တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုများတွင် သက်ဆိုင်သူများ၏ အခန်းကဏ္ဍ
မောင်စာဂ
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိခြင်းဖြင့် တရားစီရင်ရေး မှတ်တိုင်သစ်များ စိုက်ထူ နေနိုင်ပြီဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင် ရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များတွင် ဥပဒေ အရာရှိများ၊ ရှေ့နေများ၊ အမှုသည်များသည် မည်သည့်အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ကြရ ပါမည်နည်း။ ရှေးဦးစွာ နိုင်ငံတစ်ဝန်းရှိ တရားရုံးများတွင် ကျင့်သုံးမည့် မှုခင်းစီမံ ခန့်ခွဲခြင်း စနစ်ကို အခြေပြု၍ အနှစ်ချုပ်မျှဝေပါရစေ။
▲ အစည်းအဝေးများကျင်းပခြင်း ▲
မှုခင်းစီမံခန့်ခွဲခြင်းစနစ်ကျင့်သုံးရာတွင် အစည်းအဝေးများကျင်းပခြင်းသည် အဓိကပင်မဖြစ် သည်။ အစည်းအဝေးဟုဆိုရာတွင် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေး၊ အကြိုညှိနှိုင်းအစည်းအဝေး နှင့် အပြီးသတ် အကြိုညှိနှိုင်း အစည်းအဝေးဟူ၍ သုံးမျိုး ရှိသည်။
မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးဆိုသည်မှာ ရာဇဝတ်မှု ဖြစ်စေ၊ တရားမမှုဖြစ်စေ စစ်ဆေးစီရင်ရာ တွင် စံသတ်မှတ်ကာလအတွင်း ပြီးပြတ်စေရန် မှုခင်းစစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ တရားရုံးက အမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ နည်းပညာ အထောက်အပံ့များဖြင့် စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲနိုင်ရန် စီစဉ် ဆောင်ရွက် ခြင်းကို ဆိုသည်။
မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးဆိုသည်မှာ ရာဇဝတ်မှုဖြစ်စေ၊ တရားမမှုဖြစ်စေ စစ်ဆေးစီရင်ရာ တွင် စံသတ်မှတ်ကာလအတွင်း ပြီးပြတ်စေရန် မှုခင်းစစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ တရားရုံးက အမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ နည်းပညာ အထောက်အပံ့များဖြင့် စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲနိုင်ရန် စီစဉ်ဆောင်ရွက် ခြင်းကိုဆိုသည်။
အကြိုညှိနှိုင်း အစည်းအဝေးဆိုသည်မှာ တရားမမှုများတွင် မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး ပြုလုပ်ပြီးနောက် ငြင်းချက်မထုတ်မီ နှစ်ဖက်အမှုသည်များက ဆောင်ရွက်လိုသည့် ကိစ္စရပ်များ ကို ကြိုတင်ပြင်ဆင်စေပြီး သတ်မှတ်ထားသည့် ကာလအတွင်း ဆောင်ရွက်စေရန် ပြုလုပ်သည့် အစည်းအဝေးကိုဆိုသည်။
အပြီးသတ်အကြိုညှိနှိုင်းအစည်းအဝေးဆိုသည်မှာ ရာဇဝတ်မှုဖြစ်စေ၊ တရားမမှုဖြစ်စေအမှုတွင် တင်ပြထားသည့် သက်သေ များကို ကြားနာစစ်ဆေးရန် နေ့ရက်၊ စာမှတ်စာတမ်းအထောက် အထားများတင်ပြရန် နေ့ရက်တို့ကို ကြိုတင် ညှိနှိုင်းသတ်မှတ်၍ သတ်မှတ်သည့်နေ့တွင် မပျက် မကွက်ကြားနာ စစ်ဆေးနိုင်ရန်နှင့် တင်ပြရန်ပြုလုပ်သည့် အစည်းအဝေးကို ဆိုသည်။
▲ အသိပေးအကြောင်းကြားခြင်း ▲
တရားရုံးသည် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးပြု လုပ်ရန် နှစ်ဖက်အမှုသည်များကို နောက်ဆက် တွဲ (က) ပုံစံဖြင့် အသိပေး အကြောင်းကြားသည်။ နောက်ဆက် တွဲပုံစံ (က) နှင့်အတူ အမှုသည် များနှင့် ရှေ့နေများက ပြင်ဆင်ထားသင့်သော အချက်အလက်များစာရင်း နောက်ဆက်တွဲ (ခ) ပုံစံပါ ပေးအပ်သည်။
နောက်ဆက်တွဲ (က) ပုံစံသည် ရာဇဝတ်မှုဖြစ်လျှင် ဥပဒေအရာရှိ၊ ရှေ့နေ၊ မှုခင်းမှတ်တမ်း တာဝန်ခံနှင့် တရားခံ သို့မဟုတ် ၎င်း၏ရှေ့နေတို့ထံသို့လည်းကောင်း၊ တရားမမှုဖြစ်လျှင် တရားလို၊ ကာယကံရှင်အမှုသည်နှင့် တရားပြိုင် သို့မဟုတ် ၎င်း၏ရှေ့နေတို့ထံသို့လည်းကောင်း အကြောင်းကြားစာဖြစ်သည်။ ယင်းစာတွင် အစည်းအဝေးသို့ လာရောက်ရန် ပျက်ကွက်ပါက တရားရုံးက သတ်မှတ်သည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်ရမည်ဟု ဖော်ပြထား သည်။
နောက်ဆက်တွဲ (ခ) ပုံစံတွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံ ခန့်ခွဲခြင်းကို ပိုမိုထိရောက်မှုရှိစေရန်နှင့် တရားရုံးရှေ့တွင် မည်သည့်နေ့ရက်၌ မည်သည့်ကိစ္စဆောင်ရွက်မည်ကို သတ်မှတ်နိုင်ရန် အမှုသည်များ၊ ရှေ့နေများက ကြိုတင်ပြင်ဆင် ထားသင့်သော အကြောင်းအရာ အချက် အလက်များ စာရင်းနှင့် တရားရုံးပြင်ပတွင် ဆောင်ရွက်ထားသင့်သည်များကို အကြံပြုချက်များ ဖော်ပြရသည်။
ယင်းအကြံပြုချက်များတွင် အငြင်းပွားမှုပြဿနာ နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ထားသင့်သော အချက်အလက်များ၊ ကြိုတင်မျှော်မှန်းထားသော လုပ်ထုံး လုပ်နည်း သို့မဟုတ် သက်သေခံ ဆိုင်ရာအချက်အလက်များ၊ သက်သေများနှင့် သက်သေခံအထောက်အထားများ၊ ရုံးချိန်းအချိန် ဇယား၊ အမှုသည်အချင်းချင်းညှိနှိုင်း ဖြေရှင်းခြင်း စသည့်အပိုင်းငါးပိုင်း ပါဝင်သည်။
▲ အစည်းအဝေးတွင်ဆောင်ရွက်ရန်အချက်များ ▲
မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးတွင် အမှုကိုကျေအေး ရုပ်သိမ်းလိုသောဆန္ဒရှိ-မရှိ မှတ်တမ်းတင် သည်။ အမှုအမျိုးအစားနှင့် အချိန်သတ်မှတ်သည်။ သက်သေခံချက်များ တင်သွင်းရမည့်နေ့ရက်၊ အပြီးသတ်သက်သေ စာရင်းတင်သွင်းရမည့်နေ့ရက်၊ ကြားနာစစ်ဆေးစီရင်ရန် လိုအပ်သော အချိန်ကာလ၊ ကျွမ်းကျင်သူထင်မြင်ချက်၊ အစီရင်ခံစာ စသည်တို့အတွက် လိုအပ်သော အချိန်ကာလ၊ အကြိုညှိနှိုင်းအစည်းအဝေးနှင့် အပြီးသတ် အကြိုညှိနှိုင်း အစည်းအဝေး ပြုလုပ်မည့်နေ့ရက်၊ အမှု စတင်ကြားနာမည့်နေ့ရက် စသည်တို့ကို သတ်မှတ်သည်။
▲ မှတ်တမ်းတင်ခြင်း ▲
မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးများ ပြုလုပ်ရာ၌ ရာဇဝတ်မှုများအတွက်ဖြစ်လျှင် နောက်ဆက်တွဲ (ဂ-၁) ပုံစံဖြင့်လည်းကောင်း၊ တရားမမှုများအတွက်ဖြစ်လျှင် နောက်ဆက်တွဲ (ဂ-၂) ပုံစံဖြင့် လည်းကောင်း မှတ်တမ်းတင်သည်။
▲ တရားမမှုများအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေး ▲
တရားရုံးသည် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးပြု လုပ်ပြီးနောက် တရားမမှုများအတွက် နေ့ရက် တစ်ရက် သတ်မှတ်၍ နှစ်ဖက်အမှုသည်များနှင့် ရှေ့နေများ ပါဝင်သည့် အကြိုညှိနှိုင်း အစည်းအဝေး ပြုလုပ်သည်။ ယင်းအစည်းအဝေးတွင် တောင်းဆိုသည့်သက်သာခွင့်များကို မှတ်တမ်းတင်၍ အမှုအမျိုးအစားသတ်မှတ်ခြင်း၊ ချေလွှာမတင်မီ အဆင်သင့်ဖြစ်-မဖြစ် နှစ်ဖက်အမှုသည် တို့မှတင်ပြခြင်း၊ ချေလွှာမတင်မီ နှစ်ဖက်အမှုသည်တို့က လျှောက်ထားတင်ပြ လိုသည့် ကိစ္စရပ်များ အတွက် နေ့ရက်သတ်မှတ်ခြင်း၊ ချေလွှာတင်ရန် နောက်ဆုံး နေ့ရက်၊ ငြင်းချက်ထုတ်ရန်နေ့ရက်၊ အပြီးသတ်အကြိုညှိနှိုင်း အစည်းအဝေးပြုလုပ်မည့် နေ့ရက်များ သတ်မှတ်သည်။
▲ ရာဇဝတ်မှုများအတွက်အပြီးသတ်အကြိုညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်း ▲
ရာဇဝတ်မှုများတွင် အပြီးသတ်အကြိုညှိနှိုင်း အစည်းအဝေးကို သမ္မန်မှုများတွင် နှစ်ဖက် သက်သေများ ကြားနာစစ်ဆေးခြင်းမပြုမီ ပြုလုပ်သည်။ ဝရမ်းမှုများတွင် တရားလိုနှင့် သက်သေများ မစစ်ဆေးမီတွင် တစ်ကြိမ်၊ တရားခံနှင့် သက်သေများ မစစ်ဆေးမီ တစ်ကြိမ် ပြုလုပ်သည်။
အစည်းအဝေးတွင် တရားလိုဘက်အတွက် အမှုကို ကျေအေး၊ ရုပ်သိမ်းလိုခြင်း ရှိ-မရှိကို လည်းကောင်း၊ နှစ်ဖက် တင်ပြချက်များနှင့် တရားရုံး၏ဆောင်ရွက်ချက် များကိုလည်းကောင်း၊ အချက်အလက်၊ စာရွက်စာတမ်း၊ အထောက် အထားများ ပြည့်စုံမှုရှိ-မရှိကိုလည်းကောင်း မှတ်တမ်းတင်သည်။ တရားလိုဘက်ကို ကြားနာစစ်ဆေးရန် နေ့ရက်၊ အချိန်များ၊ အမှု စစ်ဆေးခြင်းကြာမြင့်မည့် အချိန်ကာလ၊ နောက်တစ်ကြိမ်အစည်းအဝေးပြုလုပ်မည့် နေ့ရက်၊ အချိန်များ သတ်မှတ်သည်။
အစည်းအဝေးတွင် တရားခံဘက်အတွက် စွဲချက်တင်ပြီး ပြန်ခေါ်သက်သေရှိလျှင် ကြားနာ စစ်ဆေးပြီး နောက် မှတ်တမ်းတင်ခြင်း၊ ကျေအေး၊ ရုပ်သိမ်းခြင်း ရှိ-မရှိ ထပ်မံမှတ်တမ်း တင်ခြင်း၊ တရားခံဘက်မှတင် သွင်းမည့် စာရွက်စာတမ်းများ ပြည့်စုံမှုရှိ-မရှိ မှတ်တမ်း တင်ခြင်း၊ တရား ခံဘက်စစ်ဆေးရန် နေ့ရက်၊ အချိန်များ သတ်မှတ်ခြင်း၊ တရားခံဘက်ကို ကြားနာ စစ်ဆေးရန် ကြာမြင့်မည့်အချိန်ကာလ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်သည်။
▲ တရားမမှုများတွင် အပြီးသတ်အကြိုညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်း ▲
တရားမမှုများ၏ အပြီးသတ်အကြိုညှိနှိုင်းအစည်း အဝေးတွင် နှစ်ဖက်အမှုသည်များ တောင်းဆို သည့် သက်သာခွင့်များကို မှတ်တမ်းတင်၍ အမှုအမျိုးအစား သတ်မှတ်ခြင်း၊ ကျေအေး၊ ပြေငြိမ်း၊ ရုပ်သိမ်းလိုသည့်ဆန္ဒ ရှိ-မရှိ မေးမြန်း၍ မှတ်တမ်း တင်ခြင်း၊ နှစ်ဖက်အမှုသည်များ တင်ပြချက် နှင့် တရားရုံး၏ဆောင်ရွက်ချက်တို့ကို မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်သည်။ အစည်းအဝေး အတွက် အချက်အလက်များ၊ လိုအပ်သည့် စာမှတ်စာတမ်း သက်သေခံအထောက်အထားများ ပြည့်စုံမှုရှိ-မရှိ စိစစ်သည်။ တရားလိုဘက်ကိုစစ်ဆေး မည့်နေ့ရက်နှင့် အချိန်၊ အမှုကြားနာ စစ်ဆေးမည့်အချိန် ကာလနှင့် စတင်စစ်ဆေးမည့်နေ့ရက် စသည်တို့ကို သတ်မှတ်သည်။
▲ တာဝန်ရှိခြင်း ▲
အမှုသည်များနှင့် ရှေ့နေများသည် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အရ သတ်မှတ်ထားသည့် ရုံးချိန်း ရက်များ တွင် အထူးအရေးကြီးအကြောင်းကိစ္စရှိသည်မှတစ်ပါး ရုံးချိန်းပျက်ကွက်ခြင်းမရှိစေရန် တာဝန်ရှိသည်ဟူ၍ လည်းကောင်း၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဖြင့် အမှုများကို ကြားနာစစ်ဆေး စီရင်ရာတွင် မှန်မှန်နှင့်မြန်မြန် ထိရောက်စွာ စစ်ဆေးပြီးပြတ် စေရေးအတွက် နှစ်ဖက်အမှုသည် များ၊ ဥပဒေအရာရှိ၊ မှုခင်းမှတ်တမ်းတာဝန်ခံ၊ ရှေ့နေများနှင့် အမှုနှင့်သက်ဆိုင်သူ အားလုံးတွင် တာဝန် ရှိသည်ဟူ၍လည်းကောင်း မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၁၇ နှင့် ၂၃ တို့ တွင် ဖော်ပြထားသည်။
▲ သုံးချောင်းထောက်တြိဂံပုံသဏ္ဌာန် ▲
မဟာဗျူဟာဖြစ်သည့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုစနစ် အောင်မြင်နိုင်ရေးအတွက် တရားသူကြီးများသည် အဓိကအခရာ ပဲ့ကိုင်နေရာမှ တာဝန်ယူရသည်မှန်သော်လည်း အကောင်အထည် ဖော်ဆောင်ရွက်ရမည့် နည်းဗျူဟာသည် သုံးချောင်း ထောက်တြိဂံပုံသဏ္ဌာန် အသွင်မြင်တွေ့ရသည်။ တရားသူကြီးများက ဒေါက်တိုင်တစ်ခု၊ ဥပဒေအရာရှိ၊ တရားလို၊ ၎င်း၏ရှေ့နေနှင့် မှုခင်းမှတ်တမ်း တာဝန်ခံတို့က ဒေါက်တိုင်တစ်ခု၊ တရားခံ၊ တရားပြိုင်နှင့် ၎င်းတို့၏ရှေ့နေတို့က ဒေါက်တိုင်တစ်ခု စုစုပေါင်း ဒေါက်တိုင်သုံးခု၏အားဖြင့် တည်ဆောက် ထားသည်။
▲ အားသုံးအား ▲
နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုစနစ် ကျင့်သုံးဆောင် ရွက်ရာတွင် တရားသူကြီးများအပါအဝင် သက်ဆိုင်သူ များဖြစ်ကြသည့် ဥပဒေအရာရှိ၊ တရားလို၊ ၎င်း၏ ရှေ့နေနှင့် မှုခင်းမှတ်တမ်း တာဝန်ခံ၊ တရားခံ၊ တရား ပြိုင်နှင့် ၎င်းတို့၏ရှေ့နေများသည် မိမိတို့တာဝန်ယူကြ ရမည့် အခန်းကဏ္ဍမှ စေတနာအား၊ ပညာအား၊ ဝီရိယ အားတည်းဟူသော အားသုံးအားဖြင့် ပါဝင်ပူးပေါင်း ဆောင်ရွက် ကြမည်ဆိုပါက မှန်ကန်မြန်ဆန်သည့် တရားစီရင်ရေးစနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်မိကြောင်း ပါဗျာ။
- နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုစနစ် အောင်မြင်ပါစေ၊
- သက်ဆိုင်သူများတာဝန်ကိုယ်စီ ယူနိုင်ကြပါစေ၊
- စေတနာအား၊ ပညာအား၊ ဝီရရိယအားတို့ဖြင့် ဆောင်ရွက်နိုင်ကြပါစေ။
(နိုင်ငံတော်တည်ဆောက်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းဆောင်ရွက်သည်ဟု ဆိုထားရာ ဥပဒေဆိုင်ရာ အကြောင်းအရာ များကို ပြည်သူများ သိရှိလေ့လာနိုင်ရန် စာရေးသူ မောင်စာဂ၏ ဥပဒေနှင့်စပ်ဆိုင်သော ဆောင်းပါးများကို ဖော်ပြပေး သွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။ (စာတည်းအဖွဲ့))