Skip to main content

မုန်တိုင်းရာဂီအလွန် စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး

ဒေါက်တာ တင်မာမာဦး

ယခုအခါတွင် ကမ္ဘာတစ်ဝန်းရာသီဥတုပြောင်းလဲမှုများနှင့်အတူ သဘာဝဘေးအန္တရာယ်အမျိုးမျိုး မကြာခဏဖြစ်ပေါ်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များဆိုသည်မှာ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းများ မကြာခဏတိုက်ခတ်ခြင်း၊ ရေခဲများ အရည်ပျော်ခြင်းနှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ အစားအစာနှင့် သောက်သုံးရေရှားပါးလာခြင်း၊ ရောဂါဘယများ ထူပြောလာခြင်း စသည့် အခြေအနေများ ပါဝင်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အနောက်ဘက်စွန်းပိုင်း မြောက်လတ္တီကျု ၁၀ ဒီဂရီနှင့် ၂၉ ဒသမ ၅ ဒီဂရီအကြား ၊ အရှေ့လောင်ဂျီကျု ၉၂ ဒီဂရီနှင့် ၁၀၀ ဒသမ ၅ ဒီဂရီအကြားတွင်တည်ရှိပြီး ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ် စသည့်သမုဒ္ဒရာပိုင်းနှင့် ၂၄၀၀ ကီလိုမီတာ ရှည်လျားသော ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသဖြင့် ပင်လယ်ဆိုင်ရာ သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသည်နှင့်အတူ မုန်တိုင်းများနှင့် ယင်းတို့နှင့်ဆက်စပ်သော ပြင်းထန်သည့် မိုးလေဝသအခြေအနေများ၊ ပင်လယ်လှိုင်းများ၏ အန္တရာယ်ကိုရင်ဆိုင်ရလေ့ရှိသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် တိုင်ဖွန်းမုန်တိုင်းရာဂီ (Typhoon Yagi) ကြောင့် အရှေ့တောင် အာရှနိုင်ငံများ၌ ပြင်းထန်စွာသက်ရောက်ခဲ့ပြီး မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်နှင့် လာအို တို့တွင် ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများကြောင့် သေဆုံးမှုများနှင့် အိမ်ရာပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။ ရာဂီသည် အရှေ့တောင်အာရှတွင် အထိခိုက်ဆုံးသော တိုင်ဖွန်းမုန်တိုင်းတစ်ခု ဖြစ်သည်။

နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် မုန်တိုင်းဖြစ်ပေါ် လာမည့်သတင်းအား အချိန်နှင့်တစ်ပြေးညီ သတင်းများ ထုတ်ပြန်ပေးခဲ့ရာ ဩဂုတ်လ ၂၉ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသည့် လေဖိအားနည်းရပ်ဝန်းနှင့်ပတ်သက်၍ စတင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ တိုင်ဖွန်းရာဂီနှင့်ပတ်သက်၍ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းရာဂီ၏အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ်အရှိန်တို့ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပေါ်လာမည့် မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးရေလျှံမှုနှင့် မြေပြိုနိုင်မှုအခြေအနေများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၉ ရက်နေ့တွင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ခဲ့သည်။

အဆိုပါ မုန်တိုင်းများ၏ ရိုက်ခတ်မှုအရှိန်ကြောင့် စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံအတွင်းရှိ တောင်ပေါ် ဒေသများမှ တောင်ကျရေများ ဆင်းသက်လာမှု၊ မြစ်ရေနှင့် ချောင်းရေများ အဆက်မပြတ်မြင့်တက် လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တို့တွင် ရုတ်တရက်ရေကြီးရေလျှံမှုများဖြစ်ပေါ်လာခဲ့သဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပွား ခဲ့ရာ မြို့နယ်များ၏ ပတ်ဝန်းကျင်ရှိ လူနေရပ်ကွက်များ၊ ကျေးရွာများ ရေဝင်နစ်မြုပ်ခါ နေအိမ်များနှင့် လမ်းတံတားများ၊ လယ်ယာမြေများ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။

ရေကြီးရေလျှံမှုသည် ကမ္ဘာတစ်ဝန်းရှိ သဘာဝဘေးအန္တရာယ်အားလုံး၏ ၄၀ ရာခိုင်နှုန်းခန့်ရှိပြီး အကြီးမားဆုံးသော ရေလွှမ်းမိုးမှုအန္တရာယ်မှာ အာရှတိုက်တွင် ဖြစ်ခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း နှစ်စဉ်ပျမ်းမျှအားဖြင့် လူဦးရေ သန်း ၄၀၀ ကျော်သည် ရေလွှမ်းမိုးမှုဒဏ်ကို တွေ့ကြုံခဲ့ရသည်။ မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးအန္တရာယ်များ တွေ့ကြုံလေ့ရှိရာ အဖြစ်အများဆုံးနှင့် အဆိုးရွားဆုံးမှာ ရေလွှမ်းမိုးခြင်းဖြစ်သည်။ မုန်တိုင်းတိုက်ခတ်ခြင်းသည်လည်း ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များအနက် ဒုတိယမြောက် လူအသေအပျောက် အများဆုံးဖြစ်ပြီး အာရှတွင် ပိုမိုဖြစ်ပွားသည်ဟု ဆိုသည်။

မုန်တိုင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံခြင်းတို့သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကိုလည်း အဓိက ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေသည့် သဘာဝဘေးအန္တရာယ်များဖြစ်ရာ မိုးလေဝသ ကြိုတင် သတိပေးချက်များရှိခဲ့သော်လည်း မျှော်လင့်မထားသည့် အတိုင်းအတာအထိ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးကဏ္ဍများဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ စက်တင်ဘာ ၁၆ ရက်အထိ ကောက်ယူရရှိထားသော စာရင်းများအရ စပါးနှင့် သီးနှံမျိုးစုံစိုက်ဧက ၆၄၃၀၈၁ ဧက ရေဝင်နစ်မြုပ်ခြင်းနှင့် တိရစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင် သေဆုံးခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။

ယခုအချိန်တွင်မူ မုန်တိုင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကျရောက်ပြီး နောက်ပိုင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ပြန်လည်ထူထောင်ကြရတော့မည့် ကာလဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန် တွင် ရေဘေးရှောင်ပြည်သူများအား သွားရောက်အားပေးစကားပြောကြားရာ၌ “စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှတတ်နိုင်သမျှ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ နွေသီးနှံများကို အပြည့်ပြန်လည်စိုက်ပျိုးပြီး မိုးရာသီတွင် ပျက်စီးသွားသည့်သီးနှံများကို ဖြည့်စွက်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ပြီး “မွေးမြူရေးများနှင့် ပတ်သက်၍လည်း မွေးမြူထားသည့် တိရစ္ဆာန်များ သေဆုံးခဲ့မှုများရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက်လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင်လည်း စနစ်တကျဆောင်ရွက်ခြင်းအားဖြင့် အကျိုးကျေးဇူးများကို ပိုမိုရရှိခံစားနိုင် မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် သီးနှံစိုက်ခင်းများ ရာသီအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး၊ ထိခိုက်ခဲ့သော စိုက်ခင်းများကို အချိန်မီကုစားဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရေကြီးနစ်မြုပ်စပါးခင်းများ ရေပြန်ကျချိန်တွင် အထွက်နှုန်းမထိခိုက်စေရန် ပြန်လည်ကုစားခြင်းလုပ်ငန်းဖြစ်သည့် သွင်းအားစုများ ထည့်သွင်းခြင်းအဖြစ် တစ်ဧကလျှင် ယူရီးယား ၂၈ ပေါင်၊ သဘာဝမြေဩဇာတစ်အိတ်၊ ပိုတက်မြေဩဇာ ၂၈ ပေါင်၊ ကျောက်မှုန့် ၅၆ ပေါင်နှင့် ရွက်ဖျန်းမြေဩဇာ ၅၀၀ ဂရမ်နှုန်းတို့ဖြင့် ထည့်သွင်းခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ ဆည်ရေသောက်ဧရိယာတွင် ပါဝင်သည့် စပါးစိုက်ခင်းများတွင် အချိန်မီစပါးပြန်လည် စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့များထောက်ပံ့ခြင်း၊ စပါးမစိုက်ပျိုးဘဲ အခြားသီးနှံစိုက်ပျိုးလိုသည့် တောင်သူများအား စိုက်ပျိုးလိုသည့် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးခြင်း၊ ထွန်ယက်ရေးလိုအပ်ချက်များအား စက်မှုလယ်ယာဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်သွားသည့် စပါးစိုက်ခင်းများအား ပြန်လည်ကုစားရန် လိုအပ်သည့် နည်းစနစ်များကို တောင်သူများမျက်မြင်လက်တွေ့ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ကွင်းသရုပ်ပြပွဲများ ကျင်းပခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါတွင် ပြန်လည်ကုစားခဲ့သော မိုးစပါးစိုက်ခင်းများမှာ ကောင်းမွန်စွာ ပြန်လည်ရှင်သန်ဖြစ်ထွန်းအောင် မြင်လျက်ရှိပြီး သတ်မှတ်အထွက်နှုန်းများအတိုင်း ထွက်ရှိနိုင်တော့မည်ဖြစ်ပါသည်။

သို့ဖြစ်ရာ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သော မိုးစပါးစိုက်ခင်းများတွင် စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်ထားသော သွင်းအားစုနှုန်းထားများအတိုင်း ထည့်သွင်းကုစားကာ နည်းစနစ်မှန်ကန်စွာ ဆက်လက်ပြုစုစောင့်ရှောက်ပါက မျှော်မှန်းထားသော အထွက်နှုန်းများအတိုင်း ရရှိနိုင် မည်ဖြစ်ပါသဖြင့် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးထိခိုက်ခဲ့သော တောင်သူများအနေဖြင့် စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ရာဂီတိုင်ဖွန်းမုန်တိုင်းဖြစ်စဉ်သည် မြန်မာနိုင်ငံအတွင်း မကြုံစဖူး ထူးထူးကဲကဲ ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ် ကျရောက်မှုကြီးဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ များစွာရှိခဲ့သဖြင့် သင်ခန်းစာယူကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြရန်လိုအပ်လာပြီ ဖြစ်ပါသည်။

အလားတူ သဘာဝဘေးအန္တရာယ်များမှ ရှောင်တိမ်းနိုင်ရန်မှာ ပြည်သူများအနေဖြင့် နိုင်ငံပိုင် သတင်းစာများအပါအဝင် မီဒီယာများက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးနေသည့် မိုးလေဝသသတင်းများကို မျက်ခြည်မပြတ်သိရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့ပြင် ရာသီအလိုက် သဘာဝအလျောက် ဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးဖြစ်စဉ်များအပေါ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ပေးနေသည့် သဘာဝဘေးအန္တရာယ်များ မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်ခြင်း၊ အရေးပေါ်အခြေအနေတွင် တုံ့ပြန်ခြင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီးချိန်တွင် လုပ်ဆောင်ရမည့်အချက်များကိုလည်း လက်တွဲညီညာ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နောင်ကာလများတွင် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ်များအား ကျော်လွှားလွတ်မြောက်နိုင်ကြစေရေး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြပါရန် ရေးသားတင်ပြလိုက်ရပါသည်။ ။