အဖိုးတန်ရေချို တန်ဖိုးထားထိန်းသိမ်းကြစေလို
ကျော်နိုင်ဦး (ပတ်ဝန်းကျင်)
လူသားတွေရဲ့ နေ့စဉ်စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေမှာ သန့်ရှင်းတဲ့ရေရရှိမှသာ ပြီးပြည့်စုံနိုင်ပါလိမ့်မယ်။ ရေဟာသက်ရှိသတ္တဝါတွေနဲ့ အပင်တွေရှင်သန်ရပ်တည်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သဘာဝသယံဇာတအရင်းအမြစ်ဖြစ်ပါတယ်။ ရေမရှိဘဲ ဇီဝလောက မတည်ရှိနိုင်ပါဘူး။ ကမ္ဘာ့မျက်နှာပြင်တစ်ခုလုံးရဲ့ သုံးပုံနှစ်ပုံကျော်ကို ရေတွေနဲ့ဖုံးလွှမ်းထားပေမယ့် အဲဒီကမ္ဘာ့ရေထုစုစုပေါင်းရဲ့ ၉၇ ရာခိုင်နှုန်းက သက်ရှိတွေသောက်သုံးမရတဲ့ ဆားငန်ရေတွေဖြစ်ပြီး ကျန် ၃ ရာခိုင်နှုန်းကသာ ရေချိုဖြစ်ပါတယ်။ ကျွန်ုပ်တို့လူတွေက မြေပေါ်မှာရှိတဲ့ မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေကန်နဲ့ မြေအောက်က ရေချိုတွေကိုသာ အမှီသဟဲပြု သုံးစွဲကြရတာပါ။ ဒီလိုရှားပါးပြီး တန်ဖိုးကြီးမားလှတဲ့ ရေချိုတွေကို ကမ္ဘာပေါ်ရှိ နိုင်ငံသားတိုင်းက ကျန်းမာပျော်ရွှင်ဖို့နဲ့ ငြိမ်းချမ်းသာယာဝပြောဖို့အတွက် စနစ်တကျ တန်ဖိုးထားထိန်းသိမ်းကြဖို့ လွန်စွာအရေးကြီးပါတယ်။
ရေ၏ အရေးပါမှု
အရွယ်ရောက်ပြီး လူတစ်ဦးရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ ရေဓာတ်က ၆၀ ရာခိုင်နှုန်းပါဝင်နေပြီး ခန္ဓာကိုယ်ရဲ့ အသက်ရှင်သန်ရေးလုပ်ငန်းဆောင်တာတွေအတွက် အလွန်အရေးကြီးပါတယ်။ သန့်ရှင်းတဲ့ရေကြည်တစ်ပေါက် သောက်သုံးလိုက်ရရုံမျှနဲ့ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဦးနှောက်ရဲ့ ၇၅ ရာခိုင်နှုန်း၊ သွေးရဲ့ ၈၃ ရာခိုင်နှုန်း၊ အရိုးရဲ့ ၂၂ ရာခိုင်နှုန်းကို ရေကဖွဲ့စည်း ထောက်ပံ့ပေးထားပါတယ်။ စားလိုက်တဲ့အစာ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ဆွဲစုပ်ဖို့နဲ့စွမ်းအင်အဖြစ် ပြောင်းလဲပေးဖို့ ရေလိုပါတယ်။ အရိုး၊ အသား၊ အကြော၊ ဂျွိုင်းဆက်တွေ သန်မာစေဖို့၊ ဆဲလ်တွေရှင်သန်ဖို့၊ လုပ်ငန်းဆောင်တာတွေ များများလုပ်နိုင်ဖို့၊ ကျောက်ကပ်အားကောင်းဖို့ အဓိကရေလိုပါတယ်။ ဒါ့အပြင်ရေကို သောက်ရန်အတွက်သာမကပဲ နေ့စဉ်ကိုယ်လက်သန့်စင်ဖို့၊ ဆေးကြောဖို့၊ ချက်ပြုတ်ဖို့အတွက် မဖြစ်မနေသုံးစွဲ ကြရပါတယ်။ အဲဒါကြောင့် ရေဟာနေ့စဉ်ရှင်သန် လှုပ်ရှားဖို့ မရှိမဖြစ်အရေးပါတဲ့ အသက်သွေးကြောပင်ဖြစ်ပါတယ်။ ရေမရှိဘဲ ကမ္ဘာပေါ်က တိရစ္ဆာန်တွေ အသက်မရှင်နိုင်သလို အပင်တွေလည်း ရှင်သန်ပေါက်ရောက်နိုင်မှာ မဟုတ်ပါဘူး။
ရေချိုများ လျော့နည်းပျောက်ကွယ်လာခြင်း အကြောင်းရင်း
ကျွန်ုပ်တို့လူသားတွေ လက်လှမ်းမီသုံးစွဲနိုင်တဲ့ ရေချိုအရင်းအမြစ်တွေကတော့ မြေအောက်ရေ (Ground Water) နဲ့ မြေပေါ်ရေ (Surface Water) လို့ခေါ်တဲ့ မြစ်ချောင်းအင်းအိုင်၊ ရေကန်၊ စိမ့်စမ်းနဲ့ ရေဝပ်ဒေသတွေက ရေတွေပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ရေချိုတွေလျော့နည်းလာရတဲ့ အကြောင်းရင်းတွေကို ခြုံငုံလေ့လာကြည့်တဲ့အခါ အဓိကအကြောင်းရင်း သုံးရပ်ကတော့ ရေသုံးစွဲမှုတွေ ပိုမိုများပြားလာခြင်း၊ ရေအရင်းအမြစ်တွေ လျော့နည်းလာခြင်းနဲ့ ညစ်ညမ်းရေတွေအဖြစ် ပြောင်းလဲလာခြင်းတို့ ဖြစ်ပါတယ်။
ကမ္ဘာ့ရေချိုပြဿနာ
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနဲ့အတူ နိုင်ငံအချို့မှာ ရေချိုရှားပါးမှုတွေ ကြုံတွေ့လာရပြီး ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၇၀၀ မှ ၁၀၀၀ ကျော်အထိ ရေချိုရှားပါးမှုကို ခံစားနေကြရကြောင်း၊ ကမ္ဘာ့လူဦးရေရဲ့ ၄ ပုံ ၁ ပုံဟာ အန္တရာယ်ကင်းတဲ့ သောက်သုံးရေမရရှိကြသေးကြောင်း WHO ရဲ့ စစ်တမ်းတွေအရ သိရှိရပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေသန်းပေါင်း ၃၀၀၀ ကျော်ဟာ သူတို့နိုင်ငံရဲ့ နယ်နိမိတ်တွေကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်ရေတွေအပေါ် မျှဝေမှီခိုနေကြရပါတယ်။ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ ရေကိုအကြောင်းပြုပြီး နှစ်နိုင်ငံအငြင်းပွားမှုတွေ၊ စစ်မက်ဖြစ်ပွားမှုတွေ ကြားသိရှိရဖူးပါတယ်။
မြန်မာ့ရေချိုသယံဇာတ
ကျွန်ုပ်တို့မြန်မာနိုင်ငံမှာ သဘာဝမြစ်ချောင်း အင်းအိုင်တွေ၊ စိမ့်တောတွေ အလွန်ပေါများလှ ပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံ တွေထဲမှာ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဒုတိယအဆင့် ရေအပေါဆုံးနိုင်ငံဖြစ်ပြီး အာရှတိုက်မှာ ပဉ္စမမြောက် ရေအပေါဆုံးနိုင်ငံဖြစ်ပါတယ်။ ကမ္ဘာပေါ်က နိုင်ငံအတော်များများဟာ သူတို့ပိုင်နက်ရဲ့ ပြင်ပမှာရှိတဲ့ ရေအရင်းအမြစ်တွေအပေါ်မှာ အဓိကမှီခို အားထားနေကြရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နဲ့ စစ်တောင်းမြစ်စတဲ့ မြစ်ကြီးတွေဟာ နိုင်ငံ့ပိုင်နက်ထဲမှာပဲ အစအဆုံးတည်ရှိလို့နေပါတယ်။ ဒါကြောင့် ဒီမြစ်ရေတွေကို စိတ်တိုင်းကျသုံးစွဲနိုင်သလို မြစ်ဝှမ်းဒေသတွေကိုပါ ကိုယ့်တစ်နိုင်ငံတည်း မူပိုင်သုံးစွဲနိုင်ပါတယ်။ အဲဒီလို ရေအရင်းအမြစ်ပေါများကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကို ခံစားလာရခြင်း၊ မြစ်/ချောင်းတွေမှာ အနည်အနှစ်ပို့ချမှုများလာခြင်း၊ ရေအရည်အသွေးကျဆင်းလာခြင်း၊ ရေအရင်းအမြစ်တွေကို စနစ်တကျ သုံးစွဲမှုအားနည်းခြင်း စတာတွေကြောင့် ရေရှည်မှာ ရေအရင်းအမြစ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေမှာ ထူးခြားစွာမိုးရေချိန် နည်းပါးခြင်း၊ ဆည်တမံတွေ ရေအဝင်နည်းလာခြင်း စတဲ့အခြေအနေ တွေကိုလည်း ရင်ဆိုင်လာရပါတယ်။ မြို့ပြနဲ့ ကျေးလက်ဒေသတွေ ပြိုင်တူဖွံ့ဖြိုးလာပြီး စက်ရုံတွေ တိုးပွားလာတာကြောင့် ရေချိုလိုအပ်ချက်တွေ ပိုမိုမြင့်တက်လာနေပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေက မြို့/ရွာတချို့မှာ “ရွှေကိုမလို၊ ရေကိုသာလိုသည်”ဆိုပြီး ရေကိုတန်ဖိုးထား တောင့်တနေကြရတာဖြစ်ပါတယ်။ နိုင်ငံရဲ့စီးပွားရေးက စိုက်ပျိုးရေးကို အခြေခံထားတာဖြစ်တဲ့အတွက် ရေအရင်းအမြစ်စီမံခန့်ခွဲမှုဟာ နိုင်ငံသားတွေရဲ့ နေ့စဉ်အသက်မွေးဝမ်းကျောင်းမှုအတွက် လွန်စွာအရေးပါလျက်ရှိပါတယ်။ ဒါကြောင့် ရေသယံဇာတတွေ ပေါကြွယ်ဝတဲ့နိုင်ငံမှာ “ဖောင်စီးရင်းရေငတ် ” မဖြစ်ရလေအောင် ရေကဏ္ဍမြှင့်တင်ရေးအတွက် ကြိုတင်မြော်တွေး စီမံဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ရေချိုသယံဇာတထိန်းသိမ်းရေး
ရေချိုသယံဇာတတွေ ထိန်းသိမ်းဖို့ဆိုရင် မိုးနည်းတဲ့ဒေသတွေမှာ နှစ်စဉ်ရွာသွန်းတဲ့မိုးရေကို မိုးရေလှောင်ကန်တွေ တည်ဆောက်ပြီး သိုလှောင်ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ ရေစိမ့်ဝင်နိုင်မယ့် ဧရိယာတွေနဲ့ရေကန်တွေ ဖန်တီးတည်ဆောက်ထား ကြရမှာဖြစ်ပါတယ်။ မြေအောက်ရေ အလွန်အကျွံထုတ်ယူသုံးစွဲမှု မရှိစေဖို့အတွက် စနစ်တကျထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ မြေအောက်ရေစိမ့်ဝင် နိုင်ဖို့နဲ့ စိမ့်စမ်းရေတွေ ဖြစ်ပေါ်စေဖို့အတွက် အဓိကကျတဲ့ သစ်ပင်သစ်တောတွေနဲ့ ရေဝေရေလဲဒေသတွေကို တိုးချဲ့စိုက်ပျိုး ထိန်းသိမ်းရမှာဖြစ်ပါတယ်။ အမှိုက်နဲ့ ရေဆိုးစွန့်ပစ်မှုတွေ စည်းကမ်းတကျ ဆောင်ရွက်ဖို့လိုသလို တစ်ဦးတစ်ယောက်ချင်း ကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့ ရေကိုမဖြုန်းတီးဘဲ ချွေတာသုံးစွဲကြရမှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတန်ဖိုးထားပြီး ရေညစ်ညမ်းစေမယ့် အပြုအမူတွေကို (လုံးဝ) ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ရေသယံဇာတဆိုင်ရာ အသိပညာတွေ တစ်ဦးကိုတစ်ဦး မျှဝေပေးကြဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဟန့်တားတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ လူသားတိုင်းက အသိစိတ်ဓာတ်ရှိရှိနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့လည်း လိုအပ်ပါတယ်။
မြန်မာ့ရေကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်ချက်များ
မြန်မာနိုင်ငံမှာ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုစနစ်ကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ပြီးရေရှည်တည်တံ့တဲ့ ရေအရင်းအမြစ်တွေကို ထိထိရောက်ရောက် အကျိုးရှိရှိအသုံးချနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားရှိပြီးဖြစ်ပါတယ်။ အဆိုပါကော်မတီကို နိုင်ငံတော်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ရေနဲ့ဆက်နွှယ်တဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီး ချုပ်တွေ၊ မြို့တော်ဝန်တွေအပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၃၅ ဦးနဲ့ ဖွဲ့စည်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အလွန်ခိုင်မာအားကောင်းတဲ့ ကော်မတီဖြစ်ပြီး အနာဂတ်မြန်မာ့ရေသယံဇာတအတွက် ဝမ်းသာမဆုံးဂုဏ်ယူပီတိဖြစ်မိပါတယ်။
တိုက်တွန်းနှိုးဆော်ချက်
သန့်ရှင်းကောင်းမွန်တဲ့ ရေဟာ လူသားအားလုံး ရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လာဘ်ကြီးတစ်ပါး ဖြစ်ပါတယ်။ လူသားတိုင်းနဲ့သက်ဆိုင်တဲ့ ရေသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ကျွန်ုပ်တို့ကမ္ဘာ့ လူသားတိုင်းပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံတော်ငြိမ်းချမ်း သာယာဝပြောစေဖို့အတွက် အဖိုးတန်ရေချို သယံဇာတတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ဒါကြောင့် အခုအချိန်ကစပြီး အလေ့အကျင့်ကောင်းတစ်ခုပြု၍ ရေတစ်ပေါက်မျှပင် မိမိကြောင့်အလေအလွင့် မဖြစ်ရလေအောင် အဖိုးတန်ရေကို ချွေတာသုံးစွဲကြဖို့ တိုက်တွန်းရင်း ၂၀၂၅ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ရေနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။ ။