Skip to main content

လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့ (A Just Transition to Sustainable Lifestyles)

ဒေါ်ဝင်းလဲ့ဝါ (ပဲခူး)

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအရည်အသွေးကို နိုင်ငံ၏ပထဝီဝင်ဒေသအတွင်း စီးပွားရေး ကြီးထွားမှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ ဘာသာရေးဆိုင်ရာ လွတ်လပ်မှု၊ သဘာဝသယံဇာတအရင်းအမြစ်များအား ထိန်းသိမ်းနိုင်မှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်အောင် ကာကွယ်စောင့်ရှောက်နိုင်မှု၊ ရာသီဥတုဖောက်ပြန်မှုအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်မှု၊ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) တိုးတက်မှု၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ဆင်းရဲမှုကွာဟမှုနှုန်း၊ အိမ်ရာတတ်နိုင်မှုနှင့် အိမ်ရာ၏ အရည်အသွေးကောင်းမွန်မှု၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုတတ်နိုင်မှု (သို့) အခမဲ့ရရှိနိုင်မှု၊ ပညာရေးတတ်မြောက်ရရှိနိုင်မှုနှင့် ပညာရေး၏အရည်အသွေးမြင့်မားမှု၊ မျှော်လင့်ခန့်မှန်းနိုင်သည့် ဘဝသက်တမ်းတွက်ချက်နိုင်မှု၊ ရောဂါဖြစ်ပွားမှုနှုန်းနည်းပါးမှု၊ အခြေခံအဆောက်အအုံများတည်ရှိမှုနှုန်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ အရည်အသွေးတန်ဖိုးရှိမှု၊ ကောင်းမွန်သောလူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကိုပိုင်ဆိုင်ထားရှိမှု အစရှိသည့်အထွေထွေ သဘာဝတရားများအရ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ နှိုင်းယှဉ်တိုင်းတာ သတ်မှတ်လေ့ရှိကြောင်း သိရသည်။ အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အထက်ဖော်ပြပါအချက်များ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံသူနိုင်ငံသား များအားလုံး စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

အထက်ဖော်ပြပါအချက်များထဲမှ ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ အရည်အသွေးတန်ဖိုးရှိမှုနှင့် ကောင်းမွန်သောလူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားရှိမှုဆိုသည့်အချက်တို့သည် ယခု ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day-WCRD) အတွက် အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumer International-CI) က သတ်မှတ်ပေးသည့် “A Just Transition to Substainable Lifestyles” “လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” ဟူသော ဆောင်ပုဒ်အရ မြန်မာနိုင်ငံ၏ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ၏ ပုဒ်မ (၁၉) တွင် ပြဋ္ဌာန်းထားသည့် စားသုံးသူအခွင့်အရေး (၈) ချက်အနက် နောက်ဆုံးအချက်ဖြစ်သော “ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း” ဟူသောအချက်ကို ညွှန်းဆိုခြင်းဖြစ်သဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူများ၏အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနက နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်လျက်ရှိနေသည့်အချက်များပင်ဖြစ်ပါသည်။

ရေရှည်တည်တံ့သည့်လူနေမှုဘဝများရရှိစေရေး

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံသူနိုင်ငံသားများ နေ့စဉ်ဖြတ်သန်းလျက်ရှိသည့် စားဝတ်နေရေးကိစ္စရပ်များတွင် အသုံးပြုရသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေး တန်ဖိုးရှိမှု၊ ဘေးအန္တရာယ်ကင်းရှင်းမှု၊ လုံခြုံစိတ်ချရမှု စသည့်အချက်များပြည့်စုံမှုရှိမှသာ စားသုံးသူပြည်သူများ၏ လူနေမှုဘဝများ အစဉ်တည်တံ့မည်ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက ချမှတ်ထားသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် ၁၇ ချက်အနက် ပန်းတိုင် ၁၂ တွင် “ရေရှည်တည်တံ့သောစားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံများ ဖြစ်ပေါ်စေရေး” ဟူသော အချက်ပါဝင်သဖြင့် စားသုံးသူပြည်သူများအတွက် ရေရှည်တည်တံ့သည့် လူနေမှုဘဝများရရှိစေရေးကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ရာရောက်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံစားသုံးသူကာကွယ်ရေး မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) ကို အာဆီယံနိုင်ငံ များနှင့်အတူ လိုက်ပါဆောင်ရွက်လျက်ရှိရာတွင် စားသုံးသူပြည်သူများအတွက် ရေရှည်တည်တံ့သော စားသုံးမှုပုံစံများ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းသည်လည်း အရေးပါသောအခန်းကဏ္ဍမှပါဝင်လျက် ရှိပါသည်။ ရေရှည်တည်တံ့သည့်ထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံဆိုသည်မှာ အနာဂတ်မျိုးဆက်များ၏ လိုအပ်ချက်များကို ထိခိုက်မှုမရှိစေရေးအတွက် သဘာဝအရင်းအမြစ်များနှင့် အဆိပ်ဖြစ်စေသော အရာများ (toxic materials) သုံးစွဲမှုကိုလျှော့ချခြင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အသုံးပြုရာမှ ဖြစ်ပေါ်လာသည့် စွန့်ပစ်ပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများကို လျှော့ချခြင်းသည် အခြေခံလိုအပ်ချက်များနှင့်ကိုက်ညီပြီး ပိုမိုကောင်းမွန်သည့်လူနေမှုဘဝကို ဖော်ဆောင်ဖြည့်ဆည်းခြင်းဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အကြား စီးပွားရေးအောင်မြင်ဖြစ်ထွန်းမှု၊ ကျန်းမာရေးကောင်းမွန်မှု၊ ဘေးအန္တရာယ်ကင်းသည့်အစားအစာ၊ ကောင်းမွန်သာယာသော သဘာဝပတ်ဝန်းကျင်ဖြစ်ပေါ်စေရေး၊ ပုဂ္ဂိုလ်ရေးနှင့် လူမှုအသိုင်းအဝိုင်းစသည်တို့အပါအဝင် နိုင်ငံရေးအရလည်း လုံခြုံစိတ်ချရမှု စသည်ဖြင့် ကဏ္ဍအားလုံးကိုထည့်သွင်းစဉ်းစား၍ အနာဂတ်တွင် နိုင်ငံသားတစ်ဦးချင်းစီ၏ စဉ်ဆက်မပြတ် ရေရှည်တည်တံ့သည့် လူမှုဘဝဖော်ဆောင်ရေးအတွက် ဘက်ပေါင်းစုံနှင့် လိုက်လျောညီထွေဖြစ်အောင် ထည့်သွင်းစဉ်းစားသည့် ပြည်သူဗဟိုပြုဖွံ့ဖြိုးမှုများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။

ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီ၏ အသိပညာဗဟုသုတနှင့် စွမ်းဆောင်ရည်ရှိမှုတို့သည် အဓိကအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထို့ကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနသည် စဉ်ဆက်မပြတ်ရေရှည်တည်တံ့သည့် လူနေမှုဘဝဖော်ဆောင်ရေးအတွက် ဆောင်ရွက်ရာတွင် ကမ္ဘာ့နိုင်ငံများနှင့် အာဆီယံနိုင်ငံများ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အစဉ်တည်တံ့သည့် လူနေမှုဘဝပုံစံများဆီသို့ မျှမျှတတကူးပြောင်းရန်အတွက် စားသုံးသူပြည်သူများ နေ့စဉ်စားဝတ်နေရေးကိစ္စရပ်များအတွက် အသုံးပြုနေသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီ အဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ဟု စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်ဖော်ပြချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

အနာဂတ်တွင် နိုင်ငံသားတစ်ဦးချင်းစီ၏ လူနေမှုဘဝများအစဉ်တည်တံ့ရန် မျှတစွာဖြင့် အသွင်ကူးပြောင်းနိုင်ရေးအတွက် စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတ၊ စွမ်းဆောင်ရည်နှင့် ရေရှည်တည်တံ့သည့် စားသုံးမှုပုံစံအလေ့အထများကို သိရှိလိုက်နာနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနက တစ်နိုင်ငံလုံးလွှမ်းခြုံကာ အသိပညာပေးဆောင်ရွက်ခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ နစ်နာဆုံးရှုံးမှုများကို ကုစားဖြေရှင်းပေးရန်အတွက် သက်ဆိုင်ရာမိတ်ဖက်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ရေရှည်တည်တံ့သော စားသုံးမှုပုံစံ အလေ့အထ အသွင်ကူးပြောင်းရေး

စားသုံးသူရေးရာဦးစီးဌာနသည် ရေရှည်တည်တံ့သော စားသုံးမှုပုံစံအလေ့အထ အသွင်ကူးပြောင်းရေးအတွက် တစ်ခါသုံးပလတ်စတစ် သုံးစွဲမှုလျှော့ချရန် (To reduce single-use plastics)၊ ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများ အသုံးပြုရန် (Reusing and Recycling)၊ ကျင့်ဝတ်နှင့်အညီ ထုတ်လုပ်ထားသည့်ကုန်စည်များ ဝယ်ယူသုံးစွဲရန် (To Use Ethical Product) (ဥပမာ-တိရစ္ဆာန်များနှင့် စမ်းသပ်ထုတ်လုပ်ထားသည့် အလှကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲမှုမှရှောင်ရှားရန်)၊ စားသောက်ကုန်လေလွင့်မှုများလျှော့ချရန် (To Reduce Food-waste)၊ ပလတ်စတစ်တစ်ခါ သုံးခွက်များ၊ ပန်းကန်များနှင့် ပရိဘောဂပစ္စည်းများ သုံးစွဲခြင်းမှရှောင်ရှားရန်၊ ပစ္စည်းများဝယ်ယူရာတွင် ပစ္စည်းထုပ်ပိုးမှုလျှော့ချရန်၊ မလိုလားအပ်သော လျှပ်စစ်ပစ္စည်းများသုံးစွဲမှုလျှော့ချရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ တိုးမြှင့်သုံးစွဲရန်၊ သယ်ယူ ပို့ဆောင်ရေးစနစ်ပြောင်းလဲရန်၊ ထုတ်ကုန်များ၏ သက်တမ်းကို ကြာရှည်အသုံးပြုနိုင်ရေး စီမံထားရှိ ရန်၊ ပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းများကို ထည့်သွင်းအသုံးပြုရန်၊ ကုန်စည်အသစ်နှင့် လဲလှယ်ခြင်းအစီအစဉ်များ (Take back Programmes) ဆောင်ရွက်ရန်၊ (ဥပမာ- Model နိမ့်ကုန်ပစ္စည်းများအား ငွေထပ်ဆောင်းအလိုက်ပေး၍ Model အသစ်ကုန်ပစ္စည်းနှင့် လဲလှယ်အသစ်ဝယ်ယူခြင်း)၊ (Good Manufacturing Practice - GMP) ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်များ ကျင့်သုံးရန် စသည့်အချက်များကို အသိပညာပေးဆောင်ရွက် လျက်ရှိပါသည်။

ထိုသို့အသိပညာပေးရာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးအတွက် တစ်ခါသုံးပလတ်စတစ်များသုံးစွဲမှု၏ ဆိုးကျိုးများဖြစ်သည့် ပူလောင်သောစားစရာများကို ပလတ်စတစ်အိတ်များနှင့် သယ်ဆောင်ရာတွင် ပလတ်စတစ်မှစိမ့်ထွက်လာသည့် ဓာတုပစ္စည်းများသည် လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်မှုကြောင့် ခန္ဓာကိုယ်အဆိပ်အတောက်ဖြစ်ပြီး ကင်ဆာရောဂါ၊ မွေးရာပါကိုယ်လက်အင်္ဂါမပြည့်စုံမှု၊ ကိုယ်ခံအားကျဆင်းမှု၊ ဟော်မုန်းဆိုင်ရာ ပျက်စီးမှုနှင့် အစာအိမ်လမ်းကြောင်းတစ်လျှောက် ပျက်စီးမှုများဖြစ်ပေါ်နိုင်ခြင်း၊ ပလတ်စတစ်များ ပျက်စီးရန် နှစ်ပေါင်းများစွာ ကြာမြင့်သည့်အတွက် ပလတ်စတစ်အမှိုက်ဖြစ်သည့် ရေသန့်ဘူး၊ ပိုက်၊ ကြွပ်ကြွပ်အိတ်၊ ဖော့ဘူး၊ အချိုရည်ဘူး၊ ဘီယာဘူးခွံ စသည့်အရာများကို ရေမြောင်းများထဲသို့လွှင့်ပစ်ခဲ့ကြပြီး မြစ်၊ ချောင်း၊ ကန်နှင့် ပင်လယ်ထဲအထိ စီးဆင်းသွားကြသဖြင့် ရေအရင်းအမြစ်ထိခိုက်ခြင်း၊ တောရိုင်းတိရစ္ဆာန်၊ ငှက်များနှင့် ပင်လယ်သတ္တဝါများသည် ပလတ်စတစ်ကို အစာနှင့်မှားပြီး စားတတ်ကြသလို ၎င်းတို့၏ သားသမီးများကို မှားယွင်းစွာ အစာကျွေးမိတတ်သောကြောင့် သေကျေပျက်စီးရခြင်း၊ ပလတ်စတစ်အမှိုက်များစုပုံခြင်းကြောင့် ခရီးသွားလုပ်ငန်းများ အပန်းဖြေနားနေနိုင်သည့် လှပသောနေရာများ၊ လူ့ကျန်းမာရေးနှင့် နိုင်ငံ၏စီးပွားရေးကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက် ပျက်စီးစေပါသည်။ ထိုသို့မဖြစ်ပေါ်စေရေးအတွက် ပူနွေးသောအစားအသောက် ထည့်ရန်အတွက် ချိုင့်ဖြစ်စေ၊ ပန်းကန်လုံး/ခွက် ဖြစ်စေအခြေအနေပေါ်မူတည်၍ ယူဆောင်သွားရန်၊ ကုန်မျိုးစုံဆိုင်နှင့် စတိုးဆိုင်များသို့သွားသည့်အခါ ပြန်လည်အသုံးပြုနိုင်သည့် အိတ်၊ ခြင်းတောင်းများ ယူဆောင်သွားရန်၊ ပလတ်စတစ်အိတ်၊ ပလတ်စတစ်ခွက်၊ ပလတ်စတစ် ပန်းကန်များအသုံးပြုမှုကို အတတ်နိုင်ဆုံး ငြင်းပယ်ရှောင်ရှားကြရန်၊ ဖန်ခွက်၊ ဖန်ပုလင်း၊စက္ကူအိတ်၊ စတီးရေဘူး၊ ချည်အိတ်၊ သိုးမွေးအိတ်၊ ချည်ထည်၊ သိုးမွေးထည် အစရှိသည်ဖြင့် တတ်နိုင်သမျှ အစားထိုးပြုမူနေထိုင် သုံးစွဲဝတ်ဆင်သွားကြရန်၊ စွန့်ပစ်ရေသန့်ဘူး၊ အချိုရည်ဘူး၊ ဘီယာဘူး၊ ဖော့ဘူး၊ ကားတာယာအဟောင်းများ အစရှိသည်တို့ကိုအသုံးပြု၍ အိမ်များ၊ ဆိုင်များ၊ ပြခန်းများတွင် အလှဆင်ထားကြသည်ကို အတုယူဆောင်ရွက်ကြရန်နှင့် အိမ်တွင် တစ်နိုင်တစ်ပိုင် ငရုတ်၊ ပူဒီနာ (ပူစီနံ)၊ ကြက်သွန်နီ/ဖြူ၊ ပန်းပင်အစရှိသည်များကိုလည်း စွန့်ပစ်ဘူးခွံများဖြင့် အကျိုးရှိစွာစိုက်ပျိုးမှုများကို အတုယူဆောင်ရွက်ကြရန်၊ စွန့်ပစ်တစ်ခါသုံးပစ္စည်းများဖြစ်သည့် ကော်ဖီထုပ်ခွံများကို လက်ဆွဲခြင်း၊ လက်ဆွဲအိတ်၊ ဖျာ၊ စားပွဲခင်းများနှင့် သဘာဝရှုခင်းပုံ၊ ဥဒေါင်းပုံ၊ ခြင်္သေ့ပုံများပုံဖော်၍ ပန်းချီကားကဲ့သို့ ပြုလုပ်ရောင်းချနေသည်များကို ဝယ်ယူအားပေး ချီးမြှောက်ကြရန်၊ တစ်ခါသုံးဖော့ဘူးနှင့် ပိုက်များအစား သဘာဝပစ္စည်းများဖြစ်သော အုန်းပင်၊ ကွမ်းသီးပင်၊ ထန်းပင်နှင့် ဝါးပင်ထွက်ပစ္စည်းများဖြင့် တစ်ခါသုံးခွက်၊ ပန်းကန်မျိုးစုံ၊ ပိုက်များ စသည်တို့ကို အစားထိုးထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း အားပေးမြှင့်တင်ဆောင်ရွက်ကြရန်၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများကိုလည်း ရှောင်ရှားကြရန် အင်တိုက်အားတိုက် အသိပညာပေးဆောင်ရွက်သွားကြရန် အထူးလိုအပ်ပါသည်။

မြေထု၊ ရေထု၊ လေထုအတွက် ကာကွယ်ရာရောက်

ဤကဲ့သို့ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကို အန္တရာယ်ကြီးမားစွာဖြစ်ပေါ်စေသော တစ်ခါသုံး စွန့်ပစ်ပစ္စည်းများကို အကျိုးရှိစွာအစားထိုးသုံးစွဲရန် ပြုလုပ်ခြင်းသည် ညစ်ညမ်းမည့် မြေထု၊ ရေထု၊ လေထုအတွက် ကာကွယ်ရာရောက်သဖြင့် အားပေးကူညီမြှင့်တင်ပေးရန် အထူးလိုအပ်မည် ဖြစ်ပါသည်။ စွန့်ပစ်ပစ္စည်းများကို အကျိုးမဲ့မဖြစ်စေဘဲ အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်မှုများကို အတုယူကာ ကိုယ်တိုင်လိုက်ပါ ဆောင်ရွက်နိုင်အောင် တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်သောစံနမူနာပြဖြစ်သလို ဩဇာပြည့်ဝကောင်းမွန်သည့်မြေ၊ သန့်စင်သောလေ၊ အန္တရာယ်ကင်းသန့်ရှင်းသောရေများကို အမွေ ပေးရာရောက်မည်လည်းဖြစ်သည်။

ဆက်လက်၍ သယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲရာတွင် ဓာတ်ဆီ၊ ဒီဇယ်ကားများသည် ကားမောင်းစဉ်အတွင်း စက်သုံးဆီများလောင်ကျွမ်းသည့်အခါ လေထုကို ညစ်ညမ်းစေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ (ခေါ်) ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုများရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်ကို မညစ်ညမ်းစေဘဲ အကျိုးပြုသည့် Electric Vehicle-EV (ခေါ်) လျှပ်စစ်ကားများကို အစားထိုးမောင်းနှင်သုံးစွဲကြရမည်။ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိစေရေးအတွက် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများဖြစ်သော ရေနံ၊ ကျောက်မီးသွေးများကိုအသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ရာတွင် ထွက်ရှိလာသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များသည် ဖန်လုံအိမ်အာနိသင်အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ ကမ္ဘာကြီးပူနွေးလာသည့်အတွက်ကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသဖြင့် နေရောင်ခြည်မှရရှိသော၊ သဘာဝမှပေးသော၊ သန့်ရှင်းသော၊ ခေတ်မီသော၊ ယုံကြည်စိတ်ချရသော၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော ဆိုလာလျှပ်စစ်စွမ်းအင်ကိုသုံးစွဲကြရန်၊ ရေရှည်တည်တံ့သည့် စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံများ ဖြစ်ပေါ်စေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်များ (Good Manufacturing Practice-GMP) ကိုကျင့်သုံး၍ မိမိတို့၏ စက်မှု၊ လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်သလို မိမိအကျိုးအမြတ်ရရှိရေး အတွက်သာ ရှေးရှုဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာများ မဖြစ်ပေါ်စေရေးကိုလည်း ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ရာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များကို စနစ်တကျထည့်သွင်းဆောင်ရွက်ကြရန် အထူးလိုအပ်လှပါသည်။

ကမ္ဘာပေါ်ရှိ လူသားအားလုံး တစ်နည်းပြောရလျှင် စားသုံးသူများအားလုံးသည် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့တွင် သတ်မှတ်သော “လူနေမှု ဘဝအစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသည်လည်း တစ်ဦးတစ်ယောက်ချင်းစီမှစ၍ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များမှတစ်ဆင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ နိုင်ငံအဆင့်မှသည် ကမ္ဘာလုံးဆိုင်ရာအဆင့်ထိ ကမ္ဘာမြေကြီးရေရှည်တည်တံ့စေရေးအတွက် စားသုံးသူများ၏ ပိုမိုကောင်းမွန်သော အကာအကွယ်နှင့် စွမ်းဆောင်နိုင်မှုတို့အပြင် ကျန်းမာသောရွေးချယ်မှု၊ ကောင်းမွန်သော လူနေမှု အဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကိုရရှိနိုင်စေရန် ကျွန်ုပ်တို့လက်ရှိမျိုးဆက်များက အဓိကတာဝန်ရှိသည်ဟုခံယူကာ ကောင်းမွန်သောသဘာဝ ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေး ယခုမှစ ကြိုးစားလျက် အနာဂတ်မျိုးဆက်များထံ အမွေအနှစ်အဖြစ် လက်ဆင့်ကမ်းပေးနိုင်ရေးမျှော်မှန်းပြီး နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများအားလုံး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေရန် မျှတမှုရှိစွာ အသွင်ကူးပြောင်းကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုရေးသားတင်ပြအပ်ပါသည်။ ။