Skip to main content

သက်တော်ရှည် လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့အစည်း

K ဇင်သစ် (မန်းတက္ကသိုလ်)

ကိုလိုနီအစိုးရ လက်ထက်ကတည်းက တည်ရှိပေါ်ပေါက်လာခဲ့သည့် အခြေခံပြည်သူများ၏ လူမှုရေးကို ရှေ့တန်းတင်ပြီး စုပေါင်းဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းတွင် အရှုံးမပေါ်အောင် ဆောင်ကြဉ်းခဲ့သော သက်တော်ရှည် လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့အစည်းဟုဆိုလျှင် “သမဝါယမအဖွဲ့အစည်း” ပဲရှိသည်ဟု တင်စားနိုင်မည်ဖြစ်သည်။

Co-operative Institution “သမဝါယမအဖွဲ့အစည်း” သည် နှစ်လွှာပေါင်းထားသည့် စွယ်တော်ရွက်ပမာရှိနေခြင်းကြောင့် သက်တမ်းရာကျော်ခဲ့သည်ဟု ဆိုချင်ပါသည်။ သမဝါယမဌာနနှင့် သမဝါယမအသင်းတို့၏ ဒွန်တွဲတည်ရှိခဲ့ခြင်း၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ခိုင်မာသည့်မူဝါဒများကို သူ့တာ ကိုယ့်စည်းဟန်ချက်ညီစွာ ကြိုးပမ်းချမှတ်အကောင်အထည် ဖော်ခဲ့ခြင်း၏ ရလဒ်ကောင်းပမာရှိခဲ့ကာ ဝေဖန်သံတွေကြားက ရှင်သန်နိုးထလာခဲ့သည့် သမဝါယမ အဖွဲ့အစည်းကား ယခုဆိုလျှင် သက်တမ်းနှစ် (၁၂၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

အိန္ဒိယနိုင်ငံ၌ ၂၄-၃-၁၉၀၄ ရက်နေ့တွင် သမဝါယမငွေစုငွေချေးအသင်းများဆိုင်ရာ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းအက်ဥပဒေအရ အစိုးရသမဝါယမမင်းကြီး ခန့်အပ်တာဝန်ပေးရန် ဖော်ပြပါရှိခဲ့ခြင်းကြောင့် ၁၉၀၄ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသမဝါယမဌာနကို မေမြို့(ပြင်ဦးလွင်)၌ ဖွင့်လှစ်ခဲ့ကာ ယင်းတွင်တာဝန်ထမ်းဆောင်ရန် မစ္စတာဖီးလ်ဒင်းဟော(လ်) Mr.Fielding Hall ကို ပထမဦးဆုံး သမဝါယမမင်းကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။

အဆိုပါအက်ဥပဒေအရဖွဲ့စည်းထားသည့်ငွေစု ငွေချေးသမဝါယမအသင်းများကို အိန္ဒိယနိုင်ငံ တော်အစိုးရမှငွေတစ်ရာ တစ်နှစ် ၆ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် ငွေကျပ် ၅၀၀၀၀ ထုတ်ချေးခဲ့ပါသည်။ သမဝါယမအသင်းများက အသင်းဝင် (အသင်းသား) များကို ၁၂ ရာခိုင်နှုန်းဖြင့် ထုတ်ချေး ဆောင်ရွက်ခဲ့ခြင်းဖြင့် ထိုစဉ်ကကျေးလက်နေ တောင်သူလယ်သမားများ၏ အတိုးနှုန်းကြီးမြင့်စွာ ချေးငှားရယူခဲ့ခြင်းကို ကူညီဆောင်ရွက်ပေးခဲ့ခြင်းသည် သမဝါယမများသာဖြစ်သည်ဟု သမိုင်းမှတ်တမ်းတင်ခဲ့သည်မှာ ငြင်းဖွယ်မရှိပေ။

၁၉၀၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင်စစ်ကိုင်းခရိုင် မြင်းမူသမဝါယမငွေစုငွေချေးအသင်း ဖွဲ့စည်း ခဲ့သည်မှစ၍ လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့အစည်းတစ်ခု မားမားမတ်မတ် ပေါ်ပေါက်ခဲ့သည်ဟု မှတ်ယူရမည်ဖြစ်ပေသည်။ ၁၉၀၅ ခုနှစ် နှစ်ကုန်အထိ သမဝါယမငွေစုငွေချေးအသင်း ကိုးသင်းအထိ ဖွဲ့စည်းမှတ်ပုံတင်ပေးနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံသားသမဝါယမ ဝန်ထောက်မင်း ဦးမောင်မောင်ပြား (A.T.M, C.I.E, M.B.E) သည် ဗြိတိသျှအစိုးရ၏ မင်းမှုထမ်းခန့်အပ်ခံရပြီး အင်္ဂလိပ်စကားလုံး Coo-perative ကို “သမဝါယမ”ဟု မြန်မာမှုပြုခဲ့သူ မြန်မာ့သမဝါယမ ဦးဆောင်သူတစ်ဦးလည်း ဖြစ်ပါ သည်။

၁၉၀၈ ခုနှစ်တွင် ကျေးလက်သမဝါယမငွေစု ငွေချေးအသင်း ၇၂ သင်း၊ ၁၉၁၅ ခုနှစ် ၁၂၅၂ သင်း၊ ၁၉၂၀ ပြည့်နှစ်တွင် ၃၃၁၉ သင်း၊ ၁၉၂၅ ခုနှစ်တွင် ၄၁၅၇ သင်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ထိုစဉ် ကတည်းက သမဝါယမဌာနသည် အသင်းများကို စည်းရုံးဖွဲ့စည်းမှတ်ပုံတင်ပေးခြင်း၊ စစ်ဆေးခြင်းနှင့် ထိန်းကျောင်းတည့်မတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ လူမှုစီးပွားဖွံ့ဖြိုးရေးကို ဦးလည်မသုန် ရွက်ဆောင်ခဲ့သည့် သမဝါယမအဖွဲ့အစည်းကြီး အတွက် ၁၉၀၄၊ ၁၉၁၂၊ ၁၉၂၇၊ ၁၉၅၆၊ ၁၉၇၀ နှင့် ၁၉၉၂ ခုနှစ်တို့တွင် အက်ဥပဒေ၊ ဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများလည်း ထုတ်ပြန် ဆောင်ရွက်ခဲ့ပါသည်။

၁၉၂၃ - ၁၉၂၅ ခုနှစ်ဝန်းကျင်တွင် ခရိုင်အလိုက် သမဝါယမဗဟိုဘဏ်များ တစ်ဟုန်ထိုးပေါ်ပေါက်ခဲ့ပြီး ၁၉၂၅ ခုနှစ်အထိ ဖွဲ့စည်းခဲ့သည့် သမဝါယမအသင်း/ ဗဟိုဘဏ် ၄၁၅၇ သင်းမှာ ကိုလိုနီခေတ်တစ်လျှောက် အမြင့်မားဆုံးဖွဲ့စည်းနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါသည်။ ၁၉၀၄ ခုနှစ် သမဝါယမအက်ဥပဒေတွင် ငွေကြေးအသင်းများသာ ဖွဲ့စည်းဆောင်ရွက်နိုင် ခဲ့ခြင်းကြောင့် အခြားသော ရောင်းဝယ်ရေး၊ကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၁၉၁၂ ခုနှစ် သမဝါယမအက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။ ငွေကြေးကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် စာရင်းရှင်းလင်းဖျက်သိမ်းနိုင်ရန် မြန်မာနိုင်ငံတွင် ၁၉၂၇ ခုနှစ် သမဝါယမအသင်းအက်ဥပဒေကို ထုတ်ပြန်ခဲ့ပါသည်။ ၁၉၂၉ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပျက်ကပ်ကြီး၏ ရိုက်ခတ်မှုကြောင့် သမဝါယမဘဏ်များ ဒေဝါလီခံခဲ့ရသည့်တိုင် ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကိုရယူကာ သမဝါယမအသင်းများ ရှင်သန်ရပ်တည်ခဲ့ကြရပါသည်။

၁၉၀၄ ခုနှစ်မှ ၁၉၃၂ ခုနှစ်အထိနယ်ချဲ့အစိုးရသည် သမဝါယမဌာနမင်းကြီးများအဖြစ် Mr Fielding Hall, မှစ၍ Mr.R.K. Hanper အဆုံး နိုင်ငံခြားသားရှစ်ဦးကို ခန့်အပ်တာဝန်ပေးခဲ့ပါသည်။ ၁၉၃၃ ခုနှစ် မှစ၍ မြန်မာနိုင်ငံသားသမဝါယမမင်းကြီး ဦးဘိုတင်ကို စတင်ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး မြို့ရော ကျေးလက်ပါမကျန် သမဝါယမလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခဲ့ပါသည်။ ၁၉၃၅ ခုနှစ်တွင် သမဝါယမဌာနမင်းကြီး ဦးတင်ကြီး၏ သမဝါယမပြုပြင်ရေးစီမံကိန်းကို ပြည်သူများ နှစ်ခြိုက်ခဲ့ကြသည်။ နယ်ချဲ့အစိုးရခေတ် ဦးတင်ကြီး၏ သမဝါယမစီမံကိန်းသည် အစိုးရကလည်း နှစ်ခြိုက်သလို ပြည်သူများကလည်း သမဝါယမအပေါ် ယုံကြည်အားထားခဲ့ကြပါသည်။

၁၉၃၀ ပြည့်နှစ်တွင် ၁၂၉၂ သင်း၊ ၁၉၃၅ ခုနှစ် တွင် ၁၃၇၁ သင်း၊ ၁၉၄၀ ပြည့်နှစ်တွင် ၁၂၇၃ သင်း ဖွဲ့စည်းတည်ရှိခဲ့ပြီး ဂျပန်ခေတ်ကာလတွင် သမဝါယမလုပ်ငန်းများ အနည်းငယ်ရပ်တန့်ခဲ့သော်လည်း သမိုင်းအထောက်အထားများအရ အသင်းသစ် ၂၅၀ တိုးချဲ့ဖွဲ့စည်းနိုင်သည်ဟု သိရှိရပါသည်။ တက္ကသိုလ်သမဝါယမအသင်း၊ စားသုံးသူသမဝါယမအသင်း (ကွန်ကိုး)အသင်းများ ဖွဲ့စည်းခဲ့ကြပြီး စားသုံးသူ ပြည်သူလူထုကြီး၏ အားထားရာ ဖြစ်ခဲ့သည်။ ထိုစဉ်ကသမဝါယမသည်လည်း ပြုံးပန်းတလူလူ ပွင့်ခဲ့သည်ပဲ မဟုတ်ပါလား။ ၃၁-၁၂-၁၉၄၈ ရက်နေ့တွင် ကွန်ကိုးအသင်း ၇၁၅၇ သင်း၊ အသင်းဝင်(သား) ဦးရေ ၃ ဒသမ ၅ သန်း၊ အစုရင်းနှီးငွေကျပ် ကိုးသန်းရှိခဲ့ပါသည်။

လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ် မေလ ၁၆ ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပသည့် ဖဆပလအဖွဲ့ချုပ်၏ ဒုတိယမြောက် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကြီးတွင် “တိုင်းပြည် အနှံ့အပြားမှာ သမဝါယမလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အချိန်သင့်နေပါပြီ။ လုံးလုံးလျားလျား လျော်ကန် နေပါတယ်။ ဒီလုပ်ငန်းဟာ ကျုပ်တို့ပြည်သူတွေရဲ့ နှလုံးသားထဲကို ပူးပေါင်းဆောင်ရွက်လိုစိတ်တွေ သွင်းပေးပါလိမ့်မယ်။ ဒါတင်မကသေးဘူး ကျစ်ကျစ် လျစ်လျစ်သုံးစွဲတတ်မှု၊ ကိုယ်ထူကိုယ်ထလုပ်မှု၊ တီထွင်ဖန်တီးကြိုးပမ်းတတ်မှုတွေ ရှိလာအောင်လည်း အားပေးအားမြှောက် ပြုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့တိုင်းပြည်မှာ အရင်းအနှီး သိပ်ရှားပါးနေချိန်မှာ သမဝါယမလုပ်ငန်းဟာ တိုင်းပြည်ရဲ့သာယာဝပြောရေးကို မြှင့်တင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်တယ်ဆိုတဲ့အကြောင်း၊ အဆုံးမှာတော့ အရင်းအနှီးကို ဖန်တီးပေးတဲ့နေရာဟာ လုပ်အားပဲ။ တို့ရဲ့လုပ်အားပဲဖြစ် တယ်ဆိုတဲ့အကြောင်းတွေကို ပြည်သူတွေက အလုပ်လုပ်ရင်းသိလာ၊ နားလည်လာမှာ ဖြစ်လို့ပါပဲ” ဟု မိန့်ကြားခဲ့ပါသည်။

လွတ်လပ်ရေးမရခင်ကာလအထိ သမဝါယမဌာနသည် လယ်ယာဌာနချုပ်ကြီး/ လယ်ယာစိုက်ပျိုး ရေးဝန်ကြီးဌာနအောက်တွင်တည်ရှိခဲ့ပြီး ထိုခေတ် အခေါ်အဝေါ်များအရ မင်းကြီးတစ်ဦး၊ တွဲဖက် သမဝါယမမင်းကြီး တစ်ဦး၊ အသင်းဝန် ငါးဦး၊ သမဝါယမဝန်ထောက် ၁၆ ဦး၊ မြို့နယ်သမဝါယမ အရာရှိ ၁၀၂ ဦး၊ ရုံးဝန်ထောက် တစ်ဦး၊ ဌာနစိတ်စာရေးကြီး လေးဦး၊ လက်ရေးတို တစ်ဦး၊ အထက် တန်းစာရေး ငါးဦး၊ အောက်တန်းစာရေး ၁၇၇ ဦး၊ စာရင်းစစ် ၁၂၁ ဦး၊ ကြီးကြပ်သူ ၁၄၇ ဦး၊ စာတွဲထိန်း တစ်ဦး၊ မင်းစေ ၁၂၅ ဦး ဟူ၍ ဝန်ထမ်းအင်အား ၇၀၇ ဦး ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် သမဝါယမလုပ်ငန်းများ စတင် ပေါ်ပေါ်ခဲ့သည်မှစ၍ သမဝါယမဌာနနှင့် အသင်း အဆင့်ဆင့်တို့ ပူးပေါင်းပါဝင်သည့် နှီးနှောဖလှယ်ပွဲ၊ ညီလာခံများကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးချိန်များတွင် နှစ်စဉ်ကျင်းပခဲ့ကာ အဆိုပါ နှီးနှောဖလှယ်ပွဲ၊ ညီလာခံများ၏ ဆုံးဖြတ်ချက်များကို ဌာနနှင့်အသင်း အဆင့်ဆင့်တို့က ဟန်ချက်ညီညီ တက်တက်ကြွကြွ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြ၍ လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့ကြီး သက်တမ်းရာကျော်တိုင် ရှင်သန်ရပ်တည်နိုင်ခဲ့သည်ဟု ဆိုချင်ပါသည်။

လွတ်လပ်ရေးရပြီး (၁၅- ၂၁ . ၁ . ၁၉၅၁ ရက်နေ့)တွင် ပထမအကြိမ်မြောက် ပြည်လုံးကျွတ် သမဝါယမညီလာခံကြီးကို ကျင်းပခဲ့ပြီး “သမဝါယမ (၅)နှစ်စီမံကိန်း”ကို အတည်ပြုကာ သမဝါယမ လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းကြောင့် ၁-၄-၁၉၅၁ ရက်နေ့တွင် သမဝါယမနှင့် ကုန်စည် ဖြန့်ဖြူးရေးဝန်ကြီးဌာနကို ဖွဲ့စည်းထူထောင်ခဲ့ပါ သည်။ “ပြည်ထောင်စုသမဝါယမကောင်စီ” ကို လည်း ဖွဲ့စည်းခဲ့ပါသည်။

၁၉၅၁ ခုနှစ် ဝန်ကြီးဌာနအောက်ရှိ သမဝါယမဌာနတွင် သမဝါယမမင်းကြီး တစ်ဦး အပါအဝင် အစိုးရခန့်ဝန်ထမ်း ၁၈၉၅ ဦးအထိ ခန့်အပ်တာဝန်ပေးခဲ့ပါသည်။ တော်လှန်ရေးကောင်စီခေတ်တွင် လည်း ဆန်စပါး၊ ဝါဂွမ်း၊ ကြံ၊ ငါး စုပေါင်းရောင်းချ ရေးလုပ်ငန်းများကို ပြည်သူ့အရေး ရှေ့တန်းတင်၍ ငွားငွားစွင့်စွင့် ဆောင်ရွက်မှုများက ဘိုးသက်ရှည် အဖို့ ပီတိဖုံးစေခဲ့ပါသည်။ ၂၆-၃-၁၉၆၂ ရက်နေ့တွင် ယခင်သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေး ဝန်ကြီး ဌာနကို ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၃ ခုနှစ်တွင် နယ်သစ်သမဝါယမအသင်းများကို လွယ်ကူစွာ ကြီးကြပ်ကွပ်ကဲအုပ်ချုပ်နိုင်ရန် သမဝါယမဌာနတွင်နယ်သစ်ဖွင့် သမဝါယမဌာနခွဲတစ်ခုကို သီးသန့်ဖွဲ့စည်းထားကြောင်းလည်း လေ့လာသိရှိရပါသည်။

၁-၆-၁၉၇၁ ရက်နေ့တွင် သမဝါယမညွှန်ကြားရေးဌာန (နောင်တွင် သမဝါယမဦးစီးဌာန)ကို ဝန်ထမ်း ၂၀၀၄၀ ခွင့်ပြုအင်အားဖြင့် ဖွဲ့စည်းထူထောင်ခဲ့ပါသည်။ ၃၀-၉-၁၉၇၃ ရက်နေ့တွင် သမဝါယမဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့ပြီး ပထမဦးဆုံးဝန်ကြီးမှာ ဦးဘညိမ် ဖြစ်ပါသည်။ ၈-၁-၁၉၇၅ ရက်နေ့တွင် ဗဟိုသမဝါယမအသင်းစတင်ဖွဲ့စည်းခဲ့ပြီး သမဝါယမဦးစီးဌာနနှင့် ညှိနှိုင်းချိတ်ဆက်၍ သမဝါယမပညာပေးရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ သမဝါယမ ပညာ ပေးရေးလုပ်ငန်းများ အထောက်အကူပြုစေမည့် သင်တန်းကျောင်းများသည် ယခုအချိန်တွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် နှစ်ခု၊ သမဝါယမကောလိပ် နှစ်ခု၊ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း ငါးကျောင်းတို့ ဖွဲ့စည်းထူထောင်ထားပါသည်။

၂၀-၆-၂၀၁၁ ရက်နေ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဗဟိုကော်မတီ၏ (၁/၂၀၁၁)အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ဒီလုပ်ငန်းကို အကောင်အထည်ဖော် တဲ့အခါ အစုအဖွဲ့စုဖွဲ့မှုက အဓိကအကျဆုံး ဖြစ်ပါတယ်။ မြို့နယ်နဲ့ ကျေးရွာတွေမှာ စိတ်တူ ကိုယ်တူတွေ စုစည်းပြီး အစုအဖွဲ့နဲ့အကျိုးတူလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ပြီး နောင်မှာအစုအဖွဲ့အဆင့်ကနေ ကျေးရွာသမဝါယမအသင်းတွေအသွင်ကို လူထုယုံကြည်မှုရချိန်မှာ ပြောင်းလဲဖွဲ့စည်းခြင်းကို စီမံဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြို့နယ်မှာ စုဖွဲ့မယ့်မြို့နယ်အစုအဖွဲ့က နောင်တစ်ချိန်မှာ မြို့နယ်သမဝါယမအသင်းစုတွေနဲ့ ကျေးရွာမှာစုဖွဲ့မယ့် ကျေးရွာအစုအဖွဲ့ဟာ နောင်တစ်ချိန်မှာကျေးရွာ သမဝါယမအသင်းခွဲတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ဒီကိစ္စရပ်တွေကို နောင်နှစ် နှစ်ခန့်ကြာတဲ့အခါမှာ ကူးပြောင်းသွားနိုင်ဖို့ သမဝါယမဝန်ကြီးဌာနက ချမှတ်ထားတဲ့ စုဖွဲ့မှုပုံစံနဲ့ စိတ်တူကိုယ်တူ ပူးပေါင်းလုပ်လိုသူများက အများ သဘောတူအစုဝင်ငွေများ ထည့်သွင်းဆောင်ရွက်ရ မှာ ဖြစ်ပါတယ်”ဟု မှာကြားခဲ့ဖူးပါသည်။

၇-၉-၁၉၉၃ ရက်နေ့တွင် ဗဟိုသမဝါယမအသင်းသည် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (ICA)တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး နိုင်ငံတစ်ဝန်း သမဝါယမနေ့ လှုပ်ရှားမှုများအဖြစ် နှစ်စဉ် ဇူလိုင် လပထမပတ်စနေနေ့တိုင်း ကျင်းပလာခဲ့သည်မှာ နှစ် ၃၀ ပြည့်ခဲ့ပြီလည်း ဖြစ်ပါသည်။ INGO များ၊ နိုင်ငံတကာသမဝါယမအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ဗဟိုသမဝါယမအသင်းကြီးသည် သမဝါယမဦးစီးဌာနနှင့် ညှိနှိုင်းပေါင်းစပ် ပြီး ယနေ့တိုင်လည်း စွယ်တော်ရွက်ပမာတည်ရှိနေခြင်းကြောင့် ဘိုးသက်ရှည်လူမှုစီးပွားဖွံ့ဖြိုးရေး အဖွဲ့အစည်းအတွက် ရှင်သန်ရပ်တည်ခွင့်ကောင်းများ တရိပ်ရိပ်တိုးတက်နေသည့်အလား တွေ့ရမည် ဖြစ်ပါသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလအထိ သမဝါယမဝန်ကြီး ဌာနအောက်တွင် သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ယခင်အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန)နှင့် သမဝါယမ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (ယခင် သမဝါယမ ပို့ကုန်သွင်းကုန်လုပ်ငန်း)တို့ တည်ရှိခဲ့ပါသည်။

၂၀၁၄-၂၀၁၅ မှ ၃၁-၁၂-၂၀၁၉ ကာလအတွင်း သမဝါယမအသင်းများအနေဖြင့် ဟိုတယ်၊ တည်းခို ခန်းလုပ်ငန်း၊ အသင်းအရောင်းဆိုင်၊ ကုန်ထုတ်လုပ်ငန်း၊ ပြည်တွင်း ပြည်ပကုန်သွယ်မှုလုပ်ငန်းများ လုပ်ဆောင်နေကြသကဲ့သို့ ဌာနဆိုင်ရာ ငွေစု ငွေချေး၊ စျေးသမဝါယမများက ငွေစုငွေချေးလုပ်ငန်းများ၊ စက်မှုလယ်ယာစနစ်​ဖော်ဆောင်ရေး၊ လယ်ယာသွင်းအားစု ရောင်းချရေး၊ စက်ကိရိယာများ အရစ်ကျ ရောင်းချပေးခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အသင်းသားများ၏ အစု၊ စုဆောင်းငွေ၊ အသင်းပိုင် ရန်ပုံငွေ၊ နိုင်ငံခြားချေးငွေများဖြင့် စုစုပေါင်းကျပ် ၆၂၆ ဒသမ ၂၀၆ ဘီလီယံခန့်ကို သမဝါယမ အသေးစား အရင်းအနှီးချေးငွေအဖြစ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိခြင်းသည် ကျေးလက်နေ တောင်သူဦးကြီးများအတွက် လူမှုစီးပွားဖွံ့ဖြိုးရေး အဖွဲ့ကြီးက တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးခဲ့ သည်ကလည်း မှတ်တမ်းအဖြစ် တည်ရှိနေဦးမည်။ ၃၀-၃-၂၀၁၆ ရက်နေ့တွင် သမဝါယမဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန သုံးခုကိုပေါင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းကြောင့် သမဝါယမဦးစီးဌာနသည် အဆိုပါဝန်ကြီးဌာနအောက်သို့ ရောက်ရှိခဲ့ပါသည်။

၃၀-၁၁-၂၀၁၉ ရက်နေ့ရှိ ဖွဲ့စည်းထားသည့် သမဝါယမအသင်း အရေအတွက်မှာ ကုန်ထုတ် ၃၂၈၉၁ သင်း၊ ကုန်သွယ် ၃၁၅၉ သင်း၊ ဝန်ဆောင် ၄၁၄၂ သင်း စုစုပေါင်း ၄၀၁၉၂ သင်းတွင် တာဝန် ထမ်းဆောင်နေသည့် BOD ၁၈၂၈၀ (ထောက်ပံ့ကြေး ယူ)၊ အသင်းဝန်ထမ်း ၄၈၄၄ ဦးနှင့် သမဝါယမ ဦးစီး ဌာနတွင် ဝန်ထမ်း ၅၆၇၄ ဦး ခန့်အပ်ထားခြင်းတို့မှာ လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့အစည်းကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေကြပါသည်။

ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး လာစေရေးနှင့် ဝင်ငွေတိုးပွားလာစေရေးကို ဦးတည်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၁၇-၆-၂၀၂၁ ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းပေးခဲ့ခြင်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့သည် ဝန်ကြီးဌာနအသစ် အောက်တွင် တည်ရှိလာခဲ့ရပြန်ပါသည်။ ယနေ့ဆိုလျှင် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပါ ဝန်ကြီးဌာနအောက်သို့ ဖွဲ့စည်းတည်ရှိနေခြင်း ကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဌာနလေးခု ညှိနှိုင်းပေါင်းစပ်၍ အကောင်အထည်ဖော်နေကြသည် ကလည်း အားရကျေနပ်ဖွယ်ရှိနေပါသည်။

၂၉-၇-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ခေတ်အဆက်ဆက်၌ အစိုးရများအနေဖြင့် စီးပွားရေးစနစ်အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေအရ စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် သမဝါယမစနစ်သည် အသင့်လျော်ဆုံးဖြစ်သည်ကို တွေ့ရကြောင်း၊ သမဝါယမစနစ်ဆိုသည်မှာ စိတ်ဆန္ဒ၊ ရည်ရွယ်ချက်တူညီသည့် လုပ်ငန်းရှင် အချင်းချင်း၊ တောင်သူအချင်းချင်း စုဖွဲ့ဆောင်ရွက်ရသည့် အသင်းအဖွဲ့ စနစ်တစ်ခုဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီစနစ်တွင် ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးလျက်ရှိပြီး ဈေးကွက်စီးပွားရေးစနစ်တွင် အစိုးရက ပါဝင်ဆောင်ရွက်နိုင်သည့်လုပ်ငန်းနှင့် အစိုးရက ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများရှိကြောင်း၊ ယင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် သမဝါယမ စနစ်သည် သင့်လျော်သည့် စနစ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်သမဝါယမအသင်းများဖွဲ့စည်း၍ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို မျိုး၊ မြေ၊ ရေ၊ နည်းလေးချက်နှင့်အညီ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပြီး ထိုမှတစ်ဆင့်စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ဆောင်ရွက်သွားစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေ ဖြင့် အရင်းအနှီး၊ နည်းပညာနှင့် အခြားလိုအပ်သည်များကို ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

အလားတူ ၇-၈-၂၀၂၄ ရက်နေ့က ကျင်းပပြုလုပ်သော သီးနှံတိုးချဲ့ စိုက်ပျိုးရေး၊ ဝါအထွက်နှုန်း တိုးတက်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော် ဝန်ကြီးချုပ်က တင်ပြချက်များအတိုင်း စိုက်ပျိုးနိုင်ရေးအတွက် အရင်းအနှီးနှင့် စုပေါင်းပြီး ဆောင်ရွက်သည့်စနစ်များလိုအပ်ကြောင်း၊ သမဝါယမစနစ်ဖြင့်ဆောင်ရွက်ခြင်းသည် အသင့်လျော်ဆုံးဖြစ်ကြောင်း၊ အစုအဖွဲ့များဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အတူတကွ စုပေါင်းထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခူးဆွတ်ခြင်း၊ ရောင်းချခြင်းတို့ကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သမဝါယမစနစ်ဖြင့် စိုက်ပျိုးပြီး ဆီထွက်သီးနှံများမှ ထွက်ရှိလာသည့်ဆီများကို ဒေသတွင်းအပြင် အခြား ပြင်ပတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း ရောင်းချပေးနိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး သမဝါယမအသင်းအဖွဲ့များ အချင်းချင်းချိတ်ဆက်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ ဒေသန္တရမွေးမြူရေးကို စနစ်တကျဖြင့် မွေးမြူနိုင်အောင် ဦးစားပေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆိုပါ မွေးမြူရေးလုပ်ငန်းများကို သမဝါယမစနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ခြင်းကြောင့် ဘိုးသက်ရှည် လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့ကြီးအနေဖြင့် အနာဂတ်တွင် ပြည်သူ များအတွက် များစွာအလုပ်အကျွေးပြုနေဦးမည်ဟု ဆိုပါရစေ။

သမဝါယမဦးစီးဌာနအနေဖြင့် စပါး၊ ဆီထွက်သီးနှံ၊ ဝါသီးနှံစိုက်ပျိုးခြင်းနှင့် နွားမွေးမြူရေး လုပ်ကိုင်သူတို့ကို သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် တိုးချဲ့စိုက်ပျိုးမွေးမြူနိုင်ရေးအတွက် ပြည်ထောင်စုဘတ်ဂျက်၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရဘတ်ဂျက်နှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ရရှိသော အကူအညီအထောက်အပံ့တို့ကို ရရှိနိုင်ရေး ဘတ်ဂျက်လျာထား ခွင့်ပြုမိန့် တောင်းခံဆောင်ရွက်ပြီး သမဝါယမအသင်းများအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထူထောင်ပေးသွားနိုင်ရေးနှင့် စပါးသီးနှံ၊ ဆီထွက်သီးနှံ၊ ဝါသီးနှံတို့အတွက် တစ်ဧကလျှင် ကျပ် နှစ်သိန်းနှင့်ညီမျှသည့် မျိုးနှင့် သွင်းအားစုပစ္စည်းများရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ဒေသနွား၊ နို့စားနွားမွေးမြူသူများအား မွေးမြူသည့် အကောင်ရေပေါ်မူတည်၍ ဒေသပေါက်ဈေးနှုန်းအလိုက် ပံ့ပိုး ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိနေခြင်းကြောင့် ဘိုးသက်ရှည်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကြီးအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေပေဦး တော့မည် ဖြစ်ပေသည်။

၃၁-၁၀-၂၀၂၄ ရက်နေ့ရှိ သမဝါယမဦးစီးဌာန ရုံးချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခု၊ မြို့နယ် ၃၀၇ မြို့နယ်တို့တွင် အရာထမ်း ၆၉၂ ဦး၊ အမှုထမ်း ၄၀၂၂ ဦး စုစုပေါင်း သမဝါယမ ဦးစီးဌာနဝန်ထမ်း ၄၇၁၄ ဦး၊ အသင်းဝန်ထမ်း ၈၀၃၃ ဦး၊ အချိန်ပြည့်၊ အချိန်ပိုင်း BOD ၁၂၁၇၆၀ တို့က သမဝါယမအသင်း သား ပြည်သူ ၄ ဒသမ ၁၉ သန်း တို့ ပါဝင်ဖွဲ့စည်းထား သော ဗဟိုသမဝါယမအသင်း တစ်သင်း၊ အသင်းစု ချုပ် ၂၂ သင်း၊ အသင်းစု ၄၄၈ သင်း၊အခြေခံသမဝါယမ အသင်း ၃၈၁၉၃ သင်း စုစုပေါင်း အသင်း ၃၈၆၆၄ သင်းတို့ဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာရေး ဆောင်ရွက်နေမှုများသည် နောင် နှစ်ပေါင်း ရာထောင်ကျော် တည်ရှိနေပေဦးမည်ဟု ယုံကြည်မိပါသည်။

သမဝါယမဦးစီးဌာနအနေဖြင့် လယ်ယာသားငါးထုတ်ကုန်များကို ဈေးကွက်သို့ ချိတ်ဆက် ပေးနိုင်ရေးနှင့် ပြည်သူများ၏ စားဝတ်နေရေး ပိုမိုပြည့်စုံမြင့်မားလာစေအောင် ဖော်ဆောင်နိုင်ရေး အတွက် သမဝါယမဦးစီးဌာနအနေဖြင့် အသင်းအဆင့်ဆင့်တို့နှင့်အတူတူ ဟန်ချက်ညီညီ ပူးတွဲ လုပ်ဆောင်ရင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၂၀) ပြည့် သမဝါယမဦးစီး ဌာန နှစ်ပတ်လည်နေ့မှသည် နောင်နှစ်ပေါင်းများစွာ ပြည်သူ့အကျိုးထမ်းသယ်ပိုးနေသည့် သက်တော် ရှည် လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့ကြီးအဖြစ် ရပ်တည် နေပေဦးတော့မည်ဟူ၍။ ။