Skip to main content

(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ

ရတနာ(သုတေသီ)

ကျန်းမာရေးဝန်ကြီးဌာန၏ ပင်မမဏ္ဍိုင် လုပ်ငန်းကြီးတစ်ရပ်ဖြစ်သော ကျန်းမာရေးသတင်းအချက်အလက်များကို ဖြန့်ဝေရာတွင် အရေးပါသောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် “မြန်မာနိုင်ငံကျန်းမာ ရေးဆိုင်ရာ သုတေသနညီလာခံကို နှစ်စဉ် ဇန်နဝါရီလတွင် ကျင်းပလာခဲ့သည်မှာ ယခုအခါ (၅၃) ကြိမ်တိုင်ခဲ့ပြီဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနကကြီးမှူး၍ “သုတေသနညီလာခံများ အစဉ်အလာမပျက်ကျင်းပခြင်းအားဖြင့် ကျန်းမာရေးဆိုင်ရာအသိပညာများတိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားလာစေရန် နှင့် “သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့်ကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် “(၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) တွင် ကျင်းပမည်ဖြစ်ပါသည်။ မြန်မာ့သုတေသီများ၏ ကျန်းမာရေး သုတေသနလုပ်ငန်းများမှ တွေ့ရှိချက် ရလဒ်များကို သုတေသနစာတမ်းများဖြင့် ဖတ်ကြားတင်သွင်းခြင်း၊ ပိုစတာများပြသခြင်းတို့ဖြင့် ညီလာခံကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၁၉၆၅ ခုနှစ်မှစ၍ ပထမအကြိမ်ညီလာခံကြီးကိုစတင်ကျင်းပခဲ့ရာ သမိုင်းကြောင်းကို လေ့လာကြည့်ပါက စတင်ကျင်းပခဲ့သောနှစ်များတွင် သုတေသနစာတမ်းများကိုသာ တင်သွင်းဖတ်ကြားခဲ့သော်လည်း ၁၉၉၁ ခုနှစ်မှစ၍ သုတေသနပိုစတာပြပွဲကိုထည့်သွင်းခဲ့ပြီး ထပ်မံ၍ ၂၀၀၂ ခုနှစ်မှ စတင်ကာ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ဆွေးနွေးပွဲ (Symposium)များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းကျင်းပခဲ့ပါသည်။ တစ်ဖန်သုတေသီပညာရှင်များ၏ သုတေသနအရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့် သုတေသနပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုများကို အလေးထားအသိအမှတ်ပြုသောအားဖြင့် ၁၉၉၃ ခုနှစ်မှစ၍ အကောင်းဆုံးစာတမ်းဆုများ၊ အကောင်းဆုံးပိုစတာဆုများ ရွေးချယ်ချီးမြှင့်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ လူငယ်သုတေသီဆုများ ချီးမြှင့်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း၌ “(၄၉) ကြိမ်မြောက် သုတေသနညီလာခံကို Virtual Congress အသွင်ဖြင့်လည်းကောင်း၊ “အကြိမ်(၅၀)မြောက် ရွှေရတုညီလာခံ ကို Virtual နှင့် In-person ပူးတွဲလျက် Hybrid အသွင်ဖြင့် လည်းကောင်းကျင်းပခဲ့ပြီး (၅၁)ကြိမ်မြောက်မှစ၍ In-person ဖြင့် ပြန်လည်ကျင်းပခဲ့ပါသည်။

မျက်မှောက်ကာလတွင် လူမှုဘဝနေထိုင်မှုနှင့် အစာအာဟာရစားသောက် မှုပုံစံများပြောင်းလဲလာခြင်းနှင့်အတူ ဆီးချို၊ သွေးတိုးရောဂါအစရှိသည့် မကူးစက်တတ်သောရောဂါများဖြစ်ပွားမှု တိုးတက်များပြားလာသဖြင့် ယင်းတို့၏အရေးကြီးပုံကို မီးမောင်းထိုးပြနိုင်ရန်အတွက် “(၅၃)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ၏ ဆောင်ပုဒ် (Congress Theme) အဖြစ် “ကျန်းမာသောဘဝ ပိုင်ဆိုင်ဖို့ကျန်းမာရေးပြဿနာများ ဖော်ထုတ်ဖြေရှင်းကြပါစို့ - Moving Forward to a Healthy Lifestyle and Addressing Health Risk Behaviors” ကို ရွေးချယ်သတ်မှတ်ထားပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆေးသုတေသနဦးစီးဌာနက နှစ်စဉ်တာဝန်ယူလျက် လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းကာ လုပ်ငန်းတာဝန်များကို သတ်မှတ်ထားရှိပြီး စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

စာတမ်းကြီးကြပ်ရေးဆပ်ကော်မတီသည် ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းမှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ နှီးနွှယ်ဝန်ကြီးဌာနများရှိ သုတေသီပညာရှင်များထံမှ စာတမ်းများ ကို 53mhrcmoh@gmail.com သို့ ပေးပို့တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပါသည်။ ပေးပို့လာသောစာတမ်းများကို အခြေခံ သုတေသန (Basic Research)၊ အသုံးချ သုတေသန (Applied Research)၊ ကျန်းမာရေးစနစ်သုတေသန (Health System Research) စသည်ဖြင့် အမျိုး အစားများအလိုက် ခွဲခြားစိစစ်ခဲ့ပါသည်။ ယခုနှစ်ညီလာခံတွင် သုတေသနစာတမ်း ၅၄ စောင် တင်သွင်းဖတ်ကြားမည်ဖြစ်ပြီး သုတေသနပိုစတာ ၄၃ စောင်တို့ကို ပြသမည်ဖြစ်ပါသည်။

တင်သွင်းမည့် စာတမ်းများတွင် ကင်ဆာရောဂါ၊ ဆီးချိုရောဂါ၊ ကိုဗစ်-၁၉ ရောဂါ၊ တီဘီရောဂါ၊ HIV ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ မြွေဆိပ်၊ ဆေးယဉ်ပါးပိုးများ၊ အစားအသောက်ဘေးကင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တိုင်းရင်းဆေး၊ သွားကျန်းမာရေး၊ ဆေးပညာသင်ကြားရေးဆိုင်ရာ၊ ကျန်းမာရေးစနစ်ဆိုင်ရာ၊ ဇီဝကမ္မဆိုင်ရာ၊ အာဟာရဆိုင်ရာ၊ အားကစားဆိုင်ရာ၊ သူနာပြုပညာဆိုင်ရာ၊ ခံတွင်းနှင့်သွားကျန်းမာရေးဆိုင်ရာ သုတေသနများစသည်တို့ ပါဝင်ပါသည်။ ညီလာခံရက်များအတွင်း သုတေသနပိုစတာများကို ခင်းကျင်းပြသထားမည်ဖြစ်ပြီး သုတေသနစာတမ်းဖတ်ပွဲကို နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အချိန်များခွဲ၍ ကျင်းပမည်ဖြစ်ပါသည်။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သဘာပတိများအဖြစ် အလှည့်ကျဆောင်ရွက်ကြမည်ဖြစ်သည်။

(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံတွင် တင်ပြမည့်စာတမ်းများ၊ ပိုစတာများအနက် အချို့ကိုကောက်နုတ်၍ တင်ပြလိုပါသည်။

သွေးကင်ဆာအပါအဝင် သွေးရောဂါများကို မြန်မာနိုင်ငံတွင် အောင်မြင်စွာကုသနိုင်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် လာခဲ့ပြီဖြစ်ပါသည်။ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၌ သွေးခြင်ဆီ၊ ပင်မကလာပ်စည်း (Stem Cell) ကို အသုံးပြု ၍ သွေးခြင်ဆီအစားထိုးကုသမှု (Haemato poietic Stem Cell Transplant) ကို ၂၀၁၄ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀ နှစ်တာကာလ၏ ကုထုံးအောင်မြင်မှုရလဒ်ကို သုတေသနပိုစတာအနေဖြင့် တင်ပြသွားမည်ဟု သိရှိရပါသည်။

ယနေ့ကာလတွင် နေထိုင်စားသောက်မှုပုံစံပြောင်းလဲမှု၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးမှုတို့ကြောင့် ပုံမှန်ကိုယ်အလေးချိန်ရှိသော်လည်း သက်လတ်ပိုင်း (အသက် ၄၀- ၆၀ အတွင်းရှိ) အဆီများနေသောသူများကိုတွေ့ရှိရမှုနှင့် ယင်းတို့နှင့်ဆက်စပ်နေသော နှလုံးသွေးကြောဆိုင်ရာအချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပြမြို့နယ်နှစ်မြို့နယ်တွင်လုပ်ဆောင်ခဲ့သော သုတေသနမှတွေ့ရှိချက်များသည် နိုင်ငံအတွင်းလူလတ်ပိုင်းများတွင် မကူးစက်နိုင်သော ရောဂါများကုသခြင်းအတွက် ပိုမိုကောင်းမွန်သော ကုသမှုအစီအစဉ်များလမ်းညွှန်ချမှတ်ရေးဆွဲရာတွင် အထောက်အကူဖြစ်စေမည်ဟု သိရှိရပါသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ပထဝီဝင်နယ်မြေလေးခု (တောင်တန်း၊ ကမ်းရိုးတန်း၊ လွင်ပြင်နှင့် မြစ်ဝကျွန်းပေါ်ဒေသ)မှ အရွယ်ရောက်ပြီးသူများ၏ ကိုယ်ကာယကြံ့ခိုင်မှုအား လေ့လာခဲ့သည့် သုတေသနမှ ကိုယ်လက်ကြံ့ခိုင်ရေး လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှု၊ နာတာရှည်အခြေအနေများနှင့် မသန်စွမ်းဖြစ်နိုင်ခြေကိုလျှော့ချပေးကာ မကူးစက် နိုင်သောရောဂါများကို ကာကွယ်ရာတွင် များစွာအထောက်အကူဖြစ်စေသည်ဟု သိရှိရပါသည်။

တီဘီရောဂါကုသရာတွင် ရိုင်ဖန်ပီစင်ဆေးကို ယဉ်ပါးလူနာများ (Rifampicin resistant-TB) အား ဒုတိယတန်းစား တီဘီဆေးများ (Secondline anti-TB drugs) အသုံးပြုသည့် ဆေးယဉ်ပါးတီဘီ ကုထုံး (MDR-TB treatment) ဖြင့် ကုသရသည်။ ဤတွင် ရိုင်ဖန်ပီစင်ဆေး ယဉ်ပါးမှု ရှိ/မရှိကို တိကျစွာရှာဖွေနိုင် ခြင်းသည် သင့်လျော်သောဆေးကုသမှုရရှိစေနိုင်ခြင်းနှင့် ဆေးယဉ်ပါးတီဘီပြန့်ပွားမှုကို ကာကွယ်နိုင်ရေးအတွက် အလွန်အရေးကြီးပါသည်။ ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်းဆိုထား သည့်နည်းပညာများဖြင့် ရောဂါရှာဖွေ မရနိုင်သည့် ရိုင်ဖန်ပီစင်ဆေးယဉ်ပါးမှုကို ဖြစ်ပေါ်စေသည့် rpoB မျိုးဗီဇပြောင်းလဲ မှုကို တွေ့လာရသည့်အတွက် ယင်းဗီဇပြောင်းလဲမှုများကို အိုက်ဆိုနိုက်ယာဇစ် ဆေးယဉ်ပါးတီဘီ (Isoniazidresistant-TB) တွင် မျိုးဗီဇအစီအစဉ်ဆွဲသည့်(Gene sequencing) နည်းပညာသုံး၍စောင့်ကြည့် လေ့လာသော သုတေသနမှတွေ့ရှိချက် များသည် ရောဂါရှာဖွေသည့် လမ်းစဉ်ကိုပိုမိုထိရောက်အောင် ပြောင်းလဲစေနိုင်ရန် စဉ်းစားရာတွင် အထောက်အကူဖြစ်နိုင်ကြောင်း သိရှိရသည်။

မြန်မာလူမျိုးအများစု ကြိုက်နှစ်သက်ကြသည့် မြန်မာ့ရိုးရာနည်းဖြင့် အချဉ်ဖောက်ထားသောပဲအနှစ် (ပုံးရည်ကြီး) ၏ အရည်အသွေးနှင့်ဘေးအန္တရာယ်ကင်းရှင်းမှုကိုသိရှိရန် ပုံးရည်ကြီး အမှတ်တံဆိပ် ၃၅ မျိုးတွင် အဏုဇီဝပိုးများနှင့် ထိတွေ့ညစ်ညမ်းခြင်းနှင့် ကြာရှည်ခံဓာတုပစ္စည်းများ သုံးစွဲမှုတို့ကို သုတေသနပြုလေ့လာခဲ့သည့်စာတမ်းကိုလည်း တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းသုတေသနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ပေသည်။

ညီလာခံတွင် ပညာရပ်ဆိုင်ရာနှီးနှော ဖလှယ်ပွဲလေးခုကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ရာ ညီလာခံပထမရက် မွန်းလွဲပိုင်းတွင် “မြန်မာ-ကိုရီးယား ပညာရှင်များပူးတွဲ၍ တီဘီရောဂါ၊ အသည်းရောင်အသားဝါရောဂါနှင့် ငှက်ဖျားရောဂါ သုတေသနဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၅) - Myanmar-Korea Joint Symposium (2025)” ကို လည်းကောင်း၊ တတိယရက်တွင် “ကျန်းမာရေးပြဿနာဖြစ်စေနိုင်သည့် အချက်အလက်များဖော်ထုတ်ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လူမှုဘဝမြှင့်တင်စေရန် ဆောင်ရွက်ခြင်း - Promoting a Healthy Lifestyle and Addressing Health Risk Behaviors” ကို လည်းကောင်း၊ စတုတ္ထရက်တွင် “မြန်မာနိုင်ငံ၏ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးနှင့် ဇီကာဗိုင်းရပ်စ်ရောဂါများ၏ ဗိုင်းရပ်စ်ပိုးဆိုင်ရာနှင့် သွေးရည်ကြည်ပြောင်းလဲမှုဆိုင်ရာများကို မီးမောင်းထိုးတင်ပြခြင်း - Virological and Immunological Highlights of Dengue, Chikungunya and Zika Virus Infections in Myanmar” ကို လည်းကောင်း၊ ညီလာခံနောက်ဆုံးရက် နံနက်ပိုင်းတွင် “ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence)ကို ဆေးပညာတွင် အသုံးပြုပြီး ကျန်းမာရေးမျိုးဆက်သစ်များကို ပုံဖော်မွေးထုတ်နိုင်ရန် ဆောင်ရွက်နေမှု - Artificial Intelligence: Shaping the Next Generation of Health Professionals” ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံမှပညာရှင်များ၏ ပညာရပ်ဆိုင်ရာ ဟောပြောပွဲကိုလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

သုတေသနပညာရှင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုအလေးထားသည့်အနေဖြင့် အကောင်းဆုံးစာတမ်းဆုရွေးချယ်ရေးဆပ်ကော်မတီသည် တင်သွင်းလာသည့်စာတမ်းများမှ အခြေခံသုတေသန (Basic Research) စာတမ်းဆုများ၊ လက်တွေ့အသုံးချ သုတေသန (Applied Research) စာတမ်းဆုများ၊ ကျန်းမာရေးစနစ်သုတေ သန (Health Systems Research) စာတမ်းဆုများ၊ လူငယ်သုတေသီဆုများနှင့် ပိုစတာစာတမ်းဆုများကို စိစစ်ရွေးချယ်မည်ဖြစ်ပြီး ဆုရရှိသူသုတေသီများအား ထိုက်ထိုက်တန်တန် ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။

သုတေသန စာတမ်းရှင်များသည် ဆေးသုတေသနဦးစီးဌာနက ထုတ်ဝေသည့် မြန်မာ့ကျန်းမာရေး သိပ္ပံသုတေသနဂျာနယ် (Myanmar Health Sciences Research Journal) သို့ ပေးပို့လိုပါကလည်း ဂျာနယ်သတ်မှတ်ချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်လျက် ဂျာနယ်၏အီးမေးလ် (https:// www. mhsrj-moh.dmr.gov.mm) သို့ စာတမ်းများပေးပို့နိုင်မည်ဖြစ်ပါသည်။

ညီလာခံကျင်းပစဉ်ရက်များအတွင်း ဆေးဝါးကုမ္ပဏီများ၊ ဓာတ်ခွဲခန်းကိရိယာ၊ ဓာတုပစ္စည်းတင်သွင်းသည့် ကုမ္ပဏီများက ခေတ်မီဆေးနှင့် ဆေးပစ္စည်းကိရိယာ၊ ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းကိရိယာများကို ပြခန်းများဖြင့်စုံလင်စွာခင်းကျင်းပြသကြမည်ဖြစ်ပါသည်။

ယခုအခါ စာတမ်းတင်သွင်းမည့် သုတေသီပညာရှင်များသည် မိမိတို့၏သုတေသနတွေ့ရှိချက်များကို စွမ်းဆောင်ရည်ပြည့်ဝစွာ အကောင်းဆုံးတင်သွင်း ဖတ်ကြားပြသနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိနေကြသကဲ့သို့ မိမိတို့ စာတမ်းအကောင်းဆုံးဆုအဖြစ် ရွေးချယ်သတ်မှတ်ခံရရေးအတွက်လည်း မျှော်မှန်းလျက်ရှိနေကြပြီဖြစ်ပေသည်။

မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံသို့ တက်ရောက်ကြမည့် ပြည်တွင်းနှင့်နိုင်ငံတကာမှ သုတေသီပညာရှင်များ၊ ဆေးပညာရှင်များ၊ သမားတော်များ၊ စီမံချက်မန်နေဂျာများ၊ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများသည် သုတေသနစာတမ်းရှင်များ၏ တင်ပြချက်များ၊ နှီးနှောဖလှယ်ပွဲများမှ ပညာရပ်ဆိုင်ရာတင်ပြချက်နှင့် ဆွေးနွေးချက်များကို စိတ်ပါဝင်စားစွာနားထောင်ကြပြီး ကျန်းမာရေးနှင့်ဆေးပညာရပ်ဆိုင်ရာ သတင်းအချက်အလက်များ (Health & Medical Information) ကို မျှဝေဆွေးနွေးကြမည်ဖြစ်ရာ သုတေသီများအတွက် အလွန်တန်ဖိုးရှိသော အခွင့်အရေးကောင်းကို ရရှိမည်ဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့်ကျင်းပသည့် သုတေသနညီလာခံကြီး၌ ပညာရှင်များ၏ တင်ပြဆွေးနွေးတိုင်ပင်အဖြေရှာဖော်ထုတ်ချက်ရလဒ်များကို အခြေပြု၍ နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေးကဏ္ဍကို အထောက်အကူပြုမည်ဖြစ် သောလုပ်ငန်းများ၊ ပြည်သူ့အကျိုးကို ဖော်ဆောင်သည့် ကျန်းမာရေးစီမံချက်များကို ချမှတ်နိုင်ကြမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။