မိုးကြိုကာလ သဘာဝဘေးအန္တရာယ်များ ကြိုတင်သတိပြုစေလို
မောင်သောင်းဝင်း(တမန်ဟောင်း)
မြန်မာနိုင်ငံတစ်ဝန်း၌ မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလတို့တွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပြန်တက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်သည်။ ထိုမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။
ပြည်သူများအနေဖြင့် မိုးကြိုကာလဖြစ်သည့် ဧပြီလလယ်မှစ၍ မြန်မာနိုင်ငံသို့ အနောက်တောင် မုတ်သုံလေမဝင်ရောက်မီကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားရန် လိုအပ်ပါသည်။ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုရန် လိုအပ်သည်။
ဖြစ်ပွားတတ်
နှစ်စဉ်မိုးကြိုကာလများဖြစ်သည့် ဧပြီလနှင့် မေလတို့တွင် အပူချိန်မြင့်တက်မှုဒဏ်ခံရခြင်း၊ သောက်သုံးရေရှားပါးခြင်း၊ မိုးသက်လေပြင်း တိုက်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မီးဘေးအန္တရာယ်ကြုံတွေ့ရခြင်း စသည့် သဘာဝဘေးအန္တရာယ်မျိုးစုံနှင့် ကြုံတွေ့ရလေ့ရှိသည်။ အထူးသဖြင့် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလတို့တွင် မိုးတိမ်တောင်များကြောင့် မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ လေဆင်နှာမောင်းတိုက်ခြင်း၊ ရေဆင်နှာမောင်းတိုက်ခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခြင်း၊ ပင်လယ်မီးစုန်းတောက်ခြင်းဟူသည့် ရာသီဥတု ၁၀ မျိုးဖြစ်ပေါ်တတ်သည်။ ထိုရာသီဥတုဖြစ်စဉ်များကြောင့် သစ်ပင်များလဲခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ လူနေအိမ်နှင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းတို့အပြင် လူနှင့် တိရစ္ဆာန်များ သေကျေ၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားတတ်သည်။
ထို့ပြင် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလတို့တွင် မိုးတိမ်တောင်များကြောင့် မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်မိုးကြီးခြင်းတို့ဖြစ်တတ်သည်။ မိုးကြိုးပစ်ခြင်းကြောင့် လူနှင့်တိရစ္ဆာန်များသေကျေ၊ ထိခိုက်ခြင်း၊ မိုးကြီးခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခြင်းကြောင့် ခရီးသည်တင်သင်္ဘောများနှင့် ငါးဖမ်းလှေများ တိမ်းမှောက်ခြင်း၊ လူများပျောက်ဆုံးခြင်း၊ မိုးရွာသွန်းမှုကြောင့် တောင်ပေါ်ဒေသများတွင် မြေပြိုခြင်း၊ ချောင်းရေများ ပြည့်လျှံပြီး လူနှင့် တိရစ္ဆာန်များ မျောပါခြင်းများ ဖြစ်ပေါ်တတ်သည်။
တိရစ္ဆာန်များက သတိပေး
ကျေးလက်နေတောင်သူများသည် မိုးကိုမျှော်၍ ထွန်ယက်စိုက်ပျိုးကြရသည်။ နွေရာသီရောက်လျှင် မိုးဦးလေဦးကာလအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လေ့ရှိသည်။ မိုးကြိုကာလတွင် တိရစ္ဆာန်များ၊ အထူးသဖြင့် ငှက်များ၏ နေထိုင်မှုပုံစံကို ကြည့်၍ လေပြင်းတိုက်ခတ်နိုင်သည်၊ မိုးကြီးနိုင်သည်ကို ကြိုတင်သိနိုင်သည်။ သာဓကအနေဖြင့် ကျီးများသည် အသိုက်ကို သစ်ပင်ခွဆုံတွင် လုပ်ထားမည်၊ ထူထူထဲထဲ အသိုက်ဆောက်ထားမည်ဆိုလျှင် ထိုနှစ်တွင် လေပြင်းမုန်တိုင်းကျတတ်ပြီး မိုးလည်းကြီးတတ်သည်။
ငှက်များသည် သစ်ပင်ကိုင်းဖျားတွင် အသိုက်လုပ်ထားမည်ဆိုလျှင် လေပြင်းအန္တရာယ်ကို စိုးရိမ်စရာမလိုပေ။ ပုရွက်ဆိတ်များသည် အုပ်စုလိုက်အမြင့်ပိုင်းကို ရွှေ့နေမည်ဆိုလျှင်၊ အစာများကို သယ်နေမည်ဆိုလျှင် မိုးကြီးမည်၊ ရေကြီးတတ်သည်။ အချိန်အခါမဟုတ် ဖားများအော်နေမည်ဆိုလျှင် ငလျင်လည်းလှုပ်တတ်သည်။ ရေထည့်ထားသော စဉ့်အိုးများအောက်မှ ဖားများအော်နေပြီဆိုလျှင်၊ ပုစဉ်းရင်ကွဲများ အဆက်မပြတ် အော်နေပြီဆိုလျှင်၊ ပျံလွှားများ ခပ်နိမ့်နိမ့်ပျံနေပြီဆိုလျှင်၊ ပုစဉ်းများ မြေကြီးနှင့် ကပ်လျက်ပျံနေပြီဆိုလျှင်၊ ညဘက်တွင် တောက်တဲ့များ အဆက်မပြတ်အော်နေပြီဆိုလျှင် တစ်ရက်နှစ်ရက်အတွင်း မိုးရွာတတ်သည်။ တိရစ္ဆာန်များ အိပ်တန်းစောစောဝင်နေပြီဆိုလျှင် လေပြင်းတိုက်ခတ်တတ်သည်။
ကြိုတင်ပြင်ဆင်ထားသင့်
ထို့ကြောင့် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလတို့တွင် ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်။ စာရေးသူတို့မိဘများသည် မိုးကြိုကာလတွင် အိမ်အမိုးများ၊ ခေါင်ချုပ်များ ခိုင်ခံ့အောင် ချည်နှောင်မှုပြုလုပ်သည်။ ဆွေးမြည့်နေသော အိမ်တိုင်များကို အစားထိုးလဲလှယ်သည်။ ချက်ပြုတ်ရန် ထင်းများစုဆောင်းပြီး အမိုးအကာအောက်သို့ ရွှေ့ပြောင်းထားရသည်။ လူတို့အတွက် စားရေရိက္ခာအပြင် ကျွဲ၊ နွားများအတွက် အစာများကိုလည်း အမိုးအကာအောက်သို့ ရွှေ့ပြောင်းသိုလှောင်ထားသည်။ အထူးသဖြင့် လူနှင့်တိရစ္ဆာန်တို့အတွက် သောက်သုံးရေကို လုံလောက်စွာ သိုလှောင်ထားရှိသည်။
ကျေးလက်နေ တောင်သူဦးကြီးများသည် ကောက်ပဲသီးနှံများနှင့် ကျွဲ၊ နွားများအတွက် မြက်ခြောက်များ၊ ကောက်ရိုးများကို အမိုးအကာအောက်သို့ လုံခြုံစွာရွှေ့ပြောင်းထားသင့်သည်။ လူနှင့် တိရစ္ဆာန်များအတွက် သောက်သုံးရေစုဆောင်းထားသင့်သည်။ ထို့ပြင် စားရေရိက္ခာလုံလောက်အောင်လည်း ကြိုတင်စုဆောင်းထားသင့်ပေသည်။ ရေလုပ်သားကြီးများအနေဖြင့် ကမ်းခြေနှင့် ဝေးကွာလွန်းသောနေရာများသို့ ငါးဖမ်းမထွက်သင့်ပေ။ ငါးဖမ်းလှေများကို ခိုင်ခံ့စွာချည်ထားခြင်း၊ ကျောက်ချထားခြင်းများ ဆောင်ရွက်သင့်သည်။ မိုးသက်မုန်တိုင်း ကျရောက်လျှင် မီးပျက်တတ်သည်မှာ သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် ဓာတ်မီး၊ မီးခြစ်၊ ဖယောင်းတိုင်၊ မီးသွေး စသည့်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားသင့်သည်။ ထိခိုက်ဒဏ်ရာရရှိလျှင် အရေးပေါ်ပြုစုကုသနိုင်ရန်အတွက် အိမ်တွင်းသုံးဆေးဝါးများ၊ ပတ်တီးများကိုလည်း အသင့်ပြင်ထားသင့်ပေသည်။ အထူးသဖြင့် အရေးကြီးသော စာရွက်စာတမ်းများနှင့် တန်ဖိုးရှိသောပစ္စည်းများကို မိုးရေမစိုအောင် ပလတ်စတစ်အိတ်များဖြင့် လုံခြုံစွာအထပ်ထပ်ထုပ်ပိုးသိမ်းဆည်းထားသင့်သည်။
သဘာဝဘေးအန္တရာယ် ကြိုတင်သတိပြု
လက်ရှိအချိန်တွင် လူသားတို့၏ ပယောဂကြောင့် ကမ္ဘာကြီးပူနွေးလာရာမှ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်ပေါ်လာလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန် များပြားလာခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြေငလျင်လှုပ်မှုများ၊ အင်အားပြင်းထန်သော လေမုန်တိုင်းကြီးများ တိုက်ခတ်မှုများနှင့် အပူလှိုင်းဖြတ်မှုများသည် အကြိမ်ရေ ပိုမိုများပြားလာခဲ့သည်။ ထိုသဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်သေကျေပျက်စီးဆုံးရှုံးမှုများလည်း များပြားခဲ့သည်။
အထူးသဖြင့် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလတို့တွင် လေပြင်းတိုက်ခတ်၍ မိုးရွာသွန်းလာပြီဆိုလျှင် ဓာတ်ကြိုးများ ပြတ်တောက်ပြီး မြေကြီးပေါ်သို့ ကျနေတတ်သည်။ လျှပ်စစ်စီးဝင်နေသော ဓာတ်ကြိုးစနှင့် ထိမိမည်ဆိုလျှင်ဓာတ်လိုက်ခံရမည်ဖြစ်သည်။ ဗို့အားပြင်းလျှင် သေဆုံးမည်ဖြစ်သည်။ ထို့ကြောင့် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းနေသည့်အချိန်တွင် ကလေးများနေအိမ်အပြင်ဘက်သို့ မထွက်စေရန် အထူးဂရုစိုက်သင့်ပေသည်။
မိုးသက်လေပြင်းတိုက်နေလျှင် လွင်တီးခေါင်ကွင်းပြင်များသို့ထွက်မည်ဆိုလျှင်၊ သစ်ပစ်ကြီးများအောက်သို့ ဝင်မည်ဆိုလျှင် မိုးကြိုးပစ်ခံရတတ်သည်။ ထို့ပြင် မိုးကြီး၊ လေကြီးကျနေချိန်တွင် လွင်တီးခေါင်ကွင်းပြောင်၌ တယ်လီဖုန်းပြောဆိုမည်ဆိုလျှင် မိုးကြိုးပစ်ခံရတတ်သည်။ နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသည့် လူနှင့်တိရစ္ဆာန်အရေအတွက် များပြားလျက်ရှိသည်။ အထူးသဖြင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့၌ နှစ်စဉ်မိုးကြိုးပစ်ခံရမှုကြောင့် လူထိခိုက်သေဆုံးမှု များပြားလျက်ရှိသည်။
ထို့ပြင် မိုးရွာသွန်းပြီးချိန်တွင် ညဘက်၌ ဓာတ်မီးမပါဘဲ အမှောင်ထဲသွားမည်ဆိုလျှင် မြွေနှင့် ကင်းတို့၏ အန္တရာယ်ကို ကြောက်ရသည်။ တွင်းအောင်းသတ္တဝါများဖြစ်သည့် မြွေနှင့်ကင်းတို့သည် မိုးရွာပြီးသည်နှင့် အပြင်သို့ ထွက်တတ်ကြသည်။ မိုးသက်လေပြင်းတိုက်နေလျှင် လျှပ်စစ်မီးခလုတ်များ၊ တီဗွီများကို ပိတ်ထားသင့်သည်။ မိုးလေကင်းစင်သွားသည့် အချိန်တွင်လည်း လျှပ်စစ်ဓာတ်အားလိုင်းများ၊ မီးကြိုးများ၊ ခလုတ်များကို စနစ်တကျ စစ်ဆေးပြီးမှသာ ပြန်လည်အသုံးပြုသင့်သည်။ လျှပ်စစ်အန္တရာယ်ကိုလည်း သတိပြုရမည်။
မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလတို့တွင် နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးရွာသွန်းမှုမူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။ ထိုသို့ဖြစ်ပွားလျှင် သဘာဝဘေးအန္တရာယ်များ၏ နောက်ဆက်တွဲအနေဖြင့် အဆောက်အအုံများ ပျက်စီးခြင်း၊ လူနှင့် တိရစ္ဆာန်များ သေကျေထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် မိုးကြိုကာလတွင် ဖြစ်ပေါ်လာနိုင်သော မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားရန်နှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားနိုင်ရန် လိုအပ်ပါကြောင်း တိုက်တွန်းအကြံပြုလိုပါသည်။ ။