မြန်မာ ဆို က ရေး တီး ပညာရှင်များမှ အတီး(ဆိုင်း)ပညာရှင်များ
ကိုဇော်ဌေး (ယဉ်ကျေးမှု)
ဆိုင်းပညာရှင်အဖြစ်သို့ ရောက်လိုသူ တစ်ဦးသည် ငယ်ရွယ်စဉ်အခါမှစ၍ အားကိုးလောက်သော ပညာရှင်ဆိုင်းဆရာကြီးထံ၌ နှစ်ရှည်လများ တပည့်ခံပြီးလျှင် ဆိုင်းသမားအဖြစ်မှ ပတ်တီးလက်ထောက်၊ ပတ်တီးခေါင်းဆောင်အဖြစ်သို့ တစ်စတစ်စ တိုးတက်ရောက်ရှိသည့်တိုင်အောင် အထူးဝီရိယစိုက်၍ ပညာဆည်းပူးပါမှ ဆိုင်းဆရာအဖြစ်သို့ ရောက်ရှိနိုင်လေသည်။ ဤကဲ့သို့သော ဇွဲ၊ ဝီရိယဖြင့် အားခဲလေ့လာ ကြိုးစားခဲ့ကြသဖြင့် မြန်မာနိုင်ငံ ဆိုင်းလောကတွင် ကျော်ကြားခဲ့ကြသော ဆိုင်းဆရာများသည် မြန်မာမင်းလက်ထက်မှစ၍ ယနေ့တိုင်အောင်ပင် အသီးသီးပေါ်ထွက်ခဲ့ကြလေသည်။ သို့ရာတွင် အချို့သော ဆိုင်းဆရာအဆက်အနွှယ်တို့သည် ရိုးရာ ဖြစ်သောဆိုင်းပညာကို ဆက်ခံလိုက်စား ခြင်းနည်းပါးသဖြင့် တဖြည်းဖြည်းမှေးမှိန် တိမ်ကောသွားကြရသည်။ အချို့သော ဆိုင်းဆရာကြီးများ၏ သားမြေးတို့သည် ကားဆိုင်းပညာကိုစွန့်၍ ဇာတ်သဘင်ပညာဖြင့် အသက်မွေးကြသည်။ အချို့ မှာမူရိုးရာဆိုင်းပညာကို လိုက်စားပါသော်လည်း မိဘဘိုးဘွားများကဲ့သို့ ထူးချွန်ကျော်ကြားခြင်းမရှိကြချေ။ သို့ဖြင့်ဆိုင်းပညာရှင်ကြီးများ ဖြစ်ကြသည့် ‘ဆရာအုန်း’၊ ‘ဆရာလတ်’တို့၏ အဆက်အနွှယ်များသည် မြန်မာနိုင်ငံ ဆိုင်းလောက တွင် တိမ်ကောခဲ့ကြရသည်။
ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း လက်ထက်၌ ဆိုင်းဆရာကြီး ဦးရောင်နီသည် နန်းသုံးဆိုင်းတော်ကြီးအဖြစ် ချီးမြှောက်ခန့်ထားခြင်းခံရသည်။ ဦးရောင်နီသည် ကနောင်မြို့သားဇာတိ ဖြစ်သည်။ ၎င်း၏သားနှစ်ယောက်ဖြစ်သော ဦးရွှေလွှာနှင့် ဦးရွှေအိမ်တို့သည် လည်းကောင်း၊ မြေးများဖြစ်သူ ဦးရွှေလွှာ၏သား ဆရာစိုးနှင့် ဦးရွှေအိမ်၏သား ဦးရေချမ်းတို့သည်လည်းကောင်း၊ မြစ်ဖြစ်သူဆရာစိုး၏ သားမောင်ငယ်သည် လည်းကောင်း ဦးရောင်နီ၏အမွေကိုဆက်ခံကာ ဆိုင်းဆရာများဖြစ်လာကြသည်။ ဆရာစိုးနှင့် မောင်ငယ်တို့သည် ရန်ကုန်မြို့မင်းမနိုင်ကွက်သစ်ခေတ်၌ အတူနေထိုင် ဆိုင်းတီးခဲ့ကြကြောင်း နောက်ဆုံးသိရသည်။
သီပေါမင်းလက်ထက် ပါတော်မမူမီ လေးနှစ်ခန့်တွင် လက်ဝဲဆိုင်းမှ လက်ယာ ဆိုင်းတော်အဖြစ် ချီးမြှင့်ခြင်းခံရသူမှာ ဆိုင်းဆရာကြီး ဆရာဖေဖြစ်သည်။ ဆရာဖေသည် မန္တလေးမြို့ မဟာမုနိဘုရားကြီး အနီးအရှေ့ရွာသစ်သားဖြစ်သည်။ အရွယ်ရောက်သော် အရှေ့ရွာသစ်သူ ဒေါ်သစ်နှင့်အကြောင်းပါ၍ နောင်အခါ မြန်မာနိုင်ငံဆိုင်းလောကတွင် ဆရာစိမ့်ဟူ၍ ထင်ပေါ်ကျော်ကြားမည့် သားတစ်ယောက် ထွန်းကားသည်။ ဒေါ်သစ်ကွယ်လွန်သော် ဆရာဖေသည် မိကျောင်းတူရိယာကို တီးတတ်သော နန်းတွင်းအပျိုတော်မမလေးနှင့် အိမ်ထောင်ဆက်ပြန်ရာ သားတစ်ယောက်နှင့် သမီးနှစ်ယောက်ထွန်းကားသည်။သားဖြစ်သူမှာ နောင်အခါ မြန်မာနိုင်ငံ ဆိုင်းလောကတွင် ရွာစားကြီးစိန်ဗေဒါဟု ကျော်ကြားမည့် ဦးမောင်ကလေးဖြစ်သည်။ သမီးကြီး ဒေါ်သီကား မိကျောင်းတီးပညာ၌ကျွမ်းကျင်၍ သမီးငယ်မယ်လှိုင်သည် နောင်အခါ နာမည်ကျော် အငြိမ့်မင်းသမီး မငွေလှိုင်ဟုထင်ပေါ် ကျော်ကြားခဲ့သည်။
ရွာစားကြီးဆရာဖေသည် သီပေါမင်းလက်ထက်တွင် ဆိုင်းအလံလေးချက်၊ ‘ဘွဲ့ဖြူ’ စိန်ဆိုင်းဝိုင်းတစ်စုံနှင့် ဖန်ပဒိုင်းများကို ချီးမြှင့်ခြင်းခံရသည်။ ထို့နောက်သီပေါမင်းက ဆရာဖေအား နေမျိုးကျော်ခေါင်ဘွဲ့ပေးအပ်၍ ပလိပ်မြို့အနီးရှိ ဆီဆုံ ၁၀ ရွာကို စားစေသည့်အပြင် မန္တလေးမြို့တွင်း၌ နေထိုင်ခွင့်ပေးသည်။ ထိုနေရာကို “ဆိုင်းဝင်း”ဟု ခေါ်ဝေါ်ခဲ့ကြသည်။
ဆိုင်းရာဇဝင်တွင် ထင်ရှားသူ
ဆရာဖေ၏တပည့်ဖြစ်သူ အမရပူရ မြို့သားဆရာပေသည်လည်း ဆိုင်းရာဇဝင်တွင် ထင်ရှားသူဖြစ်သည်။ ဆရာ ဖေသည် နန်းတွင်း၌ အသုံးတော်ခံခဲ့စဉ် အခါများက ဆရာပေအား မိမိနှင့်အတူ လိုက်ပါစေခဲ့သည်။ ဆရာပေသည် ဆရာဖေ၏ သားများဖြစ်ကြသော ဆရာစိမ့်နှင့် ဦးမောင်ကလေး(စိန်ဗေဒါ)တို့ကို ငယ်ရွယ်စဉ်အခါက ယင်းတို့၏ဖခင်ကြီး ဆရာဖေနှင့်အတူ ဆိုင်းအတတ်ကို အထူးဝါယမ စိုက်ထုတ်ကာ သင်ကြားပေးခဲ့သူလည်းဖြစ်သည်။ သို့သော် ဆရာပေသည် ဆရာဖေ၏သားကြီး ဆရာစိမ့်ဆိုင်းခွဲ၍ ထောင်ပြီးသည့်နောက်မှသာလျှင် ဆိုင်းခွဲ ထောင်ခွင့်ကိုရရှိခဲ့သည်။ ဆိုင်းပညာကို သင်ကြားရာတွင် တင်းတိမ်ခြင်းမရှိသည့် ဆရာပေသည် ဆရာဖေနှင့် ခွဲခွာပြီးနောက် ဆိုင်းဆရာကြီး ဦးကျော်ဇံအား သူနှင့်အတူလိုက်ပါနေထိုင်ရန် ပန်ကြားသည်။ ထို့ပြင် မုံရွာခရိုင် အရာတော်မြို့မှနှဲဆရာကြီး ဦးရွှေဖောင်၏သား မန္တလေးမြို့ ဂုဏ်တန်ရပ်နေ နှဲဆရာဦးမှင်ကိုပါအတူခေါ်၍ မန္တလေးမှပြည်သို့စုန်ဆင်းခဲ့သည်။ နှဲဆရာ ဦးမှင်ကား အလင်္ကာကျော်စွာဦးဟံပ၏ဖခင်ဖြစ်သည်။
ထိုအခါမှစကာ မြန်မာနိုင်ငံမြေလတ်ပိုင်း၌ ဆိုင်းပညာတိုးတက်ပြန့်ပွားခဲ့သည်။ မန္တလေးမြို့သည် အချက်အချာ ဌာနဖြစ်မြဲရှိသည်။ ဆရာဖေနှင့် ဦးကျော်ဇံတို့ထံ၌ တပည့်တပန်းများ လည်းပေါများလာသည်။ ယင်းတို့အနက် နှဲဆရာဦးမှင်၏သား ဦးဟံပ၊ ယင်း၏ညီ ဦးလှဖေနှင့် ဆရာပေ၏သား ဦးဘစံတို့ လည်းပါဝင်သည်။ ဆရာပေ၏သား ဦးဘစံနှင့်ဦးလှဖေတို့သည် ဆိုင်းပညာတွင် နာမည်ကျော်ပြီးမှ ကွယ်လွန်ခဲ့ကြသည်။
ရွာစားကြီး ဆရာဖေ၏ နောက်၌ မြန်မာနိုင်ငံဆိုင်းလောကတွင် နှစ်ပေါင်းအတော်ကြာ ပြိုင်ဘက်ကင်းသူအဖြစ် ထင်ရှားသူမှာ ဆရာစိမ့်ဖြစ်သည်။ ဆရာစိမ့်ကို အဖ ရွာစားကြီးဆရာဖေနှင့် အမိဒေါ်သစ်တို့မှ သက္ကရာဇ် ၁၂၃၄ ခုနှစ်တွင်မန္တလေးမြို့ မဟာမုနိဘုရားကြီးအနီး အရှေ့ရွာသစ်၌ဖွားမြင်သည်။ အသားညိုသဖြင့် သူ့ကိုကျီးကန်းကလေးဟုခေါ်သည်။ ငယ်ရွယ်စဉ်ကပင် မိမိ၏ဖခင်ကြီး ဆရာဖေနှင့် ဆရာဖေ၏တပည့်ကြီးဖြစ်သူ ဆရာပေတို့ထံတွင် ဆိုင်းအတတ်ကို အထူးလေ့လာသင်ကြားသည်။ ဖခင်ကြီး ဆရာဖေရွှေနန်းတော်တွင်းသို့ အသုံးတော်ခံဝင်ရောက်သောအခါများတွင် လည်း အတူလိုက်ပါသွားလေ့ရှိသည်။စောင်းအတတ်ကို ဒေဝဣန္ဒာ ဦးမောင် မောင်ကြီးထံ၌လည်းကောင်း၊ မိကျောင်းတီးအတတ်ကို ဆေးဆရာကြီး မိကျောင်းဝိဇ္ဇာ ဦးမောင်မောင်ကြီးထံ၌လည်းကောင်း လေ့လာသင်ကြားသည်။ ဆိုင်းပညာကို ပတ်စာတင်နည်းမှစ၍ အစအဆုံးတိုင် သင်ကြားတတ်မြောက်သည်။ မိမိဖခင်ထံမှ ဆိုင်းခွဲထောင်ပြီးနောက် ရုပ်စုံစင်တော်များ၊ ဇာတ်ပွဲများနှင့် တွဲဖက်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ အောက်ပိုင်းသို့ စုန်ဆင်းလာ၍ နောင်အခါ ဦးဖိုးစိန်ကြီးဟု ထင်ပေါ်ကျော်ကြားလာ မည့် မင်းသားမောင်ဖိုးစိန်နှင့် ဟင်္သာတ မြို့တွင် စတင်တွဲဖက်ကပြခဲ့သည်။ ဆရာစိမ့်၊ မင်းသားမောင်ဖိုးသိုက်၊ အောင်ဗလ၊ နှဲဆရာဦးဇေယျာတို့သည် ကျော်ကြားသော ဇာတ်အဖွဲ့ကြီးတစ်ဖွဲ့အဖြစ် ထင်ရှားခဲ့သည်။ ဆရာစိမ့်သည် မန္တလေးသူ ဒေါ်တိုးနှင့်အကြောင်းပါရာ နာမည်ကျော် စန္ဒရားမမကြီးဟူသောသမီး တစ်ယောက်ကိုဖွားမြင်သည်။ မြန်မာနိုင်ငံအောက်ပိုင်းသို့ ရောက်သောအခါ ဒုတိယအိမ်ထောင်ဖက်အဖြစ် ဦးဖိုးစိန် (မင်းသားမောင်ဖိုးသိုက်) ၏ အစ်မဝမ်းကွဲတော်သူ ဒေါ်စိန်မြိုင်နှင့် လက်ဆက်ခဲ့ ပြန်ရာ တစ်ဦးတည်းသောသား ဦးဘမောင်ကို ဖွားမြင်သည်။ ဦးဘမောင် သည် နာမည်ကြီးဆိုင်းဆရာ ဦးဘမောင်အဖြစ် ထင်ရှားလာခဲ့သူဖြစ်သည်။ ဆရာစိမ့်သည် ပတ်ရင်းကောင်းခြင်း၊ ပတ်သံသာခြင်း၊ အခြောက်အလှန့် ကောင်းခြင်းတို့ကြောင့် မြန်မာနိုင်ငံအတီး(ဆိုင်း)လောကတွင် ပြိုင်ဘက်ကင်း သူအဖြစ် ထင်ရှားသည်။ ၁၂၇၈ ခုနှစ် တွင် မန္တလေးမြို့၌ပင် ဆရာစိမ့်ကွယ်လွန်ခဲ့သည်။
ဆရာစိမ့် ကွယ်လွန်ပြီးနောက် မြန်မာနိုင်ငံဆိုင်းလောကတွင် နှစ်ပေါင်း ၃၀ မျှ ပြိုင်ဘက်ကင်းသူအဖြစ် ထင်ရှားကျော်ကြားခဲ့သူမှာရွာစားကြီး စိန်ဗေဒါခေါ် ဦးမောင်ကလေးဖြစ်သည်။ ဦးမောင်ကလေးကို အဖရွာစားကြီးဆရာဖေနှင့် အမိနန်းတွင်းသူ ဒေါ်မမလေးတို့မှ သက္ကရာဇ် ၁၂၄၄ ခုနှစ် တန်ဆောင်မုန်းလကွယ် (သောကြာနေ့) တွင် မန္တလေးမြို့ဆိုင်းဝင်းရပ်၌ မွေးဖွားသည်။
၁၂ လုံးဒိုးခေါ် နရည်း
ဆရာစိမ့်သည် ဦးမောင်ကလေးနှင့် အဖေတူ အမေကွဲ ညီအစ်ကိုဖြစ်သည်။ ဦးမောင်ကလေးသည် ငယ်စဉ်အခါကပင် ၁၂ လုံးဒိုးခေါ်နရည်းကို ကြားရသူတိုင်းဘဝင်စိမ့်အောင် တီးနိုင်သည်။ ဦးမောင်ကလေးသည် မိမိဖခင်ကြီး ဆရာဖေ၊ ယင်း၏တပည့်ကြီး ဆရာပေ၊ ဆိုင်းဆရာကြီး ဦးကျော်ဇံအစရှိသောဆိုင်းပညာရှင်တို့၏ တီးလုံး၊ တီးကွက်မူအမျိုးမျိုးတို့ကို သင်ကြားခံယူခဲ့ရခြင်း၊ တူရိယာအမျိုးမျိုးကို တီးမှုတ်ခြင်း အတတ်တို့ကို လေ့လာတတ်ကျွမ်းခြင်း များကြောင့် ဆိုင်းအတတ်တွင်ပိုမို၍ လာဘ်မြင်ခဲ့လေသည်။ ပညာစုံသောအခါ ဦးမောင်ကလေးသည် မင်းသားဦးဖိုးကွန်း၊ မင်းသမီးဒေါ်ထွေးလေးတို့ ဇာတ်အဖွဲ့နှင့် မန္တလေးမှ ရန်ကုန်သို့ ဆင်းလာခဲ့သည်။ ရန်ကုန်တွင် “ဗေဒါ…ဗေဒါ နင့်ဘူးကို ဘယ်သူချဲ့ ပြောဟဲ့ ဗေဒါ မိဗေဒါ”ဟု အစချီသောသီချင်းကိုတီးပြရာ သူ၏လက်သံကို ရန်ကုန်လူထုက အထူးနှစ်ခြိုက်ပြီးလျှင် သူ့အားဗေဒါ မောင်ကလေးဟု ခေါ်စမှတ်ပြုသည်။ မန္တလေးသို့ ပြန်ရောက်သောအခါ ဦးမောင်ကလေး၏သတင်းမှာ ပိုမိုသင်းပျံ့လာပြီး “စိန်ဗေဒါ” ဟူသောအမည်ကို လူထုပရိသတ်ထံမှ ခံယူရရှိခဲ့လေတော့ သည်။ စိန်ဗေဒါ ခေါ် ဦးမောင်ကလေး သည် ၁၂၇၂ ခုနှစ်တွင် အိန္ဒိယပြည် ရတနာဂီရိစံ သီပေါမင်းထံသို့ အသုံးတော် ခံသွားခဲ့သည်။ သီပေါမင်းက ဦးမောင်ကလေးအား “နေမျိုးဗလကျော်သူ” ဟူသော ဘွဲ့တံဆိပ်နှင့်အတူ ရွှေဆိုင်း အလံ လေးချက်၊ ဖန်ပဒိုင်းတို့ကို ချီးမြှင့် လိုက်သည်။ ၁၂၇၃ ခုနှစ်တွင်လည်း ဦးမောင်ကလေးသည် သီပေါမင်း၏ သမီးတော်များ နားထွင်းမင်္ဂလာပွဲတွင် အသုံးတော်ခံရန် ရတနာဂီရိသို့ ဒုတိယအကြိမ်ရောက်ခဲ့သည်။
မြန်မာနိုင်ငံမှ ပင်လယ်ရပ်ခြား တိုင်းတစ်ပါးများသို့ သွားရောက်ခဲ့သော ဆိုင်းဆရာများအနက် စိန်ဗေဒါခေါ် ဦးမောင်ကလေးသည် ပထမဆုံး သွားရောက်ခဲ့သူဖြစ်သည်။ သူ၏ဇနီးမှာ အကတွင် ဝါသနာထုံသော ညောင်လေးပင်မြို့သူ ဒေါ်စိန်မေဖြစ်၍ သားသမီးတစ်ယောက်မျှ မထွန်းကားခဲ့ချေ။ သူ၏နှဲတပည့်များမှာ ဆရာဆယ်၊ ဦးချစ်မောင်တို့ဖြစ်၍ ဆိုင်းတပည့်မှာ စိန်ငှက်ရိုး၊ စိန်ကျော်တင့်တို့ဖြစ်သည်။ ဒုတိယကမ္ဘာ စစ်အတွင်းလည်ချောင်းတွင် ကင်ဆာရောဂါစွဲကပ်သဖြင့် ပြွန်တန်ဆာမြို့မှ သူ၏တပည့်မိတ်ဆွေဖြစ်သူ မြန်မာညွန့် ဦးချစ်မောင်နှင့်အတူ ရန်ကုန်သို့ ဆင်း၍ ဆေးကုရင်း ၁၃၀၄ ခုနှစ် တော်သလင်း လဆုတ် ၁၄ ရက်နေ့တွင် ရွှေတောင်တန်း၌ ကွယ်လွန်ခဲ့သည်။
လွတ်လပ်သော မြန်မာနိုင်ငံခေတ်တွင်ဆိုင်းပညာရှင် ဦးဟံပမှာထင်ရှားလာသည်။ ဦးဟံပကို သက္ကရာဇ် ၁၂၅၀ ပြည့်နှစ်တွင် မန္တလေးမြို့၌မွေးဖွားသည်။ သူ၏ဖခင်မှာ နာမည်ကြီးနှဲဆရာ ဦးမင်းဖြစ်သည်။ ဦးဟံပသည် ဆရာမိဘတို့ ခွင့်ပြုချက်အရ ပခန်းဆရာညို၏ ရုပ်သေးနှင့်စတင်တွဲဖက်ခဲ့သည်။
ထို့နောက် ဟင်္သာတသို့စုန်ဆင်းကာ ဗလာဆိုင်းတီးနေခဲ့သည်။ အသက် (၂၇) နှစ်အရွယ်တွင် ဦးစိန်ကတုံး၏ဇာတ်အဖွဲ့ နှင့်တွဲခဲ့သည်။ ထို့နောက် ဝါးခယ်မမြို့သို့ စုန်ဆင်း၍ ကာလအတော်ကြာနေခဲ့သည်။ အသက် (၃၁) နှစ်အရွယ်တွင် ဆရာ စိမ့်၏ဇနီး ဒေါ်တိုးကခေါ်၍ မန္တလေးမြို့ သို့တက်ကာ ကွယ်လွန်သူဆရာစိမ့်၏ ဆိုင်းကို သုံးနှစ်မျှတီးခဲ့သည်။ ဦးဟံပသည် အထက်သားဖြစ်သော်လည်း အောက်ပြည်၌သာ အနေအထိုင်များ၍ မြစ်ဝကျွန်းပေါ်ဒေသတွင် ထင်ရှား ကျော်ကြားခဲ့သည်။ စိန်ဗေဒါကွယ်လွန် ပြီးနောက်မှမန္တလေးမြို့သို့ သွားရောက်နေထိုင်ခဲ့သည်။ ၁၉၅၂ ခုနှစ် ပြည်တော်သာအခမ်းအနား၌ မန္တလေးမြို့မှ ပြည်တော်သာအဖွဲ့ကြီးနှင့်အတူ ရန်ကုန်မြို့သို့ရောက်လာပြီး များမကြာမီပင် နိုင်ငံတော်၏ဆိုင်းအဖွဲ့ခေါင်းဆောင်အဖြစ် ချီးမြှောက်ခြင်းခံရသည်။ လွတ်လပ်ပြီးခေတ်တွင် ဦဟံပသည် ဆိုင်းဆရာများထဲမှ ပထမဆုံးအလင်္ကာကျော်စွာဘွဲ့ရရှိသူဖြစ်သည်။ ထို့ပြင် ထိုင်း၊ တရုတ်၊ ဆိုဗီယက်နိုင်ငံများသို့ ဆိုင်းဆရာများထဲမှ ပထမဆုံးသွားရောက်ခဲ့သူလည်း ဖြစ်ခဲ့သည်။ ဦးဟံပသည် တွံတေးဆံထောက်ခေါ် မင်းသမီးဒေါ်ငွေသင်နှင့်အကြောင်းပါ၍ မောင်ညွန့်လှိုင်ခေါ် သားတစ်ယောက်ထွန်းကားသည်။ ဦးဟံပသည် အမည်နှင့်လိုက်အောင် ဆိုင်းတီးသောအခါဟန်ပါသည်။ သူ၏ပတ်သံမှာ မာ၍ကြည်သည်။
ဦးဖိုးစိန်၏ ဇာတ်အဖွဲ့၌ ပတ်မထိန်းအဖြစ်မှ ဆိုင်းဆရာကြီးအဖြစ်သို့ ရောက်ရှိထင်ရှားလာသူမှာ ဦးဘမောင်ဖြစ်သည်။ ဦးဘမောင်ကို ဆရာစိမ့်နှင့် အမိဒေါ်စိန်မြိုင်တို့မှ မွေးဖွားသည်။ ဆရာစိမ့်သည် ရွာစားကြီးစိန်ဗေဒါ၏ အစ်ကိုဖြစ်သည်။ ဒေါ်စိန်မြိုင်မှာ ဦးဖိုးစိန်ကြီး၏ အစ်မဝမ်းကွဲဖြစ်သည်။ ထို့ကြောင့် ဦးဘမောင်သည် မျိုးရိုးအားဖြင့်လည်းကောင်း၊ အဖသည်လည်းကောင်း၊ အမိသည်လည်းကောင်း၊ ဦးလေးတော်သူများသည်လည်းကောင်း ဆိုင်းလောက၊ ဇာတ်လောကတွင် ထင်ရှားသူများဖြစ်သဖြင့် ငယ်ရွယ်စဉ်ကပင် ရိုးရာဆိုင်းပညာကို လေ့လာလိုက်စားခွင့်ရခဲ့သည်။ ဦးလေးတော်သူ ဦးဖိုးစိန်၏ဇာတ်အဖွဲ့နှင့် တွဲဖက်ခဲ့သည်။ ဦးလေးဝမ်းကွဲတော်သူဆိုင်းဆရာ ဆရာဆိတ်ထံတွင် ပတ်မထိန်းအဖြစ် ဝင်ရောက်ရာမှ ဆိုင်းဆရာကြီးအဖြစ် တက်လှမ်းကာ ဦးဖိုးစိန်၏ ဇာတ်၌ပင် နာမည်ကြီးခဲ့သည်။ ဦးဖိုးစိန် ကွယ်လွန်သောအခါ အခြားနာမည်ကြီး ဇာတ်များ၌ ဆက်လက်တီးခဲ့သည်။ ဦးဘမောင်သည် အဖရွာစားကြီး ဆရာစိမ့်နည်းတူလက်ကျကောင်းသည်။ ပတ်သံသာသည်။ ဇာတ်ပို့သောပညာကို သူမတူအောင် ပို့နိုင်သည်။ လွတ်လပ် သောခေတ်၌ ဆိုင်းဆရာများထဲတွင် ပထမဆုံးဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခံရသူဖြစ်သည်။ နာမည်ကျော် ဇာတ်မင်းသမီးကြီး ဒေါ်ကြင်ဥနှင့်အကြောင်းပါ၍ သားတစ်ယောက်၊ သမီးတစ်ယောက်ထွန်းကားခဲ့သည်။
ပြည်မြို့၌ ဆရာပေနှင့် တစ်ချိန်တည်းနာမည်ကြီးခဲ့သော ဆိုင်းဆရာမှာ စစ်ကိုင်းဆရာညိုဖြစ်သည်။ ဆရာညိုသည် ဗလာဆိုင်းတီးခြင်းတွင် နာမည်ကျော်သည်။ ပတ်ဝိုင်းအတွင်း ဘီလူးခေါင်း ကိုဆောင်းလျက် ဒေါင်းတောင်များကို တပ်ဆင်ကာကသကဲ့သို့ တီးလေ့ရှိသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ အောက်ပိုင်း၌ နာမည်ကျော်လျက်ရှိသူမှာ ဆိုင်းဆရာကြီး ဦးမိုးညှင်းဖြစ်သည်။ ဦးမိုးညှင်း ပုလဲပတ်စာပိုး အတီးကောင်းသည်။ ဆရာပေကဲ့သို့ သူ့တွင်လည်း တပည့်များစွာရှိသည်။ ဦးမိုးညှင်းသည် ၁၉၁၈ ခုနှစ်တွင် ရန်ကုန်မြို့ ကြည့်မြင် တိုင်၌ ကွယ်လွန်သည်။ ဦးမိုးညှင်း၏ တပည့်များအနက် ဘိလပ်ပြန် ဆရာညိုသင်ခေါ် ဆရာညိုသည် ၁၉၄၂ ခုနှစ် တွင် အင်္ဂလန်နိုင်ငံ ဝင်ဘလီပြပွဲသို့ မင်းသားဦးဘလတ်တို့၏ဇာတ်အဖွဲ့နှင့်အတူ သွားရောက်ခဲ့ရာမှ ဘိလပ်ပြန်ဆရာညိုဟု ထင်ရှားလာသူဖြစ်သည်။
မြန်မာ့အတီး(ဆိုင်း) ပညာရှင်များအနက် မန္တလေးနှင့် ပြည်မြို့တို့တွင် ထင်ရှားသည့်ဆရာနွဲ့၊ မြင်းခြံမြို့၌ ကျော်ကြားသည့် ဆရာပု၊ ဦးစိန်ကတုံး၏ ဖခင် ဆိုင်းဆရာကြီး ဦးကျော်ဦး၊ ဓနုဖြူ မြို့မှ ဆိုင်းဆရာကြီး ဦးကျော်ခေါင်၊ မန္တလေးမြို့မှ ပန်းကန်ဆိုင်းတီးခြင်းဖြင့် နာမည်ကျော်သည့် ဆရာသား၊ မုံရွာမှ ဆရာဘိန်း၊ ဆရာစိမ့်၏ တပည့်များ ဖြစ် ကြသော ယိုးဒယားသိန်းမေ၏ခင်ပွန်း ဦးဘမောင်၊ ထိန်တောဦးဘိုးခ၊ ပဲခူးနယ်သားဦးရွှေဖဲနှင့် ကြည့်မြင်တိုင် ဆရာကြွယ်တို့ဖြစ်ကြသည်။ မအူပင်အပိုင် မလက်တိုရွာမှ ဆိုင်းဆရာဦးဖိုးရစ်နှင့် ယင်း၏ညီ ဦးဘဖေတို့သည် ပုလဲပတ်စာပိုးတီးခြင်း၌ ထင်ရှားကြသည့် ဆိုင်းဆရာများဖြစ်သည်။ ဆိုင်းဆရာကြီး ဦးမိုးညှင်း၏တပည့်ဖြစ်သူ ဦးထွန်းရင်သည်လည်း ရန်ကုန်တွင် ထင်ရှားခဲ့သည်။ သူသည် ဒုတိယကမ္ဘာစစ်တွင် ကွယ်လွန်ခဲ့သည်။
မန္တလေးမှ စိန်ငှက်ရိုး၊ စိန်လေးမောင်၊ စိန်ကျော်တင့်၊ မုံရွာမှ ဆရာသက်၊ စိန်ဘထွန်း၊ မုံရွေး၌ စိန်ကြပေါ်တို့လည်း ထင်ရှားကြပြီး အတီး(ဆိုင်း)ပညာရှင်များဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် ဆရာစိမ့်နှင့် စိန်ဗေဒါတို့၏ အဆက်အနွှယ်များဖြစ်ကြသည်။
၁၉၉၃ ခုနှစ်မှစတင်ခဲ့သော မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကြောင့် အတီး(ဆိုင်း)ပညာရှင်များ ဆက်လက်ပေါ်ထွက်ခဲ့သည်။ ဆိုင်းပညာအတွက် လက်ဆင့်ကမ်းအမွေထိန်းသိမ်းသယ်ဆောင်သူများဖြစ်သည်ဟု ဂုဏ်ပြုလိုပါသည်။ ယနေ့အချိန်ဝယ် ထိုပုဂ္ဂိုလ်များ၏ ဆက်လက်မျှဝေပညာအမွေကြောင့် အတီး(ဆိုင်း)ပညာသည် ခက်လက်ဝေဆာ သင်းပျံ့နေလျက် ရှိသည်။ မြန်မာ့ရိုးရာ အတီး(ဆိုင်း)ပညာ ရှင်များသည် သက်ရှည်ကျန်းမာစွာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ဆက်လက်သယ်ဆောင် လက်ဆင့်ကမ်း နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါသည်။ ယဉ်ကျေးမှုခံတပ်ဖြင့် ကမ္ဘာတည်သရွေ့ မြန်မာရှိရမည်ဟူသော စိတ်ကိုထားကာ မြန်မာ့ဂုဏ်ကို ဆက်လက် မြှင့်တင်နိုင်ကြမည်ဟု မျှော်လင့်နေမိပါတော့သည်။ ။
ကိုးကား-
၁။ မြန်မာ့စွယ်စုံကျမ်းအတွဲ(၁၀)
၂။ ပြည်သူချစ်သော အနုပညာရှင်များ (လူထုဒေါ်အမာ)