Skip to main content

သမိုင်းဖြစ်စဉ်များကိုလည်း သိပါစေ၊ ထာဝရငြိမ်းချမ်းရေးလည်း ရပါစေ

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက် ၆ နာရီခန့် ဖြစ်သည်။ ရန်ကုန်မြို့ကြီးတစ်မြို့လုံး ခါတိုင်း နေ့များနှင့်မတူဘဲ လှုပ်လှုပ်ရှားရှား ထကြွနိုးကြားလျက်ရှိသည်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်) လက်ရှိနေထိုင်သည့် ဘုရင်ခံအိမ်တော်ကြီးမှာကား မီးမောင်းကြီးများ ထိုးထား၍ လင်းထိန်လျက် ရှိနေ၏။

အိမ်တော်ရှေ့မြက်ခင်းပြင်ပေါ်ဝယ် ရောင်စုံကုလားထိုင် လေးတန်းခင်းကျင်းထား၍ ဧည့်သည်တော် များ ထိုင်နေကြသည်။ ဧည့်သည်တော်များနှင့် တူရူမျက်နှာမူလျက် လက်ဝဲဘက်အစွန်ဆုံးတွင် ဗမာ့ရေတပ်သားများ၊ ဗမာ့တပ်မတော်၊ လေတပ်၊ တပ်ဖွဲ့ပေါင်းစုံ စီတန်းရပ်နေကြသည်။ နောက်ဘက်ခပ်ကျကျနေရာ၌မူကား ဗြိတိသျှ တီးဝိုင်းတော်သားများ ရှိကြသည်။

ဧည့်သည်တော်များနှင့် ဗဟိုတည့်တည့်တွင် အလံ တိုင်စိုက်ထူထား၍ လက်ယာဘက်တိုင်ပေါ်တွင် ယူနီယံဂျက်အလံကို လွှင့်ထူထားသည်။ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ဘုရင်ခံဆာဟူးဘတ်ရန့်(စ်) သည် ယာယီသမ္မတ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်နှင့်အတူ ယှဉ်တွဲကာ အိမ်တော်အတွင်းမှ ထွက်လာရာ ဧည့်ပရိသတ်အပေါင်းတို့က မတ်တတ်ထ၍ အလေးပြုကြ၏။ ထို့နောက် တပ်များကို လိုက်လံရှုစားကြလေသည်။ ထိုစဉ် ကရူဇာသင်္ဘောမှ အမြောက် ၁၇ ချက် ပစ်ဖောက် လိုက်သည်။ နောက်ဆုံး အမြောက်သံတစ်ချက် ပစ်ဖောက် လိုက်ပြီးနောက် နိုင်ငံတော်သမ္မတနှင့် ဘုရင်ခံတို့က အလံ တိုင်ရှေ့ စင်မြင့်ငယ်လေးပေါ်သို့ တက်ရောက်ကြသည်။

နံနက် ၆ နာရီ ၅၈ မိနစ်အချိန်တွင် ဗြိတိသျှယူနီယံဂျက်အလံကို ဗြိတိသျှအမျိုးသားသီချင်းဖြင့် တိုင်ဖျားမှ တဖြည်းဖြည်းနှိမ့်ချလိုက်ပြီးနောက် အသင့်စောင့်နေသော အရာရှိတစ်ဦးက ပွေ့ယူသိမ်းဆည်းသွား၏။ အလံချနေစဉ် အားလုံးအရိုအသေပြုကြ၏။

ထို့နောက် အသင့်စောင့်နေသည့် မြန်မာစစ်ဗိုလ်က မြန်မာနိုင်ငံတော်အလံကို မြန်မာအမျိုးသား သီချင်း တီးမှုတ်၍ လွှင့်ထူလိုက်ပြန်ရာ အားလုံးကအရိုအသေ ပြုကြပြန်လေသည်။

(နိုင်ငံတော်၏ လွတ်လပ်ရေးနေ့ရရှိခြင်း အထိမ်း အမှတ် အလံတင်အခမ်းအနားကို ယင်းနေ့ နံနက် ၄ နာရီ မိနစ် ၂၀ တွင် တိုင်းပြုပြည်ပြု လွှတ်တော်မျက်နှာရှေ့တွင် ခမ်းနားထည်ဝါစွာ ကျင်းပပြီးခဲ့ပြီး ဖြစ်သည်။)

နံနက် ၆ နာရီ ၅၉ မိနစ်တွင် ဗြိတိသျှစစ်ဗိုလ်က မြန်မာစစ်ဗိုလ်အား အာဏာလွှဲပြောင်းပေးသဖြင့် နေရာ ချင်းပြောင်းကာ မြန်မာစစ်ဗိုလ်အမိန့်အတိုင်း တစ်ပတ် လှည့်လည်၍ နိုင်ငံတော်သမ္မတကြီး နှင့် ဘုရင်ခံတို့အား အလေးပြုကြ၏။

အလံတင် အလံချ အခမ်းအနားပြီးဆုံးသည်နှင့် Burma ဟု အမည်တပ်ထားသော ဘုရင်ခံ၏ ကားအနက် ကြီး၌ ဘုရင်ခံနှင့် သမ္မတကြီးတို့ စီးနင်းပြီး သမ္မတကြီး၏ ကြင်ယာတော် မဟာဒေဝီနှင့် ဘုရင်ခံ၏ဇနီး၊ ဝန်ကြီးချုပ် သခင်နုနှင့် ဝန်ကြီးချုပ်ကတော်၊ အခြားဝန်ကြီးများနှင့် ကတော်များ၊ လွှတ်တော်အမတ်များက ကားအသီးသီးဖြင့် တသီတတန်းကြီး သင်္ဘောဆိပ်သို့ လိုက်ပါပို့ဆောင်ပေး ခဲ့သည်။ သမ္မတနှင့် ဘုရင်ခံတို့စီးသောကားကို မြို့မရာဇဝတ်အဖွဲ့မှ မော်တော်ဆိုင်ကယ် ၁၀ စီးဖြင့် ခြံရံ၍ လိုက်ပါလာ၏။

သင်္ဘောဆိပ်သို့ နံနက် ၇ နာရီ ၄၅ မိနစ်ရောက်ရှိ ချိန်တွင် အိပ်ချ်အမ်အက်ဘာမင်ဂန်စစ်သင်္ဘောမှ အရာရှိ များက ကြိုဆိုအလေးပြုကြသည်။ ဘုရင်ခံကားပေါ်မှ ဆင်း၍ ဆိပ်ကမ်းတံတားပေါ်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ကားပေါ်တွင် တပ်ထားသော ဘုရင်ခံ၏ အလံ၊ သရဖူ၊ တံဆိပ် စသည်များကိုဖြုတ်ပြီး မြန်မာနိုင်ငံ တံဆိပ်တော်နှင့် အလံကို ပြောင်းလဲတပ်ဆင်လိုက်၏။

ဘုရင်ခံသည် သင်္ဘောဆိပ်သို့ လိုက်ပါပို့ဆောင်သူများကို လိုက်လံနှုတ်ဆက်ပြီး နံနက် ၇ နာရီ ၅၅ မိနစ် တွင် သင်္ဘောကြီးပေါ်သို့ တက်ရောက်ရာ နှစ်နိုင်ငံအလံများ အား အတင်အချပြုလုပ်၍ သင်္ဘောကြီးပေါ်မှ အမြောက် ၁၇ ချက်စီ ပစ်ဖောက်အလေးပြုခဲ့ကြသည်။ နောက်ဆုံး ဗြိတိသျှ အလံကို သင်္ဘောဦး၌ ပြန်လည်လွှင့်ထူချိန်၌ မြန်မာ့ရေတပ်မတော် မေယုစစ်သင်္ဘောမှ အမြောက် ၂၁ ချက် ပစ်ဖောက်အလေးပြုခဲ့သည်။

နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဘုရင်ခံဆာဟူးဘတ်ရန့်(စ်)စီးနင်းလိုက်ပါသည့် သင်္ဘောကြီးသည် မြန်မာ့ဆိပ်ကမ်းမှ တရွေ့ရွေ့ ထွက်ခွာသွားလေပြီ။

ထူးခြားသည်မှာ ဘုရင်ခံဆာဟူးဘတ်ရန့်(စ်)နှင့်ဇနီးသည် ဗုဒ္ဓဘာသာဝင်မဟုတ်သော်လည်း သူပြည် တော် မပြန်မီ ဇန်နဝါရီ ၂ ရက်တွင် မြန်မာတို့၏ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော် မြတ်ကြီးသို့ တက်ရောက်ဖူးမြော်ပြီး ရွှေသင်္ကန်းကပ်လှူခဲ့သေးသည်ဟု မှတ်တမ်း အချို့တွင် တွေ့ရှိခဲ့ရသည်။

ဘုရင်ခံဆာဟူးဘတ်ရန့်(စ်) ပြည်တော်ပြန်ခရီးကို ဤသို့ရှည်လျားစွာ အသေးစိတ်ရေးသား ဖော်ပြမှု မှာ အကြောင်းများစွာရှိပါသည်။

ပါတော်မူခန်း

အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား စစ်သုံးကြိမ်ပြု၍ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ကုန်းဘောင်မင်း ဆက် နောက်ဆုံးဖြစ်သည့် သီပေါဘုရင် လက်ထက်တွင် တစ်နိုင်ငံလုံးအပြီး သိမ်းပိုက်ခံရခြင်း ဖြစ်သည်။ ခုနှစ်အား ဖြင့် ခရစ်နှစ် ၁၈၈၅ ခုနှစ်တွင် ဖြစ်သည်။

မန္တလေးနေပြည်တော်အား နယ်ချဲ့တို့သိမ်းပိုက်ပြီးနောက် မင်းနှင့် မင်းမိဖုရား၊ ဆွေတော်မျိုးတော် များအား အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ရောက်ခဲ့သည်မှာ ခရစ်နှစ် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်၊ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော် ၈ ရက် ဖြစ်သည်ဟုဆိုရမည် ဖြစ်သည်။

သီပေါမင်းအား ဖမ်းဆီးခေါ်ဆောင်သွားပုံမှာ မြင်တွေ့ ရသူတိုင်းက မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရသည်ဟု တစ်ဆင့် တစ်ဆင့် ပြောပြသူများ၏ စကားအရသိရသည်။ မန္တလေး မြို့တော်တွင် မြို့ဝင်မြို့ထွက် တံခါးလေးပေါက်ရှိသည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟူ၍ ဖြစ်သည်။ ထိုအထဲမှ အနောက်ဘက်မှထွက်ပေါက်သည် အမင်္ဂလာ တံခါးပေါက်ဖြစ်သည်။ အာဠာဝီ တံခါးပေါက် ဖြစ်သည်။ ရာဇဝတ်သားများအား ကွပ်မျက်ရန်အဓိကထုတ်သောတံခါးပေါက်ဖြစ်သည်ဟု ရှေးအစဉ် အဆက်မီသူများ၏ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ကြားသိရခြင်းဖြစ်သည်။

မန္တလေးရွှေနန်းတော်မှ မင်းသီပေါနှင့် မင်းမိဖုရားတို့အား သင်္ဘောဆိပ်သို့ ခေါ်ဆောင်သွားသည် မှာလည်း ထိုအာဠာဝီ အနောက်တံခါးပေါက်မှဖြစ်သည်။ အချိန် ကား ညနေစောင်းချိန်ဟု သိရသည်။

မင်းနှင့် မင်းမိဖုရားအား ကျဉ်းမြောင်းသော ဗီရို လှည်းပေါ်တင်ဆောင်၍ ဂေါဝိန်ဆိပ်သို့ ခေါ်ဆောင် လာခဲ့ခြင်းဖြစ်သည်။ ဆာဟူးဘတ်ရန့်(စ်) ကဲ့သို့ မော်တော်ဆိုင် ကယ်များ လိုက်ပါခြံရံခြင်း မရှိသော်လည်း ဂေါ်ရာစစ်သားများက သေနတ်ကိုယ်စီဖြင့် လိုက်ပါစောင့်ထိန်းလာခဲ့ခြင်း ဖြစ်သည် ကို မှတ်တမ်းဓာတ်ပုံများအရ တွေ့ရှိသိခဲ့ရသည်။ အနောက်ဘက်တံခါးမှ ခေါ်ဆောင်သွားသည့် အတွက် မန္တလေးမဟာမြတ်မုနိဘုရားကြီးကိုပင် ပြည်တော်မှ ထွက်ခါနီး ဦးတင်၍ ဖူးမြင်ခွင့် မရရှာခဲ့ပေ။ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)ကမှ ဗုဒ္ဓဘာသာဝင်မဟုတ်သော်လည်း ပြန်ခါနီး ရွှေတိဂုံ စေတီတော်ကို ဖူးမြော်နိုင်ခဲ့သေးပေသည်။

မြန်မာလူငယ်တို့သိစေချင်

ဆိုခဲ့သည့် ဖြစ်ရပ်များမှာ မြန်မာ့မြေမှ ဖြစ်ရပ်မှန် များပင်ဖြစ်ပေသည်။ ယနေ့လူငယ် လူလတ်များ သိသူအလွန်နည်းပေလိမ့်မည်။ ကာလကြာပါက တစ်စတစ်စပျောက်ကွယ်သွားတော့မည်ကို စိုးရိမ်လှပေသည်။ သမိုင်းသည် နိုင်ငံအတွက် အရေးကြီးလှပေသည်။ သမိုင်းသိမှ ဆင်ခြင်တုံ တရားများ ရှိပေမည်။ ဆင်ခြင်တုံတရားရှိမှ အမှားအမှန်ကို ခွဲခြားတတ်ပေမည်။ အမှားအမှန် ခွဲခြား တတ်ပါမှ နိုင်ငံတော်ကို ဦးဆောင်နိုင်ပေမည်။ ထို့အတွက် နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို ယနေ့လူငယ် လူလတ်များအားလုံးကို သိစေချင်ပါသည်။

ငြိမ်းချမ်းရေး

မြန်မာပြည်ကြီး သူ့ကျွန်ဘဝမှ လွတ်မြောက်၍ လွတ်လပ်ရေး ရရှိခဲ့သည်မှာ ၇၂ နှစ် တင်းတင်းပြည့် မြောက်ခဲ့ပြီဖြစ်သည်။ သို့သော် လွတ်လပ်ရေးရပြီးနောက်မှ စခဲ့သော ပြည်တွင်းစစ်တို့သည် တစ်စတစ်စ တောက်လောင်ခဲ့သည်။ ထို့နောက် လူမျိုးရေးဝါဒများကြောင့် ပြည်တွင်းဒေသအချို့ ငြိမ်းချမ်းမှု၊ အေးချမ်းမှု၊ လွတ်လပ်မှုတို့ နှင့် ကင်းဝေးခဲ့ရသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်၌ ပြုလုပ်သည့် ရခိုင်ပြည်နယ် မာန်အောင်မြို့ နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးတဲ့အချိန်ကနေစ ပြီးတော့ တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်း ငြိမ်းချမ်းတယ် ဆိုတာ မရှိခဲ့ပါဘူး။ တစ်ချိန်လုံး တစ်နေရာမဟုတ် တစ်နေရာမှာ ပြည်တွင်းပဋိပက္ခတွေက တောက်လောင် နေတာကို တွေ့ရပါတယ်။ ကျွန်မတို့ နိုင်ငံမှာ တောက်လောင်နေတဲ့ အပူမီးတွေ ငြိမ်းသွားရေးဟာလည်း လျှပ်စစ်အင်အားထက်တောင် ပိုပြီးအရေးကြီးတယ်ဆိုတာ ကျွန်မတို့ သဘောပေါက်နားလည်ဖို့ လိုပါတယ်။ လျှပ်စစ် အင်အားက လျှပ်စစ်အင်အားပဲ၊ ငြိမ်းချမ်းရေးအင်အားကို ဘာနဲ့မှ မယှဉ်နိုင်ဘူး။ ကျွန်မတို့ သေသေချာချာ စဉ်းစားဖို့ အရေးကြီးပါတယ်။”

“ဒါပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ငြိမ်းချမ်းရေး တစ်ခုတည်းကို ဦးတည်ဆောင်ရွက်လို့ မရပါဘူး။ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ဦးတည်ရပါတယ်။ ဖွံ့ဖြိုးတိုးတက် မှုရှိမှသာ ငြိမ်းချမ်းရေးကို ခိုင်မာ အောင် လုပ်နိုင်မှာဖြစ်ပါ တယ်။ MSDP မှာ ဖော်ပြထားတဲ့အတိုင်း အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးနဲ့ အားလုံးအတွက် ဖွံ့ဖြိုးမှုအတူဆက်တွဲထားမှသာ အဓွန့်ရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှု ရရှိနိုင်မှာဖြစ်တာကို ကျွန်မတို့ အသိအမှတ်ပြုထားပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးတို့ကို တစ်ပြိုင်နက်ရရှိရေးအတွက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တစ်ခုပြီး မှ တစ်ခုမဟုတ်ပါဘူး။ တစ်ချိန်တည်းမှာ နှစ်ခုစလုံးကို အောင်မြင်အောင် လုပ်ရမှာပါ။ ဒါကြောင့် ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တစ်ပြိုင်နက်တည်းမှာပဲ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုမရှိတော့ ကျေနပ်မှုမရှိဘူး။ ကျေနပ်မှုမရှိတော့ ဒေါသတွေပွားတယ်။ ဒေါသတွေ ပွားလာတော့ လက်နက်ကိုင်တိုက်ခိုက်ရေးကို တွန်းပို့တယ်။ မငြိမ်းချမ်းတော့ ဖွံ့ဖြိုးတိုးတက်မှုမရှိဘူးဆိုတဲ့ အဆိုးကျော့ သံသရာက ဖောက်ထွက် နိုင်ဖို့ ကျွန်မ တို့ ကြိုးစားနေရတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

သို့ဆိုသော်... ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး- ထာဝရ ငြိမ်းချမ်းရေးဟု ဝိုင်းဆိုနေကြသော်လည်း အချို့အဖွဲ့ အစည်းများ၏ လူမျိုးစွဲ၊ ဝါဒစွဲ၊ အတ္တစွဲများကြောင့် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေခြင်း ဖြစ်ပေသည်။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်ဆိုသော စကားနှင့်အညီ မြန်မာပြည် ကြီး ထာဝရငြိမ်းချမ်းရေး၊ စစ်ဘေးမှ ကင်းဝေး ရေးနှင့်အတူ အခြားသော တိုင်းပြည်များနည်းတူ ဖွံ့ဖြိုးတိုးတက်ရေးမှာ လက်နက်ကိုင်အဖွဲ့အစည်းများက လူမျိုးစွဲ၊ ဝါဒစွဲ၊ အတ္တစွဲများကို ခဝါချ၍ တကယ်စစ်မှန်သော စေတနာ၊ တကယ်စစ်မှန်သော မေတ္တာများဖြင့် ငြိမ်းချမ်း ရေးစားပွဲဝိုင်းများ ဆီသို့ အရောက်လှမ်းသွားမှသာလျှင် မှန်ကန်သော နည်းလမ်းဖြစ်ပါသည်ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။ ။

ဘော်ဂါသွေး