခြင်းခံရသည်။ ရခိုင်ဘက်တွင်လည်း သူတစ်လူငါတစ်မင်း ဖြစ်လာပြီးနောက် ရခိုင်အမတ်မင်းစောထွတ်က ၎င်း၏သမီး စောသန္တာ(စောသဒ္ဓါ)ကို ငဇင်ကာနှင့် လက်ဆက်ထိမ်းမြားပေးခဲ့သည်။ ၎င်းတို့နှစ်ဦးမှ သားတော်နန္ဒာဘယနှင့် သမီးတော်သုပဘာဒေဝီတို့ ထွန်းကားလာခဲ့သည်။ ငဇင်ကာသည် နတ်သျှင်နောင်နှင့်ပူးပေါင်းပြီး အေဒီ ၁၆၁၂ ၌ တောင်ငူကို တိုက်ခိုက်သိမ်းယူခဲ့သည်။ သည့်အတွက် အေဒီ ၁၆၁၃ ၌ အနောက်ဘက်လွန် မင်းတရားသည် သန်လျင်ကို ချီတက်တိုက်ခိုက်၍ ငဇင်ကာနှင့် နတ်သျှင်နောင်တို့အား ကွပ်မျက်ခဲ့ပါ သည်။ စောသန္တာနှင့် သားငယ် သမီးငယ်တို့သည် ခြွေရံသင်းပင်းများနှင့်အတူ သန်လျင်မှလှေဖြင့် ဆန်တက်၍ ဟင်္သာတမြို့ဘက်သို့ ရောက်လာသည်။ ယင်းမှတစ်ဖန် ငဝန်မြစ်အတွင်း ဝင်ရောက်ပြီး သီတာကုန်းပြင်ဖြစ်လာမည့် ဒေသဘက်သို့ ရောက်ရှိ လာပါသည်။ စောသန္တာမင်းသမီး လမ်းတွင်ဖျားနာပြီး ကွယ်လွန်သွားသောအခါ ကျန်ရစ်သော ကလေးနှစ်ဦးကို ရခိုင်အမတ်သုဒိန်က ကောက်ယူမွေးစား၍ ကျိုက်ယသီ (ယခင်ကျိုက်ပွင့် ပဒေါမြို့ဟောင်းနေရာ) မြို့ကို တည်ထောင်ပေးခဲ့သည်။ အနောက်ဘက်လွန်မင်း လာတိုက်သောအခါ မြန်အောင် မြို့ဘက်သို့ ခေတ္တတိမ်းရှောင်ကြရင်း ကွင်းကောက်ဒေသ၌ ဘုရားစေတီများ တည်ခဲ့ကြကြောင်း သိရသည်။ ထိုအချိန်ကတည်းက ယင်းတို့နှစ်ဦးကို သီတာမောင်နှမအဖြစ် ဒေသတစ်ခုလုံးက ချစ်ခင်စွာ ခေါ်ဝေါ်နေကြပြီဖြစ်သည်။ သီတာကုန်းပြင်ဒေသသို့ ပြန်လည်ရောက်ရှိကြပြီးနောက် ရွှေနန်းဦး စေတီ (မြသိန်းတန်စေတီ)၊ ရွှေဒါန်းဦးစေတီ၊ ရွှေကူနီ ဘုရားတို့ကို တည်ခဲ့ကြသည်။

သီတာမောင်နှမသည် ယင်းကဲ့သို့ နေလာရာမှ အေဒီ ၁၆၃၇ ခုနှစ်၌ မောင်တော်နန္ဒာဘယမင်းသား သည် ဘေးထိုးရင်ကျပ်နာ ပြင်းစွာဖြစ်၍ ကွယ်လွန် ခဲ့သည်။ မောင်ဖြစ်သူ ကွယ်လွန်ပြီး မကြာမီမှာပင် နှမတော် သုပဘာဒေဝီမင်းသမီးသည်လည်း ရင်ကွဲနာကျ၍ ကွယ်လွန်ပြန်လေ၏။ အေဒီ ၁၈၇၁ ခုနှစ်တွင် ရွှေနန်းဦးစေတီကို ပြုပြင်မွမ်းမံပြီး မြသိန်းတန်စေတီအဖြစ် ဘွဲ့အမည်ပြောင်းလဲ ခေါ်ဝေါ်ချိန်မှာပင် သီတာမောင်နှမ နတ်ကွန်းစင် ပေါ်ပေါက်လာခဲ့ပါသည်။ ဘုရားပြုပြင်ချိန် အေဒီ ၁၈၇၁ ခုနှစ်တွင် ရေးထိုးခဲ့သော မြသိန်းတန်စေတီ ကျောက်စာ၌ အထက်ပါအကြောင်းအရာအချို့ကို ဖော်ပြထားကြောင်း ဖတ်ရှုလေ့လာခဲ့ရပါသည်။ မြသိန်းတန်ဘုရားပွဲကို နှစ်စဉ်တပေါင်းလ၌ကုန်းပွဲ၊ တော်သလင်းလ၌ ရေပွဲများ ကျင်းပကာ ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲခဲ့ကြသည်။ ရှေးယခင်က ကုန်းပွဲတွင် ဇာတ်သဘင်ပွဲများ၊ ရိုးရာခြင်းလုံးခတ်၊ ဘော်လီဘောပွဲများကျင်းပပြီး ရေပွဲ၌မူ သီတာချောင်းထဲတွင် လောင်းလှေများ ယှဉ်ပြိုင်လှော်ခတ်ကြသည်ဟု သိရှိရပါသည်။

ယခင်ခရီးစဉ်များနှင့်အတူ သီတာကုန်းပြင်သို့ ကျွန်တော်နှစ်ကြိမ်နှစ်ခါ ရောက်ပြီးဖြစ်ပါသည်။ ဘုရားပွဲနှင့် မကြုံခဲ့၊ ယခုတစ်ခေါက်မှာတော့ မြသိန်းတန်စေတီတော်မြတ်ကြီး၏ (၁၅၄) ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနေချိန်နှင့် တိုက်ဆိုင်စွာရောက်ခဲ့ရပါပြီ။ မြသိန်းတန်စေတီတော် မြတ်ကြီးကို ဖူးမြော်ကန်တော့ပြီးနောက် ဘုရားပွဲတော်အထိမ်းအမှတ် ကျင်းပနေသော ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ဘောလုံးပွဲများ ပြီးသွားလျှင် သီတာချောင်းထဲတွင် လှေပြိုင်ပွဲများ ဆက်လက်ကျင်းပကြဦးမည်ဖြစ်သည်။

အိမ်မဲ၊ ဝါးခယ်မနှင့် မြောင်းမြမြို့နယ်ထဲက မဒေါ့ပင်

ဩဂုတ်လ ၃၀ ရက်နေ့နံနက်ပိုင်း ပုသိမ်မှ အိမ်မဲမြို့နယ်သို့ သွားရောက်ကာ ကျေးလက်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထိုမှ ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာသို့ သွားရောက်ကာ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာ၌ ဝါးခယ်မမြို့နယ်အတွင်းက နေကြာစိုက် တောင်သူများ၊ သမဝါယမအသင်းသားများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး ညှိနှိုင်းဆွေးနွေးပေးခဲ့သည်။ ရွှေကြာဖြူ-၂ စိုက်ပျိုးရေး သမဝါယမအသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော တောင်သူဦးဝင်းဗိုလ်က ယမန်နှစ်နေကြာ လေးဧက စိုက်ပျိုးခဲ့မှု အတွေ့အကြုံနှင့် ရုရှားရွက်ဖျန်းသဘာဝမြေဩဇာ အသုံးပြုခဲ့မှု၊ ပျားပုံးထားရှိခဲ့မှု၊ ဓာတ်မြေဩဇာသုံးစွဲခဲ့မှု စသည်တို့ကိုရှင်းလင်း ပြောကြားခဲ့သည်။ ဦးဝင်းဗိုလ်၏ စိုက်ခင်းမှ မနှစ်က နေကြာတစ်ဧကလျှင် အစို ၇၂ တင်း၊ အခြောက် ၆၅ တင်း ထွက်ရှိခဲ့သည်။ ဝါးခယ်မသည် အဓိက နေကြာစိုက်ပျိုးရေးဇုန်ထဲတွင် မပါဝင်သော်လည်း သမဝါယမစနစ်ဖြင့် ဧက ၁၄၀ စိုက်ပျိုးကြရေး ဖွဲ့စည်းဆောင်ရွက်ကာ ရုရှားရွက်ဖျန်းသဘာဝ မြေဩဇာများ ပေးအပ်ခဲ့ပါသည်။ ခရီးစဉ်အစအဆုံး အတူလိုက်ပါလာခဲ့သော ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင် ကလည်း လိုအပ်သည်များ မှာကြားခဲ့သည်။ ဝါးခယ်မမြို့နယ်အတွင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် မြောင်းမြမြို့နယ်သို့ ကူးခဲ့ကြသည်။

မြောင်းမြမြို့နယ်ထဲက မဒေါ့ပင်ခေတ်မီစံပြ ကျေးရွာ (Smart Village) သို့ သွားရောက်ခဲ့ကြပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးမည့် လုပ်ငန်းများ၊ ငါးနှစ်စီမံကိန်းဖြင့် ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကာ ကျေးလက်စီးပွားမြင့်မားရေး (RBF) ရန်ပုံငွေကျပ် သိန်း ၃၀၀၊ ခေတ်မီစံပြကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၇၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ မဒေါ့ပင်ကျေးရွာသူ ကျေးရွာသားများ ကိုယ်စား အထက်တန်းကျောင်းခွဲမှ ဆရာမ ဒေါ်ချိုမာအေးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ရွာကပြန်အထွက်၌ အထက်တန်းကျောင်းခွဲ ရှေ့ကကားဖြတ်မောင်းရသည်။ အမှတ်မထင် လှမ်း၍တွေ့လိုက်ရသည်မှာ ကျောင်းအဝင် မြောင်းကူးတံတားလေးက မကောင်းတော့ပြီ။ ကျောင်းသား ကျောင်းသူလေးများ ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြတ်ကူးသွားလာနိုင်ရေးအတွက် ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးနိုင်ရေး ညှိနှိုင်းမှာကြားခဲ့ပါသည်။ မတောင်းဘဲ ရလိုက်သော သည်လုပ်ငန်းအတွက် မဒေါ့ပင်ကျေးရွာက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အားလုံးဝမ်းမြောက်ဝမ်းသာ ရှိကြလိမ့်မည် ထင်ပါသည်။

ဂုဏ်ပြုလိုက်ပါသည် သမီးမှုန်နံ့သာ

ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာတော့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် နည်းပြဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ကျောင်းသား ကျောင်းသူများအနေဖြင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး တက်ရောက်ခွင့်ရရှိအောင် ပထမနှစ်စကတည်းက ကြိုးစားသင်ယူကြရေး၊ ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်ကို ထည့်သွင်းသင်ကြားပေးရေး တိုက်တွန်း မှာကြားကာ ထူးချွန်သော အားကစားသမားကောင်း များ ပေါ်ထွက်လာစေဖို့လည်း ကြိုးစားအားထုတ်ကြ ရန် ပြောဖြစ်ခဲ့သည်။ အားကစားအကြောင်းပြောရင်း ဘောလုံး၊ ဘော်လီဘောကစားရန် ဝါသနာပါသော ကျောင်းသား ကျောင်းသူများ ရှိ၊ မရှိ မေးမြန်းရင်း ဖြင့် ဒုတိယနှစ်ကျောင်းသူမမှုန်နံ့သာသည် ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသော အရှေ့တောင်အာရှ (ဆီးဂိမ်း) ပြိုင်ပွဲတွင် ရိုးရာခြင်း ခြောက်ယောက်တွဲ အခြေခံအထိ ခြောက်ချက်ပြိုင်ပွဲ Event 4 ၌ ပထမရွှေတံဆိပ်ဆု၊ တစ်ဦးချင်းပြိုင်ပွဲ အခြေခံအထိ ခြောက်ချက်ပြိုင်ပွဲ Event 3 ၌ ဒုတိယငွေတံဆိပ်ဆု၊ ခြောက်ယောက်တွဲ အခြေခံအထိ ခြောက်ချက်ပြိုင်ပွဲ Event 2 ၌ ဒုတိယငွေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ၂၀၂၅ ဆီးဂိမ်း ပြိုင်ပွဲ (ထိုင်းနိုင်ငံ) တွင်လည်း မြန်မာ့လက်ရွေးစင်အဖြစ် ပါဝင်ယှဉ်ပြိုင်ရဦးမည်ဖြစ်၍ မိမိတို့ဝန်ကြီး ဌာနအနေဖြင့်လည်းကောင်း၊ သင်တန်းကျောင်း အနေဖြင့်လည်းကောင်း များစွာဂုဏ်ယူရပါကြောင်း ဖော်ပြအပ်ပါသည်။

စပါးပြီးစပါး စိုက်ပျိုးနေသော ကံကုန်းကျေးရွာ

ပုသိမ်ကအပြန်မှာ ကန်ကြီးထောင့်မြို့နယ် ကံကုန်းကျေးရွာသို့ ခဏဝင်၍ ထိုရွာရှိ လယ်ငါးဧကမှာ စပါးပြီးစပါး စိုက်ပျိုးနေသော ပညာရေးကောလိပ်မှ အငြိမ်းစားဆရာမကြီး ဒေါ်ခင်အုန်းမြင့်ကို တွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တို့တွင် ကန်ကြီးထောင့်မြို့နယ် အတွင်း ကျေးရွာရှစ်ရွာတို့၌ စိုက်ဧကစုစုပေါင်း ဧက ၁၃၀ နွေစပါးအောင်ရေ ရရှိရေးအတွက် ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်တို့ဖြင့် တွင်းတိမ်တူး၍လည်းကောင်း၊ ချောင်းရေမှ လည်းကောင်း ဆိုလာရေတင်စနစ် ဆောင်ရွက်ပေးခဲ့ ပါသည်။

ကံကုန်းကျေးရွာမှ ဒေါ်ခင်အုန်းမြင့်၏ လယ် ငါးဧကအတွက် အနက်ပေ ၁၇၀ တွင်းတိမ်တူးပြီး သုံးလက်မ Pump၊ 2 Horse Power ဆိုလာရေတင်စနစ် ဖြင့် ဆောင်ရွက်ပေးခဲ့ရာ မိုးကြိုရာသီတွင် ဆင်းသုခ စပါးမျိုး စိုက်ပျိုး၍ တစ်ဧက တင်း ၆၀၊ မိုးရာသီတွင် ရက် ၉၀ စပါးမျိုးစိုက်ပျိုး၍ တစ်ဧက ၆၂ တင်း၊ နွေစပါးကို ဆင်းသုခစပါးမျိုးစိုက်ပျိုး၍ တစ်ဧက ၁၀၅ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ လယ် ငါးဧကတွင် တစ်နှစ်ပတ်လုံး စပါးပြီးစပါး စိုက်ပျိုးခဲ့ ခြင်းအတွက် စုစုပေါင်းလယ် ၁၅ ဧကမှ ထွက်ရှိသော စပါးများရောင်းချပြီး အမြတ်ငွေမှာ သွင်းအားစုနှင့် စိုက်ပျိုးရိတ်သိမ်းစရိတ်များနုတ်ပြီး အသားတင် ၁၁၅ သိန်း ရရှိခဲ့ကြောင်း သိရှိရသည်။

မိုးကြိုနှင့် မိုးစပါးအထွက်တိုးရန်အတွက် အထွက်တိုးစပါးမျိုးများ စိုက်ပျိုးရန် တိုက်တွန်း မှာကြားခဲ့ပြီး ယခုမိုးရာသီ ရက် ၉၀ စပါးမျိုး စိုက်ပျိုးရန်အတွက် မြေပြုပြင်ထားရှိမှု၊ ပျိုးထောင်နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပါသည်။

ရိုးသားကြိုးစား ဧရာဝတီသားတို့ရေ…

စပါးလည်း အထွက်တိုးစေဖို့၊ ဆီထွက်သီးနှံမှာလည်း နောက်ကျမကျန်ရစ်ခဲ့စေဖို့၊ အားကစားကအစ အခြားသောလုပ်ငန်းတွေမှာ အောင်မြင်မှုတွေရစေဖို့ ရိုးသားစွာကြိုးစားကြရင်း တိုင်းဧရာ တည်ငြိမ်အေးချမ်းဖို့အတွက်လည်း နိုးကြားသော အသိဖြင့် ရှိနေကြစေရန် တိုက်တွန်းလိုက်ရ ပါကြောင်း … ။           ။