Skip to main content

သတိထားကာကွယ်စောင့်‌ရှောက်ရမည့် အချုပ်အခြာနှင့် လွတ်လပ်မှုကို ထိခိုက်စေသည့် အကြောင်းတရားများ

 

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုဂုဏ်ပြုဆောင်းပါး

လွတ်လပ်မှုဟူသည် တစ်ပါးသူတစ်ဦးထံမှ အမှီအခိုကင်းမှု၊ အခြားနိုင်ငံတစ်ခု၏ လွှမ်းမိုးခံရခြင်း မရှိမှုတစ်ခုပင်ဖြစ်သည်။ ယနေ့ခေတ် လူငယ်တို့အနေဖြင့် တစ်ပါးကျွန် လက်အောက်၊ ကျွန်သပေါက်ဖြစ်ခဲ့ရသည့် ယခင်ခေတ် အခါက မြန်မာပြည်သူများလောက် ဆိုးရွားသော ခံစားရမှုမျိုး၊ နာကြည်းခံပြင်း မှုမျိုးရှိနိုင်မည် မထင်သော်လည်း ငါတို့ဘိုးဘွားတွေ တစ်ပါးသူ လက်အောက်ခံဘဝဖြင့် ဒီလိုဖြစ်ခဲ့သည်၊ ဒီလိုခံစားခဲ့ကြရသည် ဆိုသည်ကိုတော့ နားလည်ပေး၊ စာနာပေးနိုင်ဖို့တော့ ကြိုးစားကြရပါလိမ့်မည်။

လွတ်လပ်မှုနှင့် အချုပ်အခြာဟူသည်

ယနေ့ကမ္ဘာ့နိုင်ငံရေး အခြေအနေအချို့ကို လေ့လာလျှင် အချို့နိုင်ငံများသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်နိုင်ငံဖြစ်ဖို့ အတော်ရုန်းကန် ကြိုးစားနေကြရသည်ကို တွေ့မြင်နိုင်သည်။ နိုင်ငံကြီးများ၏ အစောင့်အရှောက်ခံနေရပြီး အကာအကွယ်ပေးထားခြင်းခံရသော နိုင်ငံများစွာကို တွေ့မြင်နိုင်သည်။ အများအားဖြင့် နိုင်ငံငယ်လေးများ ဖြစ်သည်။ နိုင်ငံငယ်များအနေ ဖြင့် နိုင်ငံကြီးများနှင့် သဘောတူညီချက်ရယူထားပြီးမှ ယင်းနိုင်ငံကြီးများ၏ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေးရာအောက်တွင် အစောင့် အရှောက်ခံနေရသော၊ မှီခိုနေရသော အခြေအနေ တွင် အချို့ရှိနေသည်။

သို့ဖြစ်၍ အချုပ်အခြာအာဏာဟု ဆိုသည်နှင့် အပြည့်အဝ အချုပ်အခြာအာဏာ ရရှိပိုင်ဆိုင်မှုမျိုး မဟုတ်ပါက မိမိ၏လွတ်လပ်ရေး တစ်ပိုင်းတစ်စဆုံးရှုံးနေသည့် သဘောသက်ရောက်နေ သည်နှင့် အတူတူပင်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ နိုင်ငံတစ်ခုသည် ပြည်ပနိုင်ငံတစ်ခု အပေါ်မှီခိုနေရပြီ၊ လွှမ်းမိုးခံနေရပြီဆိုလျှင်တော့ ပြည်ပအချုပ်အခြာအာဏာ သက်ရောက်မှုဆုံးရှုံးနေ သလို မိမိပြည်တွင်းတွင်လည်း အကြမ်းဖက်မှုများ၊ စစ်မက်ရေးရာများဖြင့် ဖိစီးမှုများကြောင့် အစိုးရ၏ ဩဇာအာဏာ သက်ရောက်မှု၊ တရားဥပဒေစိုးမိုးမှုသည် ဒေသအစိတ် အပိုင်း အချို့တွင် ကင်းမဲ့နေပြီဆိုလျှင် ပြည်တွင်းအချုပ်အခြာအာဏာ ဆုံးရှုံးမှုတစ်ခုဖြစ်ပေါ်နေပြီဟု ဆိုနိုင်ပါသည်။

မိမိနိုင်ငံ၊ မိမိအစိုးရ၊ တိကျသောနယ်နိမိတ် သတ်မှတ်မှုနှင့် လူဦးရေ၊ အခြားဘယ်နိုင်ငံနှင့်မဆို လွတ်လပ်စွာ ဆက်ဆံနိုင်သောအခြေအနေများ စသည့် အင်္ဂါရပ်များ ရှိနေခြင်းကသာ အပြည့်အဝလွတ်လပ်သော၊ အကြွင်းမဲ့ အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်နိုင်ငံဟု ဆိုထိုက်ပါသည်။ မိမိတို့တိုင်းရင်းသားပြည်သူများ အနေဖြင့် အခြားမည်သည့်နိုင်ငံကိုမှ မှီခိုမနေရဘဲ၊ လွှမ်းမိုးမခံရဘဲ၊ အစောင့်အရှောက်ခံအဖြစ် မခံယူရဘဲ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်သော၊ ကိုယ့်ခြေထောက် ကိုယ်ရပ်တည်နိုင်သော၊ လွတ်လပ်သောလူမျိုးများအဖြစ် ထာဝရရပ်တည် နိုင်အောင် သတိပြုကာ ဉာဏ်အမြော်အမြင်ဖြင့် အမြဲကြိုးစားအားထုတ်နေရမည်သာ ဖြစ်ပါသည်။

လွတ်လပ်ရေးဆုံးရှုံးနိုင်ခြေအင်္ဂါရပ်များ

နိုင်ငံတစ်နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပျက်ပြားခြင်း၊ စီးပွားရေးဆုတ်ယုတ်ကျဆင်းပြီး ဖွံ့ဖြိုး တိုးတက်မှုကျဆင်းခြင်း၊ အချင်းချင်းစည်းလုံးညီညွတ်မှု မရှိခြင်း၊ စည်းကမ်းပျက်ပြားခြင်း၊ တန်ဖိုးရှိသော ရှေးဟောင်း ယဉ်ကျေးမှု သမိုင်းအမွေအနှစ်များ၊ အသုံးအဆောင်ပစ္စည်း များဆုံးရှုံးခံရခြင်း၊ ဆင်ခြင်တုံတရားအမြော်အမြင်နှင့် ကြိုးစားအားထုတ်မှုမရှိခြင်း စသည့်အရာများ ကား လွတ်လပ်ရေးနှင့်ထိုက်တန်သောအခြေအနေများ ဆုံးရှုံးနေခြင်းပင် ဖြစ်ပါသည်။

မြန်မာပြည်သူများသည် အမှီအခိုကင်းကင်းဖြင့် လွတ်လွတ်လပ်လပ်နေထိုင်လိုကြသော လူမျိုးများဖြစ်သည်။ သို့သော် လူတစ်ယောက်၏ မွေးရာပါအခြေခံအခွင့်အရေးများ စသည့် အသက်ရှင်သန်ခွင့်၊ သက်ဝင်ရာကို ယုံကြည်ကိုးကွယ်ခွင့်၊ ယုံကြည်ရာကို ဖော်ထုတ်ပြောဆိုခွင့်၊ လူလူချင်း တန်းတူညီမျှရှိခွင့် စသည်တို့ကင်းမဲ့နေပြီဆိုလျှင် သို့မဟုတ် ဤကဲ့သို့အခွင့်အရေးများကို မဆုတ်ယုတ်အောင်၊ တိုးတက်အောင် ဆောင်ရွက်နိုင်သည့် ဉာဏ်အမြော်အမြင်များ ရှိမနေဘူး ဆိုလျှင် လူတစ်ဦးချင်း၏လွတ်လပ်ရေး ဆုံးရှုံးရခြင်းပင်ဖြစ်သည်ကို သတိပြုသင့်ပါသည်။

သို့သော် တစ်ဦးချင်းစီ၏ အခြေခံအခွင့်အရေးများ လွတ်လပ်ခွင့်ဆိုရာတွင် မတူကွဲပြားသော လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ နိုင်ငံအစုအဖွဲ့တစ်ခုအတွင်း အပြန်အလှန် နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ တန်ဖိုးထားမှုအင်္ဂါရပ် များနှင့်ဒွန်တွဲနေမှသာ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ တစ်နိုင်ငံချင်း ၏လွတ်လပ်ရေးသည်လည်း ထာဝရတည်မြဲနိုင်မည် ဖြစ်ပါသည်။

ညီညွတ်ရေးသည် အဓိက

အထက်ပါအင်္ဂါရပ်များနှင့်အတူ အဓိကအကျဆုံး အရာတစ်ခုမှာ စည်းလုံးညီညွတ်ရေးပင်ဖြစ်သည်။ သွေးစည်း ညီညွတ်မှုကြောင့် လွတ်လပ်ရေးကိုရယူနိုင်ခဲ့သလို ညီညွတ်မှု မရှိခြင်းဆိုသောအချက်က ကျန်အင်္ဂါရပ်များအပေါ် လွှမ်းမိုးသွားပြီး မိမိနိုင်ငံအပေါ် အခြားအင်အားကြီးနိုင်ငံများက နှိမ့်ချ ဆက်ဆံခံရမည့်အရေး၊ ဝင်ရောက်စွက်ဖက်ခံရမည့်ဘေး၊ မတရားစော်ကားခံရမည့် အန္တရာယ် များစွာနှင့် မလွဲမသွေ ကြုံတွေ့ရင်ဆိုင်ရနိုင်ပါကြောင်း အစဉ်နိုးကြားသတိရှိနေဖို့ လိုအပ်လှပါသည်။

နိုင်ငံတစ်နိုင်ငံယိုယွင်းပျက်စီးမှု အကြောင်းတရားများနှင့် လွတ်လပ်ရေးဆုံးရှုံးနိုင်ခြေ

ထို့အပြင် နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံသူ နိုင်ငံသားများစွာတွင် ရိုးသားဖြောင့်မတ်မှု၊ ကိုယ်ချင်းစာတရား များ ခေါင်းပါးမှု နှင့် ဗြဟ္မစိုရ်တရားများ ကင်းမဲ့မှုများ တိုးပွားလာပြီဆိုလျှင် တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာမှု အပိုင်းတွင်လည်း အားနည်းချက်များရှိလာမည်ဖြစ်ကာ ပြည်သူများအတွင်း တည်ငြိမ်မှုများ ပျက်ပြားလုံခြုံမှုကင်းမဲ့ပြီး ကြောက်ရွံ့ စိုးရိမ်မှုများလည်း ဒွန်တွဲဖြစ်ပေါ်လာ နိုင်သည်များကို မလွဲမသွေ တွေ့မြင်ရမည်ဖြစ်ပါသည်။

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် မဏ္ဍိုင်များအကြား ဟန်ချက်ညီမျှအောင် ထိန်းသိမ်းထားရမည့် အခြေအနေ တစ်ခု ယိမ်းယိုင်သွားလျှင်သော်လည်းကောင်း၊ ဒီမိုကရေစီ စံနှုန်းနှင့် ဒီမိုကရေစီ၏ ကောင်းမွန်သောသက်ရောက်မှုများ ယုတ်လျော့သွားလျှင်သော်လည်းကောင်း၊ ပြည်သူများ အတွက် ဝန်ဆောင်မှုများတွင် လုပ်ဆောင်ပေးနိုင်စွမ်းများ လျော့ပါးလာပြီဆိုလျှင်သော်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံ အနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်နှင့် နိုင်ငံတကာ အသိုက်အဝန်းတွင် ဝင်ဆံ့မှုမရှိတော့ဘူးဆိုလျှင်သော် လည်းကောင်း ဤအချက်များသည် နိုင်ငံတစ်နိုင်ငံအတွက် တွေ့ကြုံရင်ဆိုင်ရမည့် ယိုယွင်းပျက်ပြားမှုများပင် ဖြစ်ပါသည်။

ဤအခြေအနေတွင် နိုင်ငံသားများ၏ လွတ်လပ်ခွင့် များဆုံးရှုံးပြီး နိုင်ငံ၏အချုပ်အခြာအာဏာကိုပါ ထိခိုက်လာ နိုင်ပါသည်။ ထို့အပြင် နိုင်ငံတစ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်မည့် များစွာသော အခြားအခြေအနေများကိုလည်း ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါသည်။ နိုင်ငံအတွင်း စီးပွားရေးကျဆင်းမှုနှင့်အတူ ဆင်းရဲမှုများ များပြားလာပြီး ဆင်းရဲချမ်းသာ ကွာဟချက် မြင့်မားနေခြင်း၊ ပြည်တွင်း ပဋိပက္ခများနှင့်အတူ ရွှေ့ပြောင်းဒုက္ခသည်အရေအတွက်လည်း များပြားလာခြင်း၊ ဦးနှောက်ယိုစီးမှုများနှင့် ပြည်တွင်းတွင် နစ်နာမှု မကျေနပ်ချက်များ မြင့်မားနေခြင်း စသည့်အချက်များသည် နိုင်ငံတစ်နိုင်ငံ၏ ပျက်ယွင်းနိုင်မှုကို ဦးတည်နေခြင်း ဖြစ်သည်ဟု ဆိုရပါမည်။

သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းနိုင်မှုသည် လွတ်လပ်မှုပင်ဖြစ်သည်

နိုင်ငံ၏ အတိတ်သမိုင်း၊ တိုင်းရင်းသားလူမျိုးစုများ၏ သမိုင်းကြောင်းနှင့်အတူ တန်ဖိုးရှိလှသော ရှေးဟောင်း အမွေအနှစ်များကို အမျိုးသားရေးအမြင်ဖြင့် ထိန်းသိမ်း စောင့်ရှောက်ခြင်းသည်လည်း လွတ်လပ်ရေးကို ထိန်းသိမ်း စောင့်ရှောက်ခြင်းမည်ပေသည်။ နိုင်ငံတိုင်းသည် ကိုယ်ပိုင် အတိတ် သမိုင်း၊ ကိုယ်ပိုင်အမျိုးအမွေအနှစ်ရှိကြသလို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အသီးသီး၊ လူမျိုးစုအသီးသီးတွင်လည်း ကိုယ်ပိုင်အတိတ် သမိုင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် အမွေအနှစ်များ အသီးသီးရှိကြသည်သာ ဖြစ်သည်။

သမိုင်းလည်းပျောက်၊ ယဉ်ကျေးမှုလည်းပျောက်လျှင် လွတ်လပ်ရေးလည်း ဆုံးရှုံးရသည်နှင့် အတူတူပင် ဖြစ်သည်။ အပြည့်အဝလွတ်လပ်မှလည်း မိမိတို့၏ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့် ရှောက်နိုင်မည်ဖြစ်၍ လွတ်လပ်မှုနှင့် ယဉ်ကျေးမှုသည်လည်း ဆက်စပ်နေပေသည်။ ဤနေရာတွင် ပြည်သူတစ်ရပ်လုံးပါဝင်လာအောင် နှိုးဆွပေးနိုင်သော အမြော်အမြင်ကြီးမားသော ခေါင်းဆောင် များ၏ ဦးဆောင်မှုဉာဏ်အမြော်အမြင်နှင့် နိုင်ငံသားများ၏ ပညာအရည်အသွေးများသည်လည်း အရေးပါလာ ပြန်ပါသည်။

နိုင်ငံတိုင်းလိုလိုသည် အချိန်ကာလတစ်ခုတွင် အထက်ပါအကြောင်းတရားများနှင့်အတူ ခက်ခဲသော အခြေအနေများကို ဖြတ်သန်းရလေ့ရှိပါသည်။ အမှားကိုပြင်၊ အမှန်ကိုဆောင်ရွက်၊ အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်မှသာ အခြေအနေကောင်းများကို ဖန်တီးနိုင်ပြီး တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးကို ဟန်ချက်ညီညီ ထိန်းသိမ်းနိုင်မည်ဖြစ်ကာ လွတ်လပ်ရေးကိုလည်း ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။

စိတ်သစ်လူသစ်ဖြင့် မင်္ဂလာရှိသော နှစ်သစ်တွင် နိုင်ငံသူ နိုင်ငံသားအားလုံး ကြိုးစားဝီရိယ စိုက်ထုတ်မှု၊ တိုးတက်ဖွံ့ဖြိုးမှု အတွေးအမြင်များ၊ ပညာဉာဏ်များဖြင့် မိမိတို့၏အချုပ် အခြာပိုင်မှုကြီးကို ဆက်လက်ကာကွယ် စောင့်ရှောက်ထိန်းသိမ်းနိုင်ပါစေ။ မရပ်မနားခရီးလမ်းတွင် နှစ်ဟောင်းမှ အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာယူ ထုတ်နုတ်သုံးသပ်၍ အနာဂတ်တွင် လွတ်လပ်ရေးအတွေးအမြင်များဖြင့် ငြိမ်းချမ်းရေးကို ပိုမိုတည်ဆောက်နိုင်ကြပါစေလို့ နှစ်သစ်ကူးတွင် ဆုမွန်ခြွေအပ်ပါသည်။ ။

 

မိုးကေနိုင်