Skip to main content

စုပေါင်းကာကွယ် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်

ကျော်နိုင်ဦး(ပတ်ဝန်းကျင်)

ပွင့်လင်းရာသီ ခြောက်သွေ့ကာလသို့ ရောက်ရှိလာပါပြီ။ တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် အန္တရာယ်ကြီးမားလှသော မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပွားလာ နိုင်သည့်ကာလဖြစ်ပါသည်။ မီးခိုးမြူငွေ့များသည် တစ်နေရာမှ တခြားတစ်နေရာ၊ နိုင်ငံတစ်နိုင်ငံမှ အခြားတစ်နိုင်ငံဆီသို့ လေတိုက်ခတ်မှုနှင့်အတူ အလွယ်တကူရွေ့လျားပျံ့နှံ့ရောက်ရှိနိုင်သည်။ လေထုညစ်ညမ်းမှုကို ဆိုးရွားစွာဖြစ်စေနိုင်သည်။ သက်ရှိလူသားများ၊ အပင်နှင့်တိရစ္ဆာန်များအပေါ် အလွန်အန္တရာယ်ဖြစ်စေနိုင်ပါသည်။

အိမ်နီးချင်းနိုင်ငံများ အချင်းချင်းနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်စေနိုင်သည်။ မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် အာဆီယံနိုင်ငံများတွင်သာမက အခြားကမ္ဘာ့နိုင်ငံများတွင် ရင်ဆိုင်ကြုံတွေ့နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပါသည်။ ထို့ကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်ကို ကမ္ဘာပေါ်ရှိနိုင်ငံများသည် အလေးထားတားဆီးကာကွယ်နေကြပါသည်။ ဒေသတွင်းနိုင်ငံများနှင့် အိမ်နီး ချင်းနိုင်ငံများသည် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ကြိုတင်ကာကွယ်ရန် အရှိန်အဟုန်မြှင့်၍ လက်တွဲပူးပေါင်းဆောင်ရွက်လာကြပါသည်။

မီးခိုးမြူငွေ့

မီးခိုးမြူငွေ့ဆိုသည်မှာ လေထုအတွင်း၌ ဖုန်အမှုန့်များ၊ ရေခိုးရေငွေ့များ၊ အမှုန်အမွှားများ၊ အငွေ့ပြန်စေနိုင်သည့် အရာများနှင့် အခြားဓာတ်ငွေ့များ ပေါင်းစပ်ရောနှော ဖြစ်ပေါ်နေသည့် ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ မီးခိုးမြူငွေ့တွင် ပါဝင်သော အရာများမှာ အလွန်သေးငယ်သော အမှုန်အမွှားများ Parti-culate Matter (PM2.5 , PM10)၊ ကာဗွန်ဒိုင်အောက်ဆိုက်(CO2)၊ ကာဗွန်မိုနော့ဆိုက် (CO)၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် (NO2)၊ ဆာလဖာဒိုင်အောက်ဆိုက်(SO2)၊ မြေပြင်အလွှာရှိ အိုဇုန်း(Ground Level O3)နှင့် အခြားအဆိပ်ဓာတ်ငွေ့များ ဖြစ်ပါသည်။

ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ

ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရန် တောခုတ်မီးရှို့ရာမှ ထွက်ရှိလာသော မီးခိုးငွေ့များ၊ ရိုးပြတ်များ/ကောက်ရိုးများကို မီးရှို့ရာမှ ထွက်ရှိလာသော မီးခိုးများ၊ မြေသြဇာရရန် ရည်ရွယ်ချက်ဖြင့် စပါးခွံ၊ ပြောင်းရိုးစသည်တို့ကို မီးရှို့ရာမှ ထွက်ရှိလာသော မီးခိုးများ၊ မော်တော်ယာဉ် ဟောင်းများနှင့် စက်ရုံ/အလုပ်ရုံများမှ ထွက်ရှိလာသော မီးခိုးများ၊ ကျောက်မီး သွေးနှင့် ထင်းလောင်စာသုံးစွဲမှုများမှ ထွက်ရှိလာသော အခိုးအငွေ့များ၊ အမှိုက်ပုံကြီးများ မီးလောင်ခြင်းနှင့် စွန့်ပစ်အမှိုက်များကို မီးရှို့ရာမှ ထွက်ရှိလာသော အခိုးအငွေ့များ၊ သစ်တောများအတွင်း မဆင်မခြင်မီးသုံးစွဲမှု (သို့မဟုတ်) သဘာဝအလျောက် တောမီးလောင်ကျွမ်းမှုမှ ထွက်ရှိလာသော အခိုးအငွေ့များ စသည်တို့သည် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြစ်စေသည့် အဓိကအကြောင်းရင်းများ ဖြစ်ပါသည်။

ဆိုးကျိုးသက်ရောက်မှုများ

မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်နေသော ပတ်ဝန်းကျင်တွင် လူ၊ အပင်နှင့် တိရစ္ဆာန်များ ကောင်းစွာအသက်ရှင်သန်နိုင်ရန် ခက်ခဲလှပါသည်။ မီးခိုးမြူငွေ့ဖြစ်ပေါ်ချိန်တွင် နေအိမ်အတွင်း၌သာ နေထိုင်ကြရပြီး ကျောင်းများ၊ ရုံးများ၊ စျေးများ ပိတ်ထားရသည့်အတွက် ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို များစွာထိခိုက်ရပါသည်။ တောမီးလောင်ကျွမ်းသည့်အခါ တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများ ပျောက်ဆုံးလာရပါသည်။ ထိုအခါ ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ်ကာ သဘာဝဂေဟစနစ်ကို ထိခိုက်စေရုံသာမက စားနပ်ရိက္ခာများလည်း ရှားပါးလာမည်ဖြစ်ပါသည်။ ထို့အပြင် မီးခိုးမြူငွေ့များသည် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်ပြီး ထိုမှတစ်ဆင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ရိုက်အကျိုးသက်ရောက်စေပါသည်။ မီးခိုးမြူငွေ့တွင် ပါဝင်သည့် မျက်စိဖြင့်မမြင်နိုင်သော အမှုန်အမွှားများ (PM 2.5)သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် သွေးကြောများအတွင်းထိ ရောက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့ရောက်ရှိနိုင်ပါသည်။ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ကျွန်ုပ်တို့လူသားများတွင် ကျရောက်စေနိုင်သောရောဂါများမှာ အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ၊ ပန်းနာရင်ကျပ်ရောဂါ၊ မျက်စိကျိန်းစပ်ပြီး မျက်ရည်ယိုသည့် ဝေဒနာ၊ အရေပြားယားယံခြင်း၊ မွေးရာပါ ကိုယ်လက်အင်္ဂါ ချို့ယွင်းသည့်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အသည်းကင်ဆာနှင့် အခြားကင်ဆာရောဂါ၊ အာရုံကြောထိခိုက်ပျက်စီးခြင်း၊ ဉာဏ်ရည်ချို့ယွင်းခြင်း၊ အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းနှင့် အသက်သေဆုံးခြင်းတို့အထိ ဖြစ်ပေါ်စေနိုင်ပါသည်။

ကမ္ဘာ့မီးခိုးမြူငွေ့ညစ်ညမ်းမှု ပြဿနာများ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း မီးခိုးမြူငွေ့များ အုံ့ဆိုင်းနေသဖြင့် အသက်ရှူရခက်ခဲနေခဲ့ကြရပြီး အိမ်အပြင်ထွက် အလုပ်လုပ်ကိုင်နိုင်မှုမရှိဘဲ ကျောင်းများ၊ စျေးများပိတ်ထားခဲ့ကြရပါသည်။ ဖြစ်ပေါ်ရသည့် အကြောင်းရင်းမှာ တောင်ယာမီးရှို့မှုများ ကြောင့်ဖြစ်ပြီး အိန္ဒိယနိုင်ငံဗဟိုတရား ရုံးချုပ်အနေဖြင့် တောင်ယာမီးရှို့မှုများကို ဥပဒေအရ အရေးယူမှုများ လုပ်ဆောင်ခဲ့ကြရပါသည်။ အိမ်နီးချင်းထိုင်းနိုင်ငံတွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ တောင်ယာလုပ်ငန်းများနှင့် တောမီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်လာသော မီးခိုးမြူငွေ့များကြောင့် ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်လာသည့်အတွက် စာသင်ကျောင်းများ ပိတ်ထားရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ရဖူးပါသည်။ သြစတြေးလျနိုင်ငံတွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ ၂၀၂၀ ပြည့်နှစ် မတ်လအထိ လောင်ကျွမ်းခဲ့သော တောမီးကြောင့် အဆိုပါနိုင်ငံ၌သာမက အိမ်နီးချင်းနိုင်ငံများ၏ လေထုအရည်အသွေးများ ကျဆင်းလာပြီး ရောဂါဘယဖြစ်ပွားမှုများနှင့် လူ့အသက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ အဆိုပါတောမီးကြောင့် နို့တိုက်သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ငှက်များ စသည့် တောရိုင်းတိရစ္ဆာန်အကောင်ရေ သုံးဘီလီယံခန့် သေဆုံးခဲ့ကြရပါသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်များ

တောမီးနှင့် မီးခိုးမြူငွေ့များကို စောင့်ကြည့်အကဲဖြတ်ရန် အာဆီယံဒေသတွင်းဗဟိုဌာနအဖြစ် ASEAN Specialised Meterological Centre (ASMC)ကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ အာဆီယံဒေသတွင်း နိုင်ငံများအတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်များကို အဆိုပါ ASMC ၏ Website မှတစ်ဆင့် စောင့်ကြည့်၍ ပုံမှန်သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ဖြစ်ပေါ်မှုသည် သစ်တောဧရိယာများအတွင်း၌သာမက စိုက်ပျိုးမြေများနှင့် မြို့၊ ရွာ၊ ကျေးလက်များတွင်လည်း ဖြစ်ပေါ်တွေ့ရှိရသည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအပါအဝင် သက်ဆိုင်ရာအစိုးရဌာနများအနေဖြင့် မီးလောင်ကျွမ်းမှုဖြစ်စဉ်များအရေအတွက် လျှော့ချရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါသည်။ နယ်စပ်ဒေသများတွင် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ပိုမိုများပြားလာပါက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် မီးလောင်ကျွမ်းမှုဖြစ်စဉ်များဖြစ်ပေါ်မှုအရေအတွက် လျော့နည်းစေရန် အထူးအလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ မီးခိုးမြူငွေ့ညစ်ညမ်းမှု အခြေအနေ

ဂြိုဟ်တု သတင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် မီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့များသည် ပွင့်လင်းရာသီကာလဖြစ်သည့် နိုဝင်ဘာလတွင် စတင်ဖြစ်ပေါ်လေ့ရှိပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် အများဆုံးဖြစ်ပွားလေ့ရှိပါသည်။ မြန်မာနိုင်ငံ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းရင်းများမှာ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသော အမှိုက်များ၊ ရိုးပြတ်များနှင့် စပါးခွံများ စသည်တို့ကို မီးရှို့ဖျက်ဆီးခြင်းနှင့် တောင်ယာစိုက်ပျိုးရန် တောခုတ်၊ မီးရှို့ခြင်းများကြောင့် ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် ပွင့်လင်းကာလအတွင်း၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူငွေ့များပြားလာပြီး မြို့သူမြို့သားများသည် မျက်စိစပ်ခြင်း၊ ယားယံခြင်း စသည့် မီးခိုးမြူငွေ့၏ လက္ခဏာများ ခံစားခဲ့ရဖူးပါသည်။ မြန်မာနိုင်ငံ၏ နှစ်အလိုက်မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ဖြစ်ပေါ်မှုအရေ အတွက်မှာ ၂၀၂၀ ပြည့်နှစ်တွင် ၅၆၄၁၉ ခု၊ ၂၀၂၁ ခုနှစ်တွင် ၅၄၀၁၀၊ ၂၀၂၂ ခုနှစ်တွင် ၃၇၉၇၇ ခုနှင့် ၂၀၂၃ ခုနှစ်တွင် ၅၆၅၀၄ ခု ဖြစ်ပေါ်ခဲ့ပါသည်။ မဲခေါင်နိုင်ငံများတွင် ကျွန်ုပ်တို့မြန်မာနိုင်ငံသည် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ဖြစ်ပေါ်မှုအရေအတွက် အများဆုံးဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသည် မဲခေါင်ဒေသခွဲနိုင်ငံများအနက် ဧရိယာအကျယ်ပြန့်ဆုံးနိုင်ငံဖြစ်သဖြင့် နိုင်ငံဧရိယာအချိုးဖြင့် နှိုင်းယှဉ်တွက်ချက်ပါက မြန်မာနိုင်ငံ၏ မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ဖြစ်ပေါ်မှုအရေအတွက်မှာ အခြားနိုင်ငံများနှင့် တန်းတူအနေအထားသာဖြစ်ကြောင်း တွေ့ရှိရပါသည်။

နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု

မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution) ကို ၂၀၀၃ ခုနှစ်က သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသဘောတူညီချက်အရ မြန်မာနိုင်ငံသည် တောမီးနှင့် အကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသည့် အခြားမီးတို့မှ ဖြစ်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာများကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ထိန်းချုပ်လျှော့ချခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ မဲခေါင်ဒေသခွဲနိုင်ငံများတွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် ချင်းရိုင် ၂၀၁၇ လုပ်ငန်းစီမံချက် (Chiang Rai 2017 Plan of Action)ကို ချမှတ်ထားရှိပြီးဖြစ်ရာ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ဖြစ်ပေါ်မှုအရေအတွက်ကို နှစ်အလိုက်လျှော့ချထိန်းချုပ် သွားကြရမည်ဖြစ်ပါသည်။

တိုက်တွန်းနှိုးဆော်ချက်

အန္တရာယ်ကြီးမားလှသော မီးခိုးမြူငွေ့ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးသည့် အလေ့အထများကို လျှော့ချဆောင်ရွက်ရမည်ဖြစ်ပါသည်။ တောင်ယာလုပ်ငန်းများ မဖြစ်မနေလုပ်ဆောင်ရပါက တောင်ယာလုပ်ငန်းစတင်ချိန်တွင် ထိန်းချုပ်မီးရှို့စနစ်ကို ကြိုတင်လုပ်ဆောင်ကြရန် လိုအပ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ရိုးပြတ်များနှင့်ကောက်ရိုးများကို မီးရှို့မှုမပြုလုပ်စေရေးနှင့် သဘာဝမြေသြဇာပြုလုပ်ခြင်း နည်းပညာများကို လက်တွေ့ကျကျ မျှဝေဆောင်ရွက်သွားရပါမည်။ တောတောင်များအတွင်း မဆင်မခြင်အမဲလိုက်ခြင်း၊ ပျားဖွပ်ခြင်း၊ တောမီးရှို့ခြင်း စသည်တို့ကို လုံးဝရှောင်ကြဉ်ရပါမည်။ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ သစ်တောစိုက်ခင်းများတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး သတိပေးဆိုင်းဘုတ်များ ထားရှိပြီး မီးတားလမ်းများ စနစ်တကျဖောက်လုပ် ထားရှိရပါမည်။ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့ပေါ်နှင့် ရပ်ကွက်၊ ကျေးရွာများအထိ ကျယ်ပြန့်စွာ ဆောင်ရွက်ကြရပါမည်။ ထို့အပြင် မီးလောင်ကျွမ်းမှုဖြစ်စဉ်များ အရေအတွက်ကို စောင့်ကြည့်ရန်နှင့် ထိန်းချုပ်လျှော့ချနိုင်ရန် ကြိုတင်စီမံဆောင်ရွက်ထားရပါမည်။ သက်ဆိုင်ရာဌာနများအနေဖြင့် ဝန်းကျင်လေထုအရည်အသွေးကို ပုံမှန်တိုင်းတာ၍ သတင်းထုတ်ပြန်ပေးခြင်းများ ဆောင်ရွက်ကြရပါမည်။ ပြည်သူများအနေဖြင့် အမှိုက်များကို မီးမရှို့ကြရန်နှင့် စနစ်ကျစွန့်ပစ်ကြရန်လည်း လိုအပ်ပါသည်။ တောမီးနှင့် အခြားမီးလောင်ကျွမ်းသည်ကို သိရှိပါက သက်ဆိုင်ရာကို တာဝန်သိသိဖြင့် အမြန်ဆုံးအကြောင်းကြားရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ ပြည်သူလူထုတစ်ရပ်လုံးသည် မီးခိုးမြူငွေ့အန္တရာယ်ကို အထူးနားလည်သိရှိပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဌာနများနှင့် လက်တွဲ၍ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး လုပ်ငန်းစဉ်များတွင် စုပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်တင်ပြအပ်ပါသည်။ ။