မန္တလေးငလျင်ကြီးနဲ့ လူသားချင်းစာနာထောက်ထားမှု သံခင်းတမန်ခင်း
KMMS ၊ Maw Zay (MFA)
နိုင်ငံတစ်နိုင်ငံဟာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေးစတဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ကြုံတွေ့ရတဲ့အခါမျိုးမှာ ကမ္ဘာ့နိုင်ငံ၊ အစိုးရနဲ့ အစုအဖွဲ့တွေအကြား ပုံမှန်အချိန်မှာ ရှိခဲ့တဲ့ နိုင်ငံရေးအရ အဟန့်အတားနဲ့ အေးစက်တင်းမာမှုတွေကို လျစ်လျူရှုဘေးဖယ်ထားပြီး လူသားချင်းစာနာထောက်ထားခြင်းဆိုတဲ့ရှုထောင့်မှ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်စေနိုင်တဲ့ သံခင်းတမန်ခင်းလုပ်ငန်းစဉ်တွေကို သဘာဝဘေးအန္တရာယ် သံခင်းတမန်ခင်းလို့ သီအိုရီတွေက ညွှန်းဆိုထားရှိကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ကာလတွေမှာ ပြည်တွင်းအကြမ်းဖက်သောင်းကျန်းမှုဖြစ်စဉ်တွေနဲ့ နောက်ဆက်တွဲ နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် နိုင်ငံတကာမျက်နှာစာမှာ သတင်းတု၊ သတင်းမှားတွေကို အခြေခံကာ နိုင်ငံတကာ သံတမန်ဆက်ဆံရေးမှာ အဖုအထစ်၊ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံကို အထီးကျန်ဖြစ်စေဖို့ ဆောင်ရွက်ခဲ့ကြတာမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ အဲဒီလိုအခြေအနေနောက်ခံမျိုးမှာပဲ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ရင်ဆိုင်ရချိန်မှာတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သံခင်းတမန်ခင်းဆိုတဲ့ ခေါင်းစဉ်ဟာ ရံဖန်ရံခါမှာ အကျပ်အတည်းကြားက အခွင့်အလမ်းတစ်ရပ် (challenges into opportunities) အဖြစ်သို့ ပြောင်းလဲစေခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထားမှု သံခင်း တမန်ခင်း ဆိုရာဝယ်
လူသားချင်း စာနာထောက်ထားမှု သံခင်းတမန်ခင်းဆိုတာ သဘာဝဘေးအန္တရာယ် အမျိုးမျိုးနဲ့ ကြုံတွေ့ရတဲ့အခါမျိုးမှာ ဘေးဒဏ်သင့်ပြည်သူတွေအတွက် အထောက်အပံ့၊ ရန်ပုံငွေနဲ့ ကူညီကယ်ဆယ်မှုတွေရရှိစေဖို့ သံတမန်ရေးဆိုင်ရာနည်းနာနဲ့ နည်းဗျူဟာတွေ အသုံးပြုခြင်းကို ရည်ညွှန်းပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရတဲ့အခါမျိုးမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေလို အကျပ်အတည်းကာလအတွင်း ဘေးဒဏ်သင့်သူတွေအတွက် ကူညီပံ့ပိုးမှုအထောက်အပံ့တွေ မြန်မြန်ဆန်ဆန် ရောက်ရှိစေဖို့အတွက် အစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းအေဂျင်စီတွေအကြားမှာ လူသားချင်းစာနာထောက်ထားမှုရှုထောင့်ကနေပြီး သံတမန်ရေးနည်းလမ်းနဲ့ ကြိုးပမ်းအားထုတ်ကြခြင်းပဲ ဖြစ်ပါတယ်။
အဲဒီလိုမျိုး လုပ်ဆောင်ကြတဲ့အခါမှာလည်း လတ်တလောအတွက်သာမဟုတ်ဘဲ နောက်ပိုင်းကာလတွေအတွက်ပါ ရည်ရွယ်ပြီး အလားတူ သဘာဝဘေးအန္တရာယ်မျိုးနဲ့ ရင်ဆိုင်ကြုံတွေ့မယ်ဆိုရင် လူမှုအသိုက်အဝန်းနဲ့ ပြည်သူတွေအနေနဲ့ပိုပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိစေရေး အထောက်အကူပြုပေးနိုင်ဖို့အတွက် ရေရှည်မြော်တွေးတဲ့ ချဉ်းကပ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်တာကိုလည်း တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေက အစိုးရအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ဝင်ရောက်မှုနဲ့ လုပ်ငန်းလုပ်ကိုင်မှုတွေ အဆင်ပြေချောမွေ့စေဖို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေကို အချိန်နဲ့ တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်မှုတွေအား ကောင်းခဲ့တဲ့အတွက် ယခုဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်ကြီးဟာ မြန်မာနိုင်ငံကို သံတမန်ရေးဆိုင်ရာ အလှည့်အပြောင်းတစ်ရပ် ဖန်တီးစေခဲ့ပါတယ်။
မန္တလေးငလျင်ကြီးရဲ့ အဖျက်စွမ်းအား
၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်သွားခဲ့တဲ့ ပြင်းထန်ငလျင်ကြီးကြောင့် လူပေါင်း ၃၇၇၀ အသက်ဆုံးရှုံးခဲ့ရပြီး ၅၁၀၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ အထူးသဖြင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပဲခူးနဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသတွေမှာ ရှိကြတဲ့ ဒေသခံပြည်သူသိန်းပေါင်းများစွာဟာ ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးရခြင်း၊ နေထိုင်ရာ အိုးအိမ်နဲ့ မူရင်းဒေသကို စွန့်ခွာရခြင်း၊ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိနိုင်မှုအခြေအနေ ပျက်ယွင်းခြင်းစတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလျက်ရှိပါတယ်။
ဒီလိုကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိတဲ့ သဘာဝဘေးအန္တရာယ်ကြီးဟာ လူမျိုး၊ အသားအရောင်၊ ဘာသာနဲ့ နိုင်ငံရေးယုံကြည်ချက် ဘယ်လိုပဲကွဲပြားစေကာမူ အားလုံးအပေါ် ညီတူမျှတူ ထိခိုက်နစ်နာစေခဲ့ပါတယ်။ ငလျင်ကြောင့် ယိုယွင်းပျက်စီးခဲ့တဲ့ တိုက်တာအိုးအိမ်တွေ၊ စာသင်ကျောင်း၊ ရုံးအဆောက်အအုံတွေ၊ ဆေးရုံတွေ၊ လမ်းတံတားတွေနဲ့ ဘာသာရေးအဆောက်အအုံများစွာကနေ အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းရေး၊ ခိုင်ခံ့အောင်ပြန်လည်အားဖြည့်ပြုပြင်ရေး၊ ပြုပြင်မရတော့တာတွေကို ဖြိုချဖျက်ဆီးပြီး ပြန်လည်တည်ဆောက်ရေးစတဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဟာလည်း တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့၊ အစိုးရတစ်ခုတည်းက ဆောင်ရွက်နိုင်မယ့်ပမာဏ မဟုတ်ပါဘူး။
ယခုလို ဘေးအန္တရာယ်မျိုးကြုံတွေ့ပါက ဘယ်နိုင်ငံအစိုးရမဆို အရေးပေါ်ဆောင်ရွက်ဖို့ ခက်ခဲမှုရှိတတ်ကြတာဖြစ်တာကြောင့် နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနဲ့ အထောက်အပံ့တွေကို အချိန်မီဖိတ်ခေါ်မှုတွေ ပြုရသည်သာ ဖြစ်ပါတယ်။ ဒါက လူသားချင်းစာနာမှုဆိုင်ရာ သံခင်း တမန်ခင်းလုပ်ငန်းစဉ်ရဲ့အစပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရရဲ့ အချိန်နဲ့တစ်ပြေးညီ ဖိတ်ခေါ်မှုကြောင့် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ‘အာဆီယံ’ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ချက်ချင်းဆိုသလို လျင်လျင်မြန်မြန်ပဲ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ကြခြင်းဖြင့် မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အပေါ် တုံ့ပြန်မှုရှိခဲ့တာကိုလည်း ပကတိဖြစ်စဉ်တွေ အရ တွေ့ရှိရပါတယ်။
မြေငလျင်တုံ့ပြန်မှု သံခင်းတမန်ခင်း
ငလျင်ဖြစ်စဉ်အပြီး အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို အဆင့်ဆင့်ဆောင်ရွက်ရတာဖြစ်လို့ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးက ပူးပေါင်းဆောင်ရွက်မှုရှိဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ မြေငလျင်တုံ့ပြန်မှု သံခင်းတမန်ခင်း ဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုအချို့ကို လေ့လာကြည့်မယ်ဆိုရင် အချိန်နဲ့တစ်ပြေးညီ လျင်မြန်စွာ ဆောင်ရွက်နိုင်တာကို တွေ့ရှိရပါတယ်။
မြေငလျင်တုံ့ပြန်မှု ပထမအဆင့်ဖြစ်တဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးသမား ၂၀၉၉ ဦး၊ ကယ်ဆယ်ကူညီရေးလေယာဉ် ၁၄၅ ခေါက်၊ ကားအစီးရေ ၂၃ စီး၊ သင်္ဘော ငါးစင်းနဲ့ ထောက်ပံ့ရေးပစ္စည်း ၁၅၁၄ ဒသမ ၆၆ တန် အချိန်မီရောက်ရှိပြီး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့တာကို နိုင်ငံတော်ရဲ့ ဧပြီလ ၂၀ ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ လေ့လာတွေ့ရှိရပါတယ်။
ယခုအခါ မကြာမီ မိုးကျတော့မယ့်ကာလဖြစ်တဲ့အတွက် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို ဦးစားပေးလုပ်ငန်းအဖြစ် ပြောင်းလဲဆောင်ရွက်လျက်ရှိပါ တယ်။ ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီးတွေဟာ အနည်းဆုံးတန်ချိန် နှစ်သန်းခွဲရှိပြီး ဒါတွေကို ဖယ်ရှားနိုင်ဖို့အတွက် ကုန်တင်ကားစီးရေ တစ်သိန်း နှစ်သောင်းခွဲစာခန့် အသုံးပြုရမှာဖြစ်တယ်လို့ သုံးသပ်ဖော်ပြထားတာကိုလည်း ဖတ်ရှုရပါတယ်။
ဒါကြောင့် ငလျင်ကြီးဖြစ်ပွားပြီးချိန်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့စဉ်က ပြည်တွင်းနဲ့ နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေရဲ့ စုပေါင်းအင်အားနဲ့ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြတဲ့နည်းတူ အချိန်ကာလတစ်ရပ် ကြာတဲ့အထိ မဖြစ်မနေ ဆောင်ရွက်သွားရမယ့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း အစိုးရနဲ့ ပြည်တွင်းအသိုက်အဝန်းအားလုံးရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုအပြင် ပြည်ပမှ အကူအညီ အထောက်အပံ့နဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှုတွေလည်း ဆက်လက်လိုအပ်နေဦးမှာ ဖြစ်ပါတယ်။
ကျန်းမာရေးဆိုင်ရာ သံခင်းတမန်ခင်း
ငလျင်ဒဏ်အများဆုံးခံစားခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်တစ်ဝိုက်ရှိ နေရာဒေသ တွေမှာ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ရုရှား၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ၊ လာအို၊ အမေရိကန်၊ သီရိလင်္ကာ၊ တောင်ကိုရီးယား၊ ဂျာမနီစတဲ့ နိုင်ငံတွေက ဆေးကုသရေးအဖွဲ့တွေဟာ ဖြန့်ခွဲနေရာယူပြီး အရေးပေါ်ခွဲစိတ်မှုအပါအဝင် ကျန်းမာရေးဝန်ဆောင်မှုတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြပါတယ်။
အချို့သောနိုင်ငံတွေဟာ အရေးပေါ်ဆေးအဖွဲ့အဖြစ် သီးသန့်ရောက်ရှိလာကြတာဖြစ်ပြီး အချို့ ကတော့ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အတူ ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးချိန်မှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ပြန်လည် ထွက်ခွာသွားသည်များရှိသလို အချို့ကတော့ နိုင်ငံအတွင်းမှာ ဆက်လက်ကျန်ရှိပြီး ဆေးကုသမှု အတွက် ကွင်းဆင်းဆောင်ရွက်တာ၊ ငလျင်ဒဏ် အပြင်းထန်ဆုံးခံစားခဲ့ရတဲ့ ဒေသသုံးခုရဲ့ မြို့တော် တွေမှာ အခြေစိုက်ပြီး ယာယီဆေးရုံ (field hospital) တွေ ဖွင့်လှစ်ကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ကာလရှည် စနစ်တကျ ကုသပေးတာမျိုးကို ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
ငလျင်ပြီးတဲ့နောက် ဝမ်းပျက်ဝမ်းလျှောစတဲ့ ကူးစက်ရောဂါ ပြန့်ပွားမှုတွေ ကြုံတွေ့ရတတ်တာကြောင့် တရုတ်နိုင်ငံအစိုးရရဲ့ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ဆေးကုသရေးပညာရှင် ၅၀ ပါဝင်တဲ့အဖွဲ့ဟာ မန္တလေးမြို့မှာ အခြေစိုက်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။
နိုင်ငံတော်ရဲ့စေတနာမှတ်ကျောက်
တစ်ဖက်ကလည်း နိုင်ငံတော်အစိုးရက ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ တစ်နိုင်ငံ လုံးရှိ ပြည်သူလူထုကို စာနာထောက်ထား နားလည်ရန်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်း ကာကွယ်ပေးရန်အတွက် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် သတ်မှတ်ပေးခဲ့ပြီး ယခုအခါ ဧပြီ ၃၀ ရက်နေ့အထိ ထပ်တိုးသတ်မှတ်ပေးခဲ့ခြင်းဟာ လည်း မှတ်ကျောက်တစ်ခုပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရှာဖွေကယ်ဆယ်ရေးကာလအတွင်း အထက်မှာတင်ပြခဲ့တဲ့အတိုင်း နိုင်ငံတကာရဲ့ အကူအညီတွေ ရယူခဲ့တဲ့နည်းတူ အရေးပေါ်ကူညီကယ်ဆယ်ရေးအလွန် ပြန်လည်ထူထောင်ရေးအတွက် အမိုးအကာ၊ ယာယီတဲနဲ့ အစားအသောက်မဟုတ်တဲ့ပစ္စည်းတွေ ထောက်ပံ့ရေးကဏ္ဍ၊ ရေနဲ့ပတ်ဝန်းကျင်သန့်ရှင်းရေးကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ အသက်မွေးဝမ်း ကျောင်းကဏ္ဍနဲ့ ပညာရေးကဏ္ဍစတဲ့ ကဏ္ဍပေါင်း စုံမှာလည်း နိုင်ငံတကာနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ငလျင်ဘေးသင့်ဒေသတွေမှာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိ
အမိုးအကာအောက် ရောက်ရှိရေးကဏ္ဍအနေနဲ့ တာပေါ်လင်စ၊ စောင်၊ ခြင်ထောင်၊ မိသားစုမိုးကာ တဲ၊ ဆိုလာမီးနဲ့ တစ်ကိုယ်ရေသုံးသန့်ရှင်းရေးနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို ငလျင်ဒဏ်အမှန်တကယ် ထိခိုက်ခံစားရသူတွေထံ မိုးမကျမီ ထောက်ပံ့ပေးသွားဖို့၊ ထိခိုက်လွယ်တဲ့အုပ်စုတွေကို လုံခြုံစိတ်ချရတဲ့ အမိုးအကာတွေ ပြုလုပ်ပေးဖို့၊ ပျက်စီးနေတဲ့ အိမ်တွေကို ပြုပြင်တည်ဆောက်ရေးနဲ့ ပြန်လည်မွမ်းမံရေးအတွက် ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ ပြုပြင်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေ ပံ့ပိုးပေးဖို့၊ ဘေးကင်းပြီး ရေရှည်တည်တံ့တဲ့ အိုးအိမ်တွေဖြစ်လာဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးခြင်းနဲ့ ကျွမ်းကျင်တဲ့လုပ်သားများ ပံ့ပိုးဆောင်ရွက်ပေးဖို့စတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးကဏ္ဍအနေနဲ့ အားလုံးသန့်ရှင်းတဲ့သောက်သုံးရေ ရရှိဖို့၊ အမှိုက် သိမ်းဆည်းခြင်းနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကို စနစ်တကျဆောင်ရွက်ပေးဖို့၊ သောက်သုံးရေနဲ့ နေ့စဉ်သုံးရေတွေကို မျှမျှတတခွဲဝေပေးဖို့နဲ့ မိုးရာသီကာလမှာ ဖြစ်ပွားတတ်တဲ့ ရေညစ်ညမ်းမှုနဲ့ မိလ္လာစနစ်တွေ ပြန်လည်ပြင်ဆင်ခြင်းနဲ့ ပြုပြင်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။
အစားအစာကဏ္ဍအနေနဲ့ အခြေခံအစားအစာတွေကို ငလျင်ဒဏ်ခံစားရသူတိုင်း အညီအမျှရရှိစေဖို့ ကူညီဆောင်ရွက်ပေးရေး၊ ငလျင်ဘေးသင့်ဒေသတွေမှာ စားရေရိက္ခာအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေဖို့ ဆောင်ရွက်ပေးဖို့နဲ့ ကလေးသူငယ်တွေအတွက် အာဟာရအရည်အသွေး ပိုမိုကောင်း မွန်ရရှိတဲ့ အစားအစာတွေ ပံ့ပိုးပေးဖို့ ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကျန်းမာရေးကဏ္ဍအနေနဲ့ ဆေးရုံနဲ့ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံတွေ ကြံ့ခိုင်မှု ရှိ/မရှိ ဆန်းစစ်မှု ပြုလုပ်ဖို့၊ ရွေ့လျားဆေးခန်း၊ ယာယီဆေးရုံကဲ့သို့သော ယာယီကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာတွေ ပြုလုပ်ပေးဖို့၊ ငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် ဖြစ်ပေါ်ခံစားရတဲ့ စိတ်ပူပန်မှု၊ စိတ်ပိုင်းဆိုင်ရာဖိစီးမှုစတဲ့ စိတ်ဒဏ်ရာ ကုသပေးခြင်းတွေနဲ့ ကူးစက်ရောဂါတွေ မပြန့်ပွားစေရေးအတွက် ကြိုတင်ကာကွယ် ပြင်ဆင်ထားဖို့စတာ တွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အသက်မွေးဝမ်းကျောင်းကဏ္ဍအနေနဲ့ ငလျင်ဘေးကြောင့် အလုပ်အကိုင်ဆုံးရှုံးသွားရသူတွေ ဒါမှမဟုတ် မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်း ပျက်စီးသွားရသူတွေကို ငွေကြေးထောက်ပံ့ပေးဖို့၊ ရှင်သန်ရပ်တည်ရေးအတွက် ချေးငွေနဲ့ အမတော်ကြေးတွေ စီစဉ်ပေးဖို့စတာမျိုးနဲ့ စတင်နိုင်ဖို့လည်း စီမံဆောင်ရွက်လျက်ရှိပါတယ်။
ပညာရေးကဏ္ဍအနေနဲ့ ငလျင်ဘေးကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်း ၂၅၁၄ ကျောင်းကို သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိတဲ့ အခြေအနေဖြစ်လာအောင် ဆောင်ရွက်ပြုပြင်ပေးဖို့၊ အဲဒီလိုတည်ဆောက် ရေးကာလမှာ အွန်လိုင်းစနစ်နဲ့ သင်ယူနိုင်တဲ့အခြေအနေမျိုး ဖန်တီးပေးဖို့၊ သဘာဝဘေးအန္တရာယ် အသိပညာပေးဖို့နဲ့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းတဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေ ဆောင်ရွက်ပေးဖို့အပါအဝင် သဘာဝဘေးအန္တရာယ်တွေကနေ လုံခြုံ စိတ်ချရတဲ့ စာသင်ကျောင်းတွေဖြစ်လာစေဖို့ အစပြုပျိုးထောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စာသင်ကျောင်းများနှင့်ပတ်သက်၍ အခြေခံပညာကျောင်းများအား အမြန်ဆုံး ပြန်လည်ပြုပြင်တည်ဆောက်သွားရန်လိုကြောင်း၊ ကလေးငယ်များ ကျောင်းဖွင့်ချိန်၌ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ပြင်ဆင်ရန်လိုအပ်သည့် စာသင်ကျောင်းများအလိုက် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရာတွင်လည်း အဆောက်အအုံများ ကောင်းမွန်ခိုင်ခံ့မှုရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း” လမ်းညွှန် မှာကြားခဲ့ပြီးဖြစ်ပါတယ်။
လူသားချင်းစာနာမှုရဲ့ အလှပဆုံးပုံရိပ်
ဒီလို သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ရချိန်မှာ နယ်နိမိတ်အတားအဆီး၊ နိုင်ငံရေး အသွေးအရောင်၊ အယူဝါဒမတူမျှမှုတွေကို ဘေးချိတ်ပြီး လူသားအချင်းချင်း ကူညီရိုင်းပင်းကြတာမျိုးဟာ လူ့သမိုင်းတစ်လျှောက် လူသားချင်းစာနာမှုရဲ့ အလှပဆုံးပုံရိပ်တစ်ခုပဲ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ အရေးပေါ် ကူညီကယ်ဆယ်မှု အထောက်အပံ့တွေအတွက် ယာယီပူးပေါင်းဆောင်ရွက်မှုတွေဟာ ဆက်လက်ဆောင်ရွက်သွားရန်ရှိတဲ့ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေ အတွက် ပိုမိုနီးကပ်တဲ့ ပူးပေါင်းမှုတွေ ပြုလုပ်နိုင်ဖို့ အခြေခံပန္နက်ပဲဖြစ်ပါတယ်။
ဒါမျိုးဟာ နိုင်ငံတကာမှာ အောင်မြင်ခဲ့တဲ့ အစဉ်အလာလည်း ရှိခဲ့ဖူးပါတယ်။ ၁၉၉၉ ခုနှစ် က တူကီယဲနိုင်ငံမှာ ၇ ဒသမ ၆ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့စဉ် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာနေခဲ့တဲ့ အိမ်နီးချင်း ဂရိနိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ချက်ချင်းစေလွှတ်ကူညီပေးခဲ့သလို များမကြာမီရက်သတ္တပတ်အတွင်း ဂရိနိုင်ငံမှာလည်း အလားတူ ငလျင်ဒဏ်ခံစားခဲ့ရတဲ့အခါ တူကီယဲက လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အရေးကြီးရင် သွေးချင်းနီးခဲ့တဲ့ အဲဒီဖြစ်ရပ်ကြောင့် အိမ်နီးချင်း တူကီယဲနှင့် ဂရိတို့အကြားက နိုင်ငံရေး တင်းမာအေးခဲမှုတွေ အရည်ပျော်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ဖူးပါတယ်။
ဒါကြောင့် “လူသားချင်း စာနာထောက်ထားမှု သံခင်းတမန်ခင်း” ကို ဖော်ဆောင်ခြင်းဖြင့် ကမ္ဘာနဲ့ ဆက်သွယ်ဆက်ဆံမှုတွေကို မြှင့်တင်ရင်း၊ အတားအဆီးတွေကို ဖယ်ရှားရင်း၊ ကရုဏာနဲ့ စာနာနားလည်မှုတွေကို ဖန်တီးရင်း၊ ယုံကြည်မှုတွေ တည်ဆောက်ရင်း နိုင်ငံတကာနဲ့ ရေရှည်တည်တံ့တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပေါ်ပေါက်လာနိုင်ဖို့အတွက် ဦးတည်တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။