Skip to main content

ငလျင်လှုပ်ခတ်ခြင်း၏ တိရစ္ဆာန်များ၊ သဘာဝပတ်ဝန်းကျင်များအပေါ် သက်ရောက်မှုနှင့် ကျန်းမာရေးဆိုင်ရာ ချဉ်းကပ်မှု

ဒေါက်တာခင်စန္ဒာလွင်(မွေး-ကု)

ငလျင်လှုပ်ခတ်ခြင်းသည် သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိများအပေါ် ကြီးမားသော သက်ရောက်မှုရှိပါသည်။ လူသားများသာမက တိရစ္ဆာန်များနှင့် သစ်ပင်များကို သိသိသာသာ ထိခိုက်စေနိုင်ပြီး နေထိုင်ရာပျက်စီးခြင်း၊ ရွှေ့ပြောင်းခြင်းများကို ဖြစ်စေနိုင်ပါသည်။ ငလျင်ကြောင့် မြေပြိုမှုများဖြစ်ပေါ်ကာ သဘာဝကျက်စားရာနေရာ များပျက်စီးခြင်း၊ တိရစ္ဆာန်များ ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းတို့ဖြစ်စေနိုင်သည်။ လူနေမြို့ရွာများတွင် နေထိုင်သော တိရစ္ဆာန်များမှာ ပြိုကျသော အဆောက်အအုံအောက်၌ နစ်မြုပ်ခံရနိုင်သည်။

ငလျင်သည်ကုန်းပေါ်တွင် မနေထိုင်သော တိရစ္ဆာန်များ (ဥပမာ – ဝေလငါးများ) အပေါ်တွင်ပါ သက်ရောက်မှုရှိသည်။ ငလျင်မှ ထွက်ပေါ်လာသော ရေအောက်အသံများသည် ကမ္ဘာပေါ်တွင် အကျယ်ဆုံး အသံများထဲမှ တစ်ခုဖြစ်သောကြောင့် ဝေလငါးများ တွင် အကြားအာရုံဆိုင်ရာ ပြဿနာများ၊ နေရပ် ပြောင်းရွှေ့ခြင်းနှင့် အပြုအမူပြောင်းလဲမှုများ ဖြစ်ပေါ်စေနိုင်သည်။ ဝေလငါးများသည် အသံဖြင့် ဆက်သွယ်ခြင်း၊ သားကောင်ရှာဖွေခြင်းနှင့် လမ်းကြောင်းရှာခြင်း တို့အတွက် အကြားအာရုံကို မှီခိုအားထားရသောကြောင့် ဤအချက်သည် ၎င်းတို့ အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ် သည်။

လေ့လာမှုများအရ တိရစ္ဆာန်များသည် ငလျင်ကို အမျိုးမျိုးသောနည်းလမ်းဖြင့် တုံ့ပြန်ကြပြီး အထူး သဖြင့် ခွေးများနှင့်နွားများတွင် ပိုမိုသိသာထင်ရှား သော တုံ့ပြန်မှုများရှိကြောင်း တွေ့ရှိရသည်။ လေ့လာချက်များအရ တိရစ္ဆာန်များသည် ငလျင် လှုပ်ခတ်မှုကို လူသားများထက် မိနစ်ပိုင်းမှနာ ရီပိုင်း အလိုတွင် ကြိုတင်သိရှိနိုင်ကြောင်း တွေ့ရှိရသည်။ ဤအချက်မှာ ၎င်းတို့၏ P-wave (Primary wave) နှင့် အနိမ့်ကြိမ်နှုန်းအသံ (Infrasound 20 Hz အောက်ကြိမ်နှုန်း) များကို အာရုံခံနိုင်သော အထူး စွမ်းရည်ကြောင့်ဖြစ်သည်။ ငလျင်လှုပ်ခတ်စဉ် အစောပိုင်းတွင် မြေကြီးအတွင်းမှ အလျင်မြန်ဆုံး ဖြတ်သန်းသော P-waves (ပထမလှိုင်း)ကို တိရစ္ဆာန်များက လူသားများထက် ပိုမိုအာရုံခံနိုင်သည်။ P-waves သည် S-waves (ဒုတိယလှိုင်း) ထက်လျင်မြန်ပြီး ပျက်စီးမှုနည်းသော်လည်း တိရစ္ဆာန်များ၏ အာရုံကြောစနစ်နှင့် မြေကြီးတုန်ခါမှုအား ခံနိုင်စွမ်းရှိခြင်းတို့ကြောင့် ၎င်းတို့သည် ဤလှိုင်းများကို စောင့်ကြည့်နိုင်သည်။ ဥပမာ ဆင်များ သည် နှာမောင်းဖျားဖြင့် မြေကြီးကိုထိတွေ့ကာ P-waves ကို အာရုံခံပြီး ငလျင်မလှုပ်မီ စက္ကန့်ပိုင်း အတွင်း တုန်လှုပ်မှုကို သိရှိနိုင်သည်။ ခွေး၊ နွားကဲ့သို့ သော တိရစ္ဆာန်များသည် ငလျင်မလှုပ်မီနာရီပိုင်း/ ရက်ပိုင်း ကြိုတင်၍ ပုံမှန်မဟုတ်သော ငြိမ်သက်ခြင်း သို့မဟုတ် ဂနာမငြိမ်ခြင်း အလွန်အမင်းလှုပ်ရှားတတ် ကြသည်။

၂၀၀၄ ခုနှစ် ဆူနာမီဘေးအတွင်း အိန္ဒိယသမုဒ္ဒရာ ကမ်းခြေရှိ တိရစ္ဆာန်များသည် ဘေးအန္တရာယ် မရောက်မီ ကုန်းမြင့်ဘက်သို့ ပြေးခဲ့ကြသည်ကို တွေ့ရှိရသည်။ ဤဖြစ်ရပ်သည် တိရစ္ဆာန်များ၏ သဘာဝဘေးကြိုတင်သိရှိနိုင်စွမ်းကို အတည်ပြုခဲ့သည်။

ငလျင်ကြောင့် မွေးမြူရေးတိရစ္ဆာန်များအပေါ် ပြင်းထန်သောသက်ရောက်မှုရှိနိုင်ပြီး ဒဏ်ရာရခြင်း၊ သေဆုံးခြင်းနှင့် မွေးမြူရေးထုတ်လုပ်မှုများ နှောင့်နှေးခြင်း၊ အခြေခံအဆောက် အအုံများ ပျက်စီးခြင်း၊ တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် အစားအစာဖူလုံရေးအတွက် ရေရှည်အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်ပါ သည်။

 အထူးသဖြင့် မတ် ၂၈ ရက်က လှုပ်ခတ်သော “မန္တလေးမြေငလျင်ကြီး”ကြောင့် မြန်မာနိုင်ငံ၌ ကြီးမားသော ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီးနေရာ ရွှေ့ပြောင်းရခြင်း၊ အခြေခံအဆောက်အအုံများ ပျက်စီးခြင်းနှင့်အတူ လူနှင့်တိရစ္ဆာန်များ အကြီးအကျယ် ထိခိုက်ခဲ့ပါသည်။ အလားတူပင် တောရိုင်း တိရစ္ဆာန်များနှင့် မွေးမြူရေးတိရစ္ဆာန်များအပေါ် တွင်လည်း သက်ရောက်မှုရှိခဲ့သည်။ "Veterinarians Without Borders" (VWB) အဖွဲ့၏ထုတ်ပြန်ချက်အရ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတို့တွင် မွေးမြူရေး တိရစ္ဆာန်များ ထိခိုက်ခဲ့သည်။ ဤအခြေအနေသည် မွေးမြူရေးလုပ်ကိုင်နေသူများအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး တိရစ္ဆာန်များ၏ ဘဝနှင့် လူမှုစီးပွားအပေါ် ရေရှည်သက်ရောက်မှုရှိနိုင်သည်ကို သတိပြုမိရန် အရေးကြီးပါသည်။

ငလျင်၏ တိရစ္ဆာန်များအပေါ် တိုက်ရိုက်သက်ရောက်မှုများ

မြေပြိုမှုနှင့် မြေအက်ကြောင်းများ - တောတောင် ဒေသများတွင် တိရစ္ဆာန်ကျက်စားရာနေရာများ ပျက်စီးခြင်း၊ မြေအောက်နေတိရစ္ဆာန်များ မြေမြုပ် သေဆုံးခြင်း၊ နွားနှင့် ကျွဲများကဲ့သို့သော တိရစ္ဆာန် များ ဒဏ်ရာရနိုင်ခြင်းတို့ ကြုံတွေ့နိုင်သည်။

မြေမျက်နှာပြင် အမြင့်ပြောင်းလဲခြင်း  ရေချိုငါးများ၏ ရေစီးကြောင်းပြောင်းခြင်း၊ ရေတိမ်ဒေသများ ပျောက်ဆုံးခြင်းနှင့် ကုန်းနေရေနေသတ္တဝါများ (ဥပမာ- လိပ်၊ ဖား) ၏ ပတ်ဝန်းကျင်ပျက်စီးခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

သွယ်ဝိုက်သော သက်ရောက်မှုများ

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့- FAO ၏ အချက်အလက်များအရ ငလျင်များသည် မွေးမြူ ရေးကဏ္ဍကို ပြင်းထန်စွာထိခိုက်စေပြီး ထုတ်လုပ်မှု ဆုံးရှုံးခြင်းများ၊ တိရစ္ဆာန်များအတွက် နေရာထိုင်ခင်းများ ပျက်စီးခြင်းနှင့် တိရစ္ဆာန်များစွာ သေဆုံးခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။ ငလျင်ကြောင့် လယ်သမားများနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် တိရစ္ဆာန်များဆုံးရှုံးခြင်း၊ အခြေခံအဆောက်အအုံများ ပျက်စီးခြင်းနှင့် ထုတ်လုပ်မှုများ နှောင့်နှေးခြင်းတို့ကြောင့် ကြီးမားသော စီးပွားရေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။ တိရစ္ဆာန်များသည် ရောဂါဖြစ်ပွား မှုများနှင့် ပတ်ဝန်းကျင်မသန့်ရှင်းမှုကဲ့သို့သော အခြားဘေးအန္တရာယ်များကို ပိုမိုခံနိုင်ရည် နည်းလာနိုင်သည်။ တိရစ္ဆာန်များ ဒဏ်ရာရခြင်း၊ စိတ်ဖိစီးခြင်း သို့မဟုတ် လုံလောက်သော အစာနှင့် နေရာထိုင်ခင်းမရရှိခြင်းတို့ကြောင့် တိရစ္ဆာန်များ၏ ကျန်းမာရေးအပေါ် ကြီးမားသောသက်ရောက်မှုရှိနိုင်သည်။ မွေးမြူရေးထုတ်လုပ်မှုများနှောင့်နှေးခြင်းကြောင့် အသား၊ နို့နှင့် အခြားတိရစ္ဆာန်ထွက်ကုန်များ ရှားပါးလာနိုင်ပြီး အသားကဏ္ဍထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည်။ နွားများတွင် စိတ်ဖိစီးမှုဟော်မုန်း (Cortisol) များပြားခြင်းသည် နို့ထုတ် လုပ်မှုကို ဟန့်တားခြင်းကြောင့် နို့ထွက်နှုန်း ၃၀-၅၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည်။ နို့အုံရောင်ခြင်း (Mastitis)ဖြစ်နှုန်း မြင့်တက်လာခြင်းနှင့် အာဟာရချို့တဲ့မှုကြောင့်နို့အရည် အသွေးကျဆင်းခြင်းများ ဖြစ်ပေါ်နိုင်သည်။ ကြက်များ၏ ဥဥမှု ၂၀-၃၀ ရာခိုင်နှုန်းအထိ လျော့ကျပြီး ဥအရွယ်အစားသေးငယ်လာခြင်း၊ ဥခွံ ပါးလာခြင်းများနှင့် ကြက်များ၏ မျိုးဥဖွံ့ဖြိုးမှု နှောင့်နှေးခြင်းများဖြစ်မည်။ ဝက်၊ နွားများတွင် အစာစားနှုန်း ကျဆင်းမှုကြောင့် တစ်နေ့လျှင် ၀ ဒသမ ၅-၁ ကီလိုဂရမ်အထိ ကိုယ်အလေးချိန် ဆုံးရှုံး၍ စိတ်ဖိစီးမှုကြောင့် အသားတွင် Lactic Acid များပြားကာ အသားမာခြင်းကြောင့် အသား အရည်အသွေးကျဆင်းခြင်းများဖြစ်ပေါ်မည်။ ထိုသို့ သောအခြေအနေများဖြစ်ပါက ဖြည့်စွက်စာများ ပိုမိုကျွေးမွေးခြင်း၊ ပရိုတင်းဓာတ်မြင့်မားသော အစာများ ထည့်သွင်းကျွေးမွေးခြင်း၊ ဗီတာမင် B Complex ဖြည့်စွက်စာများပေးခြင်း၊ တိရစ္ဆာန် များအား ငြိမ်သက်စွာထားရှိရန် နေရာလုံလောက်စွာ ဖန်တီး ပေးခြင်းနှင့် အလင်းရောင်နှင့် အသံဆူညံမှုကို ထိန်းညှိပေးခြင်းများ ပြုလုပ်ပေးနိုင်ပါသည်။ နို့ထွက်နှုန်းနှင့် ဥဥနှုန်းကို နေ့စဉ်မှတ်တမ်းတင် ရန်လိုအပ်မည်။ ငလျင်လှုပ်ခတ်ပြီးနောက် ထုတ်လုပ်မှုပမာဏ ပုံမှန်ပြန်ဖြစ်ရန် ၃-၆ လအထိကြာမြင့်နိုင်ပါသည်။ ထိုကာလအတွင်း အာဟာရနှင့် ကျန်းမာရေး စောင့်ကြည့်မှုများ အထူးဂရုပြုရန် လိုအပ်ပါသည်။

အထူးသဖြင့် ငလျင်လှုပ်ခတ်ပြီးနောက်ဆက်တွဲ ပြဿနာကို ရှောင်ရှားနိုင်ရန်အတွက် တိရစ္ဆာန်များ ကို မြေသားအရည်ပျော်ခြင်း (liquefaction) နှင့် ရေကြီးရေလျှံသည့် နေရာများမှ ဝေးရာသို့ ခေါ်ဆောင်ပါ။ ထိုရေများတွင် ဇီဝဆိုင်ရာ စွန့်ပစ်ပစ္စည်းများနှင့် ဓာတုပစ္စည်းများ ပါဝင်နိုင်သည်။ တိရစ္ဆာန်များကို မသန့်ရှင်းသောရေတွင် ကြာရှည်စွာထားပါကဗက်တီးရီး ယားပိုးဝင်ခြင်းနှင့် ဓာတုမီးလောင်ဒဏ်ရာ များဖြစ်ပေါ်ကာ အရေပြားပျက်စီးနိုင်သည်။ အကယ်၍ထိခိုက်ပါက သန့်ရှင်းသောရေဖြင့်ဆေးခြင်း သို့မဟုတ် ရေချိုးပေးခြင်းဖြင့် အရေပြားနှင့်အမွှေးကိုသန့်စင်ပေးနိုင်သည်။

တိရစ္ဆာန်များကို မသန့်ရှင်းသောရေ မသောက်မိ စေရန်ဂရုပြုပါ။ သန့်ရှင်းသောရေကို လုံလောက်စွာ ထောက်ပံ့ပေးပါ။ အိမ်မွေးတိရစ္ဆာန်များအတွက် ပုလင်းထဲသို့ထည့်ထားသောရေ သို့မဟုတ် ကျိုချက် ထားသော ရေကိုတိုက်ပါ။ အနည်းဆုံး ငါးရက်စာ အစာနှင့်ရေကို အဆင်သင့်ထားပါ။ တိရစ္ဆာန်အများစုသည် ရေဓာတ်ထိန်းသိမ်းရန် ၂၄ နာရီအတွင်း ၎င်းတို့၏ ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ၆၀ မီလီလီတာ လိုအပ်သည်။ စားကျက်မြက်ခင်းနှင့် သိုလှောင်ထားသော အစာ များသည် မြေပြိုခြင်း သို့မဟုတ် ရေလျှံခြင်းကြောင့် စားသုံး၍မရ ဖြစ်နိုင်သဖြင့် တိရစ္ဆာန်များအတွက် အရန်အစာကို အဆင်သင့်ထားရှိပါ။ အားနည်းသော တိရစ္ဆာန်များနှင့် မွေးဖွားရန်နီးကပ်နေသော တိရစ္ဆာန်များကို ဦးစားပေးကျွေးပါ။

 ငလျင်၏ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ သက်ရောက်မှုများ

ရေအရင်းအမြစ်များ ညစ်ညမ်းခြင်း - ငလျင်ကြောင့် ရေပေးဝေရေးစနစ်များ ပျက်စီးသွားပါက ရေညစ်ညမ်းမှုဖြစ်ပေါ်ကာ တိရစ္ဆာန်များ သန့်ရှင်း သော ရေကိုရရှိရန် ခက်ခဲသွားနိုင်သည်။ မြေပြိုမှု ကြောင့် ရွှံ့နွံများ ရေထဲရောက်ခြင်းနှင့်မြစ်၊ ချောင်းများတွင် မြေဆီလွှာနှင့် ကျောက်စရစ်ခဲများ စီးဝင်ကာ ရေနုတ်မြောင်း ပိတ်ဆို့ခြင်း၊ ရေသတ္တဝါ များ (ငါး၊ ဖား) အသက်ရှူလမ်းကြောင်းပိတ်၍ သေဆုံးခြင်း၊ စက်ရုံ/အိမ်သုံးရေဆိုးပိုက်များ ပျက်စီး ခြင်းကြောင့် အန္တရာယ်ရှိဓာတုပစ္စည်းများ (ပိုးသတ် ဆေး၊ အော်ဂဲနစ်အညစ်အကြေး) ရေထဲစိမ့်ဝင်ခြင်း၊ လူနှင့် တိရစ္ဆာန်များအတွက် အသည်းအဆိပ်သင့် ခြင်း၊ ကင်ဆာဖြစ်စေနိုင်သော ဒြပ်ပေါင်းများစုပုံလာ ခြင်း။

မြေဆီလွှာနှင့်စားကျက်များ ပျက်စီးခြင်း - လူနှင့် တိရစ္ဆာန်အညစ်အကြေးများ မြေကြီးထဲစိမ့်ဝင်၍ ဗက်တီးရီးယား/ ဗိုင်းရပ်စ်များ ပေါက်ပွားခြင်း (ဥပမာ- အူရောင်ငန်းဖျား)၊ နွားများ မြေကြီးမှတစ်ဆင့် နို့ထဲ သို့ အာဆင်းနစ်ဓာတ် စိမ့်ဝင်နိုင်ခြင်း၊ စိုက်ပျိုးမြေများ အထွက်နှုန်း ကျဆင်းခြင်း၊မြေဆီလွှာအပေါ်ယံ ပျက်စီး ခြင်းကြောင့် စားကျက်မြက်ခင်းများ ရှားပါးခြင်း။

တိရစ္ဆာန်များ၏ ပြုမူနေထိုင်မှုနှင့် ဂရုစိုက်ရန် အချက်များ

ငလျင်ကြောင့် တိရစ္ဆာန်များသည် အလန့်တကြားဖြစ်ကာ ထွက်ပြေးတတ်ပြီး လမ်းတစ်လျှောက် ရှိ အဆောက်အအုံများကို ပျက်စီးစေနိုင်သည်။ တိရစ္ဆာန် များကို ဒဏ်ရာ ရှိ မရှိ စစ်ဆေးပါ။ သေးငယ်သော အပေါက်ကလေး သို့မဟုတ် အနာစိမ်းကဲ့သို့ မထင်ရှားသော ဒဏ်ရာများ လည်းဖြစ်နိုင်သည်။ လူများနှင့် မတူဘဲ တိရစ္ဆာန်များသည်နာကျင်မှုကို ဖုံးကွယ် တတ်သောကြောင့် သတိထားမိရန်ခက်ခဲသည်။ အကယ်၍ တိရစ္ဆာန်များတွင် အတွင်းပိုင်း သို့မဟုတ် အပြင်ပိုင်းဒဏ်ရာများရှိသည်ဟု သံသယရှိပါက ဆေးကုသပေးနိုင်သော တိရစ္ဆာန် ဆေးကုဆရာဝန်နှင့် ဆက်သွယ်ပါ။ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပြီးနောက် တိရစ္ဆာန်များသည် စိတ်ဖိစီးမှု လက္ခဏာများကို ကွဲပြားစွာပြသနိုင်သည်။

ငလျင်လှုပ်ခတ်ပြီးနောက်အရေးပေါ်ဖြေရှင်းနည်းများ

- ပလတ်စတစ်စင် (သို့) သစ်သားဖြင့် အရေးပေါ် ခြံများပြုလုပ်ပေးခြင်း တိရစ္ဆာန်များအား အုပ်စုလိုက်ထားရှိ၍ အန္တရာယ်ကာကွယ်ခြင်း။

- အစိုးရအဖွဲ့အစည်းများ၊ INGO များနှင့်ပူးပေါင်း၍ အရေးပေါ်အစာထောက်ပံ့ခြင်း၊ ရေသန့်ဘူး များ (သို့မဟုတ်) ရေသန့်စက်များဖြန့်ဝေခြင်း (သို့မဟုတ်) ရေကို ကျိုချက်ခြင်းနှင့် ကလိုရင်း ခတ်ပြီးမှ တိရစ္ဆာန်များကို တိုက်ခြင်း။

- ရေရှည်တည်တံ့သော ရေသိုလှောင်စနစ်များ (ဥပမာ- မိုးရေခံကန်များ) တည်ဆောက်ခြင်း။

- ဒဏ်ရာရသော (သို့) နာမကျန်းဖြစ်သော တိရစ္ဆာန်များအတွက် ကုသရေးအစီအစဉ် ပြင်ဆင်ထားရှိခြင်း။

 - ရောဂါမပြန့်ပွားစေရန် ဇီဝလုံခြုံရေးနည်းလမ်းများ (Biosecurity) နှင့် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊

 - အိမ်မွေးတိရစ္ဆာန်များစွာသည် မိမိတို့ပိုင်ရှင်များနှင့် ကွဲကွာသွားတတ်ပြီး လမ်းဘေး တိရစ္ဆာန်များမှာ ရက်ပေါင်းများစွာ အစားအစာ နှင့်ခိုလှုံရာမရှိဘဲ ကျန်ရစ်တတ်သဖြင့် ပျောက်ဆုံး နေသော အိမ်မွေးတိရစ္ဆာန်များအတွက် ရှာဖွေ ရေးပိုစတာများကပ်ခြင်း။

-  စားကျက်များ ပြန်လည်ဖော်ဆောင်ခြင်း။ မြေပြုပြင်ပြီး မြက်မျိုးစေ့များ ပြန်လည်စိုက်ပျိုး ရာတွင် ဓာတုမြေဩဇာအစား ဇီဝသဘာဝ မြေဩဇာများ (ဥပမာ- နွားချေး) သုံးပါ။ ငလျင် ဖြစ်ပွားပြီး နှစ်ပတ်အတွင်း နေထိုင်ရာနှင့် အစာရေစာပြတ်လပ်မှုသည် တိရစ္ဆာန်များ၏ အသက်အန္တရာယ်ကို အများဆုံးခြိမ်းခြောက် နိုင်သော အချိန်ဖြစ်သဖြင့် ဤကာလတွင် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။

- အခြေခံအဆောက်အအုံများ ပြန်လည် တည်ဆောက်ခြင်းနှင့် မွေးမြူရေးထုတ်လုပ်မှု ပြန်လည်ထူထောင်ခြင်း အပါအဝင် ရေရှည် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများအတွက် ပြင်ဆင်ရာတွင် တိရစ္ဆာန်များ ထားရှိရာနေရာ များကို ငလျင်ဒဏ်ခံနိုင်ရည်ရှိသော အဆောက် အအုံများဖြင့် ပြန်လည်တည်ဆောက်ရန်။

- အချိန်မီရွှေ့ပြောင်းနိုင်ရန်နှင့် အသင့်ပြင်ဆင် နိုင်ရန်အတွက် ငလျင်ကြိုတင်သတိပေးစနစ် များ အားကောင်းစေရန် လိုအပ်ခြင်း။

- တိရစ္ဆာန်များကျန်းမာရေးကို ကာကွယ်ပေး ခြင်းနှင့် ဒေသခံများ၏ ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများကို အားပေးခြင်းဖြင့် စားရေရိက္ခာ ဖူလုံရေး အာမခံချက် ရှိလာစေခြင်း။

- ထိခိုက်ဒဏ်ရာရသော ကျေးရွာများကို ပြန်လည် တည်ဆောက်ရန်နှင့် ရေရှည်တည် တံ့သော အသက်မွေးဝမ်းကျောင်းမှုများ ဖြစ်ထွန်းစေရန် ကြိုးပမ်းခြင်း။

တစ်ခုတည်းသောကျန်းမာရေး One Health တွင် လူသား၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင် တို့၏ ကျန်းမာရေးသည် အပြန်အလှန်ဆက်နွှယ်လျက်ရှိပေသည်။ ဤအခြေခံမူကို အခြေခံ၍ ငလျင်ဘေးကြောင့်ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများကို အောက်ပါနည်းလမ်း များဖြင့် ကာကွယ်နိုင်သည် -

ကျန်းမာရေးစနစ်များ ပေါင်းစပ်ခြင်း - လူနှင့် တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုများကို တစ်ပြိုင် တည်းပေးနိုင်ရန် စီစဉ်ခြင်း၊ ရောဂါစောင့်ကြည့်ရေး စနစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်း၊

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း- ပျက်စီးသွားသော ဂေဟစနစ်များကို ပြန်လည် ထူထောင်ခြင်း၊ ရေနှင့်မြေဆီလွှာ ညစ်ညမ်းမှုများလျှော့ချခြင်း၊

အသိုင်းအဝိုင်းအခြေပြုစနစ် ပြန်လည်ထူထောင်ရေး- ဒေသခံများနှင့်အတူ ပူးပေါင်းဆောင် ရွက်ခြင်း၊ ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းနည်း များ ဖော်ဆောင်ခြင်း၊

တစ်ခုတည်းသော ကျန်းမာရေး One Health ၏ အဓိကသော့ချက်ဖြစ်သော “လူသားများ၏ ကျန်းမာရေးသည် တိရစ္ဆာန်များ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ကောင်းမွန်မှုအပေါ် တည်မီ နေသည်” ဟူသော အခြေခံမူဖြင့် ဆောင်ရွက်ခြင်းဖြင့် ငလျင်ဘေးနောက်ဆက်တွဲ ဆိုးကျိုးများကို ထိရောက်စွာကာကွယ်နိုင်မည်ဖြစ်ပါကြောင်းရေးသားလိုက်ရပါသည်။ ။