Skip to main content

နည်းပညာခေတ်နှင့် ခေတ်ပြိုင်မြန်မာလူငယ်မောင်မယ်များ စဉ်ဆက်မပြတ်မွေးထုတ်ရာ သတင်း အချက်အလက် နည်းပညာတက္ကသိုလ်

ရန်ကုန်မြို့ လှိုင်မြို့နယ် တက္ကသိုလ်များ လှိုင်နယ်မြေရှိ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်ကား ယနေ့ နည်းပညာခေတ်ကြီးအတွင်း မြန်မာလူငယ်မောင်မယ်များ ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်စေရန်အတွက် မရှိမဖြစ် တက္ကသိုလ်တစ်ခုဖြစ်သည်။

ယနေ့ခေတ်သည် IT ခေတ်ဖြစ်သောကြောင့် IT နည်းပညာရပ်တတ်မြောက်သူများသည် ကမ္ဘာ တစ်ဝန်းတွင် အလုပ်အကိုင် အခွင့်အလမ်းရရှိမှုအများဆုံးဖြစ်ကြောင်း သိရသည်။

သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က တစ်နိုင်ငံလုံးရှိ ထူးချွန်ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ကွန်ပျူတာသင်တန်းများ တက်ရောက်၍ ထူးချွန်ထက်မြက်သည့်ဘွဲ့ရလူငယ်များ မွေးထုတ်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည်။

သင်တန်းကာလမှာ ငါးနှစ်ဖြစ်ပြီး အထူးပြုဘာသာရပ်အလိုက် အောင်မြင်သူများကို သက်ဆိုင်ရာ ကွန်ပျူတာသိပ္ပံဘွဲ့များဖြစ်သည့် ပရိုဂရမ်အင်ဂျင်နီယာ B.C.Sc. (Software Engineering)၊ အသိပညာ အင်ဂျင်နီယာ B.C.Sc.(Knowledge Engineering)၊ စီးပွားရေး သတင်းအချက် အလက်စနစ် B.C.Sc.(Business Information Systems)၊ စွမ်းရည်မြင့်တွက်ချက်မှုပညာ B.C.Sc.(High Performance Computing )၊ မြှုပ်နှံထိန်းချုပ်စနစ် B.C. Tech. (Embedded Systems)၊ ဆက်သွယ်ရေးနှင့် ကွန်ရက်ပညာ B.C. Tech. (Communication and Networking)၊ ကွန်ပျူတာ စနစ်ပညာ B.C. Tech. (Computer Systems) ဘွဲ့များကို ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။ တက်ရောက်သည့် ကျောင်းသား ကျောင်းသူ ၃၀ ရာခိုင်နှုန်းသည် နယ်မှဖြစ်သော ကြောင့် လှိုင်နယ်မြေတွင်ကျောင်းသား ကျောင်းသူများနေရန် ဘော်ဒါဆောင်တစ်ဆောင်စီ ထားရှိ ပေးကြောင်း သိရသည်။

အဆိုပါဘွဲ့သင်တန်းများအပြင် ရုံးချိန်ပြင်ပတွင် ဖွင့်လှစ်သည့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးမှု သင်တန်း (Diploma In IT)ဘွဲ့ကြိုဒီပလိုမာသင်တန်းကို ဖွင့်လှစ်ထားကြောင်း၊ အဆိုပါ ဒီပလိုမာ သင်တန်းသည် အာဆီယံရှစ်နိုင်ငံ အသိအမှတ်ပြုထားသည့်အပြင် ဂျပန်နိုင်ငံက ဦးစီးကျင်းပသည့် IT Professional Examination Council (ITPEC) ဖြေဆိုနိုင်ပြီး အောင်မြင်ပါက အငယ်တန်း အင်ဂျင်နီယာအဖြစ် အာဆီယံနိုင်ငံများတွင် အလုပ်လုပ်ကိုင်ခွင့်ပြုကြောင်း သိရသည်။

“ဒီသင်တန်းမှာ ကွန်ပျူတာအခြေခံတွေကို အားလုံးသင်ကြားပေးထားပါတယ်။ ITPEC က ကျင်းပတဲ့ စာမေးပွဲဖြေနိုင်ဖို့အတွက်ဦးတည်ပြီး လေ့ကျင့်သင်ကြားပေးပါတယ်။ ဒီတော့ကျောင်းသား တစ်ယောက်အနေနဲ့ နေ့သင်တန်းတွေ အမှတ်မမီလို့ တက်ရောက်ခွင့်မရခဲ့ဘူးဆိုရင် ဒုတိယအခွင့် အရေးအနေနဲ့ Diploma In IT သင်တန်းကို ကျောင်းချိန်ပြင်ပမှာ တက်ရောက်နိုင်ပါတယ်။ လျှောက်ထားသူက ရေးဖြေစာမေးပွဲကို ဖြေဆိုအောင်မြင်ရမယ်။ ဖွင့်လှစ်တာက မကြာသေးဘူး၊ ပထမအသုတ်ပဲ ဖွင့်ရသေးတယ်။ တက်ရောက်ရာမှာ ITPEC က စစ်ဆေးတဲ့စာမေးပွဲကို မအောင် မြင်ခဲ့ရင်တောင် အခုသင်တန်းက စစ်ဆေးတဲ့ဘာသာ ရပ်တွေအားလုံးအောင်မြင်ပြီး ကျောင်းကပေးတဲ့ Diploma In IT ရရှိပြီး လုပ်ငန်းခွင်ထဲ ဝင်သွားလို့ရတဲ့အဆင့်မျိုး ရရှိအောင်သင်ကြား ပါတယ်။ ITPEC ကိုပါ အောင်မြင်ခဲ့ရင် ဒီကျောင်းက စတုတ္ထနှစ်သင်တန်းကို ပေါင်းကူးအနေနဲ့ တက်ရောက်ခွင့်ရရှိမှာပါ” ဟု ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေး က ပြောသည်။

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တွင် တက်ရောက်အောင်မြင်သွားသည့် ကျောင်းသား ကျောင်းသူများသည် အလုပ်အကိုင်ရရှိမှု အခွင့်အရေး များစွာရှိကြောင်း လည်း သိရသည်။

ဘွဲ့ရသူများအနေဖြင့် ၁ဝဝ ရာခိုင်နှုန်း အပြည့်အဝ အလုပ်အကိုင်ရရှိကြကြောင်း၊ ယခုကျောင်း၌ မာစတာတက်နေသည့်ကျောင်းသား ကျောင်းသူများရှိသည့် အပြင်ကျောင်းနှင့် ချိတ်ဆက်ထားသော ပြည်ပမှကျောင်းများတွင် မာစတာ ဆက်တက်ကြကြောင်း၊ ယခုနှစ်တွင် မာစတာတက်သည့် လေးဦးသည် ဂျပန်နိုင်ငံတွင် မာစတာစကောလားရှစ်နှင့် သွားတက်ရကြောင်း၊ ကိုရီးယားတက္ကသိုလ်တွင်လည်း နှစ်ယောက်သွားတက်ရကြောင်း၊ ယင်းကျောင်းသားများသည် လာမည့်စက်တင်ဘာလ တွင် ဘွဲ့ရပြီးသည်နှင့် ပြည်ပနိုင်ငံများတွင် မာစတာ ဆက်တက်ရမည်ဖြစ်ကြောင်း၊ ယင်းကြောင့် ကျောင်းသားမိဘများကပါ ဤ ကျောင်းကိုတက်ရန်အတွက် စိတ်ဝင်စားမှုများလာကြကြောင်း ပါမောက္ခချုပ်က ဆိုသည်။

“တစ်ခါတစ်ရံ ကုမ္ပဏီတွေဘက်က အလုပ်ခန့်ချင်လို့ခေါ်တာကို အလုံအလောက် မပေးနိုင်ဘူး။ ခေါ်တာက ပြည်တွင်းကုမ္ပဏီတွေပါသလို ပြည်တွင်းမှာ အခြေစိုက်တဲ့ နိုင်ငံတကာကုမ္ပဏီတွေလည်း ပါဝင်တယ်။ ဒါ့အပြင် နိုင်ငံတကာကိုလည်း ပို့တယ်။ ဒီလိုပို့ရာမှာ ITPEC အောင်မြင်တဲ့သူ တွေကို ရွေးချယ်ခွင့်ပြု မယ်လို့ ကျောင်းသားတွေ ကိုပြောထားတယ်။ သူတို့က စတုတ္ထနှစ်အပြီးမှာ ဒီစာမေးပွဲကို ဖြေဆိုကြတယ်။ ပထမဘွဲ့ရတဲ့အသုတ်က ကိုးယောက်သွားနိုင်ခဲ့တယ်။ ဒုတိယဘွဲ့ရတဲ့အသုတ်က ၁၈ ယောက်သွားနိုင်ခဲ့တယ်။ တတိယအသုတ်ကတော့ ၃၀ ကျော်သွားတယ်။ အများအားဖြင့် ဂျပန်နိုင်ငံ၊ နောက်ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေ သွားကြတယ်”ဟု ၎င်းက ပြောသည်။
၂၀၁၉ ခုနှစ် ဇွန် ၈ ရက်တွင်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် ကျောင်းသား ကျောင်းသူများသည်ဇွန် ၂၄ ရက်မှ ဇူလိုင် ၂၃ ရက်အထိ တက္ကသိုလ်ဝင်ခွင့်များ လျှောက်ထားရ မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့ရာ စိတ်ပါဝင်စားမှုအမြင့်ဆုံး စာရင်းဝင် တက္ကသိုလ် ၁၄ ခု တွင် သတင်း အချက်အလက် နည်းပညာတက္ကသိုလ်သည် တစ်ခုအပါအဝင်ဖြစ် ကြောင်း သိရသည်။

ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအးက ‘’သတ်မှတ်ထားတဲ့ အရည်အချင်းတွေကတော့ ၂၀၁၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူဖြစ်ရမယ်။ တက္ကသိုလ်ဝင်ခွင့် လျှောက် ထားစဉ်မှာ တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနဲ့ ကိုက်ညီ သူဖြစ်ရ ပါမယ်။ စုစုပေါင်းရမှတ်၄၅၀ နဲ့အထက် ရှိသူတွေ လျှောက်ထားနိုင်ပါတယ်။ ဒီထဲမှာမှ တက္ကသိုလ်ဝင်စာမေးပွဲမှာ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်တွေပါဝင်တဲ့ ဘာသာရပ်တစ်ခုခုနဲ့ ဖြေဆိုအောင်မြင်သူ ဖြစ်ရပါမယ်။ မနှစ်ကဆိုရင် လျှောက်ထားသူ ကျောင်းသား ကျောင်းသူ ၃ဝဝ၀ အနက်က အမှတ်အမြင့်ဆုံးရရှိသူ ၂ဝဝ ကို ရွေးချယ်လက်ခံခဲ့ပါတယ်” ဟုပြောသည်။

ယခုနှစ် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို ပထမဦးစားပေး ရွေးချယ်လျှောက်ထားလို သူများသည် လျှောက်လွှာစာအိတ်ထဲတွင် သီးခြားလျှောက်ထား ရသော တက္ကသိုလ် ၁၄ ခုအနက် သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်ကို အမှန်ခြစ်၍ ရန်ကုန်မြို့လှိုင်မြို့နယ် ၁၂ ရပ်ကွက် ပါရမီလမ်း တက္ကသိုလ်များ လှိုင်နယ်မြေ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်ထံ လိပ်မူကာ စာတိုက်မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်ဖြစ် ကြောင်း သိရသည်။

သတင်းဆောင်းပါး-မြတ်စန္ဒာ၊ ဓာတ်ပုံ-လှမိုး