Skip to main content

လျှပ်စစ်ကဏ္ဍ၌ စွမ်းအင်အရင်းအမြစ် သုံးစွဲမှုအချိုးအစား

ကျော်စွာ

မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ် လွန်စွာပေါကြွယ်ဝပြီး မြေမျက်နှာသွင်ပြင် အမျိုးအစားများ ကွဲပြားသော နိုင်ငံတစ်ခုဖြစ်သော်လည်း ကမ္ဘာပေါ်တွင် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဒဏ်ကို ဆိုးရွားစွာခံစားရသည့် နိုင်ငံများစာရင်းတွင်လည်း ပါဝင်နေပါသည်။ နိုင်ငံအတွင်းနေထိုင်သူ အဓိကလူမျိုးစု ရှစ်မျိုးနှင့် တိုင်းရင်းသား ၁၃၅ မျိုးတို့တွင် အထူးသဖြင့် အလယ်ပိုင်းခြောက်သွေ့ဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်း‌ဒေသတွင် အခြေချနေထိုင်သူများသည် သဘာဝတရား၏ ပြောင်းလဲမှုဖြစ်သော ရာသီဥတုဖောက်ပြန်မှုဒဏ် အတော်များများကို ထိတွေ့ခံစားကြရသည်။ ထို့အပြင် ကုန်းမြင့်ဒေသနှင့် မြေနိမ့်လွင်ပြင်ဒေသရှိ ‌နေထိုင်ကြသူ လူအများစုသည်လည်း ဆိုးရွားသောရာသီဥတုဖောက်ပြန်မှုဒဏ်၏ ဆိုးကျိုးများကို ခံစားရလျက်ရှိပါသည်။

ပါရီသဘောတူညီချက်

၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ကျင်းပသော ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာညီလာခံ (အဖွဲ့ဝင်အစည်းအဝေး ၂၁) တွင် အဖွဲ့ဝင် ၁၉၆ နိုင်ငံက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာတရားဝင်သဘောတူညီမှုအဖြစ် ပါရီသဘောတူညီချက်ကို သဘောတူလက်ခံခဲ့ကြသည်။ ပါရီသဘောတူညီချက်၏ အဓိကရည်မှန်းချက်မှာ စက်မှုခေတ်မတိုင်မီ ကမ္ဘာမြေကြီး၏ အပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ် အပူချိန် ပိုမိုမြင့်တက်လာနိုင်ခြင်းကို ဟန့်တားရန်ဖြစ်သည်။ စက်မှုခေတ်မတိုင်မီထက် ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်သာ ပိုမိုမြင့်တက်ရန် ဝိုင်းဝန်းဆောင်ရွက်ကြရန်ဖြစ်ပါသည်။

ဖန်လုံအိမ်ဓာတ်ငွေ့များ

ကမ္ဘာကြီးကို လွှမ်းခြုံထားသော ကမ္ဘာ့လေထု တွင်ပါဝင်သည့် ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်း၊ ရေငွေ့၊ အိုဇုန်း၊ နိုက်ထရပ်စ်အောက်ဆိုက် (nitrous oxides) နှင့် ဖလူအိုရင်းပါသော ဓာတ်ငွေ့များ (fluorinated gases)သည် နေမှကမ္ဘာသို့ တိုက်ရိုက်ကျရောက်သော ခရမ်းလွန်ရောင်ခြည်၊ အနီအောက်ရောင်ခြည်စသည့် လျှပ်စစ်သံလိုက်လှိုင်းများကို စုပ်ယူသကဲ့သို့ ယင်းအပူရောင်ခြည်များကို ကမ္ဘာမြေပြင်မှ အရပ်မျက်နှာအားလုံးဆီသို့ ပြန်လည်ထုတ်လွှတ်ခြင်းကိုဖြစ်စေခြင်းနှင့် ကမ္ဘာမြေကြီးကို စောင်တစ်ထည်ကဲ့သို့ လွှမ်းခြုံထားခြင်းဖြင့် အပူရောင်ခြည်များက လှောင်ပိတ်စေ၍ ကမ္ဘာကြီးကို ပိုမိုပူနွေးစေပါသည်။

ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်းသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု များပြားခြင်းကြောင့် ဖြစ်သည်နှင့်အညီ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးအတွက် စွမ်းအင်အရင်းအမြစ်များဖြစ်သော ရုပ်ကြွင်းဖြစ်လောင်စာများ သုံးစွဲမှုလျှော့ချရန်၊ အစားထိုးလောင်စာများအဖြစ် ပြန်လည်ပြည့်ဖြိုးမြဲလောင်စာများသုံးစွဲရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ပါရီသဘောတူညီချက်အဖြစ် လက်ခံသဘောတူညီ၍ ၂၀၂၀ ပြည့်နှစ်မှစတင်ကာ နိုင်ငံအသီးသီးက ငါးနှစ်တစ်ကြိမ် စစ်တမ်းကောက်ယူမည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာစီမံချက်များ (national climate action plans) ကို နိုင်ငံအလိုက်ရည်မှန်းချက်များ- Nationally Determined Contributions (NDCs) အဖြစ် ကုလသမဂ္ဂသို့ အစီရင်ခံတင်ပြကြရသည်။

၂၀၁၈ ခုနှစ် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အနည်းဆုံးနိုင်ငံများတွင်ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံရဆုံးနိုင်ငံများတွင်လည်း ပါဝင်လျက်ရှိသည်ကို မြန်မာနိုင်ငံသားများက ဘဝနှင့်ရင်း၍ သိရှိခံစားနေရသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုအများဆုံးသော စက်မှုလုပ်ငန်းများဖြင့် အကျိုးများစွာရရှိနေသော ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံများက ဤကဲ့သို့ ရာသီဥတုပြောင်းလဲမှုဒဏ်များဖြစ်သည့် ရေကြီးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို မြန်မာနိုင်ငံက ရင်ဆိုင်ခံစားနေရမှုများအပေါ် ကိုယ်ချင်းစာတရားဖြင့် စာနာနားလည်၍ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့နည်းစေရေးဆိုင်ရာ နည်းပညာနှင့် လိုအပ်သည်များ ကူညီထောက်ပံ့သင့်သည်မှာ အမှန်ပင်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဘောင်သဘောတူညီချက် (United Nations Framework Convention on Climate Change-UNFCCC) အဖွဲ့ဝင်နိုင်ငံဖြစ်သည်ကတစ်ကြောင်း၊ နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အနာဂတ်တွင် သဘာဝဘေးအန္တရာယ်ခံစားရမှုကို ကြံ့ကြံ့ခံ ရင်ဆိုင်နေထိုင်စေရေးတို့အတွက် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးဆိုင်ရာ နိုင်ငံ အလိုက် ရည်မှန်းချက်များ(NDCs)ကို ကုလသမဂ္ဂ UNFCCC သို့ ၂၀၂၁ ခုနှစ်က တင်သွင်းခဲ့သည်။

မြန်မာနိုင်ငံ၏ NDCs အစီရင်ခံစာတွင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းဆိုင်ရာ သိပ္ပံနည်းကျ အချက်အလက်များနှင့် အဆင့်မီ မိုးလေဝသခန့်မှန်းချက်များကို ပိုမိုသိရှိနားလည်မှုရှိစေရေး တိုးတက်စေရန် အားစိုက်ဆောင်ရွက်နေသကဲ့သို့ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်စေရေးကဏ္ဍအားလုံး ဆောင်ရွက်ချက်များတွင် ဥယျာဉ်ခြံမြေ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြစ်ဝှမ်းနှင့် ရေစီမံခန့်ခွဲရေး၊ စိုက်ပျိုးရေးနှင့် အစားအစာဖူလုံရေး၊ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုရေး၊ ကမ်းရိုးတန်းဒေသစီမံခန့်ခွဲရေး၊ အဏ္ဏဝါထိန်းသိမ်းစောင့်ရှောက်ရေး၊ စက်မှုလုပ်ငန်းများနှင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ခံ မြို့ပြများထူထောင်ရေး စသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် သဘာဝအခြေခံဖြေရှင်းချက်များ လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်နှင့် စက်မှုလုပ်ငန်းတွင် အပူစွမ်းအင်ရရှိရန်အတွက် ရုပ်ကြွင်းလောင်စာများကို လောင်ကျွမ်းစေ၍ အသုံးပြုခြင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ရုပ်ကြွင်း လောင်စာများ အသုံးပြုခြင်းတို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု အများဆုံးဖြစ်သည်နှင့်အညီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကဦးဆောင်၍ မြန်မာနိုင်ငံကိုယ်စား ရည်မှန်းချက်ထားပြုစုပေးပို့ခဲ့သော NDCs အစီရင်ခံစာတွင် စွမ်းအင်ကဏ္ဍရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ၌ ရုပ်ကြွင်းလောင်စာဖြစ်သော ကျောက်မီးသွေးအသုံးပြုခြင်းများ လျှော့ချရန်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုမရှိသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy, RE) များကို တိုးမြှင့်အသုံးပြုရန် ရည်မှန်းချက်ထားရှိပါသည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးရည်မှန်း၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးနှင့် ပို့လွှတ်ရေးတို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) ၏ အကူအညီဖြင့် ၂၀၁၄ ခုနှစ်တွင် “အမျိုးသားလျှပ်စစ်ဓာတ်အား ပင်မစီမံချက်” ရေးဆွဲခဲ့ရာ စီးပွားရေးတွက်ခြေကိုက်မှုနှင့် ရှိရင်းစွဲ စွမ်းအင်အရင်းအမြစ်များအပေါ်အခြေခံ၍ ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာ သုံးစွဲ နိုင်ရေးအတွက် စက်တပ်ဆင်အင်အား ၂၃၅၉၄ မဂ္ဂါဝပ် တပ်ဆင်ထုတ်လုပ်ရန် စီမံချက်ရေးဆွဲခဲ့ပါသည်။

ယင်းတပ်ဆင်အင်အား စုစုပေါင်းပမာဏတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ၈၈၉၆ မဂ္ဂါဝပ် (၃၈ ရာခိုင်နှုန်း)၊ သဘာဝဓာတ်ငွေ့/ ငွေ့ရည်ဖွဲ့ သဘာဝဓာတ်ငွေ့(LNG)သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံများမှ ၄၇၅၈ မဂ္ဂါဝပ် (၂၀ ရာခိုင်နှုန်း)၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (RE)(နေရောင်ခြည်၊ လေစွမ်းအင်)သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ မဂ္ဂါဝပ် ၂၀၀၀ (ကိုးရာခိုင်နှုန်း) နှင့် ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ မဂ္ဂါဝပ် ၇၉၄၀ (၃၃ ရာခိုင်နှုန်း)တို့ အသီးသီးထုတ်လုပ်ရန် စီမံချက်ထားရှိပါသည်။

လူမှုစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး စွမ်းအင်အရင်းအမြစ်များကို အသုံးပြုကြရာတွင် အရည်အသွေးပြည့်မီသည့် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိရေးနှင့် စီးပွားရေးတွက်ခြေကိုက်ခြင်းတို့ကို ထည့်သွင်းတွက်ချက် ရသကဲ့သို့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေးကိုလည်း ထည့်သွင်းတွက်ချက် ရပါသည်။ အမျိုးသားလျှပ်စစ်ဓာတ်အားကွန်ရက် (National Grid) တည်ငြိမ်စွာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံများဖြင့် ချိတ်ဆက်မောင်းနှင်ရာတွင် အခြေခံဝန်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများဖြစ်သော ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့/ငွေ့ရည်ဖွဲ့ သဘာဝဓာတ်ငွေ့ (LNG) သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို မောင်းနှင်လည်ပတ်ရသကဲ့သို့ စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မပေးနိုင်သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (RE) သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံများတွင် စရိတ်စကကြီးမားသော စွမ်းအင်သိုလှောင်စနစ်များ ထည့်သွင်းတပ်ဆင် ရပါသည်။

၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၂၀၁၄ ခုနှစ်တွင် စီမံချက် ရေးဆွဲရာ၌ နိုင်ငံ၏အခြေခံလိုအပ်ချက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပါအဝင် ဘက်ပေါင်းစုံမှတွက်ချက်၍ ရိုးရိုးစီးပွားရေး တွက်ခြေကိုက်သောစနစ် (Business As Usual-BAU) ဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး စွမ်းအင်အရင်းအမြစ် အချိုးအစား (Generation Mix) သတ်မှတ်ခဲ့ပါသည်။ ကုလသမဂ္ဂသို့ အစီရင်ခံတင်ပြခဲ့သော မြန်မာနိုင်ငံ၏ NDCs တွင်မူ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဒဏ်ခံနိုင်ရေးနှင့် သဘာဝအခြေခံစနစ်ကို ဦးစားပေးဆောင်ရွက်သည့်အနေဖြင့် “အမျိုးသားလျှပ်စစ် ဓာတ်အား ပင်မစီမံချက်” တွင်ပါရှိသည့် စွမ်းအင်အရင်းအမြစ် အချိုးအစား (Generation Mix) ကို ရည်မှန်းချက်နှစ်မျိုးဖြင့် ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

NDCs ၏ Unconditional Target(ကိုယ်ထူ ကိုယ်ထစနစ်) ရည်မှန်းချက်သည် နိုင်ငံတော်၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံရေးဆွဲထားသည်။ အချိန်ကာလပြောင်းလဲခြင်းနှင့်အတူ ၂၀၃၀ ပြည့်နှစ်အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားပမာဏ ထုတ်လုပ်ရန် စုစုပေါင်း စက်တပ်ဆင်အင်အား ၁၈၂၃၉ မဂ္ဂါဝပ်ဖြင့် စီမံချက် ရေးဆွဲထား၍ ၂၀၁၄ ခုနှစ် BAU စနစ်ထက် ၅၃၅၅ မဂ္ဂါဝပ် လျော့နည်းလျက်ရှိပါသည်။ တပ်ဆင်ပမာဏ များပြားသော (Large Scale) ရေအားလျှပ်စစ် ဓာတ်အားပေး စီမံကိန်းများနှင့်ပတ်သက်၍ လူမှုစီးပွားရေးဆန်းစစ်ချက်များအရ စီမံကိန်း တည်ဆောက်ခြင်းများ လျှော့ချပြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ၅၁၅၆ မဂ္ဂါဝပ် (၂၈ ရာခိုင်နှုန်း)နှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်း လျော့နည်းစေရေးအတွက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းကို ၃၆၂၀ မဂ္ဂါဝပ် (၂၀ ရာခိုင်နှုန်း) အထိ လျှော့ချ၍ စီမံချက်ရေးဆွဲထားပေသည်။ ကုန်ကျစရိတ်များပြားသော်လည်း သဘာဝ စွမ်းအင်အရင်းအမြစ်များ အကျိုးရှိထိရောက်စွာ အသုံးချရေး၊ သဘာဝဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေးနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်း လျော့နည်းစေရေးတို့အတွက် သဘာဝဓာတ်ငွေ့/ ငွေ့ရည်ဖွဲ့ သဘာဝဓာတ်ငွေ့ (LNG)သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ၆၀၆၃ မဂ္ဂါဝပ်(၃၃ ရာခိုင်နှုန်း) တိုးမြှင့်ထုတ်လုပ်ရန် စီမံရေးဆွဲခဲ့သကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ဗို့အား မြှင့် ဓာတ်အားလိုင်းများချိတ်ဆက်၍ လျှပ်စစ် ဓာတ်အား ၁၄၀၀ မဂ္ဂါဝပ် (၈ ရာခိုင်နှုန်း)ဝယ်ယူရန် စီမံရေးဆွဲထားပါသည်။

NDCs ၏ Conditional Target ရည်မှန်းချက်သည် နိုင်ငံတကာဘဏ္ဍာငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ၊ အထောက်အပံ့များနှင့် နည်းပညာအကူအညီများ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံ ရေးဆွဲထားခြင်းဖြစ်ပါသည်။ အချိန်ကာလပြောင်းလဲခဲ့ခြင်းနှင့်အတူ ၂၀၃၀ ပြည့်နှစ်အတွက် လိုအပ် သော လျှပ်စစ်ဓာတ်အားပမာဏထုတ်လုပ်ရန် စုစုပေါင်း စက်တပ်ဆင်အင်အား ၁၈၃၂၉ မဂ္ဂါဝပ်ဖြင့် စီမံချက်ရေးဆွဲထား၍ ၂၀၁၄ ခုနှစ် BAU စနစ်ထက် ၅၂၆၅ မဂ္ဂါဝပ် လျော့နည်းလျက်ရှိပါသည်။

တပ်ဆင်ပမာဏများပြားသော (Large Scale)ရေအားလျှပ်စစ် ဓာတ်အားပေးစီမံကိန်းများနှင့် ပတ်သက်၍ လူမှုစီးပွားရေးဆန်းစစ်ချက်များအရ စီမံကိန်းတည်ဆောက်ခြင်းများလျှော့ချ၍ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ၅၆၇၆ မဂ္ဂါဝပ် (၃၁ ရာခိုင်နှုန်း)နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်ခြင်း လျော့နည်းစေရေးအတွက် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ များမှ မဂ္ဂါဝပ် ၂၁၂၀ (၁၁ ရာခိုင်နှုန်း)အထိ လျှော့ချ၍ စီမံချက်ရေးဆွဲထားပါသည်။

ကုန်ကျစရိတ်များပြားသော်လည်း သဘာဝစွမ်းအင်အရင်းအမြစ်များ အကျိုးရှိထိရောက်စွာ အသုံးချရေး၊ သဘာဝဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေးနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်း လျော့နည်းစေရေးတို့အတွက် သဘာဝဓာတ်ငွေ့/ ငွေ့ရည်ဖွဲ့သဘာဝဓာတ်ငွေ့ (LNG)သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ၆၀၆၃ မဂ္ဂါဝပ် (၃၃ ရာခိုင်နှုန်း) နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် (RE) (နေရောင်ခြည်၊ လေ) သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ မဂ္ဂါဝပ် ၃၀၇၀ (၁၇ ရာခိုင်နှုန်း) အထိ တိုးမြှင့်ထုတ်လုပ်ရန်စီမံ ရေးဆွဲခဲ့သကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ဗို့အားမြှင့် ဓာတ်အားလိုင်းများချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၄၀၀ (၈ ရာခိုင်နှုန်း) ဝယ်ယူရန် စီမံရေးဆွဲထားသည်။

နိုင်ငံတော်အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းချက်ထား စီမံချက်ရေးဆွဲခဲ့ရာတွင် အမျိုးသားလျှပ်စစ်ဓာတ်အားကွန်ရက် (National Grid) တည်ငြိမ်စွာဖြင့် အရည်အသွေးပြည့်ဝသော လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးရန် စီးပွားရေးတွက်ခြေကိုက်ရုံသာမက နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်လျက်ရှိပြီး သဘာဝဘေးအန္တရာယ်များ ထိတွေ့ခံစားရခြင်းမှ ကာကွယ်နိုင်ရေး၊ ရာသီဥတု ဖောက်ပြန်ခြင်း လျော့နည်းစေရေးတို့အတွက် သဘာဝအခြေခံပြုမူနေထိုင်ရန် ကုလသမဂ္ဂ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းဆိုင်ရာ မူဘောင်သဘောတူညီချက်အရ စွမ်းအင်အရင်းအမြစ် သုံးစွဲမှုအချိုးအစား (Generation Mix) များကို နိုင်ငံအလိုက် ရည်မှန်းချက်များ (NDCs) တွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

ကိုးကား -

- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့ သည့် Nationally Determined Contribution(NDC)

- ပါရီသဘောတူညီချက်(၂၀၁၆)၊ United Nations Framework Convention on Climate Change

- National Aeronautics and Space Administration (NASA), Climate Kids ကဏ္ဍပါ What is The Greenhouse Effect?