အနီးအဝေးဖြစ်ရပ်များကနေ တွေးမိသည့်.. လွတ်လပ်ရေး အတွေးတစ်စ
မြင့်မြတ်
ကြွေတစ်လှည့် ကြက်တစ်ခုန်၊ သူတစ်ပြန်ကိုယ်တစ်ပြန်၊ မပြီးနိုင်မစီးနိုင်မဆုံးနိုင်တဲ့ အဆိုးအကျော့ သံသရာထဲ ထပ်မံနစ်ဆဲမြုပ်ဆဲ အရှေ့အလယ်ပိုင်း ဒေသကဆီးရီးယားပြည်သူတို့ရဲ့ဘဝ။
လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံနဲ့ နိုင်ငံကမတိုးတက်ပေမယ့် အထိုက်အလျောက်တော့ တည်ငြိမ်မှုရှိခဲ့တဲ့နိုင်ငံ၊ အိမ်နီးချင်း တူကီယဲနဲ့အစ္စရေး၊ အဝေးက အင်အားကြီးနိုင်ငံများရဲ့ စစ်ရေး၊ နိုင်ငံရေး ဖိအားတွေအောက်မှာ (Weak State) အားနည်းနိုင်ငံအခြေအနေကနေ (Fail State) ကျဆုံးနိုင်ငံအဖြစ်ကိုကျော်ပြီး ယခုတော့ (Collapse State) ပြိုလဲပျက်သုဉ်း တဲ့ဘဝ အလျင်အမြန်ရောက်သွားရပါပြီ။
အာဏာရှင်တိုက်ဖျက်ရေးခေါင်းစဉ် အောက်မှာ အာဆတ်ခေါင်းဆောင်တဲ့ ဆီးရီးယားခေတ်တစ်ခေတ်ကို HTS ဆိုတဲ့ အကြမ်းဖက်ညွန့်ပေါင်း လက်နက်ကိုင်အဖွဲ့တွေက အဆုံးသတ်ခဲ့တဲ့နေ့စွဲတွေ အတွင်းမှာ နိုင်ငံရေးရေချိန်နိမ့်လွန်းလှတဲ့ ဆီးရီးယားပြည်သူတွေဟာ အာဏာရှင်ပြုတ်ကျပြီဆိုပြီး အပျော်ကြီးပျော်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့အပျော်တွေက ရေပွက်ပမာ - ခဏတာဆိုသလို တာရှည်ခံပါ့မလား။
သုံးပိုင်းကွဲထွက်တော့မယ့် ဆီးရီးယား
ချက်ချင်းဆိုသလို အစ္စရေးကဝါးအစည်းပြေသလို ပြိုကွဲနေတဲ့ ဆီးရီးယားနေရာအနှံ့ အပြင်းအထန် ဗုံးကြဲပြီး ဆီးရီးယား - အစ္စရေးနယ်စပ်က ဆီးရီးယားပိုင် ဂိုလမ်တောင်ကုန်းကို အပြီးသိမ်းပိုက်လိုက်တယ်။ ယခုအချိန်မှာ အစ္စရေးမြေပြင်တပ်တွေဟာ ဆီးရီးယားအတွင်းပိုင်းအထိ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ပြီး ဆီးရီးယားမြေတွေကို ဖဲ့ယူနေပါပြီ။ ဆီးရီးယားသမ္မတ အာဆတ်ကို ဖြုတ်ချခဲ့တဲ့ဟာရက်တီရာ အယ်လ်ရှန် HTS အဖွဲ့က တူကီယဲရဲ့ထောက်ခံပံ့ပိုးမှုနဲ့အတူ ဆီးရီးယားကို သိမ်းပိုက်ခဲ့တာပါ။ ဒါ့အပြင် ဆီးရီးယားမှာ အမေရိကန်ကထောက်ခံတဲ့ ဆီးရီးယားကာ့ဒ်တွေနဲ့ အာဆတ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့များစွာလည်း ရှိပါသေးတယ်။
ဒါ့အပြင် နိုင်ငံအတွင်းမှာ ရုရှားရေတပ်စစ်အခြေစိုက်စခန်းလည်း ရှိနေတယ်။ ဒါကြောင့် ဆီးရီးယားမှာ အာဆတ်ကို ဖြုတ်ချခဲ့တဲ့တူကီယဲ Proxy တစ်ဖြစ်လဲ HTS အဖွဲ့ရယ်၊ ဆီးရီးယားအခက်မှာ အမြတ်ထွက်သွားတဲ့ အစ္စရေးရယ်၊ US ကြားခံ Proxy လက်နက်ကိုင်အဖွဲ့တွေရယ် သုံးပွင့်ဆိုင်သုံးပိုင်းအကွဲတွေကြား မှာ ထပ်ဆင့်ပဋိပက္ခများ မလွဲမသွေ ဖြစ်လာပြီး နိုင်ငံပြိုကွဲတော့မယ့် အရိပ် အယောင်တွေကို စတင်တွေ့မြင်နေရပါပြီ။ ပြည်ပပယောဂအမျိုးမျိုးနဲ့ အပြိုင်တိုက်ခိုက်နေကြတဲ့ စစ်နယ်ရှင်တွေ ကြောင့် နောက်တစ်ကျော့ဖြစ်လာမယ့် ဆီးရီးယားနယ်မြေလုစစ်ပွဲ။ စစ်ပွဲတွေရဲ့အစဟာ ယခုမှ ပေါက်ကွဲထွက်တော့မှာ ဖြစ်ပါတယ်။ HTS နဲ့တကွ နိုင်ငံတကာစွက်ဖက်မှုအမျိုးမျိုးကြောင့် ဆီးရီးယား ပြည်သူတွေအနေနဲ့ ကြုံတွေ့ရမယ့် အနိဋ္ဌာရုံကံကြမ္မာဆိုးတွေကို ယခုအချိန်မှာ စတင်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
စစ်ကိုခေါ်ခဲ့သူတွေကြောင့်
တင်ပြချင်တဲ့အချက်က ဆီးရီးယားနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ ဆီးရီးယားပြည်သူတို့ရဲ့ လွတ်လပ်ရေးက အမှန်တကယ် ကျဆုံးသွားခဲ့ရပါပြီ။ နိုင်ငံများစွာရဲ့ ခြယ်လှယ်မှုအောက်မှာ အချုပ် အခြာနယ်နိမိတ်ဆုံးရှုံးနေတဲ့ နိုင်ငံတစ်နိုင်ငံဟာ ကိုလိုနီလက်အောက်ခံဘဝနဲ့ လွတ်လပ်ရေးဆုံးရှုံးသွားသလို ခံစားရပါတယ်။ ဆီးရီးယားအဖြစ်က နိုင်ငံတစ်နိုင်ငံတည်းရဲ့ အသိမ်းပိုက်ခံ ဘဝမျိုးမဟုတ် အနည်းဆုံးနိုင်ငံသုံးနိုင်ငံ လက်အောက်ကျရောက်သွားခြင်းမျိုးပါ။
ဆီးရီးယားပြည်သူတို့အတွက် အလွန်နာကြည်းကြေကွဲဖွယ်ဖြစ်ရပ်ပါပဲ။ ယခုလို ဆီးရီးယားနိုင်ငံ အချုပ်အခြာဆုံးရှုံးရခြင်းဖြစ်စဉ်မှာ ဆီးရီးယားခေါင်းဆောင်နဲ့ အစိုးရအဖွဲ့မှာတာဝန်ရှိသလို ဆီးရီးယား ပြည်သူတွေရဲ့အပြစ်လည်း မကင်းပါဘူး။ ဆီးရီးယားပြည်သူတွေဟာ အတိတ်က ချမ်းသာကြွယ်ဝခဲ့တဲ့ အီရတ်၊ လစ်ဗျား စတဲ့နိုင်ငံတွေမှာလို ဆက်ဒမ်ဟူစိန်၊ ကဒါဖီတို့လို ခေါင်းဆောင်တွေကို အာဏာ ရှင်ခေါင်းစဉ်တပ်ပြီး အမေရိကန်နယ်ချဲ့ အလိုကျဖြုတ်ချခဲ့ကြတဲ့ အီရတ်၊ လစ်ဗျား ပြည်သူတွေကို အားကျခဲ့ပုံရပါတယ်။ တကယ်တော့ HTS နဲ့ ဆီးရီးယားပြည်သူ တွေဟာ စစ်ကိုခေါ်ခဲ့မိကြပါပြီ။
စစ်ကိုခေါ်တော့ စစ်ကလာနေပါပြီ။ ကိုယ့်နိုင်ငံ ကိုယ်ပြန်ဖျက်သူတွေအဖြစ် သမိုင်းတရားခံတွေဖြစ်ခဲ့ရပြီ။ HTS ပေါ်လာမှ မြို့တွေ၊ ရွာတွေ ထပ်မံပျက်စီးရတယ်ဆိုရင် ဒါဘယ်သူ့အပြစ်မှမဟုတ်ပါဘူး။ စစ်ကိုခေါ်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ သူတို့ကို လက်ကမ်းကြိုဆိုခဲ့ကြတဲ့ နိုင်ငံရေးရေချိန်နိမ့် ပြည်သူတွေရဲ့အပြစ်ပါပဲ။
ဆီးရီးယားကို သိမ်းပိုက်ခဲ့တဲ့ HTS အဖွဲ့ဆိုတာ ယခင်အယ်လ်ကိုင်ဒါ အစ္စလာမ်အစွန်းရောက်အကြမ်းဖက် အဖွဲ့က သက်ဆင်းလာတဲ့ အယ်လ်နျူ ဆာရာတပ်ဦးရဲ့ အမွေခံအဖွဲ့တစ်ခု ဖြစ်ပါတယ်။ HTS ခေါင်းဆောင် အယ်ဂျူလာနီဟာ တစ်ချိန်က ISIS အဖွဲ့ဝင်ဖြစ်ခဲ့ဖူးတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်တိုင်က အကြမ်းဖက်တွေအဖြစ် သတ်မှတ်ထားတဲ့ အစွန်းရောက် လက်နက်ကိုင်တွေဖြစ်ပါတယ်။
သူတို့ဟာ ဆီးရီးယားအနောက် မြောက်ပိုင်းက အီလစ်ဘ်မြို့ကို ၂၀၁၇ ခုနှစ်ကတည်းက သိမ်းပိုက်ခဲ့ခြင်း ဖြစ်တယ်။ ထိုအချိန်ထိုကာလကတည်းက ယခုပြုတ်ကျသွားတဲ့ သမ္မတအာဆတ်ဟာ အီလစ်ဘ်ကို ဘာကြောင့်ပြန်လည် မသိမ်းပိုက်ခဲ့တာလဲ။ ခေါင်းဆောင် တစ်ယောက်ရဲ့အမြော်အမြင်နည်းမှု၊ သုံးသပ်နိုင်မှု အားနည်းချက်တွေဟာ ဆီးရီးယားအခုလိုဖြစ်ရခြင်းအခြေအနေတွေကို လွှမ်းမိုးခဲ့လေသလား။ ဒါကြောင့်လည်း အီလစ်ဘ်မှာ HTS ရဲ့အုပ်ချုပ်မှုပုံစံ ကို ဘီဘီစီတို့လို အနောက်မီဒီယာတွေက အမွှမ်းတင်အကောင်းမြင်ဝါဒဖြန့်ခွင့် ရခဲ့ကြခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ HTS တို့မသိတာက တူကီယဲနဲ့အစ္စရေးတို့ရဲ့ လွှမ်းမိုးမှုအောက်မှာ တစ်နိုင်ငံလုံးကို အပြည့်အဝအုပ်ချုပ်ခွင့်မှ ရပါ့မလား၊ လက်နက်နဲ့နယ်မြေတွေကို တိုက်ခိုက် သိမ်းပိုက်နိုင်တာထက် သိမ်းပြီးနယ်မြေတွေမှာ တည်ငြိမ်အေးချမ်းအောင် ဘယ်လောက်ထိန်းရခက်မလဲ၊ သိမ်းတာထက် ထိန်းဖို့ခက်တဲ့အနေအထားကို HTS ရော ပြည်သူတွေပါ အချိန်တန်မှ နားလည်လာမယ်လို့ ယူဆပါတယ်။
စိတ်ဓာတ်နှင့်ရုပ်ပစ္စည်းဆိုင်ရာ အဓိကအင်အားနှစ်ရပ်
ဆီးရီးယားပြည်သူတွေ မျှော်လင့်တဲ့နိုင်ငံသစ်ဆိုတာ အစ္စရေး၊ တူကီယဲနဲ့အမေရိကန် ကိုလိုနီလက်အောက်ခံဘဝ ရောက်ရတာကလွဲပြီး အပြည့်အဝ လွတ်လပ်မှုမျိုးရနိုင်ဖွယ်ရာမရှိပါဘူး။ ဆီးရီးယားပြည်သူတွေမျှော်လင့်ခဲ့သလို အာဆတ်အစိုးရ ပြုတ်ကျသွားပေမယ့် သူတို့ပိုင်မြေပုံ၊ သူတို့နေတဲ့မြို့တွေ ရွာတွေ၊ နိုင်ငံနယ်နိမိတ်တွေ တဖြည်းဖြည်း ပဲ့ပါနေတာကိုတော့ လောလောဆယ် မြင်နိုင်ဦးမယ်မထင်ဘူး။ လက်ရှိဆီးရီးယားမြေပုံကို တူကီယဲ၊ အစ္စရေးနဲ့ အမေရိကန်တို့က သုံးပိုင်းခွဲဝေယူနေကြပါပြီ။
အခုလို နိုင်ငံတစ်နိုင်ငံရဲ့မြေပုံနဲ့ အချုပ်အခြာနယ်နိမိတ် အပိုင်းပိုင်းခွဲခြား ခံလိုက်ရခြင်းဟာ အားနည်းပြီး နဂိုကတည်းက တိုက်လိုခိုက်လိုစိတ်နည်းတဲ့ ဆီရီးယားတပ်မတော်နဲ့လည်း ဆိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ အဓိကအင်အားကစိတ်ပိုင်း၊ ရုပ်ပိုင်းအင်အားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ်ဆီကပဲလာပါတယ်။ စစ်တပ်အင်အားဆိုတာ Hard Power ဖြစ်တယ်၊၊ ဒါကြောင့် အင်အားခိုင်မာ တောင့်တင်းတဲ့တပ်မတော်ကို အဓိကထားပြီး ပြိုကွဲပျက်စီးအောင် ဘက်ပေါင်း စုံကနေပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်နေတာဖြစ်တယ်။
စစ်ပွဲတွေ၊ ပဋိပက္ခတွေ မဖြစ်အောင် တတ်နိုင်သမျှ စိတ်ရှည်သည်းခံပြီး စေ့စပ်ညှိနှိုင်းနိုင်စွမ်းက Soft Power ဖြစ်တယ်။ နှစ်ခုစလုံးအရေးကြီးပါတယ်။ ဒီနည်းလမ်းနှစ်ခုကို ဟန်ချက်ညီညီနဲ့ နိုင်ငံကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သူသာလျှင် တကယ့်ပညာဉာဏ် အမြော်အမြင်နဲ့ ပြည့်စုံသူဖြစ်ပါတယ်။ အကြမ်းမဖက်တဲ့ နည်းနဲ့သာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကို တည်ဆောက်နိုင်တာဖြစ်တဲ့အတွက် အနာဂတ်တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုရင် ဒီလိုလူသားအရင်းအမြစ်များစွာပေါ်ထွက်လာဖို့လိုပါလိမ့်မယ်။
ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးရမယ့်ကဏ္ဍက ပညာရေးဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံကို အလုံးစုံပျက်စီးအောင် ကြိုးစားနေတဲ့ အဖျက်သမားတွေဟာ ဆင်ခြင်တုံတရားရှိမယ့် ပညာတတ် ပညာရှင်တွေ ပေါ်ထွက်မလာအောင်နဲ့ လူငယ်တွေလူညွန့်တုံးသွားအောင်နဲ့ အကြမ်းဖက် သမားတွေဖြစ်လာအောင် ပညာရေးကဏ္ဍကို ဦးတည်ဖျက်ဆီးနေခြင်း ဖြစ်ပါတယ်။ အမျိုးသားရေးစရိုက် တွေ သေးသိမ်ညှိုးနွမ်းအောင်လုပ်ပြီး အမျိုးသားရေးတည်ဆောက်မှု (Nation Building) မဖြစ်အောင် ဦးနှိမ်တိုက်ခိုက် နေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဟန်ချက်ညီညီ တိုးတက်ရမယ့်တပ်မတော်နဲ့ ပညာရည်ပြည့်ဝတဲ့ အမျိုးသားရေး အင်အားနှစ်ရပ်မရှိဘဲ နိုင်ငံရဲ့အချုပ်အခြာနဲ့ လွတ်လပ်ရေးဟာ ဘယ်လိုမှ တည်တံ့ခိုင်မြဲမှာမဟုတ်ကြောင်း မြဲမြံစွာ ခံယူထားရမှာဖြစ်ပါတယ်။
မိမိမှာအင်အားရှိနေဖို့သာအရေးကြီး
ကျွန်တော်တို့ပြည်သူတွေက မြန်မာနိုင်ငံတော်ကြီးရဲ့ ယခုလိုလွတ်လပ်ရေးနေ့အခါသမယမှာ ဆီးရီးယားအရေး အပါအဝင် ကမ္ဘာ့အနီးအဝေးဖြစ်ရပ်များ ဆီကနေသင်ခန်းစာများများ ထုတ်ယူနိုင်ဖို့လိုပါတယ်။ မှန်မှန်ကန်ကန်သုံးသပ် ဆင်ခြင်နိုင်ဖို့လိုပါတယ်။ အမှန်မြင်မှလည်း အမြင်မှန်ရမှာဖြစ်ပါတယ်။ ဆီးရီးယားက HTS နဲ့ ပြည်သူအချို့ ပြည်ပအားကိုးပြီး အာဏာရယူနိုင်ခဲ့ပေမယ့် သူတစ်ပါးအားကိုး မှီခိုနေရတဲ့နိုင်ငံဟာ ဘယ်တော့မှ ကြာရှည်ခံမှာမဟုတ်တဲ့ အကြောင်း၊ ကိုယ့်အတွက်အသုံးမဝင်တော့ရင် ရေနစ်သူဝါးကူထိုးပမာကူရာမဲ့ ဘဝရောက်ရမယ့်အကြောင်း ယနေ့ဆီးရီးယား အဖြစ်အပျက်တွေ၊ လတ်တလော ယူကရိန်းအဖြစ်အပျက်တွေကနေ သင်ခန်းစာယူနိုင်ပါတယ်။
အားလုံးသိတဲ့အတိုင်း ကမ္ဘာကြီးရဲ့ ကျန်းမာရေးအခြေအနေက အားမကောင်းလှပါဘူး။ အမျိုးသားအကျိုးစီးပွား အခြေခံတဲ့ လူမျိုးရေး၊ ဘာသာရေးစစ်ပွဲတွေ၊ တဖြည်းဖြည်း မျက်စောင်းထိုးလာ နေတဲ့ တတိယကမ္ဘာစစ်ကြီး၊ ကျဆင်း နေတဲ့ကမ္ဘာ့စီးပွားရေး၊ ကိုဗစ်ကပ်လို ပြန်ပေါ်လာနိုင်တဲ့ ရောဂါကပ်ကြီးတွေက ကမ္ဘာ့လူသားတွေကို ခြိမ်းခြောက်နေပါ ပြီ။ ဘယ်လိုအခြေအနေဖြစ်ပါစေ၊ မိမိ ပြည်တွင်းမိမိအားကသာ အင်အားအစစ်အမှန်ဖြစ်ပါတယ်။ ဒါပေမဲ့ မိမိအင်အားက ခိုင်မာတောင့်တင်းပြီး ဖွံ့ဖြိုး တိုးတက်နေဖို့တော့လိုပါတယ်။ အင်အားတောင့်တင်းဖို့မှာ တင်ပြခဲ့သလို ပညာဉာဏ်ဆင်ခြင်တုံတရားနဲ့ အမြော်အမြင်ကြီးဖို့က အဓိကဖြစ်ပါတယ်။ ထိုအင်အားတွေ ပြည့်ဝဖို့ကလည်း များများလေ့လာ၊ များများနာယူ၊ များများ မေးခွန်းထုတ် အစဉ်လေ့ကျင့်နေကြ ဖို့သာဖြစ်ပါတယ်။
အထူးသဖြင့် ယနေ့လူငယ်တွေအတွက် ဖြစ်ပါတယ်၊၊ အတိတ်က ခေါင်းဆောင်တွေ၊ လူကြီးတွေက ယနေ့ ပစ္စုပ္ပန်ကာလမှာရှိနေတဲ့ ကျွန်တော်တို့လို မျိုးဆက်တွေအတွက် နိုင်ငံအချုပ် အခြာ တည်တံ့ခိုင်မြဲအောင် မျှော်မှန်းချက်ထား အားထည့်ကြိုးစားခဲ့ကြတယ်။ ဒါကြောင့်ငါတို့လည်း ယနေ့အချိန်၊ ယနေ့ အခြေအနေမျိုးမှာ နောင်အနာဂတ် မျိုးဆက်သစ်တွေအတွက် တတ်နိုင်သမျှ အားထည့်ကြိုးပမ်း လုပ်ဆောင်ကြရမယ်၊ တာဝန်ကျေပွန်ကြရမယ်၊ တာဝန်ရှိတယ်လို့ ခံယူထားရမယ်။ ကမ္ဘာကြီးအနီးအဝေးဘာတွေဖြစ်နေလဲ။ သတိဝီရိယထား ပညာနဲ့အမှန်မြင်ပါ၊ သူများအပြစ်၊ ကိုယ့်အပြစ်မြင်အောင်လည်းကြည့်ကြပါ၊ ဉာဏ်မီသမျှပြင်ဆင်ထားပါ၊ စိတ်ရောရုပ်ပါအားမွေးပါ၊ ညီညွတ်အောင်လုပ် ညီညွတ်မှအားရှိမှာ၊ စည်းလုံးမှခိုင်မာမှာ.......။ ။