မြန်မာ့သနပ်ခါးကို ကမ္ဘာကသိစေဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့
လင်းလက်နေခြည်
လူမျိုးတိုင်းတွင် ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်း၊ အစဉ်အလာများရှိသကဲ့သို့ တန်ဖိုးထားထိန်းသိမ်းပြီး သုံးစွဲလာကြသည့် အရာများလည်းရှိသည်။ မြန်မာလူမျိုးများ၏ ချစ်စရာအစဉ်အလာများနှင့် တန်ဖိုးထားထိန်းသိမ်းသုံးစွဲလာကြသည့် အရာများအနက် နတ်ဆေးတစ်ပါးဟု တင်စားကြရသည့် မြန်မာ့ဆေးဖက်ဝင် “သနပ်ခါး” သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ “နွေ၊ မိုး၊ ဆောင်း” ဆိုသည့် ရာသီဥတုသုံးပါးစလုံးနှင့် ညီညွတ်မျှတပြီး သဘာဝနှင့်လိုက်ဖက်ညီစွာ တည်ရှိပေးနိုင်သည့် မြန်မာ့သနပ်ခါးကို မြန်မာအမျိုးသမီးများ လိမ်းခြယ်ခဲ့သည်မှာ ရှေးပဝေသဏီကတည်းကပင်ဖြစ်သည်။ နည်းပညာခေတ်တွင် ခေတ်မီဆေးဝါးများ၊ အလှအပရေးရာဆိုင်ရာ ဆေးဝါးများနှင့် အသုံးအဆောင်များ မည်မျှပင်ပေါများလာစေကာမူ မြန်မာ့သနပ်ခါး သည် မြန်မာအမျိုးသမီးများအတွက် ပစ်ပယ်ထား၍ မရသော ရှေး ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ ထားရှိခဲ့သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက မြန်မာအမျိုးသမီးများ၏ မှန်တင်ခုံရှေ့တွင် နေရာယူထားသည့် မြန်မာ့သနပ်ခါးသည် အလှပြင်ပစ္စည်း တစ်ခုဖြစ်ရုံသာမက ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ကင်းစင်စေသော အရာပင်ဖြစ်သည်။ “သနပ်ခါး” ဟူသော ဝေါဟာရအသုံးအနှုန်းသည် “သနခါ” ဟူသောစကားမှ ဆင်းသက်လာသည် ဟု လေ့လာသိရှိရသည်။ “သန” ဆိုသည်မှာ “မသန့်မရှင်းဖြစ်သည်” ဟု အဓိပ္ပာယ်ရပြီး “ခါ” ဆိုသည်မှာ “ကင်းစင်စေသည်” ဟု အဓိပ္ပာယ် ရသဖြင့် “သနခါ” ဆိုသည်မှာ မကောင်းသော အညစ်အကြေးများကို ကင်းစင်သွားစေသည့်အရာ ဟု အဓိပ္ပာယ်ရသည်။ ခေတ်ကာလရွေ့လျော လာသည့်အခါတွင် “သနခါ” မှ “သနပ်ခါး” ဟု တဖြည်းဖြည်းပြောင်းလဲလာခဲ့သည့် မြန်မာ့သနပ်ခါးသည် အညံ့များပျောက်ကင်းသော၊ ရောဂါဘယများကင်းစင်စေသော နတ်ဆေးတစ်ပါးပင် ဖြစ်သည်။
တစ်ပင်လုံး လိုရာသုံး
“သနပ်ခါးသည်ပူ၏၊ သွေးကိုကြွစေတတ်၏၊ ပူခါးချုပ်ပွင့်ဖြစ်၏၊ အရေပြားယားယံခြင်း၊ ဓာတ်မတည့်ခြင်းတို့အတွက် သနပ်ခါးကို ဆားနှင့်ရောသွေးကာ လိမ်းကျံကြသည်။ ငန်းမန်းကိုနိုင်စေ၏၊ အပူနာ၊ အအေးနာနှစ်မျိုးစလုံးနိုင်၏” ဟု မြန်မာ့ဆေးကျမ်းများတွင် ဖော်ပြထားသည်နှင့်အညီ မြန်မာ့ရိုးရာသနပ်ခါးသည် အလှအပရေးရာ အတွက် အသုံးပြုရသည့်အရာတစ်ခုဖြစ်သကဲ့သို့ ကျန်းမာရေးအတွက်လည်း ဆေးတစ်ခွက်အဖြစ် အသုံးပြုနိုင်သည်။ အသားအရေစိုပြည်ဝင်းမွတ်စေပြီး ဝက်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက်တို့ကို ပျောက်ကင်းစေသည့် သနပ်ခါးသည် နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးသည်။ ထို့ပြင်အရေပြားကင်ဆာကိုပင် ပျောက်ကင်းစေသည်။ သနပ်ခါးအရွက်သည် အနာကြီးရောဂါကို ပျောက်ကင်းစေပြီး အရွက်ကိုအခြောက်လှန်း အမှုန့်ကြိတ်သောက်သုံးပေးမည်ဆိုပါက ဝမ်းတွင်းရောဂါများအပါအဝင် ကင်ဆာရောဂါကို ပျောက်နိုင်သည်ဟု သိရသည်။
သနပ်ခါးပင်မှ အသီးသည်လည်း အဆိပ်ပြေသည့် အာနိသင်ရှိပြီး အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေးစသည်ဖြင့် ဆေးများဖော်စပ်ရာတွင် အသုံးပြုနိုင်သည်ဟုသိရသည်။ သနပ်ခါးအမြစ်သည် ဝမ်းရောဂါများကို သက်သာပျောက်ကင်းစေသည့် ဆေးများဖော်စပ်ရာတွင် အသုံးပြုနိုင်ပြီး အမြစ်ကိုသွေး၍ လိမ်းခြင်း၊ သောက်ခြင်းဖြင့် ဝမ်းတွင်းရောဂါ များအပါအဝင် အမျိုးသမီးရောဂါများကိုလည်း သက်သာပျောက်ကင်းစေနိုင်သည်ဟု သိရသည်။ သနပ်ခါးကိုသွေး၍ သောက်ပေးခြင်းဖြင့် အမျိုးသားများအတွက် ဆီးရောဂါအပါအဝင် အမျိုးသားရောဂါများ၊ အမျိုးသမီးများအတွက် မီးယပ်ကဲ့သို့သော အမျိုးသမီးရောဂါများကို သက်သာပျောက်ကင်းစေ သည်ဟု သိရသည်။ အရွက်၊ အသီး၊ အပွင့်၊ ပင်စည်၊ အမြစ် စသည်ဖြင့် တစ်ပင်လုံးအသုံးဝင်သည့် သနပ်ခါးကို ယခုအခါ ခေတ်မီတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် မျက်နှာလိမ်းခရင်မ်၊ ဖောင်ဒေးရှင်း၊ မျက်နှာပေါင်းတင်ဆေး၊ ဝက်ခြံတင်းတိပ်ပျောက်ဆေး၊ ဘော်ဒီလိုးရှင်း၊ ရေမွှေးစသည်ဖြင့် ထုတ်လုပ်အသုံး ပြုနေကြပြီဖြစ်သည်။
မြန်မာ့သနပ်ခါးနေ့ဖြစ်ပေါ်လာပုံ
သနပ်ခါးသည် ရှေးယခင်ကတည်းက မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများတွင် အများဆုံး အလေ့ကျရှင်သန်ပေါက်ရောက်နိုင်သည့် အပင်ဖြစ်သည်။ ယခုအခါတွင် မြန်မာနိုင်ငံ အပူပိုင်း ဒေသများဖြစ်သည့် အရာတော်၊ မုံရွာ၊ ကျောက်ကာ၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ပေါက်၊ ဆိပ်ဖြူ၊ မြင်းခြံ၊ ပြည်၊ ရွှေဘို၊ စစ်ကိုင်း၊ မြင်းမူ၊ ကနီစသည့်ဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးလာကြသည်။ ရှေးဘုရင်များလက်ထက်က အအေးဓာတ်လွန်ကဲသည့် တပို့တွဲလတွင် ထမနဲထိုးပွဲအပါအဝင် သက်တော်ထင်ရှား မြတ်စွာဘုရားကိုရည်စူး၍ အနွေးဓာတ်ရရှိစေရေး လက်တော်ကင်ရန်နှင့် မီးလှုံရန်ရည်ရွယ်ကာ မီးဖုန်းပွဲကိုကျင်းပခဲ့သည်။ “ဖုန်း” ဆိုသည်မှာ “ပုည” ဆိုသည့် ပါဠိဘာသာစကားမှ ဆင်းသက်လာခဲ့ပြီး “ကုသိုလ်”ဟု အဓိပ္ပာယ်ရသဖြင့် “မီးဖုန်းပွဲ” ဆိုသည်မှာ မီးအလှူပွဲဟု အဓိပ္ပာယ်ရသည်။ ကာလရွေ့လျောလာသည့်အခါတွင် မီးဖုန်းပွဲမှ မီးဖုံး၊ မီးပုန်း၊ မီးပုံး၊ မီးပုံပွဲဟု အဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ် အသုံးပြု လာခဲ့ကြသည်။ ထိုမီးဖုန်းပွဲ၌ အေးမြသည့်အညာဒေသတွင် ဘုရားရှင်အား အနွေးဓာတ်ရရှိစေရေး မီးပူဇော်ကြရာတွင် နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်စသည်တို့နှင့်အတူ မြန်မာ့ရိုးရာသနပ်ခါးကိုပါ မီးပုံအတွင်း ထည့်သွင်းပူဇော်လေ့ရှိကြသည်။
မြတ်စွာဘုရားရှင်အား အနွေးဓာတ်ပူဇော်ရာတွင် ထည့်သွင်းအသုံးပြုခဲ့သည့် မြန်မာ့သနပ်ခါးကို တန်ဖိုးထားထိန်းသိမ်းတတ်စေရန်အတွက် ၂၀၂၁ ခုနှစ်တွင် မီးဖုန်းပွဲကျင်းပသည့် တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံတွင် သနပ်ခါးအများဆုံးစိုက်ပျိုးသည့် ဒေသမှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့ဖြစ်သဖြင့် ၂၀၁၉ ခုနှစ်တွင် “သနပ်ခါးမြို့တော် အရာတော်” အဖြစ် သတ်မှတ်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ လ ၁၁ ရက်နေ့တွင် “မြန်မာနိုင်ငံ သနပ်ခါးအသင်း”အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ မြန်မာ့ရိုးရာ သနပ်ခါးကို အစဉ်တန်ဖိုးထားထိန်းသိမ်းတတ်သည့် ယဉ်ကျေးမှုများ တိမ်ကောပျောက်ကွယ်မှုမရှိစေရေးနှင့် မြန်မာ့သနပ်ခါးကို ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် သနပ်ခါးနေ့အထိမ်းအမှတ် အခမ်းအနားများကျင်းပခြင်း၊ သနပ်ခါးလှပျိုမေပြိုင်ပွဲကျင်းပခြင်း၊ ဈေးရောင်း ပွဲတော်များကျင်းပခြင်း၊ သနပ်ခါးဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ တန်ခိုးကြီးဘုရားများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လိမ်းကျံရန်အတွက် ဆေးသနပ်ခါးကျောက်ပြင်များထားရှိခြင်းနှင့် သနပ်ခါးဈေးရောင်းပွဲတော်များ ကျင်းပခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
တန်ဖိုးထားဖို့လိုလေပြီ
သနပ်ခါးပင်ကို မြန်မာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် တွေ့ရှိရသည်ဟုဆိုသော်လည်း မြန်မာ့သနပ်ခါး သည် အရည်အသွေးအမြင့်မားဆုံးနှင့် အကောင်းဆုံး ဖြစ်သည်။ သနပ်ခါးကို တွင်ကျယ်စွာအသုံးပြုသည့် နိုင်ငံမှာလည်း မြန်မာနိုင်ငံပင်ဖြစ်သည်။ “ဆောင်းမှာ နွေး၊ နွေမှာအေး” ဆိုသည့် ဂုဏ်ဒြပ်တို့နှင့် ပြည့်စုံသည့် မြန်မာ့သနပ်ခါး၏ အာနိသင်နှင့် ကောင်းကျိုးများသည် မရေမတွက်နိုင်အောင်ရှိသဖြင့် သနပ်ခါးကို ပါးပြင်ထက်တွင် မြတ်နိုးစွာ လိမ်းကျံခြယ်သသည့် အလေ့အထများကို တန်ဖိုးထားထိန်းသိမ်းကြရန်လိုသည်။ ဝိသေသလက္ခဏာထူးများဖြင့် ပြည့်စုံကြွယ်ဝပြီး နတ်ဆေးတစ်ပါးဟုတင်စားရသည့် မြန်မာ့သနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေး ၂၀၂၀ ပြည့်နှစ်ကတည်းက ကြိုးစားဆောင်ရွက်ခဲ့သည်ဟု သိရသည်။
တပို့တွဲလပြည့်နေ့ (မြန်မာ့သနပ်ခါးနေ့)တွင် မြန်မာနိုင်ငံ သနပ်ခါးအသင်းကကြီးမှူး၍ နိုင်ငံတစ်ဝန်းလုံး၌ သနပ်ခါးနေ့အထိမ်းအမှတ်ပွဲများ ကျင်းပခဲ့ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြည်သူလူထုလှုပ်ရှားမှုများကို အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့သည်။ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့များနှင့်စပ်လျဉ်း၍ ပြည်သူလူထုအား အသိပညာပေးလှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။
ယခုအခါတွင် မြန်မာ့သနပ်ခါးကို ယူနက်စကို ၏ Representative List of The Intangible Cultural Heritage of Humanity သို့ အမည်စာရင်းတင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မြန်မာ့သနပ်ခါးနှင့်စပ်လျဉ်း၍ သဘောထားအမြင်စစ်တမ်း ကောက်ယူလျက်ရှိပြီး မတ်လ ၃၁ ရက်နေ့တွင် ယူနက်စကိုသို့ တင်သွင်းမည်ဟုသိရသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကောင်းများထွန်းကားရာ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နေရာဒေသများစွာရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြန်မာတို့၏ အတာသင်္ကြန်ပွဲတော်သည်လည်း လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ မြန်မာ့ရိုးရာသနပ်ခါးကိုလည်း မြန်မာတို့သာမက ကမ္ဘာသူ ကမ္ဘာသားများကပါ တန်ဖိုးထားထိန်းသိမ်းနိုင်ရေး လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် မြန်မာ့သနပ်ခါးဝင်ရောက်နိုင်ရေးအတွက် သဘောထား စစ်တမ်းတွင် ပါဝင်ဖြေဆိုခြင်းဖြင့်လည်းကောင်း၊ သနပ်ခါးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း မြန်မာ့ဂုဏ်ဒြပ်သနပ်ခါးကို ကမ္ဘာကသိစေရေး ကြိုးစားဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ရည်ညွှန်းကိုးကား။ ။ နေ့စဉ်ထုတ်သတင်းစာများ။