Skip to main content

မရယူနိုင်ခြင်းသည် ကွဲပြားသောအခင်းအကျင်းများဆီသာ ဦးတည်စေသည်

မြင့်မြတ်

တစ်စစီပြိုကွဲပြီး အိုးမဲ့အိမ်မဲ့ ရှစ်သန်း၊ ပြည်ပဒုက္ခသည်အဖြစ် ခြောက်သန်းအထိ ရောက်ရှိသွားပြီဖြစ်တဲ့ ဆီးရီးယားနိုင်ငံကိုကြည့်ပြီး သင်ခန်းစာယူစရာတွေ သံဝေဂဖြစ်စရာတွေ များစွာရှိလိမ့်မယ်လို့ ယူဆပါတယ်။ သင်ခန်းစာယူတတ်ရင်ပေါ့။

ဆိုလိုတာက ဆီးရီးယားလိုနိုင်ငံနဲ့ ပထဝီနိုင်ငံရေး၊ နောက်ခံသမိုင်းကြောင်း မတူသော်လည်း မိမိတို့နိုင်ငံမှာက ၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ ပြည်ထောင်စုကြီးဖြစ်နေတယ်။ လွတ်လပ်ရေးနဲ့အတူပါလာတဲ့ လက်နက်ကိုင် ရောင်စုံသူပုန်အစုံနဲ့ နွားကွဲကျားဆွဲ အနေအထားကြည့်ပြီး ကျားသစ်ချောင်းချောင်းနေတဲ့ နိုင်ငံတွေကြားမှာ ကြိုးစားရပ်တည်နေရတဲ့ နိုင်ငံလည်းဖြစ်တယ်၊၊ လွတ်လပ်ရေး အချုပ်အခြာနဲ့ ပြည်ထောင်စုပြိုကွဲမယ့်အန္တရာယ်တွေကြောင့် တပ်မတော်က မကြာခဏဝင်ပြီး ထိန်းရ၊ သိမ်းရ အစဉ်အလာရှိ နိုင်ငံတစ်နိုင်ငံအနေနဲ့ လက်ရှိ ဆီးရီးယားပြိုကွဲမှုဖြစ်စဉ်နဲ့တကွ ဆက်စပ်ကမ္ဘာ့ဖြစ်စဉ်တွေကနေ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အကျိုးစီးပွားအတွက် အမြဲသင်ခန်းစာယူနေရမှာဖြစ်တယ်လို့ ခံယူမိပါတယ်။

ဆီးရီးယားရုတ်တရက်ပြိုကွဲခြင်း အကြောင်းတရားအချို့နဲ့အတူ

တစ်နှစ်ကျော်လာပြီဖြစ်တဲ့ အစ္စရေး - ဟားမတ်စ်၊ အစ္စရေး - ဟဇ်ဘိုလာစစ်ပွဲများဆီ အာရုံစိုက်နေရာကနေ ရုတ်တရက်ချက်ချင်းဆိုသလို ဖြစ်သွားခဲ့တဲ့ ဆီးရီးယားအဖြစ်အပျက်တွေဆီက ကျွန်တော်တို့ ဘယ်လိုသင်ခန်းစာတွေရနိုင်ပါသလဲ၊၊ နိုင်ငံတစ်နိုင်ငံမှာ အချင်းချင်းစည်းလုံးညီညွတ်မှုမရှိ၊ အပြန်အလှန်တိုက်ကြ၊ ခိုက်ကြ၊ သွေးကွဲနေကြရင် နိုင်ငံအတွင်းက ဆန့်ကျင်ဘက်ပြိုင်ဘက်အသီးသီးကို ထောက်ပံ့နေတဲ့နိုင်ငံတွေ နိုင်ငံတကာအဖွဲ့အစည်းတွေက မိမိနိုင်ငံအတွင်း တရားဝင် ဝင်ရောက်စွက်ဖက်ခွင့်ရသွားအောင် ကိုယ်တိုင်လမ်းဖွင့်လိုက်သလို ဖြစ်သွားနိုင်သလားဆိုတဲ့အချက်ကို မြင်နေဖို့လိုပါတယ်။

မိမိမှာ ကိုယ်ပိုင်အစိုးရတစ်ရပ်ရှိနေမယ်၊ နိုင်ငံ့နယ်မြေပိုင်နက်နဲ့ အချုပ်အခြာကို ကာကွယ်စောင့်ရှောက်မယ့် အမြဲတမ်းတပ်မတော်တစ်ရပ် ရှိနေမယ်၊ ထိုနိုင်ငံ၊ ထိုအစိုးရအောက်က နိုင်ငံသားတွေရဲ့ အမျိုးသားအကျိုးစီးပွား၊ ကိုယ်စီအမျိုးသားရေးလက္ခဏာရပ်အသီးသီး ခိုင်ခိုင်မာမာရှိနေတဲ့နိုင်ငံကို ဘယ်နိုင်ငံဘယ်အဖွဲ့အစည်းကမှ ကျူးကျော်တိုက်ခိုက်သိမ်းပိုက်လို့မရပါဘူး။ သို့သော် ဆီးရီးယားမှာတော့ အထက်ကတင်ပြခဲ့တဲ့ လက္ခဏာအားလုံး လုံးဝပျက်ယွင်းသွားခဲ့ရပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ဆီးရီးယားပြိုကွဲရခြင်းအကြောင်းရင်းမှာ အစိုးရဆန့်ကျင်ဘက် HTS အဖွဲ့က တော်လွန်းလို့လည်း မဟုတ်ပါဘူး။ အစ္စရေးလေတပ်က ကြိုတင်တိုက်ခိုက်မှုနဲ့ HTS ဘက်က အိမ်နီးချင်းတူကီယဲရဲ့ အကြီးအကျယ်ထောက်ပံ့မှုတွေသာမပါရင် ဆီးရီးယားတပ်မတော်ကြီး ယခုလို လျင်လျင်မြန်မြန်နဲ့ အရေးနိမ့်ဖို့အကြောင်းမရှိနိုင်ပါဘူး။ တကယ်လို့ ပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ ညီညီ ညွတ်ညွတ်ရှိခဲ့ရင်လည်း သမ္မတအာဆတ်အစိုးရနဲ့ သူ့ရဲ့တပ်မတော်ကြီးအနေနဲ့ ယခုလို လွယ်လွယ် ကူကူ အရှုံးပေးစရာမရှိလောက်ဘူးလို့ ယူဆပါတယ်။ ဒီနေရာမှာ နိုင်ငံတစ်နိုင်ငံရဲ့အချုပ်အခြာကို ကာကွယ်စောင့်ရှောက်ရာမှာ အမြဲတမ်းတပ်မတော် တစ်ရပ်ရဲ့ အရေးပါပုံ၊ စုစည်းညီညွတ်မှုနဲ့ စစ်မက် ရေးရာမှာသာမက သံတမန်ရေးရာကဏ္ဍရဲ့ သံတမန်စစ်ပွဲအရေးပါမှုများကိုလည်း တွေ့မြင်ရမှာဖြစ်ပါ တယ်။

နိုင်ငံပြို လူမျိုးဘာသာလက္ခဏာ အမျိုခံရမယ့်အခြေအနေ ရောက်သွားနိုင်

ဆီးရီးယားမှာ သမ္မတအာဆတ်လက်ထက်ကတည်းက နိုင်ငံက Weak State အခြေအနေမှာ ရှိနေတာကြာခဲ့ပါပြီ။ ရုရှားနဲ့ အီရန်နိုင်ငံတို့ရဲ့ ကူညီပံ့ပိုးမှုရနေတဲ့ ဆီးရီးယားကို တူကီယဲနောက်ခံ HTS အစ္စလာမ္မစ်အဖွဲ့က လက်နက်အင်အားအသာနဲ့ တိုက်ခိုက်နေစဉ်အတွင်းနဲ့ တိုက်ထုတ်ပြီးနောက်ပိုင်းမှာ ပထဝီနိုင်ငံရေးအရ အားသာချက်ရယူလိုတဲ့ အစ္စရေးက ဆီးရီးယားအချက်အချာနေရာအားလုံးကို ဗုံးကြဲ၊ မြေပြင်တပ်တွေ ထိုးဖောက်တိုက်ခိုက်ပြီး ဂိုလန်ကုန်းမြင့်အပါအဝင် နယ်မြေအချို့ကို သိမ်းပိုက်ခဲ့တာတွေ့ရပါတယ်။

အမေရိကန်ကလည်း ဆီးရီးယားက Kurds နဲ့ SDF လိုအဖွဲ့တွေကို ယခင်ကတည်းက ထောက်ပံ့နေခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ သူ့အကျိုးစီးပွားအတွက် ဆီးရီးယားပြည်တွင်းရေးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာပြီး အမေရိကန်စစ်စခန်းတွေ တိုးချဲ့၊ တပ်ချလာရတဲ့အခြေအနေ ဖြစ်လာတယ်။ ဒါ့အပြင် ပြင်သစ်ကလည်း ဆီးရီးယားမှာ ပြန်ပြီးခြေကုပ်ယူလာတဲ့ ISIS ရဲ့ရန်ကို အကြောင်းပြပြီး ဆီးရီးယားနယ်မြေအချို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့တယ်။

ဒါကြောင့် ပြိုင်ဘက်ဆီးရီးယားစစ်အုပ်စုတွေရဲ့ ပဋိပက္ခတွေကြားမှာ ဆီးရီးယားနိုင်ငံဟာ တူကီယဲ၊ အမေရိကန်၊ အစ္စရေး၊ အီရန်၊ ရုရှား၊ ပြင်သစ်တို့ရဲ့ Proxy War အဆင့်ကနေ ပြည်ပတပ်တွေ တိုက်ရိုက်ဝင်ရောက်စွက်ဖက်လာမယ့် အခြေအနေတွေရှိလာနေကြောင်း သုံးသပ်ရမှာဖြစ်ပါတယ်၊၊ နယ်မြေတွေ အပြိုင်အဆိုင်သိမ်းကြရင်းက နောက်ဆုံး နယ်နိမိတ်ပျောက်၊ နိုင်ငံလည်းပျောက်၊ လူမျိုးပါပြုတ်၊ ကိုးကွယ်ရာဘာသာတရားနဲ့ ဆီးရီးယားအမျိုးသားရေး ကိုယ်ပိုင်လက္ခဏာတွေပါ ပျောက်ကွယ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

တစ်ဖက်ကကြည့်ရင် တူကီယဲအကူအညီနဲ့ အစိုးရဖွဲ့နိုင်ခဲ့တဲ့ HTS အဖွဲ့အနေနဲ့ နိုင်ငံကို အပြည့် အဝအုပ်ချုပ်နိုင်မယ့် အချုပ်အခြာအာဏာပိုင်စိုးခွင့် ရောရှိပါ့မလား။ သူတစ်ပါး နှာခေါင်းပေါက်နဲ့ အသက်ရှင်နေရတဲ့ဘဝ တာရှည်ခံဖို့ ဘယ်လွယ်ပါ့မလဲ။ အယူရှိရင် အပေးလည်းရှိရသလို ကျေးဇူးခံ၊ ကျေးဇူးစားဘဝ၊ ပြည်ပသြဇာမကင်း အမှီခိုခံဘဝနဲ့နေရတဲ့ ဆီးရီးယားလက်နက်ကိုင်တွေကြောင့် နိုင်ငံရော ပြည်သူပါ ကမ္ဘာ့အလယ်မှာ အင်မတန်မျက်နှာငယ်တဲ့အနေအထား ရောက်နေပါ တယ်။

နိုင်ငံတကာနယ်ချဲ့တွေ အထူးသဖြင့် အနောက် နယ်ချဲ့အုပ်စုတွေဟာ နိုင်ငံတစ်နိုင်ငံကို ဖြိုခွဲချင်ရင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအရပြိုကွဲအောင် ဦးစွာလုပ်လေ့ရှိကြတယ်။ ဆီးရီးယားမှာဆိုရင် အာရပ်ဆွန်နီ၊ အယ်လာဝိုက်၊ ကာဒစ်ရှ်၊ ခရစ်ယာန်၊ ဒရုဇ်၊ တာခ်မန်စသဖြင့် ကွဲပြားနေတဲ့အုပ်စုအမျိုးမျိုး ဟာ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြ၊ သွေးခွဲသပ်လျှိုခံရတဲ့အထိ ညီညွတ်မှုမရှိခဲ့ကြပါဘူး။ HTS ၊ SDF ၊ SNA ၊ တောင်ပိုင်းစစ်ဆင်ရေးဌာနချုပ်၊ IS ၊ အယ်လ်ခိုင်ဒါ စသဖြင့် အချို့က အစွန်းရောက်လက်နက်ကိုင်တွေဖြစ်နေကြပြီး အမျိုးမျိုးသော လက်နက်ကိုင်အုပ်စုတွေအကြား အချင်းချင်းတိုက်ခိုက်နေကြတဲ့ ဆီးရီးယားကို အနောက်အုပ်စုအနေနဲ့ ဖြိုခွဲရတာ သိပ်မခက်ပါဘူး။ အဓိကအချက်က ညီညွတ်မှုပါ။ အကျိုးစီးပွားချင်းမတူတဲ့ လူမျိုးစုတွေအကြား စည်းလုံးညီညွတ်မှုမရှိခြင်းက နိုင်ငံပြိုကွဲခြင်းရဲ့ အဓိကအကြောင်းတရားဖြစ်ကြောင်း ယနေ့ဆီးရီးယားဖြစ်စဉ်က သက်သေပါပဲ။

ဒါကြောင့် ယခုလိုအချိန်ဟာ အရေးကြီးပါတယ်

ဘာကြောင့်လဲ။ အခြေအနေအရ ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးနဲ့ တိုင်းရင်းသားအားလုံးအတွက် ဒီအချိန်၊ ဒီကာလဟာ အလွန်ကို အရေးကြီးနေလို့ပါပဲ။ ပြည်တွင်း၊ ပြည်ပ အကွက်ကျကျစီမံမှုတွေအောက်မှာ ဘယ်လိုနည်းနဲ့မှ ကျွန်တော်တို့ မှောက်ရက်လဲလို့မဖြစ်ပါဘူး။ ဒီလိုအခြေအနေတွေ မြင်ရဖို့ နှစ်ရှည်လများစောင့်နေတဲ့ ပြည်ပကမြေခွေးတစ်အုပ်နဲ့ အဖျက်သမားတွေအလိုကျ ဖြစ်မသွားအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိရပါမယ်။ ဒီလိုဖြစ်လာဖို့ ရေလာမြောင်းပေးလမ်းဖွင့် ပေးနေသူတွေ၊ ဘယ်သူတွေ သစ္စာဖောက်နေသလဲ မြင်နိုင်ဖို့လိုတယ်။

ကတိမတည်၊ သစ္စာမရှိ၊ ကျေးဇူးမဲ့သူ ဘယ်သူလဲ မြင်တတ်ရမယ်။ ရိုးသားတဲ့ပြည်သူတွေ၊ အေးအေးချမ်းချမ်းနေလိုသူတွေအတွက် နိုင်ငံနဲ့ လူမျိုးအတွက်ကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြဖူးတဲ့ ပြည်တွင်းက အဖျက်သမားတွေသာမက နိုင်ငံကို အလုံးစုံပြိုကွဲပျက်စီးစေလိုတဲ့ ပြည်ပအန္တရာယ်တွေကိုပါ မြင်နေဖို့လိုပါတယ်။ ဟန်ချက်ညီညီ မြေပေါ်မြေအောက် တစ်ဆင့်ချင်း ချိတ်ဆက်အကောင်အထည်ဖော်နေတဲ့ နိုင်ငံပျက်စီးရေးလမ်းစဉ်အားလုံး သတိပြုဖို့လိုတယ်။ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့တော့ ယခင်ကတည်းက နိုင်ငံရေးလမ်းစဉ်ကို ယုံကြည်လို့ နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းဖို့ အစဉ်တစိုက် လမ်းဖွင့်လမ်းခင်းထားပြီးသား။ ဒါကို ကတိမတည်ဘဲ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ချင်တဲ့ လက်နက်ကိုင်တချို့က တစ်ကျော့ပြန်စစ်ပွဲတွေ ဖန်တီးချင်နေကြတယ်။

နိုင်ငံရေးနည်းလမ်းအစား စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဗြောင်ကျကျစိန်ခေါ်ပြီး တည်ငြိမ်အေးချမ်းရေး မပျက်ပျက်အောင် လုပ်လာနေကြတယ်။ တစ်ပြိုင်တည်းမှာ မြေပေါ်အဖွဲ့အစည်းတချို့ကလည်း နိုင်ငံရေးအရ ဖြေရှင်းဖို့ ဆန္ဒရှိဟန်ပြသနေ ပြန်တယ်။ ဘာပဲဖြစ်ဖြစ် မိမိတို့လုပ်ရပ်ဟာ ပွဲလန့် တုန်း ဖျာခင်းလုပ်ရပ်မဖြစ်ဘဲ နိုင်ငံနဲ့ပြည်သူအတွက် အမှန်တကယ်သစ္စာရှိရှိနဲ့ စေတနာပါတဲ့လုပ်ရပ်သာဖြစ်မယ်ဆိုရင်တော့ အထူးမှတ်ချက်ပေးစရာမရှိပါဘူး။

သင်ခန်းစာဆိုတာကလည်း ယူတတ်မှ

ဒါကြောင့်လည်း ယခုလိုကမ္ဘာ့အဖြစ်အပျက်တွေကနေ သင်ခန်းစာ၊ အတွေ့အကြုံများစွာကို ထိုက်သင့်သလောက် ရယူနေကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ သူများအဖြစ်အပျက်၊ သူများ အတွေ့အကြုံတွေကနေ ရယူတတ်တဲ့သင်ခန်းစာကသာ ပိုတန်ဖိုးရှိပါတယ်။ ကိုယ်ကိုယ်တိုင်တွေ့ကြုံခံစားရပြီးမှ၊ ပေးဆပ်မှုအမြောက်အမြား ရင်းနှီးပြီးမှ ရလာတဲ့သင်ခန်းစာနဲ့တော့ တူနိုင်မှာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် ဒါမျိုးမကြုံရအောင် သူများရဲ့ ခါးသီးတဲ့ ဖြစ်စဉ်တွေကနေ မရရအောင်သင်ခန်းစာ ယူတတ်ခြင်းက မိမိအတွက် အဆုံးအရှုံးနည်းစေမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူများဆုံးရှုံးမှုကနေ မိမိအတွက် အကျိုးအမြတ်ရှိအောင်၊ သူတို့ခံစားရသလို ကိုယ်မခံစားရအောင် ရယူသင့်တာကို အခွင့်အလမ်းအဖြစ် ရယူအသုံးချနိုင်ခြင်းကသာ မိမိရဲ့ ပညာဉာဏ်ဖြစ်ကြောင်း တင်ပြလိုပါတယ်။

ဆီးရီးယားမှာ လတ်တလောအနိုင်ရနေတဲ့ HTS အဖွဲ့ရဲ့ နိုင်ငံသစ်တစ်ခုတည်ထောင်ချင်တဲ့ အိပ်မက်က အနာဂတ်မှာ တကယ်အလုပ်ဖြစ်ပါ့မလား။ ပညာ၊ ဆင်ခြင်တုံတရားအားနည်းပြီး ညီညွတ်မှုမရှိသူတွေနေတဲ့နိုင်ငံမှာ နိုင်ငံသစ်တစ်ခု မွေးဖွားဖို့ လွယ်လွယ်နဲ့မရကြောင်းကို ဆီးရီးယားက မနှေးအမြန် ဘယ်လိုသက်သေပြမလဲ စောင့်ကြည့်ရပါမယ်။ လူမျိုးရေးအရ အမုန်းတရား အခြေခံပဋိပက္ခရှိရင် လူမျိုးရေးဗန်းပြ ဝင်ရောက်စွက်ဖက်မယ်၊ ဘာသာရေးအရကွဲပြားရင် ဘာသာရေးအရ ဝင်စွက်မယ်၊ ဝင်စွက်တဲ့နိုင်ငံတိုင်းမှာ ဘာစနစ်၊ ဘာဖက်ဒရယ်၊ ဘာဒီမိုကရေစီအတွက်ဆိုပြီး မှန်ကန်တဲ့ ဘယ်ရည်ရွယ်ချက်မှ ရှိနိုင်မယ်မထင် ပါဘူး။ အိမ်ကြက်ချင်းအိုးမဲသုတ်မယ့်သူချည်းပါပဲ။

ဘာပဲဖြစ်ဖြစ် စစ်ပွဲတွေဖြစ်ရင် လက်နက်ရောင်းတဲ့ လက်နက်ကုမ္ပဏီတွေနဲ့ သူတို့အထောက် အပံ့ရယူထားတဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် ကိုယ်ကျိုးရှာသူတွေသာ ပျော်ကြမှာပါ။ စစ်နဲ့ဓန၊ စစ်နဲ့အာဏာ ယှဉ်တွဲနေတဲ့အတွက်ဖြစ်ပါတယ်။ ဘာကြောင့် အရှေ့လယ်ပိုင်းဒေသမှာ ယနေ့တိုင် စစ်မီးမငြိမ်းနိုင်ဖြစ်ရသလဲ။ အစ္စရေး၊ ယူကရိန်းအပါအဝင် ကမ္ဘာ့နိုင်ငံအချို့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ စစ်လက်နက်အကြီးအကျယ် ရောင်းချနေတဲ့ အမေရိကန်အစိုးရနဲ့ လက်နက်ကုမ္ပဏီတွေအကြောင်း လေ့လာလိုက်ရင် သိနိုင်ပါတယ်။ ဆိုလိုတာက ယနေ့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်အများစုဟာ သက်ဆိုင်ရာနိုင်ငံ၊ အဖွဲ့အစည်းတွေရဲ့ အသီးသီးသော ကိုယ်ကျိုးရှာ စီးပွားသက်သက်သာဖြစ်ကြောင်း တထစ်ချခံယူ ထားဖို့ ဖြစ်ပါတယ်။

အရေးအကြီးဆုံးက ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေးအတွေးအခေါ်တွေ ကျွန်တော်တို့မှာရှိနေကြဖို့ပါပဲ။ နိုင်ငံကို ဆီးရီးယားလို အသုံးချခံမဖြစ်ဖို့ အရေးကြီးပါတယ်။ အရာရာကို မပေါ့မဆ ပညာဉာဏ်ရှိရှိ သတိတရားထားနိုင်ဖို့နဲ့ ဒုက္ခရောက်နေတဲ့လူသားတွေအပေါ်မှာ ကိုယ်ချင်းစာတရားထားနိုင်ဖို့လည်းပါပါတယ်။ နောင်တမရစေချင်တဲ့ စေတနာကြောင့်လည်းဖြစ်သလို တပ်မတော်ကြီးအင်အားခိုင်မာတောင့်တင်းနေဖို့က အရေးကြီးဆုံး ဆိုတဲ့အချက်ကိုလည်း လျစ်လျူမရှုမိဖို့လိုပါတယ်။ တပ်မတော်ဆိုတဲ့မဏ္ဍိုင်တစ်ခု အင်အားရှိနေရင် တည်ငြိမ်အေးချမ်းမှု၊ လူမှုစီးပွားဖွံ့ဖြိုးမှု၊ ဘာသာသာသနာနဲ့ ကိုယ်ပိုင်လက္ခဏာ၊ ကျန်တာအားလုံး ကျွဲကူးရေပါဆိုသလို လိုက်ပါတိုးတက်လာပါလိမ့်မယ်။

လောလောဆယ် အရေးကြီးနေတာက ကျွန်တော်တို့အချင်းချင်းကြားမှာ စေတနာသန့်သန့် လေးပြသနိုင်ကြဖို့ ရန်လိုတာတွေ၊ မုန်းခြင်း၊ ချစ်ခြင်းတွေကို ခေတ္တခဏမေ့ထားရအောင် ဖြစ်ပါတယ်။ ဒီအချိန်မှာ နိုင်ငံပဲ့ထွက်မသွားအောင်ကြိုးစားကြဖို့နဲ့ နှစ်သစ်မှာ ဘယ်လိုနိုင်ငံရေးအခင်းအကျင်းသစ်ကို လှစ်ဟကြမလဲ၊ ဒါကိုပဲ အလေးအနက်ထားအာရုံစိုက်ကြရအောင် မေတ္တာရပ်ခံအပ်ပါတယ်။ ။