Skip to main content

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်အားမာန်ဖြင့် အမျိုးသားအားကစားအဆင့်မြင့်မားရေး

ရဲလွင်အောင်(စီ/သု)

(ယမန်နေ့မှအဆက်)

( င )   အားကစားသမားများ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် GYM လေ့ကျင့်ရာတွင် ထိရောက်မှု ရှိ မရှိ Fitness Coach Team ဖွဲ့စည်းခန့်အပ်စစ်ဆေးခြင်း အပါအဝင် အားကစားသမား၏ စိတ်အခြေအနေကို စိတ်ဆရာဝန်နှင့် ပုံမှန်စစ်ဆေးပေးရန်၊

( စ )   အားကစားသမား၏ အိပ်ရာဝင်ချိန်၊ နိုးချိန်နှင့်အင်တာနက်သုံးခြင်း၊ တယ်လီဖုန်း၊ ဂိမ်းစွဲလမ်းစွာ ဆော့ကစားခြင်း၊ ဆေးလိပ်၊ ကွမ်း၊ အရက်၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းတို့ကို အမြဲကြပ်မတ်စစ်ဆေးရန်၊

(ဆ)     စခန်းဝင်လေ့ကျင့်နေစဉ်ကာလအတွင်း ခွင့်ပြန်ခြင်း၊ စိတ်အပန်းဖြေခြင်း (Taking Relax) အစီအစဉ်တို့ကို အထူးဂရုစိုက်ဆောင်ရွက်ပေးရန်၊

( ဇ )   အားကစားသမား၏ ဘဝနောင်ရေးအတွက် အလုပ်အကိုင်၊ ငွေကြေး အပါအဝင် ချီးမြှင့်ခံစားရရှိမှုများအတွက် ပံ့ပိုးပေးရန်နှင့် စိတ်ဓာတ်ခွန်အားမြှင့်တင်အားပေးရန်၊

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်တို့မှလည်း အောက်ပါအချက်များကို ညှိနှိုင်းဆောင်ရွက်သင့်ပါသည် -

(က)    အားကစားသမားများအနေဖြင့် ပြိုင်ပွဲများ ပိုမိုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဦးတည်လျက် မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌဖလားပြိုင်ပွဲ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အပါအဝင်ဝန်ကြီးဌာနပေါင်းစုံနှင့် အလွတ်တန်းပြိုင်ပွဲများ စီစဉ်ပေးရာတွင် အသက်ငယ်ရွယ်သူများ ပိုမိုပါဝင်ယှဉ်ပြိုင်နိုင်ရေးဂရုပြုရန်နှင့် လူငယ်အားကစားသမားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရန်၊

( ခ )   နိုင်ငံ့လက်ရွေးစင် ကစားသမားများကို တာဝန်ယူသောနည်းပြများသည် ထိပ်တန်းအဆင့်ဖြစ်ရန် လိုသည့်အပြင် ကိုယ်ကျင့်တရားကောင်းမွန်သူများကို သာ အထူးဂရုပြု၍ တာဝန်ပေးအပ်ရန်၊

( ဂ )   ယခင်ကိုဗစ်ရောဂါမဖြစ်ပွားခင် နှစ်နိုင်ငံချစ်ကြည်ရေးအစီအစဉ်ဖြင့် အခမဲ့လာရောက်ပြသခဲ့ဖူးသော ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)တို့မှ အားကစား ကျွမ်းကျင်သူနည်းပြများရရှိရေး ပြန်လည်ဆက်သွယ်ဆောင်ရွက်သင့်သကဲ့သို့ နိုင်ငံခြားငွေများစွာဖြင့် ငှားရမ်းရသော အရည်အသွေးမြင့် နိုင်ငံခြားနည်းပြများကို အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ငှားရမ်းရ၍ နည်းပြများ၏ ဆောင်ရွက်ချက်များကို ပုံမှန်စောင့်ကြည့် လေ့လာသုံးသပ်နိုင်မှသာ ငှားရမ်းသည့် အကျိုးရလဒ်ရရှိစေရန်၊

(ဃ)    မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌအပါအဝင်အမှုဆောင်များသည် နိုင်ငံတကာအားကစားအဖွဲ့အစည်းများတွင် ပါဝင်ရေးကြိုးပမ်းဆောင်ရွက်ကြ ရန်၊ (ယခင်မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်လေးသည် ကမ္ဘာ့ဝူရှူးအဖွဲ့ချုပ်တွင် Jury Member အဆင့် နေရာရယူနိုင်ခဲ့၍ ၎င်းလက်ထက် (၁၉၉၃-၂၀၀၇)အတွင်း မြန်မာ့ဝူရှူး အားကစားအဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲတိုင်းတွင် ရွှေတံဆိပ်သုံးခုအထိ ဆွတ်ခူးနိုင်ရုံမက ခိုင်ခိုင်မော်သည် ၂၀၀၂ ခုနှစ် (၁၄)ကြိမ်မြောက် ဘူဆန်(ကိုရီးယား)အာရှ အားကစားပြိုင်ပွဲတွင်ပင် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့)

(င)     ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အားကစားကလပ်များ ပိုမိုတိုးပွားလာစေရန် စည်းရုံးအားပေးခြင်းနှင့် ကလပ်ပေါင်းစုံပြိုင်ပွဲများကို မြန်မာနေရှင်နယ် လိဂ်ဘောလုံး (MNL) ပြိုင်ပွဲကဲ့သို့ ကျင်းပနိုင်ရေးစီစဉ်ပေးရန်၊

(စ)     အခြားယှဉ်ပြိုင်ဘက် နိုင်ငံများ၏အခြေအနေနှင့် နိုင်ငံတကာပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မှုများကို သုံးသပ်နိုင်ရန်အတွက် စောင့်ကြည့်လေ့လာသည့် Research Team များ ဖွဲ့စည်းထားရှိရန်နှင့် အားကစားသုတေသနစာတမ်းများ ပြုစုခြင်း၊ သုတေသန စာတမ်းဖတ်ပွဲများ ကျင်းပနိုင်ရန် အားကစား သုတေသီပညာရှင်များ ခန့်အပ်ပေးရန်၊

(ဆ)    မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်မှလည်း အားကစားနည်းအမျိုးအစားအလိုက် နည်းပြချုပ်၊ နည်းပြ၊အကူ၊ လက်ထောက် နည်းပြ၊ ဂျူရီ၊ ဒိုင် ၊ နိုင်ငံ တကာ အားကစားနည်းစနစ် ကျွမ်းကျင် သူ (ITO၊ ATO) စာရင်းများကို ၎င်းတို့၏ အရည်အချင်း မှတ်တမ်းများနှင့် တိကျစွာစာရင်း Update ပြုစုထားရှိ၍ အရည်အချင်း မြှင့်တင်ပေးရန်၊

( ဇ )   နိုင်ငံတကာအားကစားနည်းစနစ်၊ စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲမှုရှိပါက ပြည်နယ်၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနများ အပါအဝင်သက်ဆိုင်သူ Stakeholder များအားလုံး သိရှိစေရေး ဖြန့်ဝေပေး ရန်၊  

( ဈ )   အားကစား လေ့ကျင့်ရေး၊ ပြိုင်ပွဲဝင်ဝတ်စုံ၊ ဖိနပ်၊ အားကစားကွင်း၊ ရုံများနိုင်ငံတကာ အဆင့်မီတည်ဆောက်ရေး၊ ပြုပြင်ထိန်းသိမ်းရေး၊ အားကစားထူးချွန်သူများကို ဆုချီးမြှင့်ရန်၊ နိုင်ငံခြား နည်းပြငှားရမ်းရန်အတွက် နိုင်ငံတော်မှ ဘတ်ဂျက်လုံလောက်စွာ ချထားပေးရန်၊

နိုင်ငံတော်အတွက် ထူးချွန်အားကစားသမားများ ပေါ်ထွက်ရေးရည်မှန်း ဖွင့်လှစ်ထားသော အားကစားနှင့်ကာယပညာသိပ္ပံများ တိုးတက်ရန်အတွက် အောက်ပါအချက်များကို ဆောင်ရွက်သင့်ပါသည်-

(က)    သင်တန်းသားများ ရွေးချယ်ရာတွင် အဆင့်ဆင့် ဆန်ခါတင်ရွေးချယ်နိုင်ရန် မြန်မာ့လက်ရွေးစင်ဟောင်းများ အသင်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်မှ ပညာရှင်များက စိစစ်ကြပ်မတ်ရန်နှင့် တိုးတက်မှုမရှိသော၊ စည်းကမ်းဖောက်ဖျက်သော ကိုယ်ကျင့်တရား မကောင်းသော သင်တန်းသားများကို ထုတ်ပယ်၍ တာဝန်ယူရွေးချယ်ခဲ့သောအဖွဲ့ကို ထိရောက်စွာ သတိပေးအရေးယူရန်၊

( ခ )   ပြည်နယ်၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနများအနေဖြင့် မိမိဒေသအတွင်းမှ အား/ကာသိပ္ပံသို့ ရွေးချယ်စေလွှတ် တက်ရောက်နေသူများကို ကျောင်းအုပ်ကြီးနှင့် ညှိနှိုင်းလျက် စောင့်ကြည့်အားပေးရန်နှင့် ပြည်နယ်၊ တိုင်းပြိုင်ပွဲကိုယ်စားပြု ယှဉ်ပြိုင်လိုပါက သင်တန်းသား၏ အားကစားအဆင့်အတန်းနှင့် ပြိုင်ပွဲအဆင့်နှင့်ကိုက်ညီမှုရှိပြီးဦးစီးဌာန ရုံးချုပ်၏ ခွင့်ပြုချက်ရမှသာ စေလွှတ်ယှဉ်ပြိုင်စေရန်၊

( ဂ )   အား/ကာသိပ္ပံနည်းပြများ၏ ကိုယ်ကျင့်တရားကောင်းမွန်စေရေး၊ နိုင်ငံတကာအဆင့်နည်းပြများ ဖြစ်စေရေးနှင့် အင်္ဂလိပ်စာ 4 skills နှင့် IT skills ကောင်းမွန်သူများဖြစ်စေရေး မြှင့်တင်ပေးရန်၊

(ဃ)    အား/ကာသိပ္ပံများမှ အားကစားနှင့် ပညာရေး ကောင်းမွန်ထူးချွန်သူများကို သာ B.Sc(Sports)ဘွဲ့ သင်တန်းတက် ရောက်ရေး၊ နောင်တစ်ချိန်အားကစား တက္ကသိုလ်ပညာရေးကိုမာစတာဘွဲ့ အဆင့်ထိသင်ယူလျက် အားကစားတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နိုင်ရေး စီစဉ်ပေးရန်၊

( င )   အား/ကာသိပ္ပံ ကျောင်းပြိုင်ပွဲများ ပြန်လည်ကျင်းပရန်၊ အဆိုပါပြိုင်ပွဲမှ ထူးချွန်သူများကို ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက် အခြေခံပညာကျောင်း အားကစားပြိုင်ပွဲမှ ထူးချွန်အားကစားသမားများနှင့် အရည်အချင်းစစ်ယှဉ်ပြိုင်စေကာ အာဆီယံကျောင်းသားများ အားကစား ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်ရန်၊

အာဆီယံနှင့်အာရှမသန်စွမ်း (Paralympic) အားကစားပြိုင်ပွဲများ အပါအဝင် အားကစားပြိုင်ပွဲ အားလုံးအတွက်ရေတို၊ ရေရှည်စီမံကိန်းများ အပါအဝင် Sports Master Plan ကို စနစ်တကျ ရေးဆွဲလျက် အဆိုပါစီမံကိန်းအစီအစဉ်များသည် လက်တွေ့ဆောင်ရွက်မှုများနှင့် အမှန်တကယ် ကိုက်ညီမှု ရှိ မရှိကို စောင့်ကြည့်လေ့လာသုံးသပ်ခြင်း၊ သုတေသနပြုစုခြင်းတို့ကို ဆောင်ရွက်နိုင်မှ သာလျှင် ရေရှည်အားကစား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ပါသည်။     

အားကစားအဖွဲ့အစည်းက အားကစားကဏ္ဍကို တိကျစွာဆောင်ရွက်နိုင်ရန် အားကစား ဥပဒေတစ်ရပ်ပေါ်ထွန်းရန်သက်ဆိုင်သူ Stake- holder အားလုံးတွင် တာဝန်ရှိပေသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ(၄-၇) ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ်(လူငယ်) ကျောင်းသား အားကစားပွဲတော်တွင် တရုတ်လူငယ်များက ကမ္ဘာ့လူငယ်စံချိန် ၁၁ ခုကို ချိုးနိုင် ခဲ့သည်မှာ အဘက်ဘက်က ပြည့်စုံသော အားကစားစီမံကိန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းဖြစ်၍ အားကျဂုဏ်ယူဖွယ်ဖြစ်ပါသည်။ မိမိနိုင်ငံအတွက် လက်ရှိဖွင့်လှစ်ထားရှိသော အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ တစ်ဆင့် အားကစားတက္ကသိုလ်အဆင့်အထိ တိုးချဲ့ဖွင့်လှစ်ရန်၊ အားကစားဘာသာရပ်များကို ထိရောက်စွာ သင်ကြားနိုင်မည့် ပညာရှင်များမွေးထုတ်နိုင်ရန်အတွက် နိုင်ငံခြားပညာတော်သင်များကို စနစ်တကျ စေလွှတ်ရန်လိုပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော လူမှုရေးဦးတည်ချက်(၃) ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသော ဦးတည်ချက် အတိုင်းလူငယ်ကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ မိမိတို့ နိုင်ငံအနာဂတ်အတွက် မျိုးဆက်သစ် လူငယ်လူရွယ်တို့ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံအရည်အသွေး မြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေး အထူးအလေးထား ပြုစုပျိုးထောင်ရမည်ဖြစ်ပေ သည်။ ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးစသည့် နယ်ပယ်အသီးသီးတွင် ဦးဆောင်နိုင်ခဲ့သည့်လူငယ်များ မြန်မာ့သမိုင်းတွင်ရှိခဲ့ကြသည်။ အင်းဝခေတ်တွင် ရှင်မဟာရဋ္ဌသာရ၊ တောင်ငူခေတ်တွင် နတ်ရှင်နောင်၊ ကုန်းဘောင်ခေတ်တွင် စိန္တကျော်သူ ဦးဩ၊ လှိုင်ထိပ်ခေါင်တင်တို့သည် လည်းကောင်း၊ ကိုလိုနီခေတ်တွင် ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သည့် သိပ္ပံမောင်ဝ၊ ဆရာဇော်ဂျီ ၊ ဆရာမင်းသုဝဏ်တို့ကဲ့သို့ ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး ပါမောက္ခ ဖြစ်သည့် ဆရာကြီး ဦးဖေမောင်တင်သည်လည်းကောင်း ထိုစဉ်အခါက အသက် ၂၄ နှစ်အရွယ် လူငယ်ပင်ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း လူငယ်ဘဝနှင့်ပင် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်ခဲ့သူတစ်ဦးပင် ဖြစ်သည်။ ကိုလိုနီခေတ်မှ ယနေ့မျက်မှောက်ခေတ်ထိတိုင်အောင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်ဖြင့် အားကြိုးမာန်တက် ဆောင်ရွက်နေသူများတွင် လူငယ်အမြောက်အမြား ပါဝင်လျက် ရှိပါသည်။

ဆရာဇော်ဂျီ၏ “အိုတက်လူတို့” ကဗျာတွင် “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး၊ သင်လည်းတစ်ဦး၊ သားထူးသားမြတ်၊ ဖြစ်အပ်ရာသည် ရှေ့သို့ရည်၍” ဟု ထည့်သွင်းရေးဖွဲ့ထားရာ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် လူငယ်များသည် အနာဂတ်ကမ္ဘာကို ပုံဖော်ရေးဆွဲကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြ ပါသည်။ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသော မျက်မှောက်ခေတ်တွင် အားကစား၊ ပညာရေးနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကို မြှင့်တင်ပေးရာ၌ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသည် လွန်စွာအရေးကြီးပေသည်။ လူငယ်တို့သည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို လွှဲပြောင်းတာဝန်ယူကြမည့်သူများဖြစ်ပြီး အနာဂတ်နိုင်ငံတော်ကြီးကိုထုဆစ်ပုံဖော် ဆန်းသစ်ကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြပေသည်။ ကာယ၊ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ် လာစေရေးဦးတည်လျက်လူငယ်ကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်သင့်သည့်အချက်များကို အောက်ဖော်ပြ ပါအတိုင်း အကြံပြုတင်ပြအပ်ပါသည်-

(က)   ခေါင်းဆောင်မှု အရည်အသွေးများ လေ့ကျင့်ပျိုးထောင်ပေးရန်၊

( ခ )   လူငယ်များ၏ ရည်မှန်းချက်များနှင့် စိတ်ဝင်စားမှုများ ဆောင်ရွက်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးရန် ၊

( ဂ )   လူငယ်များကို မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေး၊ အဂတိတရားလေးပါး ကင်းစင်စေရေးအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို သိရှိနားလည်သော နိုင်ငံ့သား ကောင်း လူငယ်များ ဖြစ်ထွန်းလာစေရန် ကဏ္ဍပေါင်းစုံမှ ပြုစုပျိုးထောင်ပေးရန်၊

(ဃ)    ဗလငါးတန်နှင့် ပြည့်စုံသော ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ထက်မြက်သော လူငယ်များကို ပျိုးထောင်နိုင်အောင် ကျောင်းသားလူငယ်အရွယ်မှ စတင်ကာ ကိုယ်ကာယလှုပ်ရှားမှုအခြေခံအားကစားနည်းတစ်မျိုးမျိုးကို သင်ယူခြင်းနှင့်အတူ ယှဉ်တွဲလေ့လာလိုက်စားစေ ခြင်းအားဖြင့် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်ကြားမှုကို အခြေခံပညာ ကျောင်းများမှ စတင်မျိုးစေ့ချပေးရန်၊

(င)     ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူငယ်ရေးရာမူဝါဒပါ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍ(၁၆)ရပ်အနက် အားကစားနှင့် အပန်းဖြေခြင်းကဏ္ဍကို ဆောင်ရွက်နိုင်ရေး၊ နေပြည်တော် ကောင်စီအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ မိမိတို့၏နှစ်အလိုက်အရ၊ အသုံးခန့်မှန်း ခြေငွေစာရင်းတွင် ဘတ်ဂျက်ထည့်သွင်း ရေးဆွဲကာ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

(စ)     လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းရပ်များသည် ဝန်ကြီးဌာန၊ အဖွဲ့အစည်းတစ်ခုတည်း၏ ကြိုးစားမှုဖြင့် အောင်မြင်နိုင်မည့် လုပ်ငန်းမျိုးမဟုတ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကော်မတီများနှင့် တာဝန်ရှိသူအားလုံးတို့က အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ရန်၊     

(ဆ)    လက်ရှိတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ဦးစီးဦးဆောင်ပြုကာ အသိပညာပေး ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ စာပေအနုပညာ ပြပွဲပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ သရုပ်ပြပွဲများ ဆောင်ရွက်ပေးနေခြင်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖွင့်လှစ်ပေးနေခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊

( ဇ )   ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတူကွဲပြားမှုများအပေါ် နားလည်သဘောပေါက်လျက်ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်တတ်စေရန်၊

( ဈ )   နိုင်ငံ့ကောင်းကျိုးရည်မျှော်၍ စွန့်ဦးတီထွင်သည့် စိတ်ဓာတ်များပေါ်ပေါက်လာစေရေးအတွက် ကျောင်းနေအရွယ် ကတည်းက Creative thinking , Critical thinking နှင့် Innovative sense များ အားကောင်းလာစေရေး လေ့ကျင့်ပျိုးထောင်ပေးရန်၊

(ည)    ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရေးလူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်နေမှုများ အမှန်တကယ် အကျိုးရှိ မရှိကို သက်ဆိုင်ရာ အလွှာပေါင်းစုံမှ ပြည်တွင်း၊ ပြည်ပအတွေ့အကြုံရှိသော ပညာရှင်များ ပါဝင်လျက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ သုတေသီများမှ စစ်တမ်းကောက်ယူခြင်း၊ သုတေသနစာတမ်းများ ပြုစုဆောင်ရွက်ရန်၊

နိဂုံးချုပ်အားဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် အားကစားကဏ္ဍတွင် ထပ်မံတိုးမြှင့်၊ ပြုပြင်ဆောင်ရွက်သင့်သည်များကို စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်သော ကျန်းမာကြံ့ခိုင်သည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်ထုအင်အားဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဆိုလျှင် နိုင်ငံတော်၏ အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာမည်ဟု ယုံကြည်မိပါသည်။ ။