ပြည်သူတွေအားထား မြန်မာ့မီးရထား
ဒေါက်တာသန့်စင် (ရူပဗေဒ)
မြန်မာနိုင်ငံ၌ မီးရထားနှင့်သယ်ယူပို့ဆောင်ရေး ကို ၁၈၇၇ ခုနှစ်မှ စတင်ခဲ့ပါသည်။ ယခုအခါ နှစ်ပေါင်း ၁၀ဝ ကျော်ရှိပြီ ဖြစ်ပါသည် ။ စာရေးသူတို့ ငယ်စဉ်က မုံရွာမြို့မှ မန္တလေးတက္ကသိုလ်သို့ကျောင်းတက်နေစဉ် မုံရွာ-မန္တလေး မီးရထားကိုသာအသုံးပြုခဲ့ကြပါသည်။ တစ်ခါတစ်ရံ ကျောင်းပိတ်ရက်များတွင် ချင်းတွင်းအသင်း (မုံရွာ) ကျောင်းသား ကျောင်းသူများ မန္တလေးမှ မုံရွာသို့ တွဲစင်းလုံးအပြည့် ဖြင့် ပြန်ခဲ့ကြပါသည်။ ထိုစဉ်က ရထားများသည် အချိန်အလွန်တိကျ မှန်ကန်ပါသည်။ ၁၉၆၈ ခုနှစ် ဝန်းကျင်က မန္တလေးမှလာသော ညနေရထားသည် မုံရွာမြို့သို့ ည ၈:ဝ၀ နာရီအချိန်အတိတွင် ဆိုက်ရောက်ပါသည်။ ည ၈:ဝ၀ နာရီ မြန်မာ့အသံမှ စံတော်ချိန်သတင်း တီးလုံးလာသည့်အချိန်တွင် မန္တလေးမှလာသော ရေနွေးငွေ့စက်ခေါင်းရထား မုံရွာဘူတာသို့ ဥသြဆွဲဝင်လာသည့် အချိန်နှင့် တစ်ပြိုင်နက်တည်းဖြစ်ပါသည်။ ထို့ကြောင့် ရထားဥသြသံကြားလျှင် ည ၈:ဝ၀ နာရီရှိပြီဖြစ်ကြောင်း သိလိုက်ရပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် လမ်းပန်းဆက်သွယ် ရေးကွန်ရက်များတွင်ရထားကို အဓိကထားအသုံးပြုကြပါသည်။ အဓိကအားဖြင့် လျှပ်စစ်ရထားကို အသုံးပြုကြပါသည်။ အချိန်မှန်ကန်ခြင်း၊ ရထားစီးရသည်မှာ သက်သောင့်သက်သာဖြစ်ခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ ဘူတာများတွင် အဆင်း အတက်လွယ်ကူခြင်း၊ ဆိုက်ရောက်ရာ ဘူတာများတွင် မီနီစတိုးဆိုင်များ၊ ကော်ဖီဆိုင်များ၊ အများသုံးသန့်စင်ခန်းများ သပ်ရပ်မှုရှိခြင်းတို့ကြောင့် ပြည်သူများမှာ ကိုယ်ပိုင်ကားနှင့် သွားလာခြင်းထက် မြို့ပတ်ရထားများကိုသာ အဓိကထား စီးနင်းသွားလာ ကြပါသည်။ ရထားစီးခရီးသည်များ ကိုယ်တိုင်ကလည်း စည်းကမ်းရှိစွာ စီးနင်းကြပါသည်။ တွဲများပေါ်သို့တက်ရောက်ရာတွင် အဆင်းခရီးသည်ကို ဦးစားပေးပြီးမှ စနစ်တကျတက်ရောက်ခြင်း၊ ရထားတွဲပေါ်တွင် မိမိဝါသနာပါရာ စာအုပ်များကိုဖတ်ရှု၍ဖြစ်စေ၊ လက်ကိုင်ဖုန်းများမှ ဆိုရှယ်မီဒီယာကိုကြည့်၍ဖြစ်စေ၊ အခြားသူကို အနှောင့်အယှက်မဖြစ်စေဘဲ ငြိမ်သက်စွာစီးနင်းကြပါသည်။ ရထားပေါ်မှလည်း နောက်ဆိုက်ရောက်မည့် ဘူတာအမည်ကို မကြာခဏကြေညာပေးနေပါသည်။ သန့်ရှင်း သပ်ရပ်မှုကို ခရီးသည်တိုင်း အဓိကထားကူညီကြပါသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
စက်ရုံအစည်းအဝေးခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဒုတိယဝန်ကြီးဦးအောင်မြိုင်တို့က ရန်ကုန်မြို့ပတ်လမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဓိကမီးရထားလမ်းပိုင်းများတွင် တစ်နာရီလျှင် ကီလိုမီတာ ၈၀ အထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရန် ဆောင်ရွက်ရာတွင် အချို့လမ်းပိုင်း အကွေ့နေရာများတွင် အမြန်နှုန်းကန့်သတ်ချက်များ ကိုက်ညီမှုရှိစေရေး၊ လမ်းပိုင်းအလိုက် သုတေသနပြုဆောင်ရွက်ရန်၊ မိမိတို့အနေဖြင့် အမြန်နှုန်းတစ်နာရီလျှင် ကီလိုမီတာ ၈၀ အထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရေး စံသတ်မှတ် ဆောင်ရွက်သွားရန်လိုအပ်ပြီး ကုန်ရထားတွဲများအား တစ်နာရီလျှင် ကီလိုမီတာ ၆၀ အထိ မောင်းနှင်နိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒီဇယ်လျှပ်စစ်သုံးစက်ခေါင်း (DEMU – Diesel Electric Multiple Unit)များ၊ ရထားတွဲများကိုလည်း ပြည်တွင်း၌ တည်ဆောက်ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ရထားလမ်းများ စနစ်တကျဖြင့် ကောင်းမွန်ချောမွေ့စေရေးကိုလည်း အမြဲမပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေးသည် မလွဲမသွေပြောင်းလဲရမည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး စီမံကိန်းအောင်မြင်စေရေးအတွက် လိုအပ်သည်များကို ဆက်လက်သုတေသန ပြု ဆောင်ရွက်သွားရန် မှာကြားသွားပါသည်။
ယခုအခါ မြန်မာ့မီးရထားမှ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့်အတူ စပိန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်- ပဲခူး ခရီးစဉ်အမှတ် (၁၅) အဆန်နှင့် ပဲခူး-ရန်ကုန် ခရီးစဉ်အမှတ်(၁၆) အစုန်လူစီးရထားတို့ကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြေးဆွဲလျက်ရှိပါသည်။ မကြာမီ ခေတ်မီမြန်ဆန်သော ကုန်ရထားတွဲများဖြင့် မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ အစုန်အဆန်ပြေးဆွဲနိုင်ပါက သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီး ဒေသထွက် အစားအစာများ၊ အသီးအနှံများ၊ ကုန်ပစ္စည်းများကို နေရာဒေသအနှံ့သို့ စရိတ်သက်သာစွာရောက်ရှိပြီး ပြည်သူများ ကုန်ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ကြတော့မည် ဖြစ်ပါသည်။
မြန်မာ့မီးရထားသည် မြန်မာနိုင်ငံ၏ လမ်းပန်း ဆက်သွယ်ရေးတွင် အဓိကကျသောအခန်ကဏ္ဍမှ ပါဝင်နေပါသည်။ ပြည်သူများ၏ ခရီးသွားလာမှု၊ စားသုံးကုန်ပစ္စည်းများ လျင်မြန်ဈေးသက်သာစွာ ပို့ဆောင်ပေးနိုင်မှုတို့ကြောင့် နိုင်ငံ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသော ပို့ဆောင်ရေးဖြစ်ပါသည်။ ခရီးသွားပြည်သူများကလည်း နိုင်ငံကြီးသားပီသစွာ စည်းကမ်းတကျ စီးနင်းကြရမည်ဖြစ်ကာ ရထားလမ်းပိုင်းနှင့် ဘူတာများလည်း သန့်ရှင်းသပ်ရပ်အဆင့်မီပြီး လမ်းပန်းလုံခြုံရေး ပိုမိုကောင်းမွန်လာရန် ပြည်သူနှင့်အစိုးရဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ရထားပို့ဆောင်ရေးစနစ် တစ်ခေတ်ပြန်လည်ဆန်းသစ်လာပြီး ပြည်သူတွေအားထား မြန်မာ့မီးရထားဖြစ်လာစေရန် ဝိုင်းဝန်းကြိုးစားကြရန် တိုက်တွန်းရေးသား လိုက်ရပါသည်။ ။