မှန်ရာကို အစစ်ခံပါမည်
ဥပဒေအတွေး ရေးပါရစေ အပိုင်း (၁၈၇)
သက်သေများ၏ ကဏ္ဍတရားရုံးအမှုတစ်မှုတွင် သက်သေများ၏ အစစ်ခံချက်က အဓိကကျကြောင်း လူတိုင်းအသိပါပဲ။ သက်သေလိမ်လျှင် အမှုလိမ်၊ သက်သေမှားလျှင် အမှုမှား၊ သက်သေမှန်လျှင် အမှုမှန်ဖြစ်မည်မှာ အသေအချာပါ။
မုသားမပါ လင်္ကာမချော
“မုသားမပါ လင်္ကာမချောလို့ ကြားဖူးတယ်ဆရာ။ နေရာတကာမှာ အမှန်ပြောလို့ ဘယ်လိုလုပ်မလဲ။ လိမ်သင့်ရင် လိမ်ရမှာပဲ။ ညာပြောမှ၊ လိမ်ထွက်မှအမှုက လွတ်မယ်ဆိုပြီး သက်သေလိမ်တွေ ဖန်တီးကြတယ်။ ကျွန်တော်ကတော့ တရားခံ အမှုလွတ်ဖို့ လိမ်ပြောခိုင်းဖို့။ ဒါမှ နာမည်ကြီး ရှေ့နေဖြစ်မှာ မဟုတ်လား” ဟု အလုပ်သင်ရှေ့နေ မောင်ပျင်းရိက ကျွန်တော့်အား ကလိ တိတိမေးခွန်း မေးနေလေသည်။ ယနေ့လူငယ် ရှေ့နေအတော် များများကလည်း သက်သေလိမ်နည်း၊ အမှုလိမ်နည်း၊ ဥပဒေ လမ်းကြောင်းအတိုင်း မစဉ်းစားဘဲ ဖြတ်လမ်းက မတော်မတရား နည်းလမ်းမျိုးစုံ သုံး၍ အမှုလွတ်ရာ လွတ်ကြောင်း ကြိုးပမ်းနေကြပေသည်။ သို့သော် တစ်နေ့နေ့၊ တစ်ချိန်ချိန်တွင် (တရားဥပဒေဘောင် အတွင်းမှ သက်သာခွင့်ရထိုက်ရသင့် သည့် နည်းလမ်းများ) သည်သာ အကောင်းဆုံး ရှေ့နေ ရှေ့ရပ်ကျင့်ထုံးအဖြစ် လက်ခံကြမည်သာ ဖြစ်ပေသည်။ အမှန်တရား အဓိက။
ကတိသစ္စာ
“ဤ အမှုတွင် အမှန်အကန် အစစ်ခံပါမည်။ မမှန်မကန် မပါ ရှိပါဟု လေးနက်တညကြည်စွာ ကြေညာ၍ ကတိသစ္စာ ပြုပါသည်” ဟူသော သက်သေ၏ လေးနက်တည်ကြည်သော ကတိသစ္စာသည် များစွာအရေးကြီးလှပါသည်။
ကျမ်းကိုင်ပြီး ကတိသစ္စာပြုသော နည်းလမ်းကို ယနေ့ တရားရုံးများတွင် ကျင့်သုံးလျက်ရှိပါသည်။ ကျမ်းကိုင်၍ ကတိသစ္စာ ပြုသူများ၊ သက်သေများသည် မှန်ရာကို အစစ်ခံပါမည်ဆိုသည့်အတိုင်း မှန်မှန်ကန်ကန် အစစ်ခံသင့်ပါသည်။ မလိမ်ညာ သင့်ပါ။ မြင်သည်ကို မြင်သည်၊ တွေ့သည်ကို တွေ့သည်၊ ကြားသည်ကို ကြားသည်ဟုသာ ထွက်ဆိုသင့် ပါသည်။ လိမ်ညာထွက်ဆိုသည်နှင့် ဘယ်သူ မသိ မသိ၊ မိမိကိုယ်မိမိ အသိဆုံးဖြစ်ပါသည်။ လိမ်နေပြီဆိုတာ ကိုယ်အသိဆုံး။ ကိုယ့်ကိုယ်ကိုယ် လိမ်ညာ၍ မရ။
ပတ်ဝန်းကျင်
လိမ်နေပြီဆိုတာ ကိုယ်အသိဆုံးဆို၍ မိမိ၏ ဘေးပတ်ဝန်းကျင်ကရော မသိဘူးဟု သင်ထင်ပါသလား။ အတွက် မမှားလေနှင့်။ သင်လိမ်နေသည်ကို သင်ကိုယ်တိုင်သိသလို သင်၏ ပတ်ဝန်းကျင်က သိပါသည်။ ရွာမှာ သင်နှင့်အတူ မြင်တွေ့ခဲ့သော သက်သေ အဖော်များ၊ သူငယ်ချင်းများက သိပါသည်။ ဖြစ်စဉ်ဖြစ်ပွားစဉ်က သင်နှင့် အတူရှိနေခဲ့ကြ၊ အမြင်အတွေ့ အတူရှိနေကြသူ ရွာသူရွာသား အားလုံးက ထပ်တူထပ်မျှ သိကြပါသည်။ အားလုံးက မြင်ပါသည်ပြောပြီး သင်တစ်ဦးတည်းက မမြင်ဘူးဟု ထူးထူး ခြားခြား မလိမ်ညာသင့်ဘဲ လိမ်လည်ထွက် ဆိုနေပါ သလား။
တရားလိုဘက်ရှေ့နေ
တရားလိုဘက်ရှေ့နေက ငြိမ်ခံနေမည် မဟုတ်ပါ။ ဥပဒေအရာရှိကလည်း သင်လိမ်နေကြောင်း သိနေပါပြီ။ ရဲစက္ကူနှင့် တိုက်ဆိုင်စစ်ဆေးဖို့ တာဝန်ထမ်းဆောင်ရတော့မှာပါ။ တရားသူကြီးကလည်း သိပါသည်။ ဤသို့ လိမ်ညာထွက်ဆိုသော သက်သေအတော်များများကို တရားသူကြီးကတွေ့ဖူး၊ ကြုံဖူးခဲ့တာများပြီ။
တရားခွင်မှာ လာနားထောင်သူများ
တရားခွင်မှာ လာရောက်နားထောင်သူများ (ပရိသတ်) က ပို၍ပို၍ သိပါသေးသည်။ လိမ်သော သက်သေ၏ အသံက ထူးခြား နေပါသည်။ မတိုး မကျယ်။ မပြောရဲ ပြောရဲ။ မျက်နှာအမူအရာ မကောင်း။ ဟိုကြည့် ဒီကြည့်။ လက်တွေပင် တုန်နေပြီ။ လိမ်ညာသော သက်သေကို တရားခွင် ပရိသတ်က ထူးခြားအံ့ဩသော မျက်စိဖြင့် ဝိုင်းကြည့်နေကြလေပြီ။ သက်သေလိမ်ကို ဝိုင်းပယ်ကြစို့။
အမှားအမှန်
ဘယ်သက်သေက အလိမ်၊ ဘယ်သက်သေက အမှန်၊ အမှားအမှန်ကို တရားသူကြီးက ချိန်ဆမည်ပါ။ အစိုးရ ရှေ့နေ၊ တရားလို အကျိုးဆောင်၊ ဥပဒေအရာရှိကလည်း ဥပဒေလုပ်ထုံး လုပ်နည်းအတိုင်း အမှန်တရားကိုပေါ်အောင် ဖော်မည်မှာ သေချာ သည်။ တရားသူကြီးကလည်း သူ့တာဝန်ထမ်း၊ တရားခံရှေ့နေကလည်း ကာကွယ်စရာရှိတာကာကွယ်။ နောက် ဆုံးတော့ အမှန်တရားက ပြေးမလွတ်နိုင်ပါ။ သက်သေအလိမ် ဘယ်ထွက်ပြေးမလဲ။
ကွယ်ထောင့် ထိမ်ဝှက်
အမှန်တရားကို ရှာဖွေရာ၌ တရားသူကြီးတစ်ဦးတည်း နှင့်မပြီး။ ရှေ့နေများကလည်း ကူညီရမည်။ အမှုသည် များကလည်း မိမိတို့ ကိုယ်တိုင်သိရှိသည့် အကြောင်းခြင်းရာများကို အမှန်အတိုင်း တင်ပြကြရန် တာဝန်ရှိသည်။ အမှုသည်များက အမှန်အတိုင်း တင်ပြခြင်းမပြုလျှင် အမှန်တရားကို လွယ်လွယ်ကူကူနှင့် ရှာဖွေ၍ ရနိုင်လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ အမှုသည်တစ်ဦးဦးက မိမိကိုယ်တိုင် သိရှိသော အချက်အလက်ကို ပွင့်ပွင့်လင်းလင်းတင်ပြခြင်း မပြုဘဲကွယ်ထောင့် ထိမ်ဝှက်ထားကာ မိမိအပေါ်ကျရောက် လာသောတာဝန်ကို မကျေပွန်လျှင် ထိုအမှုသည် အပေါ် သက်သေခံဥပဒေပုဒ်မ ၁၁၄ ၏ ဥပဒေ (ဆ)အရ ဆန့်ကျင် ဘက် ကောက်ယူရမည်ဖြစ်သည်ဟု (၁၉၆၆၊ မတစ၊ စာ- ၁၁၆၃) အမှုတွင် ဆုံးဖြတ်ထားသည်။
သက်သေခံဥပဒေပုဒ်မ ၁၁၄
ဖြစ်ပွားဖြစ်တန်ရာသည်ဟု လက္ခဏာရှိကြောင်းထင်မြင်သည့် အကြောင်းခြင်းရာ တစ်စုံတစ်ရာ တည်ရှိကြောင်းနှင့် တရားရုံး က မှတ်ယူခွင့်ရသည်မှာ သက်ဆိုင်ရာအမှု အကြောင်းအရာများအလိုက် ဖြစ်ပျက်မြဲ ဓမ္မတာ သော်လည်းကောင်း၊လူတို့၏ အပြုအမူနှင့် အများပြည်သူ (သို့မဟုတ်) တစ်ဦးပုဂ္ဂိုလ်တို့၏ အလုပ်ကိစ္စများကို သော်လည်းကောင်း ထောက်ချင့်၍ တည်ရှိ ကြောင်း မှတ်ယူခွင့်ရသည်။
(ဆ) သက်သေအထောက်အထားကို တင်ပြနိုင်သော်လည်း တင်ပြခြင်းမပြုလျှင် တင်ပြခြင်းပြုပါက မတင်မပြဘဲနေသူ၏ အကျိုးနှင့် ဆန့်ကျင်လိမ့်မည်ဟုမှတ်ယူနိုင်သည်ဟု ဖော်ပြပြဋ္ဌာန်းထားပါသည်။
တင်ပြရန် တာဝန်ရှိ
အမှုသည်များအနေဖြင့် မိမိတို့ သိသမျှ၊ တင်ပြနိုင်သမျှ အထောက် အထားများကို တင်ပြကြရန် တာဝန်ရှိပေသည်။ သို့မှသာ တရားမျှတမှုကို ရရှိမည်ဖြစ်သည်။ အမှန်တရားကို ထုတ်ဖော်နိုင် မည်ဖြစ်သည်။ တင်ပြသင့် တင်ပြထိုက်သော သက်သေ အထောက်အထားကို မတင်ပြလျှင် (တင်ပြပါက မိမိ၏အမှုကို ထောက်ခံခြင်းမပြု၍သာ ဖြစ်သည်ဟု ယူဆခြင်း) ခံရမည်ဖြစ် သည်။ သက်သေထူရန် တာဝန်မရှိ၍ တင်ပြခြင်းမပြုဟု စာတွေ့သဘောသက်သက်ထုချေခြင်း မပြုနိုင်ပေဟု (၁၉၇၀၊ မတစ၊ ရုံးချုပ်၊ စာ-၁၁၇) တွင် ဆုံးဖြတ်ထားသည်။
မဖြေမဆိုဘဲ နေခွင့်မရ
သက်သေတစ်ဦးသည် မိမိအားမေးသောမေးခွန်ကို ဖြေဆိုလျှင် မိမိအပေါ် ရာဇဝတ်ပြစ် ဒဏ်ထိုက် သင့်လိမ့်မည်ဟု အကြောင်းပြ၍ မဖြေမဆိုဘဲ နေခွင့်မရပါ။ ဖြေဆိုရမည်သာဖြစ်သည်။ သို့ရာတွင် ထိုသို့ဖြေဆိုခြင်းကြောင့် ၎င်းအား တရားစွဲဆိုခွင့် မရှိစေရဟု ဥပဒေက အကာအကွယ်ပေးထားပါသည်။ (သက်သေခံ ဥပဒေပုဒ်မ ၁၃၂)
မမှန်သက်သေခံမှု
သက်သေအား စစ်ဆေးနေစဉ် မေးသောမေးခွန်းကိုဖြစ်စေ၊ မမေးသော အချက်တွင်ဖြစ်စေ တစ်ဖက်သား အကျိုးယုတ်အောင်၊ နစ်နာအောင်၊ သိက္ခာထိခိုက်အောင် မလိုမုန်းထားစိတ်ဖြင့် တမင်သက်သက်ထွက် ဆိုလျှင်မူကား၊ ၎င်းသက်သေအား မမှန်သက်သေခံမှု ဖြင့်ဖြစ်စေ၊ အသရေ ဖျက်မှုဖြင့်ဖြစ်စေ၊ တရားစွဲဆိုနိုင်ပါမည်။
ပြောရဲဆိုရဲ
သက်သေတစ်ဦးသည် အမှန်တရားကို တရားရုံးတွင် ပြောရဲဆိုရဲရှိစေဖို့ လိုအပ်သည်။ အမှန်ကို အမှန်အတိုင်းအရှိကို အရှိတိုင်းပြောဆိုမှ တရားရုံးသည် အမှန်တရားရှာဖွေရာတွင် လွယ်ကူမည်။ မှန်ကန်စွာ အဆုံးအဖြတ်ပေးနိုင်မည်။ အမှန်အတိုင်းထွက်ဆိုရဲအောင် သက်သေအား အကာအကွယ်ပေးရမည်။ အမှန်အတိုင်းပြောလျှင် တရားစွဲခံရမည်လားဟု စိုးရိမ် ကြောင့်ကြနေရလျှင် အဟန့်အတား ဖြစ်စေနိုင်သည်။ သက်သေက သိသမျှ အကုန်အစင်ပြောမည်မဟုတ်။ ဤရှုထောင့် ကလည်း ကြည့်သင့်သည်။
မှန်ရာပြောသစ္စာ
“ မှန်ရာပြောသစ္စာ” ဆိုသော စကားထင်ရှား ပါသည်။ လူတိုင်းလက်ခံကြပါသည်။ အမှုမှန်သည်၊ အမှုမှားသည်ဟူသော ပေတံကို သစ္စာစကား ဖြင့်သာ တိုင်းတာကြစမြဲ မဟုတ်ပါလား။ ယနေ့ တရား ရုံးများက လက်တွေ့ ပြသဖို့ အချိန်တန်ပါပြီ။
စေတနာ
“ မှန်ရာကို အစစ်ခံပါမည်”ဟု သက်သေများ နှင့် စပ်ဆိုင်သူအားလုံး အကြောင်း (သစ္စာစကား အကြောင်း) တွေးခေါ်မိသော ကျွန်တော်၏ စေတနာ ဥပဒေအတွေးမျှသာပါ...။ ။
ဦးဟန်ညွန့် (ဥပဒေ)