လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက် ပိုကောင်းမွန်သော အနာဂတ်ကိုတည်ဆောက်
မောင်ငြိမ်းအေး
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးသည်မှာ နှစ်ပေါင်း ၇၇ နှစ် ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံနှင့် မရှေးမနှောင်းကာလများ၌ လွတ်လပ်ရေးရရှိခဲ့ကြသော နိုင်ငံများသည် လွတ်လပ်ရေး၏အသီးအပွင့်ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှု၊ တန်းတူညီမျှအခွင့်အရေးများကို ရရှိခံစားနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ထိုမျှကြာရှည် လာသောကာလအတွင်း နိုင်ငံသားများအားလုံး လွတ်လပ်ရေး၏အသီးအပွင့်များကို ထိုက်တန်စွာခံစားရရှိသင့်သော်လည်း အကြောင်းအမျိုးမျိုးဖြင့် အပြည့်အဝ မရရှိသေးသည်မှာ ဝမ်းနည်းစရာဖြစ်သည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနောက်ကျခြင်း၊ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ်သို့ မတက်လှမ်းနိုင်သေးခြင်းအကြောင်းမှာ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်ဓာတ်ခံယူချက်များနှင့် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခများ ယနေ့ထက်တိုင်အောင် မချုပ်ငြိမ်းသေးခြင်းသည် အရေးကြီးသောအကြောင်း အချက်ဖြစ်သည်။ မငြိမ်းချမ်းသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို မတည်ဆောက်နိုင်၊ မတည်ဆောက်နိုင်သောကြောင့် မငြိမ်းချမ်း၊ တည်ဆောက်သော်လည်း ပဋိပက္ခများကြောင့် ပြန်လည်ပျက်စီးခြင်းဟူသည့် အဆိုးသံသရာတွင်လည်နေသည်ကို တွေ့မြင်နိုင်သည်။
လွတ်လပ်ရေးဆုံးရှုံး
နိုင်ငံတော်က ဦးထိပ်ပန်ဆင်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် ရရှိပြီးသော လွတ်လပ်ရေးခိုင်မြဲရေးအတွက် အသက်သွေးဖြစ်သည်။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ထာဝစဉ်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရမည့်အရေးကို အစိုးရနှင့်တပ်မတော်က အဓိကတာဝန် ထမ်းဆောင်နေသလို နိုင်ငံသားအားလုံးကလည်း ပါဝင်ဆောင်ရွက်ကြဖို့တာဝန်ရှိသည်။ မျက်မှောက်ကာလ ဖြစ်ပေါ်နေသောပဋိပက္ခများသည် ဒို့တာဝန်အရေးသုံးပါးကို ခြိမ်းခြောက်နေသော အန္တရာယ်များဖြစ်သည်။ အကယ်၍ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်ပါက တိုင်းပြည်လွတ်လပ်ရေးဆုံးရှုံးသလို ဖြစ်သွားနိုင်သည်။
ယခုအခါ ပြည်ထောင်စုကြီးပြိုကွဲအောင်၊ စည်းလုံးညီညွတ်မှုပျက်ပြားအောင် ပြည်ပမှသွေးထိုးလှုံ့ဆော် မြှောက်ပင့်အားပေးမှုဖြင့် အကွက်ချစီစဉ် ဖျက်ဆီးနေကြသည်ကို တွေ့မြင်နိုင်သည်။ အကျိုးဆက်မှာ ပြည်တွင်း၌ တိုင်းရင်းသားလူမျိုးအချင်းချင်း ရန်စစ်ခင်းသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခမျိုးစုံရောက်ကြရသည့်အပြင် ပြည်သူများနေထိုင်ရာဒေသများလည်း ပျက်စီးဆုံးရှုံးပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးသွားသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အခါ လွတ်လပ်ရေး၏ အသီးအပွင့်များကို တန်းတူညီမျှခံစားရရှိရေးအတွက် အမျိုးသားခေါင်းဆောင်ကြီးများက မျှော်မှန်းဆောင်ရွက်ခဲ့သော်လည်း လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးဆက်ကြောင့်ဝေးခဲ့ရသည်မှာ စိတ်မကောင်းစရာဖြစ်သည်။
ထိုးနှက်တိုက်ခိုက်
လက်ရှိတွင် အကြမ်းဖက်သောင်းကျန်းသူများက တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင် တိုက်ခိုက်ဖျက်ဆီးနေကြသည်။ ပြည်တွင်းပြည်ပမှ အဖျက်သမားများက သောင်းကျန်းသူများနှင့် အတိုင်အဖောက်ညီစွာဆိုရှယ်မီဒီယာကို လက်နက်သဖွယ်အသုံးပြုပြီး အစိုးရနှင့် ပြည်သူ၊ ပြည်သူနှင့်တပ်မတော်၊ ပြည်သူနှင့်ပြည်သူ သွေးကွဲအောင်၊ စည်းလုံးညီညွတ်မှုပျက်ပြားအောင် တိုက်ခိုက်နေသည်ကိုတွေ့ရမည်။ အထူးသဖြင့် နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြ သည့် တပ်မတော်သားအချင်းချင်း စိတ်ဝမ်းကွဲအောင် သတင်းတု၊ သတင်းမှားများဖြင့် ထိုးနှက်တိုက်ခိုက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
တပ်မတော်ပြိုကွဲလျှင် တိုင်းပြည်ပြိုကွဲမည်ဖြစ်၍ တပ်မတော်ဖြိုခွဲရေးကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် စိတ်ဓာတ်စစ်ဆင်ရေး သတင်းတု၊ သတင်းမှားများကို နားမယောင်မိဖို့လိုသည်။ သွေးထိုးလှုံ့ဆော်မှုများသည် တပ်မတော်အပေါ်၌သာမက တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကိုပါ ထိခိုက်စေပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ သတင်းတု၊ သတင်းမှားများကြောင့် ယုံကြည်ချက်၊ ခံယူချက်များ ယိမ်းယိုင်မသွားစေရန်၊ စည်းလုံးညီညွတ်မှု ခိုင်မာအားကောင်းစေရန် အစဉ်အမြဲနိုးကြားနေရ မည်ဖြစ်သည်။ ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် ပြည်ဖျက်မီဒီယာများ၏ ဆိုးရွားသည့်လုပ်ရပ်များကို အသိ၊ သတိနှင့်ဆင်ခြင်ပြီး စစ်မှန်သည့် စည်းလုံးညီညွတ်မှုကို တည်ဆောက်သွားရန် လိုအပ်မည်ဖြစ်သည်။
အဖျက်အန္တရာယ်များ
ယနေ့အချိန်အခါတွင် နိုင်ငံရေး၊ စီးပွားရေးအင်အားကြီးအုပ်စုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများအား ဝင်ရောက်စိုးမိုး စွက်ဖက်ခြယ်လှယ်နိုင်ရန်အတွက် ပြည်ဖျက်မီဒီယာများနှင့် အမျိုးသားသစ္စာဖောက်များကို မွေးမြူထောက်ပံ့အားပေးပြီး ဖျက်ဆီးနေကြသည်။ အဆိုးရွားဆုံးမှာ ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးများ မတည်မငြိမ်ဖြစ်အောင်၊ ပဋိပက္ခများကြီးထွားလာအောင် ဆူပူအုံကြွပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး ပြုလုပ်နေသည်။ အင်အားကြီးနိုင်ငံကြီးအချို့ ဝင်ရောက် စွက်ဖက်မှုကြောင့် လတ်တလောပြိုကွဲပျက်စီးခဲ့သည့် နိုင်ငံအချို့ကို သင်ခန်းစာယူနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်ပမှစွက်ဖက် နှောင့်ယှက်မှုများနှင့် ပြည်တွင်းအဖျက်အန္တရာယ်များ ကြုံတွေ့နေရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် “ယနေ့အချိန်အခါတွင် ပြည်တွင်းမှ ပြည်ဖျက်သစ္စာဖောက်များနှင့် အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားအတွက် မိမိတို့တိုင်းရင်းသားများကို ဆင်းရဲဒုက္ခရောက်စေပြီး မိမိတို့နေထိုင်ရာဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်များကို ဖျက်ဆီးနေမည့်အစား မိမိတို့ရှင်သန်ကြီးပြင်းခဲ့ရာဒေသနှင့် နိုင်ငံတော်၏အကျိုးအတွက် အားလုံးကအရှည်ကို မြော်တွေးကြရန် အရေးကြီးသည့်အချိန်ဖြစ်ပါသည်။ မိမိတို့ အချင်းချင်း သွေးကွဲနေကြမည်ဆိုလျှင် နိုင်ငံတော်၏ စွမ်းအားများ လျော့နည်းပြီး သူတစ်ပါးအလိုကျ လိုက်ပါဆောင်ရွက်ကြရသောလူမျိုးများအဖြစ် သမိုင်းမှတ်တမ်းကျန်ရစ်မည်ကို သတိချပ်ကြရန် တိုက်တွန်းမှာကြား လိုပါသည်” ဆိုသောသတင်းစကားသည် ကျွန်ုပ်တို့အားလုံး စွဲမြဲစွာ မှတ်သားဆောင်ရွက်သင့်သည့်အချက်ဖြစ်သည်ဟု ရှုမြင်ပါသည်။
သူတစ်ပါးကြိုးဆွဲရာ
သူတစ်ပါးအလိုကျ လိုက်ပါဆောင်ရွက်ရသောနိုင်ငံနှင့် လူမျိုးတို့၏ဖြစ်စဉ်ကို ဆန်းစစ်ကြည့်မည်ဆိုလျှင် နိုင်ငံလွတ်လပ်ပင် လွတ်လပ် သော်ငြားလည်း၊ နိုင်ငံဖွံ့ဖြိုးပင် ဖွံ့ဖြိုးသော်ငြားလည်း အနှောင်အဖွဲ့မကင်းသည့် နိုင်ငံနှင့်လူမျိုး၏ဖြစ်အင်သို့ ရောက်ရှိနေသည်ဖြစ်၍ ထိုနိုင်ငံ၏အားထုတ်ကြိုးပမ်းခဲ့သော လွတ်လပ်ရေးသည် သွယ်ဝိုက်သောနည်းလမ်းဖြင့် ပြန်လည်ဆုံးရှုံးနေသည်ဟု ဆိုနိုင်သည်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၏ ယဉ်ကျေးမှုဓလေ့စရိုက်နှင့်ကိုက်ညီသည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်များဆုံးရှုံးပြီး သူတစ်ပါးနိုင်ငံ၏ နိုင်ငံရေးစနစ်၊ ဓလေ့စရိုက်၊ ယဉ်ကျေးမှု၊ အစဉ်အလာ စသည်တို့လွှမ်းမိုးကာ လက်ဝေခံနိုင်ငံအဖြစ်၊ သူတစ်ပါးကြိုးဆွဲရာအတိုင်း လုပ်ကိုင်ရသည့်နိုင်ငံအဖြစ် ရပ်တည်နေရသည့်နိုင်ငံများကို တွေ့မြင်နိုင်သည်။
မျက်မှောက်ကာလတွင် အင်အားကြီးနိုင်ငံများ၏ အုပ်စုလိုက် လွှမ်းမိုးခံရသောနိုင်ငံငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့်စိန်ခေါ်မှုများနှင့် ပဋိပက္ခများကို မြင်တွေ့ကြရမည်ဖြစ်သည်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး လွတ်လပ်ရှင်သန်ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများ၏တင့်တယ်ခံ့ညားစွာ ရပ်တည်နေနိုင်မှုများကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ အဓိကမှာ မိမိနိုင်ငံ၏ အခြေအနေသဘာဝများနှင့် လိုက်လျောညီထွေရှိပြီး မိမိတို့၏အကျိုးစီးပွားကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သောနိုင်ငံဖြစ်သည်။ တပ်မတော်သည် တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပြီး ခေတ်အဆက်ဆက်တွင် ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို ရှင်းလင်းနိုင်ခဲ့သလို မျက်မှောက်ကာလတွင်လည်း နိုင်ငံတော်၌ ကြုံတွေ့လာနိုင်သည့် ဘေးအန္တရာယ်များကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ လူထု စည်းလုံးညီညွတ်မှုအင်အားများနှင့် ရင်ဆိုင်ဖြတ်ကျော်နိုင်စွမ်းရှိသည်။
စီးပွားရေးတွင်ထိန်းချုပ်
အနှောင့်အယှက်အဖျက်အဆီး အခက်အခဲများကြားမှ နိုင်ငံတော်၏ နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများသည် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးအတွက် ကျရာတာဝန်များကို ထမ်းဆောင်နေကြသည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးစွမ်းအားများ ကောင်းမွန်ရန်လိုအပ်သည်။ နိုင်ငံရေးအား ကောင်းမွန်လျှင် နိုင်ငံတည်ငြိမ်အေးချမ်းမည်၊ စီးပွားရေးအားကောင်းမွန်လျှင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ၏ကာကွယ်ရေးအားလည်း တိုးတက်ကောင်းမွန်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် ဩဇာလွှမ်းမိုးနိုင်အောင်နှင့် နိုင်ငံတိုးတက်ရေးတွင် အဓိကကျသည့် စီးပွားရေးကဏ္ဍများတွင်ထိန်းချုပ်နိုင်အောင် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ဖွံ့ဖြိုးအောင်ဆောင်ရွက်
ပြည်တွင်း၌ ပဋိပက္ခမျိုးစုံ၊ အကျပ်အတည်းမျိုးစုံဖန်တီးပြီး စီးပွား ရေး ထိခိုက်အောင်၊ လိုသလိုခြယ်လှယ်နိုင်အောင် ဖန်တီးနေကြသည်။ ယင်းအခြေအနေတွင် နိုင်ငံငယ်များအနေဖြင့် နိုင်ငံအတွင်းမှာရှိသည့် သယံဇာတနှင့်အရင်းအမြစ်များ၏ စွမ်းအားများကိုအသုံးချပြီး ရင်ဆိုင်ကျော်လွှားနိုင်အောင် ကြိုးပမ်းကြရန်လိုအပ်သည်။ ကိုယ်ပိုင်အရင်းအမြစ်များ နည်းပါးလာသည်နှင့်အမျှ စီးပွားရေးထိခိုက်ပြီး အခြားကဏ္ဍမျိုးစုံ တို့တွင်ပါ အားနည်းလာမည်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးသည် အရေးပါသည့်အချက်ဟု ရှုမြင်နိုင်သည်။ နိုင်ငံတော်၏သယံဇာတများနှင့် အခြေခံကောင်းများကိုအသုံးချပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့သာလိုသည်။
ယနေ့ကာလတွင် ကမ္ဘာပေါ်ရှိနိုင်ငံအချို့၌လည်း နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ကြုံတွေ့နေရသည်။ နိုင်ငံရေးမတည်ငြိမ်မှု၏ အဆုံးသတ်တွင် စီးပွားရေးအကျပ်အတည်းဖြစ်စေမှုကို ဦးတည်လေ့ရှိသည်။ ယင်းကို ပြည်ပနယ်ချဲ့ လက်သစ်နိုင်ငံများက ကြိုတင်စီမံပြီး ၎င်းတို့အကျိုးစီးပွားကို ဖန်တီးနေကြသည်။ ထို့ကြောင့် ပြည်ပအမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးနိုင်သည့် လူသားအရင်းအမြစ်များ ပိုင်ဆိုင်နိုင်အောင်ကြိုးစားမှသာ မိမိနိုင်ငံ၏ ကိုယ်ပိုင်သယံဇာတများနှင့် ဝင့်ဝင့်ထည်ထည် ရပ်တည်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်နှင့် သယံဇာတများပေါများကြွယ်ဝသည့် နိုင်ငံဖြစ်ရာ အဆိုပါအရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်ပါက လျင်မြန်သော စီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်သည့် အလားအလာကောင်းများ များစွာရှိသည်။
အာရှတွင်အဓိက
ပြည်ထောင်စုကြီး၏ နယ်မြေဒေသအသီးသီးတွင် သဘာဝတွင်းထွက်သယံဇာတပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာများ ရှေးယခင်ကာလများမှ ယနေ့အချိန်တိုင်အောင် ရှိနေဆဲဖြစ်သည်။ ကျောက်မျက်ရတနာကဲ့သို့ ထင်ရှားသည့်ရတနာသိုက်များ ကမ္ဘာ့မြေပုံပေါ်တွင် မှတ်တမ်းရှိသည်။ သဘာဝဓာတ်ငွေ့သိုက် ကုဗပေ ၁၈ ထရီလီယံ နှင့်ယှဉ်တွဲလျက် ရေနံသိုက်စည်ပေါင်း ၃ ဒသမ ၂ ဘီလီယံရှိပြီး အာရှ၏ စွမ်းအင်ပိုင်ဆိုင်သောနိုင်ငံဖြစ်သည်။ အများစုမှာ ကမ်းလွန်ပင်လယ် ပြင်တွင် တွေ့နိုင်သော်လည်း ကုန်းတွင်းပိုင်းတွင်လည်း ရေနံထွက်ရှိသည်။ စုစုပေါင်းနိုင်ငံ့ဝင်ငွေ၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကို ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ကြီးကြီးမားမား ဖြည့်ဆည်းပေးနိုင်သည်။ ကမ္ဘာပေါ်တွင် သတ္တမမြောက် ဆန်အများဆုံးထွက်ရှိသောနိုင်ငံဖြစ်သဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် အာရှတွင် အဓိကအခန်းကဏ္ဍမှရပ်တည်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ပေါများကြွယ်ဝသော သဘာဝသယံဇာတ အရင်းအမြစ်များနှင့် အလုပ်လုပ်နိုင်သော လူသားအရင်းအမြစ်များ လုံလောက်စွာရှိသည့်အပြင် ထူးခြားသော ပထဝီဝင်စီးပွားရေးတည်နေရာအရ အာရှနိုင်ငံကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့်အိန္ဒိယ နိုင်ငံတို့အကြား ပေါင်းကူးတံတားဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး အရှိန်အဟုန်ကောင်းနေစဉ်တွင် အိန္ဒိယနိုင်ငံနှင့်လည်း အထူးခိုင်မာသောဆက်ဆံရေးကို တည်ဆောက်သွားရန် ဆုံးဖြတ်ထားသည်။ ယဉ်ကျေးမှုအစဉ်အလာကြီးမားသော မြန်မာနိုင်ငံ သည် အလားတူ ယဉ်ကျေးမှုအစဉ်အလာထွန်းကားသော အိန္ဒိယ၊ တရုတ်၊ ရုရှားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်း၊ ပြည်ပဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။
ဒေသတွင်းသာယာဝပြော
၂၀၂၅ ခုနှစ်တွင် နိုင်ငံအတွင်း အကြမ်းဖက်သောင်းကျန်းမှုများ ရှိနေလင့်ကစား နိုင်ငံအသွင်ကူးပြောင်းရေး ဒီမိုကရေစီအရပ်ဘက်အုပ်ချုပ်ရေးကို လမ်းခင်းပေးသည့်အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်ရန် ဆောင်ရွက်နေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပြည်တွင်းနှင့် နိုင်ငံတကာ၏ စောင့်ကြည့်အကဲခတ်မှုအောက်၌ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများကျင်းပရန်ရည်ရွယ်ထားသည်ဟု နိုင်ငံတကာသို့ အတိအလင်းပြောကြားထားပြီးဖြစ်သည်။ ရွေးကောက်ပွဲများကျင်းပခြင်းဖြင့် နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုမှုအသစ်ကို ရရှိကာ တိုင်းပြည်အရှိန်အဟုန်ဖြင့် တိုးတက်မှုကိုရစေမည့် မောင်းနှင်အားဖြစ်လာနိုင်သည်။ ထို့အပြင် အောင်မြင်သောအသွင်ကူးပြောင်းရေး မှတစ်ဆင့် အာရှတစ်လွှား ဒေသတွင်းသာယာဝပြောမှုကို ဖြစ်ပေါ်လာ စေနိုင်သည်။
သို့ဆိုပါလျှင် ကမ္ဘာပေါ်တွင် နိုင်ငံရေး၊ စီးပွားရေးဖိအားများ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများရှိနေလင့်ကစား မြန်မာနိုင်ငံတွင် ပဋိပက္ခများ၊ နှောင့်ယှက်တိုက်ခိုက်မှုများရှိလင့်ကစား မြန်မာနိုင်ငံတွင် ပေါများကြွယ်ဝသည့် သဘာဝသယံဇာတအရင်းအမြစ်များနှင့် လူသားအရင်းအမြစ်များကို ထိရောက်စွာအသုံးချပြီး အဓိကကျသည့် စီးပွားရေးမောင်းနှင်အားကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပေါများကြွယ်ဝသော သယံဇာတများ၊ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးအခြေအနေများ အရပြည်တွင်း၊ ပြည်ပမှ မိစ္ဆာဘီလူးများက မက်မောနေသည်မှာ အဆန်းတော့မဟုတ်ပေ။ ထို့ကြောင့် စီးပွားရေးမောင်းနှင်အား ပိုမိုတိုးတက်ကောင်းမွန်လာအောင်ဆောင်ရွက်ပြီး ကာကွယ်ရေးစွမ်းအားကိုမြှင့်တင်ကာ ဒို့တာဝန်အရေးသုံးပါး ဖျက်ဆီးနေသူများကို တပ်မတော်နှင့် ပြည်သူလက်တွဲပြီး အပြီးတိုင်ချေမှုန်းရှင်းလင်းကြရမည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုလျှင် နိုင်ငံတော်၏စီးပွားရေး တိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ပြီး အန္တိမရည်မှန်းချက်အဖြစ်သတ်မှတ်ထားသည့် နိုင်ငံရေးစွမ်းအား ကောင်းမွန်လာစေရန်အတွက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးပြီး ဒီမိုကရေစီနိုင်ငံရေး အခင်းအကျင်းအသစ်ကို ပုံပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံကို ကမ္ဘာက တန်ဖိုးထားဆက်ဆံလာသည့်၊ လွတ်လပ်ရေးနှင့်ထိုက်တန်သည့် နိုင်ငံတော်သစ်ပေါ်ထွန်းလာမည်ဖြစ်ရာ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြပြီး ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော်သစ်ကို စည်းလုံးညီညွတ်မှုစွမ်းပကားဖြင့် ကြိုးပမ်းတည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။ ။