Skip to main content

အထူးသံတွေ မြန်းကြလေသည် ဒါးဗို့စ်ဆီ

မဆုံဖြစ်ကြတာကြာပြီနော်။

ပျော်ရွှင်ဖွယ်နှစ်သစ်ပါ။ ကျန်းမာပါရဲ့နော်။

ဂျီနီဗာနဲ့ နယူးယောက်မှာရှိတဲ့ အထက်တန်းလွှာ ဆင်စွယ်နန်းတော်တွေဆီက ကိုယ်ကျိုးရှာ ရေပေါ်ဆီ အတ္တဘောကြီးများ နာယူမှတ်သားကြစေဖို့ အလို့ငှာ တစ်ချီတစ်မောင်း ပြစ်တင်ရှုတ်ချဆုံးမ ပေးချိန် ရောက်ခဲ့ပြန်ပါပြီ။

အစဉ်အဆက်သော အထူးသံတမန်တို့ ဘုရားလည်းဖူး လိပ်ဥလည်းတူးဖို့ ဒါးဗို့စ်ကို ကြွမြန်းသွားကြသပေါ့။ နောက်ဆုံးတစ်ယောက်လည်း ထိုနည်းတူစွာပါပဲ။ သူလည်းအရင်ခြေရာကို လိုက်သွားတာပါပဲ။ အဲဒီမှာ သူတို့တစ်တွေဆုံကြတဲ့အခါ ဒေသခံနိုင်ငံသား သူတို့ထက်အရင် အရိုက်အရာခံခဲ့သူနဲ့အတူ ကော်ဖီလေးတစ်ငုံတစ်စုပ် (အိတ်ထဲပါလာတဲ့ ပြင်သစ်ဝိုင်ကောင်းကောင်းလေးလည်း ဖြစ်ချင်ဖြစ်မပေါ့) သောက်ကောင်းသောက်ကြမယ်။ အထူးသံတမန်အရိုက်အရာကို ဆက်ခံခဲ့ကြတဲ့ သူတို့သုံးယောက်စလုံးဟာ အရည်အချင်းကို အခြေခံပြီး ခန့်အပ်ခံခဲ့ကြရတာမဟုတ်ဘဲ နယူးယောက်မှာရှိတဲ့ သူတို့အထက်ဆရာကြီးတွေက DEI အစီအစဉ်အရ ခန့်အပ်ခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီတော့ မြန်မာပြည်သူတွေဘာရခဲ့သလဲဆိုရင် ကပ်တွေတစ်ခုပြီးတစ်ခုဆိုက်ရတာပါ။ အရင်အထူးသံတမန်နှစ်ယောက်က အရည်အချင်းမှာ အပေါ့စားခပ်ချာချာ။ နောက်ဆုံးတစ်ယောက်က လည်း “ခေတ်ဆွေး”“သုံးစားမရ”၊ ဘယ်သူ့စာရင်းမှာမှ မပေါက်သူ။ ဒါပေမဲ့လည်း အထူးသံတမန်ဆိုတဲ့ ဂုဏ်ပုဒ်လေးကိုင်ပြီး ဒါးဗို့စ်ကိုတော့ ကြွခဲ့သေးတာပေါ့။ ပြီးတော့လက်ရှိအထူးသံတမန်က ပြီးခဲ့တဲ့လထဲမှာ အာရှနဲ့အာဆီယံကခေါင်းဆောင် တချို့နဲ့တွေ့ဆုံဖို့ဆိုပြီး ဒါးဗို့စ်ကိုသွားခဲ့ပါတယ်။ ဒါကြီးကလိုအပ်လို့လား။ အဲဒီအာရှနိုင်ငံတွေက ခေါင်းဆောင်တွေဆိုတာ ဒေသမှာပဲရှိနေတာပါ။ အာဆီယံ ၁၀ နိုင်ငံရဲ့ မြို့တော်တွေကိုသွားတဲ့ခရီးစဉ် တစ်ခုလုံးစရိတ်ဟာ ဒါးဗို့စ်ကို လေယာဉ်အထူး တန်းစီးပြီး အသွားအပြန်စရိတ်နဲ့ အတူတူပါပဲ။ ဒါပေမဲ့ဟင့်အင်း၊ ဒါးဗို့စ်ကိုပဲသွားမှာပါတဲ့။ ဘာကြောင့်လဲဆိုရင် အဆက်အသွယ်လုပ်ခွင့်ရမယ့် ခရီး၊ အနာဂတ်သူ့အလုပ်ရှင်ဖြစ်လာဖွယ်ရှိသူတွေ သိအောင် သူ့ရဲ့ စွမ်းဆောင်မှုတွေကို ကြော်ငြာရမယ့် ခရီးဖြစ်လို့ပါ။

မြန်မာပြည်သူတွေရဲ့ ဘဝတွေကို ပိုကောင်း အောင်လုပ်ဖို့ဆိုတဲ့ တစ်ခုတည်းသောရည်ရွယ်ချက်နဲ့ ဒါးဗို့စ်ကို သွားတာတော့မဟုတ်ဘူး။ တစ်နှစ်လျှင် တစ်ပတ်ကြာ ဒါးဗို့စ်ကိုသဝေထိုးတဲ့ပွဲမှာ ကမ္ဘာ့အထက်တန်းလွှာတွေ မြန်မာ့အရေးနဲ့ဝေးနိုင်သမျှ ဝေးကွာနေကြတာပါ။ မြန်မာပြည်သူတွေ ကောင်းကျိုး ချမ်းသာရရေးဟာ သူတို့ရဲ့ဦးစားပေးအလုပ် မဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား။ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာ အံ့ဩစရာမရှိပါဘူး။ ဒီတစ်ပတ်မှာ သူတို့ရဲ့အင်အားအကြီးဆုံး အန်ကယ် ကြီးပြောတာကိုလူတွေက အာရုံစိုက်သင့်ပါတယ်။ “ထိုနေရာ၊ ထိုဒေသဟာ ဖွံ့ဖြိုးတိုးတက်မယ့် အလားအလာ ကြီးကြီးမားမားရှိပေမယ့်လည်း သူတို့ဟာ ဘယ်အရာကိုမျှ မဖြေရှင်းနိုင်ခဲ့ကြဘူး”တဲ့။ အမှန်ပါပဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ဘယ်ပဋိပက္ခများ ပြေလည်သွားခဲ့လို့လဲ။

မကြာသေးခင်ကရော။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာရ်စီ) လောင်မီးကျနေတယ်။ ဂိုမာကျသွားပြီ။ သူတို့ရဲ့အကြီးဆုံး မစ်ရှင်ရှိတဲ့နေရာက ဂိုမာပါ။ အမြဲ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်နေကြတဲ့ ဂျီနီဗာ/နယူးယောက်ကလူတွေ ဒီအာရ်စီမှာ ၁၉၉၀ ပြည့်လွန် နှစ်လယ်ပိုင်းကတည်းက ရှိနေခဲ့ကြတာ။ ဒီအာရ်စီ ဆိုတာ အမြဲတမ်း သူတို့လျှာဖျားမချ ပြောနေကြတဲ့ အကြောင်းအရာ။ အခုသူတို့ကြည့်ရှုစောင်မထားတဲ့ ဒီအာရ်စီဘယ်လိုဖြစ်နေလဲ ကြည့်လိုက်ပါဦး။ ပြီးတော့ဆူဒန်လည်းရှိသေးတယ်။ ဆယ်စုနှစ်ပေါင်းများစွာ အဲဒီမှာသူတို့ရှိနေခဲ့ကြတာ။ သူတို့မျက်မှောက်မှာတင် ပြည်တွင်းစစ်ဖြစ်လာတယ်။ လူပေါင်း ၁၁ သန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ရတယ်။ လူပေါင်းသုံးသန်းကျော် (အများအားဖြင့် အမျိုးသမီးနဲ့ ကလေးတွေ)နိုင်ငံက ထွက်ပြေးခဲ့ကြရတယ်။ ဆူဒန်အတွက် ဘာများသူတို့လုပ်ပေးနိုင်ခဲ့လို့လဲ။

ဆက်ပါဦးမယ်။

“တရားရုံး” ဆိုတာလည်းရှိသေးတယ်။ သူတို့ရဲ့ အကြီးဆုံးအန်ကယ်ကြီးက “တရားရုံး”ကို အရေးယူဒဏ်ခတ်ထားတယ်။ တကယ်လို့ မြန်မာနိုင်ငံ၊ ဒါမှမဟုတ် ဘာကီနာဖာဆို၊ ဒါမှမဟုတ် အခြားနိုင်ငံ ငယ်လေးတွေဆိုရင်ရတတ်သမျှ အရာအားလုံး ဘာမှမကျန်အောင်ကို အသုံးချပြီး ပြန်နှိပ်ကွပ်မှာ။ ဒါပေမဲ့အကြီးဆုံးအန်ကယ်ကြီး ဖြစ်နေတော့ သူတို့ဘာမှပြန်မလုပ်ဝံ့ဘူး။ ဆူဒန်မှာထုတ်ထားတဲ့ ဖမ်းဝရမ်းကလည်းကြာပြီ။ အခုအထိမဖမ်းနိုင်သေးဘူး။ “အောင်မြင်” လိုက်တာနော်။ ပြီးတော့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာပါတယ်ဆိုတဲ့ “ဌာနတွင်း” စုံစမ်းစစ်ဆေးရေးကိစ္စကရော။

ဘာသံမှထပ်မကြားရပါလား။

မကြာသေးမီကတော့ နယူးယောက်ဆင်စွယ်နန်းတော်မှာအခြေစိုက်တဲ့ သတင်းထောက်တစ်ယောက်က အကြောင်းစုံဖွင့်ချလိုက်တယ်။ အမြဲတမ်းပါးစပ်မစေ့၊ အာပေါင်အာရင်းသန်သန် ပြောနေကြတဲ့ ကိုယ်ကျိုးရှာရေပေါ်ဆီ အတ္တဘောကိုယ်တော်တွေအားလုံး အခုသူတို့ရဲ့ အင်အားအကြီးဆုံး အန်ကယ်ကြီးတစ်ခုပြီးတစ်ခု ထုတ်လိုက်တဲ့ အမိန့်တွေကြောင့် ရေငုံနှုတ်ဆိတ် ပါးစပ်ပိတ်နေ ကြတယ်တဲ့။ ဘယ်သူမှဘာမှအတွန့်မတက်ရဲကြဘူး။ ဒီကိုယ်ကျိုးရှာအတ္တဘောတွေဆိုတာ အရင်က အမြဲတမ်းအသံတွေထွက်နေတတ်တာ။ ဒါပေမဲ့ဒီလိုအင်အားကြီးတဲ့ အန်ကယ်ကြီးနဲ့ကျတော့သူတို့ အမြီးတွေကုပ်သွားလိုက်တာ အံ့ဩစရာကြီးပါလားဗျို့။

မြန်မာနိုင်ငံအတွက်တော့ ဒီလူတွေဝင်လာပြီး ဆရာလုပ်တာကို ခွင့်မပြုပါနဲ့။ ပြည်တွင်းရေးကို ပြည်တွင်းမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းပါ။ ဒီကိုယ်ကျိုးရှာအတ္တဘောတွေကဘာကိုမှ ဖြေရှင်း ပေးနိုင်မှာမဟုတ်ဘူး။ အကြီးဆုံးအန်ကယ်ကြီး ကိုယ်တိုင်က အဲဒီလို ပြောထားတာပါ။

ပဋိပက္ခကို ကြာအောင်ဆွဲဆန့်ထားနိုင်မှ သူတို့ရဲ့အကြံပေးလုပ်ငန်းက ဆက်ပြီးအတောမသတ် လည်ပတ်နိုင်မှာကိုး။ မြန်မာနိုင်ငံသားတွေ သတိထားကြပါ။ ပြည်တွင်းမှာ အခြေအနေတွေ ကောင်းလာရင် အပြာရောင်ဖဲကြိုးကော်မရှင်တို့၊ “အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေး” ကော်မရှင် တို့ဆိုတာတွေဖွဲ့ပြီး သူတို့တွန်းအားပေးကြပါဦးမယ်။ DEI (မတူကွဲပြားမှု၊ တန်းတူညီမျှမှုနဲ့ အားလုံးပါဝင်မှု) အစီအစဉ်တွေကို ဦးစားပေးရမယ်လို့ ပြန်ပြီးဟောပြောကြလိမ့်ဦးမယ်။ သူတို့က အဲဒီကိစ္စတွေမှာ အရမ်းတော်ကြတာ။ အဲဒါတွေအားလုံးဟာ သူတို့အကျိုးစီးပွားအတွက်ပဲ။ မြန်မာနိုင်ငံသားတွေအတွက်မဟုတ်ဘူး။

ပြောချင်ပါသေးတယ်။

စစ်ဝတ်စုံဝတ်ပြီး နယ်စပ်ဒုက္ခသည်စခန်းတွေ မှာပေါ်လာတဲ့ နာမည်ကြီးကိုယ်ကျိုးရှာ အတ္တဘော ကြီးတစ်ဦးကို တစ်ချက်ကြည့်လိုက်ပါဦးစို့။ ခံ့ညားတဲ့ မာမာထန်ထန် ပုံဖမ်းချင်နေတာလားမသိ။ စစ်ဝတ်စုံကြီးနဲ့ပါ။ မမြင်တာကြာပြီဆိုတော့ သူ့အတိုင်ပင်ခံလုပ်ငန်း ဆက်လက်ရှင်သန်နိုင်ဖို့ ကိုယ်ထင်ပြလောက်တယ်။ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုမှာနေပြီး ဝင်ငွေရှာ ဘော်ချက်နေတာပါ။ အခုတော့သူတို့ရဲ့အကြီးဆုံးအန်ကယ်ကြီးက အတုအယောင် “အတိုင်ပင်ခံ” ဆိုသူတွေအတွက် ထောက်ပံ့ငွေတွေ အားလုံးရပ်တန့်ခိုင်းလိုက်ပါပြီ။ ခက်ကုန်ကြပြီပေါ့။

ကံကောင်းကြပါစေဗျာ…။

မှတ်ချက်။ (၁) DEI ဆိုသည်မှာ Diversity - လူမျိုး စုံပါဝင်ရေး၊ Equity - တန်းတူညီမျှရေး၊ Inclusion- အားလုံးပါဝင်ရေးဟူ၍ဖြစ်ပါသည်။

(၂) Blue Ribbon Commission - သီးခြားပြဿနာ တစ်ခုအား စုံစမ်းစစ်ဆေးရန်၊ လေ့လာရန် သို့မဟုတ် ခွဲခြမ်းစိတ်ဖြာရန်အတွက် ခန့်အပ်ထားသော လေးစားခံရပြီး အသိပညာမြင့်မားသောပုဂ္ဂိုလ်များအဖွဲ့။ (စာတည်းအဖွဲ့)

(၁၀-၂-၂၀၂၅ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ ကျော်မြင့် ထွန်း (ပါရီ) ၏ Envoys go to Davos ဆောင်းပါး ကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြခြင်း ဖြစ်ပါသည်)