Skip to main content

လွတ်လပ်ရေးရပြီး ၇၇ နှစ် ခရီး ….

ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)

လွတ်လပ်ရေးရပြီ…

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လုံးဝလွတ်လပ်သည့်နိုင်ငံဖြစ်လာသည်။ ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်မှစ၍ ယနေ့တိုင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် မြန်မာတို့ကိုယ်တိုင်စီမံခန့်ခွဲနိုင်ပြီ၊ ကိုယ်စီကိုယ်ငဖွံ့ဖြိုးတိုးတက်ရေးအဖုံဖုံကို ဆောင်ရွက်နိုင်ပြီဖြစ်သည်။ လွတ်လပ်ရေးပြန်လည်ရရှိအောင်၊ ခွန်နှင့်အားနှင့် ကြိုးပမ်းဆောင်ကြဉ်းပေးခဲ့သော အဘိုးအဘွားများ၊ အသက်သွေးချွေးပေးခဲ့ကြသူများကို အောက်မေ့ကြ၊ ကျေးဇူးတရားကို သိကြ။ သူတို့က သာယာဝပြောမှုကိုရှေ့တန်းမတင်၊ အနစ်နာခံ၊ အားထုတ်ခဲ့သူများဖြစ်သည်။ သူတို့ ထားခဲ့သည့် အမွေအနှစ်အသီးအပွင့်ဖြစ်သော လွတ်လပ်ရေးကို ကျွန်တော်တို့ခံစားရတာ ၇၇ နှစ် မြောက် လွတ်လပ်ရေးနေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။

“တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ ဒို့ပြည် ဒို့မြေများလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် ဒို့ပြည်ဒို့မြေပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေထိန်းသိမ်းစို့လေ”

လွတ်လပ်ရေးသည် အလွန်တရာနူးညံ့သော သဘောဖြစ်သည်။ လွတ်လပ်ရေးကို အရယူရန် ကြိုးစားကြစဉ်က စည်ပင်သာယာအေးချမ်းစွာနှင့် သာတူညီမျှစနစ်အရ နေထိုင်နိုင်ရန်ကြိုးစားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးရေးစွဲ၊ ဘာသာရေးစွဲများဟု ဆိုရမလိုပါဘဲ၊ လွတ်လပ်ရေးရပြီး နှစ်လ၊ သုံးလအတွင်းမှာ လက်နက်ကိုင်ပဋိပက္ခများ စတင်ခဲ့သည်။ မြန်မာတို့ ကံကြမ္မာဆိုးခဲ့သည်။ နိုင်ငံရေးတည်ငြိမ်မှုကင်းမဲ့လာခဲ့သည်။ ပြည်သူများ မြေစာပင်ကဲ့သို့ဖြစ်ခဲ့ရသည်။

၇၇ နှစ်တာခရီး

မြန်မာနိုင်ငံ မတိုးတက်သည်ကို ရှည်ရှည်ဝေးဝေးပြောနေစရာလိုမည်မထင်၊ လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံကိုတည်ဆောက်သူက တည်ဆောက်၊ ဖျက်ဆီးသူက ဖျက်ဆီးခဲ့ကြရာ နှစ်ဆယ်ရာစုနှောင်းပိုင်း ၇၇ နှစ်ခရီးတောက်လျှောက်ပါပဲ။ သမိုင်းအထောက်အထားများအရ ပြည်ပလွှမ်းမိုးမှုနိုင်ငံရေးအစွန်းရောက် လက်ဝဲလက်ယာ ဝါဒီများ၊ တရားသေလူမျိုးရေး အစွန်းရောက်ဝါဒီများနှင့် တောမီးလောင်တောကြောင် လက်ခမောင်းခတ်မသမာသူများ၏ ကိုယ်ကျိုးရှာမှုများကြောင့်ဟု သုံးသပ်ကြပါသည်။ ယုံကြည်ချက်၊ ခံယူချက်၊ အယူဝါဒများကွဲပြား၊ လက်နက်စွဲကိုင်၊ ထင်ရာလုပ်နိုင်ခြင်းဆိုသော မှားယွင်းသည့်အယူဖြင့် တိုင်းပြည်ကိုဖျက်ဆီးရန် သူတို့ဝန်မလေးခဲ့ကြ။ လက်နက် ကယ်စုံအလင်နှင့် ခက်ဖွယ်ရယ်ကြုံခဲ့သည့်နိုင်ငံဖြစ်ခဲ့ပါသည်။

လူထုအုံကြွမှု

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနှင့် ၂၀၂၁ ခုနှစ် ဖြစ်စဉ်ကြီးနှစ်ခုသည် ခေတ်ကာလအခြေအနေအရ သဘောသဘာဝ မတူငြားသော်လည်း နောက်ကွယ်မှရည်ရွယ်ချက်က အတူတူဖြစ်သည်ကို သတိမူရမည်။ လွတ်လပ်သောနိုင်ငံအား အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးနေသော ဒုက္ခသည်နိုင်ငံအဖြစ် မလိုလား၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လူတန်းစားအလွှာအသီးသီး၏ ကောင်းကျိုးအဖုံဖုံကိုရှေးရှုကာ ကိုယ်စိတ်နှစ်ပါး အေးချမ်းသောဘဝကို လိုလားကြသည်သာ ဖြစ်သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး လိုလားကြသည်သာဖြစ်သည်။

မြန်မာနိုင်ငံတွင် စည်းလုံးရေးပျက်ပြားမှု၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လက်နက်ကိုင်အကြမ်းဖက်မှုများက လွတ်လပ်ရေးရပြီးကတည်း ကနေ ယခုတိုင်ဖြစ်ပေါ်လျက်ရှိရာ အလွန်ပင်ထူးဆန်း၍ စဉ်းစားစရာကြီးဖြစ်နေသည်။ အိမ်နီးနားချင်းထိုင်းနိုင်ငံ၌ နိုင်ငံရေးမတည်ငြိမ်မှုများ ရှိခဲ့သော်လည်း စီးပွားမပျက်၊ ပညာရေးမပျက်၊ အလုပ်မပျက်။ တည်ငြိမ်အေးချမ်းသွားသည်သာ များသည်ကို နိုင်ငံတကာသတင်းမီဒီယာများမှ သိမြင်ရပါသည်။

သမိုင်းကို ပြန်ဆန့်ကြည့်လျှင် ပုဂံခေတ်တွင် မြန်မာ၊ ကုန်းဘောင်ခေတ်တွင် ဗမာ၊ ဗြိတိသျှခေတ်တွင် ဘားမား၊ ဂျပန်ခေတ်တွင် ဘီရုမာမည်သို့ပင်ခေါ်ခေါ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တို့သည် မျိုးနွယ်စုကြီးများအဖြစ် ရှေးနှစ်ပရိစ္ဆေဒ များစွာကတည်းက အေးအတူပူအမျှ အတူတကွဒီမိုးဒီရေဒီမြေတွင် နေလာခဲ့သည့် သမိုင်းကြောင်း သံယောဇဉ်က ကြီးမားခဲ့ပါသည်။ အရှေ့၊ အနောက် နိုင်ငံရေးအယူဝါဒများကို အလွန်အမင်းမတွယ်တာ လေနှင့်၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများက ဟောင်းနွမ်းနေပြီ ခေတ်မမီတော့ဟူ၍လည်း ယုံမှားသံသယမရှိလေနှင့်၊ ကိုယ့်စာပေကိုယ့်တေးဂီတများ သုခုမအနုပညာများက ‘မတိုး’ တော့ပြီဟူ၍လည်း မထင်လေနှင့်၊ အတိတ်က ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းခဲ့သည့် ဘဝကိုလည်းလွမ်းနေရုံနှင့် မပြီးသည်ကို သိကြရပေမည်။ အဋ္ဌာရသတစ်ဆယ့် ရှစ်ရပ်ဖြင့် လုံလောက်ပြီဟုလည်း မတွက်လေနှင့်၊ ဒီမိုကရေစီဆိုတိုင်း ရောဂါမှန်သမျှ ကုသနိုင်သည့် ဆေးကျမ်းဟု မဆိုနိုင်ပေ။

အနာဂတ်မြန်မာနိုင်ငံ

မြန်မာတို့၏ဘဝနှင့် မြန်မာတို့၏ မဝေးလှသောသမိုင်း၊ လူ့ဘောင်သမိုင်း၏ ပြောင်းလဲမှု ဘဝကံကြမ္မာကို ဖန်တီးရာ၌ ပဓာနအားဖြင့် ဆောင်ကြဉ်းသူတို့မှာ အသိဉာဏ်ရှိသောလူသားကသာ အဆုံးအဖြတ်ပေးသည်ကို တွေ့ရှိရသည်။ ပညာဆိုသည် ရှေ့တွင်ရှိမည့် ကောင်းကျိုးဆိုးကျိုး ကိုမြင်နိုင်သည်။ ထွင်းဖောက်မြင်နိုင်သည်။ ဘုရားရှင်လက်ထက်က ရှင်ဒေဝဒတ်၊ တိတ္ထိဆရာကြီး ခြောက်ယောက်တို့သည် ပညာကိုတစ်ဖက်ကမ်းခပ်တတ်ကြသော်လည်း အယူဝါဒလွဲမှားပြီး ဘုရားကြီး၊ ဘုရားငယ်ပြုလုပ်ကာ တပည့်များအား ဗာလလူမိုက်လမ်းမှားသို့ပို့သည်ကို ကြည့်နိုင်သည်။ ၂၁ ရာစု လူငယ်တို့ နမူနာယူကြရလိမ့်မည်။ အနာဂတ်မျိုးဆက်သစ်များကို အဝိဇ္ဇာ အမှောင်ထုလောင်းရိပ်အောက်တွင် မမွန်းကျပ်စေလို။ ရွှေဥမင်ဆရာတော်ဘုရားကြီးက “မှားတာကို မကြောက်၊ မှားမှန်းမသိတာကို ကြောက်၏”ဟု မြွက်ကြားပါသည်။ အလွန်လိုက်နာမှတ်သားစရာ ကောင်းလှပါသည်။ ကောင်းမွေ၊ ဆိုးမွေများထဲမှ မည်သည့်ကောင်းမွေများကို ခွဲခြားယူကြမလဲဆို သည်ကို သူတို့ဆုံးဖြတ်ကြရလိမ့်မည်။

“ဗုဒ္ဓ၏ အခြေခံကျလှသော တရားအရ မုန်းတီးမှုနှင့် အကြမ်းဖက်မှုကို ရှောင်ရှားဖို့ စိတ်ကူးနိုင်မှ၊ စဉ်းစားနိုင်မှ ပြဿနာ၏အဖြေဆီသို့ နီးကပ်စွာရောက်သွားနိုင်ပါလိမ့်မည်။

- အမုန်းတရားကို မေတ္တာနှင့်၊

- ကြမ်းတမ်းခက်ထန်မှုကို ငြိမ်းချမ်းရေးနှင့်၊

- ထိပ်တိုက်ရင်ဆိုင်မှုကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုများနှင့် အစားထိုးကြရပါလိမ့်မည်”

ဟု အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဟောင်း ဂျဝါဟာလ်နေရူး (Jawaharlal Nehru) က ဗုဒ္ဓ တရားတော်ကို အခြေပြုပြီး အကြံပြုချက်သည် လွန်စွာမှကောင်းလှပါသည်။ အများသောလူထုသည် ထင်ရာလုပ်နိုင်ခြင်း၊ စည်းမဲ့ကမ်းမဲ့ ပြုလုပ်နိုင်ခြင်းကို လွတ်လပ်ခြင်းဟူ၍ ထင်မှားနေလေသည်။

သံသရာတစ်ကွေ့ တွေ့ကြသူများ

မည်သည့်အစိုးရမဆို ခြောက်ပြစ်ကင်း သဲလဲစင်မဟုတ်ဘူးဆိုသည်ကို ကမ္ဘာ့သမိုင်းအား ကြည့်လျှင် တွေ့မြင်ရပါလိမ့်မည်။ နှစ်ဆယ်ရာစုမြန်မာ့သမိုင်းတွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် ခါးသီးမုန်းတီးစရာ၊ စည်းလုံးမှုပျက်ပြားစရာဖြစ်သော သမိုင်းအထုပ်ကိုမဖြေကြဘဲ ဥမကွဲသိုက်မပျက်မည့် ဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသားအားလုံးက သံယောဇဉ်ကြိုးများဖြင့် ရှေးရှုတည်ထောင်နိုင်ရန် နိုင်ငံ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များက ဦးဆောင်နေသည်ကို တွေ့မြင်နေရသဖြင့် ဝမ်းသာပီတိဖြစ်ရပါသည်။

သဟဇာတ၊ သမာသမတ်ဖေးမကူညီရိုင်းပင်းသည့် ဖက်ဒရယ်ကို တည်ဆောက်ရာတွင် ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင်မှုများ ရှောင်ရလိမ့်မည်။ နှလုံးသားနှင့် ဉာဏ်အမြော်အမြင်ကို အခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုကို ကျင့်သုံးရလိမ့်မည်။ နိုင်ငံကစည်းလုံးညီညွတ်မှု (unity) ရှိရပါမည်။ စည်းလုံးညီညွတ်မှု မရှိဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲပါသည်။

သံသရာတစ်ကွေ့တွင် ကျွန်တော်တို့တစ်တွေ ယခုလိုဆုံတွေ့ရသည့်ဘဝ အေးအတူပူအမျှ ငြိမ်းငြိမ်းချမ်းချမ်းနေလိုသည့်ဆန္ဒ၊ အမျိုးသားအကျိုးစီးပွားရှေးရှုသည့်ဝိသေသ၊ နိုင်ငံတကာ အလယ်တွင် ထည်ထည်ဝါဝါနှင့် နေနိုင်သည့် အခြေ အနေကို ချစ်မြတ်နိုးကြရပါမည်။

- ကမ္ဘာ့လူသားတစ်ယောက်အဖြစ် ကျွန်တော် တို့က ဤကမ္ဘာမြေတွင် အသက်ရှင်ခွင့်ရှိသလောက် နေခဲ့ကြပြီ။ ရေစက်ဆုံကာ တစ်ခုတည်းသော မိုးကောင်းကင်ကိုကြည့်၊ တူညီသောလေကိုရှူခဲ့ပြီ။ ရေကြည်ကိုသောက်ခဲ့ကြပြီ။ မြေမှပေါက်သည့် သီးနှံတို့ကိုလည်းစား၊ ဝေငှလှူဒါန်းမှုများလည်း ပြုခဲ့ကြပြီ။

- တည်ငြိမ်ခံ့ညားမြင့်မား‌သည့် တောင်တန်းကြီးများနှင့် ဤတောင်တန်းများကြားမှ တသွင်သွင်စီးဆင်းနေသည့် ဧရာဝတီ၊ သံလွင်၊ စစ်တောင်းမြစ်တို့ကို အကြောင်းပြုပြီး တိုင်းရင်းသားအပေါင်း စုပေါင်းနေထိုင်ခဲ့ကြပြီ။

- မြန်မာတိုင်းရင်းသားတို့၏ ကောင်းကျိုးအတွက် မြော်မြင်တွေးခေါ် ကြံစည်စိတ်ကူးကြမှ အသိဉာဏ်နှင့်ယှဉ်ပြီး အနာဂတ်ခရီးကို သတိရှိရှိ ဖြင့် လျှောက်လှမ်းကြမှ၊ ကုသိုလ်စိတ်နှင့် တန်ဖိုးထားနေထိုင်ခဲ့ကြမှ နေခဲ့သမျှ၊ နေရနိုင်မည့်ကာလအတွက် ကျေးဇူးတရားသိရာ၊ ဆပ်ရာကျလိမ့်မည်။

ဉာဏ်နှင့်ယှဉ် သတိကြီးစွာရှုမြင်

ယနေ့ကမ္ဘာတစ်လွှားတွင် အကြမ်းဖက်မှု၊ လူထုအုံကြွမှု၊ ဒေါသအမျက်ခြောင်းခြောင်းထွက် နေမှုများသည် ထိန်းရခက်၊ ကျယ်ပြန့်၊ ပြင်းလဲပြင်းထန်ပါသည်။ တိုင်းပြည်စည်းလုံးမှု လျော့နည်းသည့်အခါ၊ တိုင်းပြည်တွင် အားနည်းချက်များ၊ မတည်ငြိမ်မှုများ ပေါ်လာသည့်အခါတိုင်းတွင် အဖျက်လုပ်ရပ်များ ပေါ်ပေါက်လာစမြဲပါ။ ယနေ့တိုင် ပြည်သူများသည် အကြမ်းဖက်ခြင်း၊ တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ခံရခြင်း၊ အပြစ်မဲ့ပြည်သူများ သေကျေပျက်စီးခြင်းနှင့် လူငယ်များအတွေးအခေါ် အယူအဆအမှားများဖြင့် လမ်းမှားသို့ ရောက်မှန်းမသိရောက်ရှိခြင်း စသည့်အနာဂတ်ထိခိုက်စရာများအထိ ဖြစ်ပေါ်လျက်ရှိသည်။ တင်းမာမှုနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်မှုများက ပို၍ဆိုးဖွယ်ရာပင် ဖြစ်လိမ့်မည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်

နိုင်ငံတော်၏ နိုင်ငံရေးဦးတည်ချက်တစ်ခုဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ပညာတတ်များ ပေါကြွယ်ဝရေးဖြစ်ပါသည်။

သမိုင်းတစ်လျှောက် သာဓကအထောက်အထားကောင်းများ ရှိခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဂျာမနီသည် Federal Republic of Germany (FRG), German Democratic Republic (GDR) ဆိုပြီး နိုင်ငံရေးအတွေးအခေါ်နှင့် စူပါပါဝါ နိုင်ငံကြီးများ၏ လွှမ်းမိုးမှုကြောင့် နှစ်ခြမ်းကွဲသွားခဲ့ပါသည်။ နှစ်ပေါင်း ၄၅ နှစ်ကျော်ကြာမှ နှစ်ခြမ်း ကွဲဂျာမနီက ပြန်လည်ပူးပေါင်းနိုင်ခဲ့ကြခြင်းသည် နမူနာကောင်းဖြစ်ပါသည်။ ဤသို့ ပြန်လည်ဆုံတွေ့ ပူးပေါင်းရာတွင် ခက်ခဲမှုများကို ခက်ခဲသည်ဟု မမြင်ဘဲအခက်အခဲများကို ကျော်လွှားခဲ့ပါသည်။ နှစ်ခြမ်းကွဲခဲ့သည့် ဗီယက်နမ်၊ ဂျာမနီနိုင်ငံတို့သည် နိုင်ငံရေးအင်အားစုများ၊ ကာကွယ်ရေးအင်အားစု များကောင်းမွန်၍၊ ကွဲပြားခြားနားသည့် နိုင်ငံရေးသဘောတရားအပေါ် သဘောထားကြီးနိုင်သော အမျိုးသားရေးအမြော်အမြင်၊ ဂျာမန်ဆိုသည့် အမျိုးသားရေးစိတ်ဓာတ်များက ပေါင်းစည်းပေးလိုက်သည်ဟု ပြောရမည်ဖြစ်ပါသည်။ ဥရောပတိုက်တစ်တိုက်လုံးသည် စစ်ပွဲကြီးနှစ်ခုကြောင့် ရင်နာစရာ၊ အခဲမကျေစရာများက မြန်မာနိုင်ငံထက်ထုနှင့် ထည်နှင့် ကြီးမားသောအစိုင်အခဲ ဖြစ်မည်ဟု ခန့်မှန်း၍ရပါသည်။

အမေရိကန်ပြည်ထောင်စု (United States of America) က ဖက်ဒရယ်ပြည်ထောင်စုပင် ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ညီညွတ်စုစည်းဖွဲ့စည်းထားသော နိုင်ငံပင်ဖြစ်ပါ သည်။ စုစည်းညီညွတ်ခြင်းကြောင့် အမေရိကန်သည် လည်းကောင်း၊ ဥရောပသမဂ္ဂ (European Union) သည်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည်လည်းကောင်း၊ ဂျာမနီနိုင်ငံသည်လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည်လည်းကောင်း ကမ္ဘာတွင် အင်အားကြီး၊ အရာရာဖွံ့ဖြိုးတိုးတက်မှုမြင့်မားနေကြောင်း တွေ့ရှိရပါသည်။

နိဂုံးချုပ်ရလျှင်ဖြင့်-

လွတ်လပ်ရေးနေ့ ဤရက်တွင် အဓိကဖြစ်သော မေးခွန်းနှစ်ခုကို မေးသင့်ကြသည်။

- “ကျွန်တော်တို့သည် လွတ်လပ်ခြင်း၏ အဓိပ္ပာယ်ကို မှန်ကန်စွာသိရှိပါသလား…

- ကျွန်တော်တို့သည် လွတ်လပ်ခြင်း၏အဓိပ္ပာယ်ကို မှန်ကန်စွာသိရှိသည့်အတိုင်း၊ လွတ်လပ်သော လူမျိုး၏ ဝတ္တရားကို ကျေပွန်စွာဆောင်ရွက်နေပါသလား” ထင်ရာလုပ်နိုင်ခြင်း စည်းမဲ့ကမ်းမဲ့ပြုလုပ် နိုင်ခြင်းကို လွတ်လပ်ခြင်းဟူ၍ ထင်မှားနေပါသလော…

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၇၇ နှစ်ခရီးမှာ နိုင်ငံရေးအပြောင်းအလဲရှိတိုင်း လက်နက်ကယ်စုံအလင်နှင့် ခက်ဖွယ်ရယ်ကြုံခဲ့သည့် နိုင်ငံဖြစ်ခဲ့သည်။

အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သော ၂၀ ရာစု မြန်မာနိုင်ငံသည် အသစ်ပေါ်ထွန်းလာမည့် ၂၁ ရာစု မြန်မာနိုင်ငံအဖြစ် ဆက်လက်ထိန်းသိမ်းရာဝယ်လွတ်လပ်ရေးအမွေအနှစ် ကောင်းမွေများကို ယူတတ်ရန်နှင့် မကောင်းသည်ကို ပယ်တတ်သော အရည်အချင်းနှင့် ဉာဏ်အမြော်အမြင်များ ရှိကြရပါလိမ့်မည်။ စိတ်ခေါ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ မြန်မာတိုင်းရင်းသားအပေါင်းတို့၏ နှလုံးရည်၊ လက်ရုံးရည် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သမာဓိ၊ သတိများဖြင့် ရှေ့သို့ချီမည်ပန်းတိုင်ဆီသို့ လျှောက်လှမ်းကြရမည်ဖြစ်ပါကြောင်း မေတ္တာဖြင့် ရေးသားအပ်ပါသည်။ ။

ကျမ်းကိုး -

- ဗမာ့တော်လှန်ရေးသမိုင်း၊ ဗိုလ်မှူးဘသောင်း (မောင်သုတ) မတ်လ ၁၉၉၁ ခုနှစ်၊ ပြန်ကြားရေးဝန်ကြီးဌာန

- မကြန်သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ မြရတနာ စာပေ၊ စာစဉ် (၁) ၂၀၀၂ ခုနှစ်

- Myanmar: Facts and Figures; Ministry of Information, Myanmar, March, 2000

- “၂၀ ရာစု မြန်မာနိုင်ငံ” အမျိုးသားလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုဌာန၊ ပညာရေးဝန်ကြီးဌာန၊ ၂၀၀၂ ခုနှစ် တက္ကသိုလ်များ ပုံနှိပ်တိုက်

- မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမိုးသက်လေပြင်းများနှင့် အခြားဆောင်းပါးများ၊ စာအုပ်အမှတ်စဉ် (၄၂/၂၀၂၂) ပြန်ကြားရေးဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ၊ ပထမအကြိမ်

- Newsweek March, 1998

- Time 4 September, 2001

- Readers’ Digest, October, 2001