Skip to main content

ငြိမ်းချမ်းရေးပန်းခင်းလမ်းသို့ အရောက်လှမ်းလာခဲ့ကြပါ

ကိုရေချမ်း

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ယနေ့အချိန်အထိတိုင်အောင် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေခဲ့သည်။ တွက်ကြည့်လျှင် နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်းသေးဘဲ ဆိုးဆိုးရွားရွား ရုန်းကန်နေရသည်မှာ မိမိတို့တစ်နိုင်ငံတည်းသာကျန်ရှိတော့သည်ဟု ဆိုလောက်သည်။

ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် ဆွေးနွေးပွဲနည်း၊ စစ်ရေးနည်းတို့ဖြင့် ဖြေရှင်းခဲ့သော်လည်း ငြိမ်းချမ်းရေးကို အလျှင်းမရခဲ့ပေ။ လုံးလုံးလျားလျားမရခြင်းတော့မဟုတ်။ အခြေအနေအချိန်အခါအလျောက် ပေါ်ချည်တစ်လှည့်၊ ငုပ်ချည်တစ်ခါဖြစ်ခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို လေ့လာကြည့်လျှင် ငြိမ်းချမ်းရေးကို လိုလားသူနှင့် မလိုလားသူ၊ စစ်ကိုမလိုလားသူနှင့် စစ်ကိုဖန်တီးသူတို့ အားပြိုင်လွန်ဆွဲကြသဖြင့် ပဋိပက္ခသံသရာရှည်ကြာနေသည်ကိုတွေ့ရသည်။

လက်နက်ကိုင်ဖြေရှင်းနည်းက တစ်ချိန်ချိန်တွင် နိဂုံးကမ္ပတ်အဆုံးသတ်ကြမြဲဖြစ်သည်ကို သမိုင်းစာမျက်နှာများတွင် အထင်အရှားတွေ့နိုင်သည်။ ဖြေရှင်းနည်းမှာ လက်နက်ဖြင့် အပြီးသတ်ဖြေရှင်းနည်းနှင့် ဆွေးနွေးခြင်းနည်းဖြင့် အပြီးသတ်ဖြေရှင်းနည်းဟူ၍ နှစ်မျိုးသာရှိသည်။ ငြိမ်းချမ်းရေးသည် ပြည်သူအားလုံး၏ ဆန္ဒဖြစ်သည်။ ပြည်သူအားလုံး၏ မျှော်လင့်ချက်ဖြစ်သည်။ အစိုးရ၏ အလိုလားဆုံးရည်မှန်းချက်ဖြစ်သည်။ တပ်မတော်၏ အလိုလားဆုံး ရည်မှန်းချက်ဖြစ်သည်။ ငြိမ်းချမ်းမှသာ အေးချမ်းမည်၊ ငြိမ်းချမ်းမှသာ ဖွံ့ဖြိုးတိုးတက်မည်၊ ပြည်သူအားလုံးစိတ်ချမ်းသာမည်။ ခေတ်အဆက်ဆက်တွင် အစိုးရများက ငြိမ်းချမ်းရေးကို အမျိုးမျိုးအဖုံဖုံကြိုးပမ်းခဲ့သလို တိုင်းရင်းသားပြည်သူများကလည်း အမျိုးမျိုးအဖုံဖုံတောင်းဆိုခဲ့သည်။ လက်နက်စွဲကိုင်ထားသူတို့က လက်နက်အားကိုးဖြင့် နိုင်ငံကိုလည်းမကြည့်၊ ပြည်သူကိုလည်းမငဲ့ညှာ၊ ၎င်းတို့၏ရည်မှန်းချက်ကိုသာ ရှေ့တန်းတင်ထားသည်။

ငြိမ်းချမ်းရေးတောင်းဆို

အကြိမ်ကြိမ်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ အဖန်ဖန်ရောက်ရှိလာခဲ့သော်လည်း နောက်ကြောင်းသို့ ပြန်လှည့်ခဲ့ကြသည်မှာ ရည်ရွယ်ချက်အမျိုးမျိုးရှိသည်။ မိမိတို့အချင်းချင်းမှာ တစ်နိုင်ငံတည်းသား ညီအစ်ကိုမောင်နှမများဖြစ်ကြ၍ အစိုးရများက ငြိမ်းချမ်းရေးလမ်းကိုသာ ဇွဲမလျှော့ဘဲရွေးချယ်ခဲ့ကြသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းလျှင် စစ်ရေးနည်းလမ်းသာရှိတော့သည်။ ဥသျှစ်သီးနှစ်လုံးကိုထုလျှင် နှစ်လုံးစလုံးသာ ကြေမွပျက်စီးရမည်ကို သတိပြုသင့်သည်။ သို့မဟုတ် ခိုင်မာတောင့်တင်းသော ဥသျှစ်သီးမပြိုကွဲမပျက်စီးဘဲ မတောင့်တင်းသည့် ဥသျှစ်သီးကြေကွဲပျက်စီးရမည်ကို သတိပြုသင့်သည်။

ဒီမိုကရေစီပထမအစိုးရလက်ထက်တွင် နိုင်ငံရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ ထိုစဉ်က နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန် နိုင်ငံရေးအင်အားစုများ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန်အတွက် ရည်ရွယ်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရာ၌ တိုင်းရင်းသားများ အစဉ်တစိုက်တောင်းဆိုခဲ့သည့် တန်းတူညီမျှမှုကို အာမခံနိုင်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရေးဖြစ်သည်။

ကောင်းကျိုးရလဒ်များ

ရည်ရွယ်ချက်မှာ လျော်ကန်သင့်မြတ်ကောင်းမွန်လှသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကလည်း သဘောတူညီကြသဖြင့် ငြိမ်းရေးလမ်းစပေါ်လာသည်။ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် မြန်မာနိုင်ငံတွင် ပေါ်ပေါက်လျက်ရှိသည့် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အစပြုလုပ်ငန်းစဉ်ဖြစ်လာသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မူချောကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် အတည်ပြုနိုင်ခဲ့သည်။

ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ကောင်းကျိုးရလဒ်အနေဖြင့် NCA စာချုပ်ချုပ်ဆိုရန် ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်အဆင့်ဆင့် ပြုလုပ်နေဆဲကာလမှာပင် ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ပစ်ခတ်တိုက်ခိုက်မှုများကို လျှော့ချနိုင်ခဲ့သည်။ ထိုသို့လျှော့ချနိုင်သဖြင့် လက်ငင်းအကျိုးရလဒ်အနေဖြင့် ပဋိပက္ခဖြစ်ပွားရာနယ်မြေများရှိ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုဆိုသည့် ငြိမ်းချမ်းရေး၏ အနှစ်သာရ၊ အသီးအပွင့်နှင့် ကောင်းကျိုးရလဒ်များကို လက်တွေ့ခံစားကြရသည်။ လူသာဓုခေါ်၊ နတ်သာဓုခေါ်ဆိုရမည့် မင်္ဂလာသတင်းများဖြစ်သည်။ ပြည်သူအားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်ကြရသည်။

ဒုတိယဒီမိုကရေစီအစိုးရလက်ထက် (၂၀၁၆-၂၀၂၀) ကာလတွင် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရေးထက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးစားပေးခြင်းကြောင့် EAO တို့အနေဖြင့် သံသယဖြစ်ပေါ်ပြီး ငြိမ်းချမ်းရေးအရှိန်အဟုန် လျော့ကျခဲ့သည်။ လွှတ်တော်တွင်း၌လည်း လုံခြုံရေးနှင့်သက်ဆိုင်သော အရေးကြီးသည့်ဥပဒေများကို ပယ်ဖျက်ခြင်း၊ ဒေသအရေး၊ ပြည်နယ်အရေးများကို မဲအများစုဖြင့် လွှမ်းမိုးလုပ်ဆောင်ခြင်းတို့ကြောင့် အစိုးရအပေါ် တိုင်းရင်းသားပြည်သူလူထု၏ ယုံကြည်မှုကျဆင်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုကြောင့် တပ်မတော်က အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်ကို ထိန်းသိမ်းခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လတွင် ဆန္ဒပြမှုများ၊ ထိုမှတစ်ဆင့် ဆူပူအုံကြွမှု၊ ထိုမှဆက်လက်၍ အကြမ်းဖက်မှုများ လုပ်ကိုင်လာပြီး လက်နက်ကိုင်တိုက်ခိုက်မှုအထိ ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း ၈၀ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးအချိန်မှ ယခုအချိန်အထိ လွတ်လပ်ရေး၏အနှစ်သာရကို အပြည့်အဝခံစားမှု မရခဲ့သေးပေ။ လွတ်လပ်ရေးရပြီးချိန်ကတည်းက ပယောဂအမျိုးမျိုးကြောင့် တိုင်းရင်းသားပြည်သူများ ဒုက္ခဆင်းရဲမျိုးစုံ တွေ့ကြုံခံစားနေရသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် တည်ငြိမ်အေးချမ်းပြီး တိုးတက်လျက်ရှိသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံနှင့် အင်အားချင်းတူ၊ လူဦးရေတူ၊ အကျယ်အဝန်းတူ၊ စီးပွားရေး အခြေအနေချင်းတူညီသည့်နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံသည် များစွာနောက်ကျကျန်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ငြိမ်းချမ်းစွာအဖြေရှာ

ထိုသို့ နောက်ကျကျန်နေသည်မှာ ပြည်တွင်း၊ ပြည်ပပယောဂများကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုးဆုံးမှာ မိမိနိုင်ငံသားများအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ အတန်းပညာအားနည်းနေသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစမှ ယခုအချိန်အထိ ခေတ်အမျိုးမျိုး၊ စနစ်အမျိုးမျိုးကြုံခဲ့ကြသည်။ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ပြီးဖြစ်သည်။ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ပြီးဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် ပြည်သူများက ပါတီစုံဒီမိုကရေစီတောင်းဆိုမှုကြောင့် တပ်မတော်က လမ်းခင်းပုံဖော်ပေးခဲ့သည်။ တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်တွင် တောင်းဆိုခြင်းသည် အကောင်းဆုံးဖြစ်သည်။ ယခုအခါပြည်သူများ၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနိုင်ငံသစ်ကို စတင်တည်ဆောက်နေပြီဖြစ်သည်။ တိုင်းရင်းသားအရေး၊ နိုင်ငံရေးလိုအပ်ချက်များကို ဒီမိုကရေစီနည်းလမ်း တကျငြိမ်းချမ်းစွာ အဖြေရှာတောင်းဆိုကြရမည် ဖြစ်သည်။

ထို့ကြောင့် ဒီမိုကရေစီအစိုးရသစ်အနေဖြင့် ဖြေရှင်းပေးမည့် လွှတ်တော်များလည်းရှိပြီး ဖြေရှင်းနိုင်မည့် အခြေအနေများလည်းရှိသဖြင့် ရက် ၁၀၀ ကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်တော့မည်ဖြစ်သည်။ ဇူလိုင်လ ၃၁ ရက်နေ့ကို နောက်ဆုံးထား၍ တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးကို မဖြစ်မနေဆောင်ရွက်ကြရန်ဖြစ်ပါသည်။ PDF များနှင့် ပတ်သက်၍ လက်ရှိတွင် အလင်းဝင်လာကြသူများလည်းရှိသည်။ ဆန္ဒရှိနေကြသူများလည်းရှိသည်။ ရက်ပေါင်း ၁၀၀ အတွင်း ဥပဒေဘောင်အတွင်း အမြန်ဆုံးပြန်လည်ခိုလှုံဝင်ရောက်ကြစေလိုပါသည်။ EAOs များနှင့်ပတ်သက်၍လည်း NCA လက်မှတ်ထိုးထားသူများရော လက်မှတ်မထိုးရသေးသူများပါ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားရာ နိုင်ငံတော်၏ ရှေ့ရေး၊ မိမိတို့တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး၏ ရှေ့ရေးအတွက် အလေးအနက်ထားလက်ခံစေလိုပါသည်။

ငြိမ်းချမ်းရေးအောင်မြင်ရေး

NCA စာချုပ်သည် လက်မှတ်ရေးထိုးထားသူများရော လက်မှတ်မထိုးသူများပါ သဘောတူထားသည့် စာချုပ်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးမှုများအရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်ဖြည့်စွက်ရန် သဘောတူညီချက် (၄၃) ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ EAOs များနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ ဘုံသဘောတူညီချက် (၄) အဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို သဘောတူညီထားသည်။ လာမည့်ပြည်ထောင်စုလွှတ်တော်တွင် ယင်းတို့ကိုတင်ပြ၍ အပိုင်းလိုက်ဆွေးနွေးဆောင်ရွက်ပြီး ငြိမ်းချမ်းရေးကို အောင်မြင်အောင်ဆောင်ရွက်တော့မည်ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နိုင်မည်။ ရှေ့ကတည်ဆောက်လိုက်၊ နောက်ကဖျက်ဆီးလိုက်နှင့် တိုင်းပြည်သည် သမင်မွေးရင်းကျားစားရင်း အဖြစ်ဆိုးများနှင့် ကြုံတွေ့နေရမည်ဖြစ်သည်။ မဖြစ်နိုင်သည်များကို တောင်းဆိုနေလျှင် နိုင်ငံတော်အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ရမည်သာဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ခံယူချက်အမျိုးမျိုးဖြင့် လက်နက်ကိုင်စွဲပြီး နိုင်ငံတော်အစိုးရကို ဆန့်ကျင်နေသည့် PDF များအပါအဝင် EAOs များအနေဖြင့် နိုင်ငံတော်က ဖိတ်ခေါ်ကမ်းလှမ်းနေသော ငြိမ်းချမ်းရေးပန်းခင်းလမ်းသို့ အမြန်အရောက်လှမ်းလာကြစေလိုပါကြောင်း ရေးသားလိုက်ရပါသည်။ ။