မဲခေါင်-လန်ချန်း ဒေသတွင်းပေါင်းစည်းမှုနှင့် မျှဝေသောအနာဂတ်
ထက်ထက်အောင် MLC-NCU (Myanmar)
ဒေသတွင်းပေါင်းစည်းမှု
ဒေသတွင်းပေါင်းစည်းမှု (Regional Integration) များသည် ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံတကာဆက်ဆံရေး ကဏ္ဍတွင် ဦးစားပေးမူဝါဒတစ်ရပ်အဖြစ် ပါဝင်လျက်ရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အကြား ပေါင်းစည်းခြင်းဖြင့် ဒေသတွင်းပေါင်းစည်း မှုအနေဖြင့်သာမက နိုင်ငံတကာအသိုက်အဝန်းတွင်ပါ ပူးပေါင်းဆောင်ရွက်မှု ပုံရိပ်ကောင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပေါင်းစည်းမှုမဟာဗျူဟာ (Competitive Integration Strategy) ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလျက်ရှိသော ဖွံ့ဖြိုးတိုးတက်မှုစံနှုန်းများနှင့် မမျှော်မှန်းနိုင်သော ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကြောင့် နိုင်ငံများသည် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများအပေါ် အတွေးအမြင်သစ်များဖြင့် ရှုမြင်လာခဲ့ကြပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်(Regional Cooperation Mechanism) များမှာလည်း ပိုမိုအားကောင်းလာခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုများနှင့် ရလဒ်များကို လက်တွေ့သိမြင်ခဲ့ကြပြီးနောက် ယင်းလုပ်ငန်းစဉ်များမှတစ်ဆင့် ဒေသတွင်းနိုင်ငံများ ၏ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များကို ဖော်ထုတ် ဖြည့်ဆည်းနိုင်မည့် ဦးစားပေးအစီအစဉ်များချမှတ် ကာ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များ လျှော့ချရေးနှင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးတို့ကို ပေါင်းစည်းအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်လာကြသည်ကို တွေ့ရှိရပါသည်။
ဒေသတွင်းပေါင်းစည်းမှုမြှင့်တင်ခြင်းဖြင့် အိမ်နီး ချင်းနိုင်ငံများအကြား အကျိုးစီးပွားမျှဝေမှု၊ ဒေသတွင်းဘုံစိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းမှု၊ တည်ငြိမ်အေးချမ်းမှု၊ အပြန်အလှန် နားလည်လေးစား မှု၊ ဒေသတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကဏ္ဍစုံ အစုအဖွဲ့ (Stakeholder) များအကြား ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်မှု စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု
၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းယမြို့၌ “Shared River, Shared Future” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့သော ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် ဆန်းယကြေညာစာတမ်း (Sanya Declaration) ကို ထုတ်ပြန်ကြေညာ၍ တရားဝင်စတင်ထူထောင်ခဲ့သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ယခုအခါ (၉)နှစ်ပြည့်မြောက်တော့မည်ဖြစ်ပါသည်။
ပူးပေါင်းဆောင်ရွက်မှု ကိုးနှစ်တာကာလအတွင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိက ရည်ရွယ်ချက်များဖြစ်သည့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း မှီတင်း နေထိုင်ကြသော ပြည်သူများ၏ လူမှုဘဝသာယာ ဝပြောရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရေး၊ အာဆီယံ အသိုက်အဝန်းတည်ထောင်မှုကို အထောက်အကူပြုရေး၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် မှုအစီအစဉ် ၂၀၃၀ ကို တိုးမြှင့်အကောင်အထည်ဖော်ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ဦးတည်ကာ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အခြေခံမူများဖြစ်သည့် တူညီဆန္ဒ (Consensus)၊ ညီတူညီမျှရှိမှု (Equality)၊ အပြန်အလှန်ညှိနှိုင်းဆောင်ရွက်မှု (Mutual Consultation and Coordination)၊ ဆန္ဒအလျောက်ပါဝင်မှု (Voluntarism)၊ စုပေါင်းပါဝင်ဆောင်ရွက်မှု (Common Contribution)၊ အကျိုးအမြတ်များ မျှဝေခံစားမှု (Shared Benefits)၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများကို လေးစားမှု (Respect for UN Charter and International Laws) တို့နှင့်အညီ ခေါင်းဆောင်များ ၏လမ်းညွှန်မှုနှင့် အစိုးရကဦးစီးမှု (Leaders’ Guidance and Government-Guided)၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်မှု (All-Round Cooperation and Broad Participation)နှင့် စီမံကိန်းဦးစားပေး ပူးပေါင်းဆောင်ရွက်မှုပုံစံ (Project-Oriented Model) တို့ဖြင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို မဏ္ဍိုင်(၃)ရပ်ဖြစ်သည့် နိုင်ငံရေးနှင့်လုံခြုံရေး (Political and Security Issues)၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး (Economic and Sustainable Development)နှင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ဆက်သွယ်ရေး (Social, Cultural and People-to-People Exchanges) တို့အပေါ် အခြေခံကာ ဦးစားပေးကဏ္ဍ(၅)ခုဖြစ်သည့် ပေါင်းစည်းဆက်နွှယ်မှု (Connectivity)၊ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှု (Production Capacity Cooperation)၊ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Cross-border Economic Cooperation)၊ ရေအရင်းအမြစ် (Water Resources) နှင့် စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး (Agriculture and Poverty Reduction) နှင့် ထပ်မံထည့်သွင်းခဲ့သည့် ဦးစားပေးကဏ္ဍ(၁၀)ခု ဖြစ်သော ဘဏ္ဍာရေး၊ သစ်တော၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ အကောက်ခွန်၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး၊ သတင်း မီဒီယာနှင့် လျှပ်စစ်စွမ်းအင်တို့ကို ပေါင်းစပ်ကာ 3+5+X Framework မူဘောင်ကို ချမှတ်ဆောင်ရွက်ခဲ့ ပါသည်။ ယခုအခါ ဒစ်ဂျစ်တယ်စီးပွားရေး၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် တီထွင်ဆန်းသစ်မှုတို့ကိုပါ ဦးစားပေးကဏ္ဍများအဖြစ်ထည့်သွင်း၍ ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများ၌ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းသွားရန် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ) [Mekong-Lancang Cooperation-National Coordination Unit (Myanmar)-MLC-NCU(Myanmar)] ကို ၂၀၁၇ ခုနှစ် မေလ ၁၂ ရက်နေ့၌ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့ပါသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) သည် အဓိကတာဝန်များဖြစ်သည့် စီမံကိန်းများ စနစ်တကျအကောင်အထည် ဖော်ဆောင်ရေးအတွက် စီမံကိန်းအကောင်အထည် ဖော်သည့် ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့် ဝန်ကြီးဌာနများအား မူဝါဒပိုင်းဆိုင်ရာ အထောက်အကူပြုခြင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကို ကူညီ ဖြေရှင်းခြင်း၊ နည်းပညာဆိုင်ရာ အကူအညီများရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုလိုအပ်ချက်များနှင့် ကိုက်ညီသည့် စီမံကိန်းများကို အဆိုပြုနိုင်ရေးကူညီဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသည့် စီမံကိန်းများ အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေး၊ စီမံကိန်းအကောင်အထည်ဖော်မှုနှင့် စီမံကိန်းအဆိုပြုလွှာ ကိုက်ညီမှုရှိရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုပုံရိပ်များကို နိုင်ငံတကာနှင့် ပြည်သူလူထုသို့ အသိပေးမျှဝေလျက်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
မဲခေါင်-လန်ချန်း အထူးရန်ပုံငွေစီမံကိန်းများ
ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် တရုတ်နိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (MLC Special Fund) ကို အမေရိကန်ဒေါ်လာသန်း ၃၀၀ ဖြင့် လည်းကောင်း၊ အတိုးနှုန်းသက်သာသော ချေးငွေ (Concessional Loan) ကို ယွမ် ၁၀ ဘီလီယံဖြင့်လည်းကောင်း၊ အခြားချေးငွေ (Credit Line) ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (South-South Cooperation Fund) ကို အမေရိကန်ဒေါ်လာသန်း ၂၀၀ ဖြင့်လည်းကောင်း အသီးသီးမတည်ထူထောင်ပေးရန် ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင် များအစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ရန်ပုံငွေ (၄)ရပ်ကို မတည်ထူထောင်ပေးခဲ့ပါသည်။
အဆိုပါ ရန်ပုံငွေ (၄) ရပ်အနက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အဖွဲ့ဝင် နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူအကျိုးပြုစီမံကိန်း ၈၈၀ ကျော်ကို ၂၀၁၇ ခုနှစ်မှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဒေသတွင်းမှီတင်းနေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု ရလဒ်များစွာကို ဖော်ဆောင်နိုင်ခဲ့ပါကြောင်း အသိအမှတ်ပြုဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (Mekong-Lancang Cooperation Special Fund) ဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၅ ဒသမ ၂ သန်းကျော်တန်ဖိုးရှိ စီမံကိန်း ၁၁၈ ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး စီမံကိန်းများ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကာ ကျန် စီမံကိန်းများမှာလည်း စနစ်တကျအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက် ခွင့်ရရှိခဲ့သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများသည် စီမံကိန်းဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူ ပြုသကဲ့သို့ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်ပန်းတိုင် ၁၇ ခုအနက် ရည်မှန်းချက် (၁) ဆင်းရဲနွမ်းပါးမှု အဆုံးသတ်ရေး၊ ရည်မှန်းချက်(၂) စားနပ်ရိက္ခာဖူလုံရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးရေး၊ ရည်မှန်းချက်(၆) သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ ရည်မှန်းချက်(၉) စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်သော စက်မှုအသွင်ကူးပြောင်းရေးနှင့် တီထွင်ဆန်းသစ်မှုများအားပေးရေး၊ ရည်မှန်း ချက်(၁၀) အဖွဲ့ဝင်နိုင်ငံများအကြား မညီမျှမှုများ လျှော့ချရေး၊ ရည်မှန်းချက်(၁၁) မြို့ပြများ ဘေးကင်းလုံခြုံ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရည်မှန်းချက် (၁၅) ဂေဟစနစ်၊ သစ်တော၊ မြေဆီလွှာနှင့် ဇီဝမျိုးစိတ်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ရည်မှန်းချက် (၁၆) ငြိမ်းချမ်းသောလူမှုအဖွဲ့အစည်းများ အားပေးထူထောင်ရေးတို့ကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ခဲ့ပါကြောင်း ဂုဏ်ပြုဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခြင်း
မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ သော တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးတွင် လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံခဲ့ပါသည်။ ထို့နောက် စတုတ္ထအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် နေ့တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Video Conferencing စနစ်ဖြင့် လက်ခံကျင်းပခဲ့ပြီး ထိပ်သီးအစည်းအဝေးရလဒ်များအဖြစ် နေပြည်တော် ကြေညာစာတမ်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်တာလုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇) နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု တီထွင်ဆန်းသစ်မှု စင်္ကြံဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်တို့ကို အတည်ပြုကြေညာနိုင်ခဲ့ပါသည်။ အစည်းအဝေးတွင် အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌတာဝန်ယူစဉ် ကာလအတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဆိုင်ရာအစိုးရ/ အုပ်ချုပ်ရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ လူ့အဖွဲ့အစည်းများအကြား အပြန်အလှန်သင်ယူမှုနှင့် အမြင်ချင်းဖလှယ်မှုတိုးမြှင့်ရေးနှင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများတွင် ဦးစားပေး ပူးပေါင်းဆောင်ရွက် ခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနှင့် မျှဝေသောအနာဂတ်
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးကြွေးကြော်သံ (Development First) ဆောင်ပုဒ်နှင့်အညီ မျှဝေသောအနာဂတ်နှင့်အတူ ပိုမိုနီးကပ်သည့် အသိုက်အဝန်းတစ်ခု ထူထောင်သွားရေး၊ ပိုမိုချိတ်ဆက်နိုင်မည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စင်္ကြံတစ်ခုတည်ဆောက်သွားရေး၊ ပိုမိုစိတ်ချလုံခြုံ၍ ဖွံ့ဖြိုး တိုးတက်သော ပတ်ဝန်းကျင်တစ်ခု တည်ဆောက် သွားရေး၊ ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများသို့ ဦးတည်လှုပ်ရှားရေး၊ ပိုမိုထူးခြားသည့် ဝိသေသလက္ခဏာရပ်များဖြင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ဆက်သွယ်ရေးတို့ကို ထိရောက်စွာဆောင်ရွက်သွားရေးနှင့် အလုံးစုံပါဝင်သော ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ဖော်ဆောင်သွားရေးတို့ကို ဦးစားပေးလုပ်ငန်း ရပ်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ကိုးနှစ်တာကာလတစ်လျှောက် ပူးပေါင်းဆောင်ရွက် မှုရလဒ်များသည် အောင်မြင်သောဒေသတွင်း ပေါင်းစည်းမှုလုပ်ငန်းစဉ်များ၏ ဝိသေသလက္ခဏာများဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ၏ ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုအပေါ် ရပ်တည်ချက်သဘောထားတူညီမှု၊ ဒေသတွင်းအဖွဲ့အစည်းများအကြား အပြန်အလှန် အကျိုးပြုမှု၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ရန်ပုံငွေထူထောင်ထားရှိမှုနှင့် စနစ်ကျသော ပူးပေါင်းဆောင်ရွက်မှုမူဘောင် ချမှတ်ဆောင်ရွက်မှုစသည်တို့နှင့် ကိုက်ညီမှုရှိသဖြင့် အောင်မြင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒေသတွင်းမှီတင်းနေထိုင်ကြသည့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုနိုင်ခဲ့ပါကြောင်း ဂုဏ်ပြုဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် တာဝန်သိအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် တက်ကြွစွာပါဝင်၍ အဖွဲ့ဝင်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန်ယုံကြည်မှု၊ သာတူညီမျှရှိမှု စသည့်မူများအပေါ်အခြေခံကာ ဒေသတွင်းပေါင်းစည်းမှုကို ဦးစားပေး မူဝါဒတစ်ရပ်အဖြစ် ရှေ့ဆက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ထို့အတူ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများမှရရှိသည့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို အကျိုးရှိစွာအသုံးချ၍ မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက် ရေးတို့ကို တစ်ပြိုင်နက်ဖော်ဆောင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (Global Development Initiative)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ် (Global Security Initiative)နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအစဉ်(Global Civilization Initia-tive)တို့တွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ထပ်လောင်းဖော်ပြ၍ (၉)နှစ် မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။ ။
ကိုးကား -
- ASEAN Economic Integration Brief, ASEAN Secretariat, June 2017.
- Infrastructure Connectivity and Regional Economic Integration in East Asia: Progress and Challenges, Hong Yu, East Asian Institute, National University of Singapore, Journal of Infrastructure, Policy and Development (2017).