ငလျင်လှုပ်ခတ်ပြီးနောက် အစိုးရနှင့်ပြည်သူ ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဖော်ဆောင်ကြပါစို့
ကိုဘုန်း(ထုတ်လုပ်)
ငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် အလွန်အရေးကြီးပါသည်။ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ လူ့အသက်ဆုံးရှုံးမှုများနှင့် စီးပွားရေးထိခိုက်မှုများ ဖြစ်ပေါ်နိုင်သောကြောင့် ထိရောက်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ပါသည်။ နိုင်ငံတစ်နိုင်ငံသည် သဘာဝဘေးအန္တရာယ်တစ်ခုကျရောက်ပါက အဆိုပါနိုင်ငံရှိ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးစေသည်သာမက မူလအခြေအနေသို့ရောက်ရှိအောင် ပြန်လည်ထူထောင်ရသည့်အတွက် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါသည်။
ငလျင်အမျိုးအစားများ
ကမ္ဘာ့မြေအောက်ကျောက်လွှာကြီးများ တစ်ခုနှင့်တစ်ခုတိုးတိုက်ရာမှ ထွက်ပေါ်လာသည့် စွမ်းအားများကြောင့် မြေငလျင်လှုပ်ခတ်မှုဖြစ်ပေါ် လာရသည်။ မြေငလျင်ဖြစ်ပေါ်သည့်နေရာ၊ ငလျင် ဗဟိုချက်၊ မြေမျက်နှာပြင်နှင့်အကွာအဝေး၊ မြေအောက်အနက်ပေ မည်မျှတွင်လှုပ်သည် စသည့် အချက်များပေါ်တွင်မူတည်ကာ မြေငလျင်၏ ပြင်းအားနှင့် အပျက်အစီးတို့ ဖြစ်ပေါ်လာရသည်။ မြေငလျင်ပြင်းအားသတ်မှတ်မှု ရစ်(ချ်)တာစကေး ၁ မှ ၄ ဒသမ ၉ အထိကို အင်အားအနည်းငယ်ရှိသော ငလျင်အဖြစ်သတ်မှတ်ပြီး ရစ်(ချ်)တာစကေး ၅ မှ ၅ ဒသမ ၉ အထိကို အင်အားအသင့်အတင့်အဖြစ် သတ်မှတ်ထားရာ ထိုအဆင့်တွင် အပျက်အစီး အနည်းငယ်ရှိနိုင်သည်။ ရစ်(ချ်)တာစကေး ၆ မှ ၇ ဒသမ ၅ အထိ အင်အားပြင်းငလျင်အဖြစ် သတ်မှတ်ထားပြီး အပျက်အစီးများနိုင်သည်။ ရစ်(ချ်)တာစကေး ၇ ဒသမ ၆ မှအထက် ငလျင်ကြီးများမှာ အားအလွန်ပြင်းသော ငလျင်ကြီးများဖြစ်ပြီး ကြီးမားသည့်အပျက်အစီးများ ဖြစ်ပေါ်နိုင်သည်။
ငလျင်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ
ငလျင်လှုပ်ခတ်ပြီးနောက် ဆိုးကျိုးများစွာ ဖြစ်ပေါ်လာနိုင်ပါသည်။ အိမ်ခြေ၊ ကျေးရွာများ ပျက်စီးခြင်းကြောင့် လူအများအိုးမဲ့အိမ်မဲ့ဖြစ်ကာ ယာယီခိုလှုံရာနေရာများ လိုအပ်လာနိုင်သည်။ ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အအုံပြိုကျခြင်း၊ ပြတ်ကျသည့် ပစ္စည်းများကြောင့် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများဖြစ်ပေါ်နိုင်ပါသည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ PTSD (Post-Traumatic Stress Disorder) ကဲ့သို့ စိတ်ဒဏ်ရာများ ဖြစ်ပေါ်နိုင်သည်။ လမ်းများ၊ တံတားများ၊ လျှပ်စစ်ဓာတ်အားလိုင်း စသည့်အခြေခံ အဆောက်အအုံပျက်စီးခြင်း၊ စက်ရုံများ၊ ဈေးများ၊ ကုန်တိုက်များ ပြိုကျခြင်းကြောင့် စီးပွားရေးထိခိုက်မှုရှိခြင်း၊ ပျက်စီးသွားသော အဆောက်အအုံများကို ပြုပြင်ရန် ငွေကြေးအမြောက်အမြား လိုအပ်ခြင်းတို့ကြောင့် နောက်ဆက်တွဲ စီးပွားရေးဆိုင်ရာဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ ငလျင်ကြောင့် မြေဆီလွှာပြိုကျခြင်း၊ ကမ်းရိုးတန်းဒေသများတွင် ငလျင်ကြောင့် ဆူနာမီလှိုင်းလုံးကြီးများ ဖြစ်ပေါ်ခြင်း၊ မြေကြီးအက်ကွဲခြင်းကြောင့် လမ်းများ၊ ရေမြောင်းများပျက်စီးခြင်း စသည့်ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ ထို့ပြင်ရေသွယ်စနစ် ပျက်စီးခြင်းကြောင့် ရေရှားပါးမှု၊ ရေညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်း၊ ကယ်ဆယ်ရေးစခန်းများတွင် လူထူထပ်ပြီး ရောဂါကူးစက်မှု (ဥပမာ - ကိုဗစ်-၁၉ ၊ ဝမ်းလျှောရောဂါ)များ ဖြစ်နိုင်ခြေရှိခြင်း၊ စည်းကမ်းပျက်ပြားမှုများကြောင့် လုယက်မှုများ ဖြစ်ပေါ်နိုင်ခြေရှိပါသည်။ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရက်သတ္တပတ်အတွင်း ငလျင်ငယ်များ (Aftershocks) ဆက်လက် လှုပ်ခတ်နိုင်ပြီး ပျက်စီးမှုကို ပိုမိုဆိုးရွားစေနိုင်ပါသည်။ ထို့ပြင် ဓာတ်ငွေ့ပိုက်လိုင်းပျက်စီးခြင်း၊ ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်းကြောင့် မီးလောင်မှုဖြစ်ပေါ်နိုင်ပါသည်။
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားရန် ညွှန်ကြား
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က အလွန်အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့ပါသည်။
ထိုသို့ လမ်းညွှန်မှာကြားရာတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ပြိုကျပျက်စီးသွားသောအဆောက်အအုံများနှင့် အပျက်အစီးများအား ရှင်းလင်းဖယ်ထုတ်ခြင်း အပိုင်း၊ ပြိုကျပျက်စီးနေဆဲ အဆောက်အအုံများအား ဘေးအန္တရာယ်မဖြစ်စေရေး စနစ်တကျရှင်းလင်းဖယ်ရှားခြင်းအပိုင်း၊ ပြန်လည်တည်ဆောက်ခြင်း အပိုင်းဟူ၍ အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်သွားရန်၊ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် လမ်းတံတားများ၊ နိုင်ငံပိုင်အဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ငွေကြေးအင်အား၊ လူအင်အား၊ ယာဉ်ယန္တရားအင်အားများစွာဖြင့် ဆောင်ရွက်သွားရန်၊ ပုဂ္ဂလိက တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ထောက်ပံ့ပေးရန်၊ နိုင်ငံတကာက အကူအညီများတောင်းခံရာတွင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများကိုလည်း ထည့်သွင်းတောင်းခံသွားရန်၊ အဆောက်အအုံ အာမခံလုပ်ငန်းများတွင် အာမခံထားရှိမှုများကိုလည်း စနစ်တကျစိစစ်၍ အာမခံငွေကြေးများရရှိရေးအတွက် ဆောင်ရွက်သွားရန်၊ ဆက်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံး ယခင်အခြေအနေအတိုင်း ပြန်လည်သွားလာနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားရန်၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို များစွာဆောင်ရွက်သွားရမည်ဖြစ်ပြီး ဦးစားပေးအဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်ပေးသွားရန်စသည်ဖြင့် မှာကြားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်ခဲ့ကြသည်။
ငလျင်လှုပ်ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေး
ငလျင်နောက်ဆက်တွဲ ထူထောင်ရေးလုပ်ငန်းသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဘေးဒုက္ခများကို ခံနိုင်ရည်ရှိသော လူမှုအသိုင်းအဝိုင်းတစ်ရပ် ပြန်လည်တည်ဆောက်ရန်မှာ အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်ပါသည်။ ဤလုပ်ငန်းအောင်မြင်ရန် အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးပါသည်။ ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးခြင်း၊ ဒုက္ခသည်များအား ယာယီခိုလှုံရာနေရာများဖန်တီးပေးခြင်း၊ အရေးပေါ် ကျန်းမာရေးဝန်ဆောင်မှုများပေးခြင်း၊ သောက်သုံးရေသန့် ဖြန့်ဖြူးပေးခြင်းတို့ကို အရေးပေါ်အဆင့်အနေဖြင့် သတ်မှတ်ပါသည်။
ငလျင်လှုပ်ပြီးနောက် ရေရှည်တည်တံ့သော ပြန်လည်ထူထောင်ရေး
ငလျင်လှုပ်ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများအပြီးတွင် ရေရှည်တည်တံ့သော ပြန်လည်ထူထောင်ရေး (Sustainable And long-term recovery after An earthquake) လုပ်ငန်းများ ဆောင်ရွက်ရန် အရေးကြီးပါသည်။ ရေရှည် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာ၌-
စီးပွားရေးနှင့် လူမှုရေး ပြန်လည်ထူထောင်ခြင်း
- ငလျင်ဒဏ်ခံရသော လုပ်ငန်းရှင်များအား ငွေကြေးထောက်ပံ့မှုများ (အတိုးမဲ့ချေးငွေ၊ အလုပ်အကိုင်များဖန်တီးခြင်း)ပေးခြင်း၊
- ပျက်စီးသောဈေးများ၊ စက်ရုံများ၊ လယ်ယာ မြေများကို ပြန်လည်ပြုပြင်ပေးခြင်း၊
- ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးရေး (ငလျင်ဒဏ်ခံနိုင်သော ခရီးသွားအဆောက် အအုံများတည်ဆောက်ခြင်း)၊
- ပျက်စီးသောကျောင်းများကို ငလျင်ဒဏ် ခံနိုင်သည့်ဒီဇိုင်းဖြင့် ပြန်လည်တည်ဆောက်ခြင်း၊
- စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု(Psychosocial Support) ပေးခြင်း(အထူးသဖြင့် ကလေးများနှင့် သက်ကြီးရွယ်အိုများ)၊
- လူမှုအသိုက်အဝန်း ပြန်လည်စည်းလုံးရေးအတွက် လှုပ်ရှားမှုများပြုလုပ်ပေးခြင်း စသည့်စီးပွားရေးနှင့် လူမှုရေးပြန်လည်ထူထောင်ခြင်းတို့ကို လုပ်ဆောင်ပေးရမည်ဖြစ်သည်။ ထို့အပြင် အခြေခံအဆောက်အအုံများကိုလည်း စံချိန်စံညွှန်းနှင့်အညီ ပြန်လည်တည်ဆောက်ရာတွင်-
အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်း
- ငလျင်ဒဏ်ခံနိုင်သော (Earthquake-Resistant) အစိုးရရုံးများ၊ အိမ်များ တည်ဆောက်ရန် စံချိန်စံညွှန်းများချမှတ် ခြင်း၊
- အစိုးရနှင့် NGO များ၏ ပူးပေါင်းပါဝင်မှုဖြင့် အိမ်မဲ့ပြဿနာကို ဖြေရှင်းခြင်း၊
- ပျက်စီးသော ဆေးရုံများ၊ ဆေးခန်းများကို ခေတ်မီစွာ ပြန်လည်တည်ဆောက်ခြင်း၊
- လမ်းများ၊ တံတားများ၊ လျှပ်စစ်နှင့် ရေသွယ်စနစ်များ ပြန်လည်ပြုပြင်မွမ်းမံခြင်း စသည်တို့ကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါသည်။ အနာဂတ်တွင်လည်း ငလျင်ဒဏ်ကာကွယ်ရေးအတွက် စီမံချက်များဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။
အနာဂတ်ဘေးအန္တရာယ်ကာကွယ်ရေး စီမံချက်များ
- ငလျင်ကြိုတင်ခန့်မှန်းစနစ် (Seismic Monitoring) တိုးမြှင့်ခြင်း၊
- ပြည်သူလူထုကို ငလျင်နှင့်ပတ်သတ်၍ အသိပညာပေးလှုပ်ရှားမှုများပေးခြင်းနှင့် ငလျင်ဒဏ်ကျော်လွှားနိုင်အောင် လေ့ကျင့်ပေးခြင်း (ရုပ်သံမီဒီယာများ၊ ဆိုရှယ်ပလက် ဖောင်းများ၊ လက်ကမ်းစာစောင်များ၊ ငလျင်အန္တရာယ်ကာကွယ်ရေးသင်တန်းများ)၊
- လူထုအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှု (Community-Based Disaster Risk Management
- CBDRM) စနစ်များ ဖော်ဆောင်ခြင်း၊
- နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြန်လည်တည်ဆောက်ခြင်း စသည်တို့ဖြင့် ငလျင်လှုပ်ခတ်ပြီးနောက် ရေရှည်တည်တံ့သော ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ရ မည်ဖြစ်ပါသည်။
ငလျင်လှုပ်ပြီးနောက် စီးပွားရေး၊ လူမှုရေး၊ အခြေခံအဆောက်အအုံနှင့် ဘေးအန္တရာယ် ကာကွယ်ရေးစနစ်များကို ပိုမိုခိုင်မာစွာတည်ဆောက်ရန် လိုအပ်ပါသည်။ အစိုးရ၊ ပြည်သူနှင့် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှုဖြင့် ငလျင်ဒဏ်ခံနိုင်ရည်ရှိသော လူ့အဖွဲ့အစည်းတစ်ခု ဖော်ဆောင်နိုင်ပါသည်။ သဘာဝဘေးဆိုသည်မှာ ရှောင်ပြေး၍မရနိုင်သော ဖြစ်စဉ်ဖြစ်သဖြင့် ထိရောက်သော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ခြင်းဖြင့် အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများကို သိသိသာသာ လျှော့ချနိုင်ကြောင်း ရေးသားလိုက်ရပါသည်။ ။
ကိုးကား။ ။ ကြေးမုံ(၃၁-၃-၂၀၂၅)