Skip to main content

မြန်မာ့သနပ်ခါးနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ

ပေါက်ပေါက်

မြန်မာနိုင်ငံသူ နိုင်ငံသားများသည် သနပ်ခါးကို အစောဆုံး အေဒီ ၅ ရာစုခန့် ပုဂံခေတ်တွင် စတင်အသုံးပြုခဲ့ကြကြောင်း နံရံဆေးရေးပန်းချီ အထောက်အထားများအရ လေ့လာသိရသည်။ ထိုမှဆက်တိုက် ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်မှသည် ယနေ့မျက်မှောက်ခေတ်ထိအောင် ခေတ်အဆက်ဆက် သုံးစွဲလာကြသည်။ သနပ်ခါးလိမ်းကျံသည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကျား၊ မ မခွဲဘဲ လူတန်းစားပေါင်းစုံ နှစ်ခြိုက်စွာအသုံးပြုလျက်ရှိကြသည်။

ဒြပ်မဲ့ယဉ်ကျေးမှု

နှစ်လိုဖွယ်ကောင်းသည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် စာရင်းဝင်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုသားပြတိုက်ဦးစီးဌာနက ကြိုးပမ်းလျက်ရှိသည်။ လက်ရှိတွင် သနပ်ခါးကို ကျောက်ပျဉ်နှင့်သွေးပြီး လိမ်းရသည့်ဓလေ့အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မတ်လကုန်မတိုင်ခင် ၁၀ မိနစ်စာ မှတ်တမ်းဗီဒီယိုနှင့်အတူ တင်သွင်းရန် ဆောင်ရွက်လျက် ရှိသည်။

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုသို့ဝင်ရောက်နိုင်ရေး ကြိုးပမ်းမှုမတိုင်ခင်က မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့၌ပြုလုပ်သည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ညီလာခံ၌ ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သတ်မှတ်ခံခဲ့ရသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံ၏ ပထမဆုံးဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခု ဖြစ်လာသကဲ့သို့ မြန်မာ့သနပ်ခါးသည်လည်း ဒုတိယမြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်လာစေရေး ဆက်လက်ကြိုးပမ်းနေခြင်းဖြစ်သည်။

သနပ်ခါးသည် မြန်မာအမျိုးသမီးများ အစဉ်အဆက်သုံးစွဲခဲ့ကြသည့် ရိုးရာအလှပြင်ပစ္စည်း တစ်မျိုးဖြစ်သည်။ တစ်နည်းဆိုသော် သနပ်ခါးသည် မြန်မာအမျိုးသမီးများ၏ မူပိုင်ဖြစ်သည်။ အမျိုးသားတချို့လည်း သနပ်ခါးကို နှစ်သက်စွာလိမ်းကြသည်။ ဘိုးဘေးဘီဘင်ကစ၍ ၂၁ ရာစုတိုင် ခေတ်တွေ မည်မျှပြောင်းပြောင်းသနပ်ခါးကို မြန်မာ့ရိုးရာ အလှကုန်ပစ္စည်းအဖြစ် ကမ္ဘာက အသိအမှတ်ပြု လက်ခံနေသည်ကို စိုးစဉ်းမျှ ယုံမှားသံသယဖြစ်ဖွယ်မရှိနိုင်ပေ။

မြန်မာနိုင်ငံ၏ သနပ်ခါးအမျိုးစားထဲတွင် ရှင်မတောင်သနပ်ခါးနှင့် ရွှေဘိုသနပ်ခါးတို့သည် နာမည်ကြီးလှပေသည်။ သနပ်ခါးနှင့် ဓာတ်မတည့်သူ မရှိသလောက်ရှားသည်။ ရှေးမြန်မာအညာ ကျေးလက်တောသူလေးများ၏ ဓလေ့တစ်ခုရှိပါသည်။ သနပ်ခါးကို လက်ကလေးဖြင့် သပ်ယူကာ နဖူးပေါ်ကိုတင်၍ ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ညာဘက်ပါးပေါ်တင်ကာ ဓမ္မံသရဏံဂစ္ဆာမိ၊ ဘယ်ဘက်ပါးပေါ်တင်ကာ သံဃံသရဏံဂစ္ဆာမိဟုဆိုကာ သနပ်ခါးလိမ်းရင်း သရဏဂုံ တည်ဆောက်ကြသည်။ “မိုးလင်းတာနဲ့ မျက်နှာပေါ်မှာ သနပ်ခါးလေးရှိမှ ကျက်သရေရှိတာ”၊ “မြန်မာမိန်းကလေးတိုင်း သနပ်ခါးကို မြတ်မြတ်နိုးနိုးလိမ်းကြတယ်”၊ “မြန်မာ မိန်းကလေးတွေရဲ့ အသားအရေလှတာဟာ သနပ်ခါးကြောင့်ပေါ့”၊ “သနပ်ခါးလူးထားရင် လူကလန်းဆန်းနေတယ်”၊ “သနပ်ခါးနံ့က စိတ်ကြည်တယ် ဒါကြောင့် သနပ်ခါးကိုအမြဲလူးတယ်”စသည်ဖြင့် သနပ်ခါးလူးလေ့ရှိသူအများစုက သနပ်ခါးကောင်းကြောင်း အမွှမ်းတင်ပြောသည့် စကားသံများကို အမြဲလိုလိုကြားရသည်။

မာကျူရီကင်းသော မြန်မာ့သနပ်ခါး

အလှကုန်ပစ္စည်းအများစုကို တားမြစ်ဓာတုဆေးဝါးများဖြင့် ပြုပြင်ဖော်စပ်ထားသည်။ သုံးစွဲသူများကို ဘေးဥပဒ်ဖြစ်စေသော အသားဖြူခရင် (မ်) တွေကို လိမ်းမည့်အစား ရှေးထုံးမပျက် မြန်မာ့ရိုးရာ သနပ်ခါးအေးအေးမွှေးမွှေးလေးကို ကိုယ်တိုင်သွေးလိမ်းပြီး အလှဆင်သင့်သည်။ ထိုင်းနိုင်ငံရှိ သုတေသီများက သနပ်ခါးအခေါက်တွင်ပါရှိသော ဓာတ်ပစ္စည်းများကို အသေးစိတ်လေ့လာခဲ့ကြရာ သနပ်ခါးမှာ antioxidant (ခေါ်) ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ပါရှိနေသည့်အပြင် အသားအရေရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်ပစ္စည်းများ၊ ဗက်တီးရီးယားများကို သေစေသော ဓာတ်များနှင့် အရေပြားအရောင်ကို အပြောင်းအလဲဖြစ်စေသော ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပေးနိုင်သည့် ဓာတ်ပစ္စည်းများလည်း သဘာဝအလျောက်ပါရှိနေကြောင်း လေ့လာတွေ့ရှိထားကြသည်။ သနပ်ခါးကနေပူဒဏ်၊ နေလောင်ခြင်းဖြစ်စေသည့် အဆင့်မြင့်ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ထားနိုင်ကြောင်း ကျွမ်းကျင်ဆရာဝန်ကြီးများကလည်း အကြံပြုထားသည်။

အလားအလာကောင်းသော မြန်မာ့သနပ်ခါး

မြန်မာ့သနပ်ခါးကို အသင့်လိမ်း၍ရသည့်အဆင့်အထိ အချောထည်ပြုလုပ်ကာ အာဆီယံနိုင်ငံများဖြစ်ကြသော ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာ့သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ လက်ရှိတွင် မြန်မာ့သနပ်ခါးသည် ပြည်တွင်းဈေးကွက်၌ ရောင်းအားပုံမှန်ရှိပြီး ပြည်ပဈေးကွက်သို့ အကြမ်းထည်အဖြစ် တင်ပို့၍မရသည့်အတွက် လိမ်း၍ရသည့်အဆင့်အထိ အချောထည်ထုတ်လုပ်ကာ ခရင် (မ်) ပုံစံမျိုး ပြုလုပ်တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းအနေဖြင့် မြန်မာ့သနပ်ခါးကို UNESCO အသိအမှတ်ပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးကိုလည်း ပါဝင်ဆောင်ရွက်ပေးနေကြောင်းနှင့် ပြည်တွင်း၌ သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း အရာတော်၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးပြီး ခန့်မှန်းစိုက်ဧက သုံးသိန်းဝန်းကျင်ခန့်ရှိကြောင်းနှင့် သနပ်ခါးပင်များသည် ခြောက်နှစ်မှ ခုနစ်နှစ်အတွင်း ဈေးကွက်သို့ စတင်ဝင်ရောက်ပြီး သားတက်သနပ်ခါးခင်းများကို အပင်သက်တမ်းငါးနှစ်မှ ခြောက်နှစ်အတွင်း စတင်ရောင်းချနိုင်ကာ အရည်အသွေးအကောင်းဆုံး သနပ်ခါးပင်တစ်ပင်ရရှိရန် သက်တမ်း ၃၅ နှစ် ကြာမြင့်ကြောင်း လေ့လာသိရသည်။

သနပ်ခါးတုံးကောင်းကောင်း ရွေးချယ်နည်း

သနပ်ခါးပင်၏ တန်ဖိုးသည် အခေါက်နှင့်အပွေးဖြစ်သည်။ “အပွေးမြင် အပင်သိ” ဟူသော ဆိုရိုးစကားရှိလေသည်။ အပင်အမြင့် မည်မျှရှည်စေကာမူ အပွေးမကောင်းပါက ရနံ့မမွှေးတတ်သလို တာရှည်လည်း အသွေးမခံတော့ပေ။ အပင်တုတ်ခိုင်ခြင်း မတုတ်ခိုင်ခြင်းထက်၊ အပွေး၏ အရောင်အသွေးနှင့် သူ၏အထူကိုကြည့်ပါ။ သနပ်ခါးအပွေးများမှာ ကြေးနီရောင်အပွေး၊ ဥသျှစ်ပွေး၊ ဂုံးပွေးဟူ၍ သုံးမျိုးရှိရာ ကြေးနီရောင်အပွေးမှာ လက်ချောင်းကလေးများလို အခေါက်များ အမြောင်းလိုက်ကြွနေပြီး အပွေးမှာမာကျော၍ ကြေးနီရောင် သို့မဟုတ် ပုစွန်ဆီရောင်ရှိသည့် ပထမတန်းစားအပွေးဖြစ်သည်။ ဥသျှစ်မှည့်ခြောက်ရောင် အပွေးခေါက်မှာပြားကပ်ပြီး အပွေးအသင့်အတင့်ထူ၍၊ ဂုံးပွေးမှာ အဖြူရောင် အခေါက်ပါး၊ အပွေးလည်းပါးပြီး ပွယောင်းသော အညံ့စား သနပ်ခါးဖြစ်သည်။ လက်သည်းဖြင့် အပွေးကိုအသာဖိဆိတ်ကြည့်ပါ၊ လက်သည်းနစ်ဝင်သွားပါက အခေါက်သားနု၍ မဝယ်ပါနှင့်။ လက်ဖြင့် ကိုင်ဆကြည့်ပါက ပေါ့လွန်းနေလျှင် ပြန်ချထားလိုက်ပါ။ ယင်းအတုံးသည် အသားကျစ်မှုနည်းခြင်း၊ ခုတ်ဖြတ်ထားသည့် အချိန်ကာလကြာနေခြင်းတို့ကြောင့် အတွင်းမှရေဓာတ်ခန်းသွားပြီး အလေးချိန်ပေါ့နေခြင်းဖြစ်သည်။

သက်တမ်းရင့်အပင်က အသားကျစ်သိပ်မှုကြောင့် ရေငွေ့ပျံနှုန်းနှေးကာ အခြားအပင်များထက် ပိုမိုလေးတစ်နေပါသည်။ ဖြတ်ထားကာစ သနပ်ခါးတုံး၏ အတွင်းသားမှာ စွဲမက်စရာ ချိုသင်းသော အနံ့ကလေးဖြစ်သည်။ သို့မဟုတ်ဘဲ ချဉ်စူးစူး အနံ့ရနေလျှင် မှိုစွဲနေပြီဟုမှတ်ပါ။ သနပ်ခါးတုံး၏ ထိပ်ဝရှိ အခေါက်နှင့် အတုံးသားအကြားမှာ ပြာမှိုင်းမှိုင်း အရောင်ဝင်နေပြီဆိုပါက မှိုတက်နေပါပြီ။ အလယ်က အသားနေရာမှာပါ ပြာနေပြီဆိုပါက ယင်းသည် သေနေသော သနပ်ခါးပင်ခြောက်ကို ခုတ်လာခဲ့ခြင်းဖြစ်၍ ကိုင်ကြည့်ရုံဖြင့် ပေါ့ရွှတ်နေပါလိမ့်မည်။

သတိပြုရန်

သဘာဝသနပ်ခါးအတုံးစစ်စစ်များရှိကြသလို၊ လွယ်ကူမြန်ဆန် အသုံးပြုနိုင်ရန်အတွက် ကြိတ်ပြီးသား အသင့်သုံးသနပ်ခါးများကို တာရှည်ခံအောင်ပြုလုပ်၍ သနပ်ခါးအရည်၊ အနှစ်စသည်ဖြင့် ဘူး၊ ပုလင်းတို့ဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်သည်။ ယင်းအသင့်သုံး သနပ်ခါးဘူးနှင့် ပုလင်းများတွင် တာရှည်ခံစေရန်နှင့် အခြားအမွှေးအနံ့ပစ္စည်းများ ပါဝင်နေသောကြောင့် လူတချို့မှာ ဓာတ်မတည့်မှုများ ဖြစ်စေနိုင်ပါသည်။ သို့သော် ဈေးကွက်ထဲမှာ စံချိန်စံနှုန်းပြည့် အသိအမှတ်ပြုသနပ်ခါးဘူး၊ ပုလင်းများရှိကြရာ မိမိအသားအရေနှင့် ဓာတ်တည့်သော အသင့်လိမ်းသနပ်ခါးဘူးများကို ရွေးချယ်အသုံးပြုတတ်ပါစေ။

အချုပ်ဆိုရသော် မြတ်နိုးဖွယ်ကောင်းသည့် မြန်မာ့သနပ်ခါးအား ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော်က တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” အဖြစ် အထူးတလည် သတ်မှတ်လိုက်သည့်အတွက် သနပ်ခါးကြိုက်သော စာရေးသူတို့က လွန်စွာဝမ်းသာပီတိဖြစ်ရပါသည်။ သနပ်ခါးစိုက်ဒေသ ငါးမြို့ဖြစ်သော အရာတော်၊ ရေစကြို၊ မြိုင်၊ ရွှေဘိုနှင့် ပေါက်မြို့များတွင် တပို့တွဲလပြည့်ညတွင် မြို့အလိုက် ဘုရားများ၌သနပ်ခါးမီးပူဇော်ခြင်း (သနပ်ခါးဖြင့် အနွေးဓာတ်ပူဇော်ခြင်း) နှင့်အတူ ထမနဲကျွေး စတုဒိသာပွဲများလည်း ပြုလုပ်ကြသည်။

ယခုအခါ မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အလွှာအသီးသီး၊ အဖွဲ့အစည်းပေါင်းစုံမှ အားတက်သရော ကြိုးပမ်းလျက်ရှိရာ စာရေးသူလည်း သနပ်ခါးချစ်သူတစ်ဦးဖြစ်ပေရာ နှစ်လိုဖွယ်ကောင်းသည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် ကမ္ဘာ့အလယ်တွင် မှတ်တိုင်တစ်ရပ် စိုက်ထူ နိုင်ပါစေကြောင်း လေးလေးနက်နက် ဆုမွန်တောင်းပါသည်။ ။