Skip to main content

နေမင်း၏ အလင်းစွမ်းရည်ဖြင့် ကမ္ဘာမြေကို အလှဆင်ကြမည်

ဝဿန်

တစ်နေ့တာ စွမ်းအင်အသုံးပြုမှုပမာဏကို သိပ္ပံပညာရှင်တွေက Terawatt - hours – TWh (တာရာဝပ်- အာဝါ) နဲ့ တိုင်းတာကြပါတယ်။ ခန့်မှန်းအားဖြင့် တစ်နေ့ကို ကမ္ဘာကြီးက ၄၅၀၀ တာရာဝပ်-အာဝါကို အသုံးပြုကြတယ်လို့ သိရပါတယ်။ ဒါဆိုရင်ကမ္ဘာကြီးကို အလင်းစွမ်းအင်နဲ့ အပူစွမ်းအင်ပေးနေတဲ့ နေမင်းကြီးဆီကရော တစ်နေ့ကို ဘယ်လောက်များတဲ့ အလင်းစွမ်းအင်တွေ ကမ္ဘာမြေပေါ်ရောက်ရှိနေပါသလဲ။ သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ နေကနေကမ္ဘာမြေပေါ်ကို တစ်ချိန်တည်းမှာ ၁၇၃၀၀၀ တာရာဝပ် (TW) ခန့်သော စွမ်းအားရောက်ရှိနေပြီး တစ်နေ့တာအတွင်း ရရှိနိုင်တဲ့ နေစွမ်းအင်ပမာဏက ၄ ဒသမ ၁၅ သန်း တာရာဝပ်- အာဝါ (TWh)ခန့် ကမ္ဘာမြေကြီးက ရရှိနေပါတယ်။

ဒီကိန်းဂဏန်းတွေကို ကြည့်လိုက်ရင်နေဟာ ကမ္ဘာပေါ်က လူသားတွေသုံးနေတဲ့ လျှပ်စစ်ထက် အဆ ၁၀၀၀ နီးပါး ပိုမိုကြီးမားတဲ့ စွမ်းအင်အရင်း အမြစ်ကြီးဆိုတာ အထင်အရှားဖြစ်ပါတယ်။ ဒါပေမယ့် အံ့အားသင့်စရာကောင်းတာက ဒီစွမ်းအင်အများကြီးထဲက အလွန်သေးငယ်တဲ့ အပိုင်းအစလောက်ကိုသာ လူသားတွေက ဆိုလာနည်းပညာနဲ့ လျှပ်စစ်အဖြစ် ပြောင်းလဲအသုံးချနိုင်ပါသေးတယ်။

ဆိုလာစနစ်ကို အဓိကအသုံးပြုသင့်တဲ့ အကြောင်းရင်းတွေကတော့ စွမ်းအင်ကုန်ကျစရိတ် လျှော့ချနိုင်တာ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေတာနဲ့ ရေရှည်မှာ လျှပ်စစ်လုံခြုံမှု ပိုမိုကောင်းမွန်လာစေတာတွေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် နေအိမ်သုံးဆိုလာစနစ် (Solar Home System) ကို တတ်နိုင်သလောက် တွင်တွင်ကျယ်ကျယ် ဝိုင်းဝန်းအသုံးပြုကြမယ်ဆိုရင် မိမိတစ်ဦးတည်းသာမကဘဲ ကျန်တဲ့နိုင်ငံသားတွေကိုပါ အကျိုးကျေးဇူးရရှိစေမှာ၊ လျှပ်စစ်အသုံးပြုသူဦးရေ တိုးပွားစေတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိစေတာ စတဲ့နိုင်ငံအတွက် တစ်ဖက်တစ်လမ်းက များစွာအကျိုးရှိ၊ အထောက်အကူပြုမှာဖြစ်ပါတယ်။ ပြီးတော့လည်း နေအိမ်သုံးဆိုလာစနစ်ဆိုတာ နေရောင်ခြည်ကို အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်တာဖြစ်လို့ လောင်စာဆီ ဒါမှမဟုတ် မီးစက်လိုအဆက်မပြတ် ကုန်ကျစရိတ်မျိုးမရှိဘဲ တစ်ကြိမ်တပ်ဆင်ပြီးတဲ့အခါ ရေရှည်အသုံးပြုနိုင်တဲ့ အားသာချက်တွေရှိမှာ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ဖို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် (Renewable Energy) အသုံးပြုမှုကို အလေးထားလာကြချိန်မှာ ဆိုလာစနစ်က အရေးအပါဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။

ဆိုလာစနစ်က မိမိတို့နိုင်ငံလို လျှပ်စစ်မီးတစ်နိုင်ငံလုံးမလွှမ်းခြုံနိုင်သေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအဖို့ အရေးကြီးတဲ့ အစားထိုးစွမ်းအင်အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ မီးပျက်ချိန်တွေမှာ ဘက်ထရီပါဝင်တဲ့ ဆိုလာစနစ်နဲ့ အိမ်သုံးလျှပ်စစ် ပစ္စည်းတွေကို အဆင်ပြေပြေ အသုံးပြုနိုင်တာမို့ နေ့စဉ်လူမှုဘဝမြင့်မားဖို့လည်း များစွာအထောက်အကူဖြစ်စေပါတယ်။ ကမ္ဘာပေါ်မှာ ဆိုလာစနစ်ဟာ စီးပွားရေးအရ ကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူပြုခြင်းနဲ့ လျှပ်စစ်လုံခြုံမှုကို မြှင့်တင်ပေးနိုင်ခြင်းတို့ကြောင့်လည်း အိမ်သုံးနှင့် လုပ်ငန်းသုံးနှစ်မျိုးစလုံးအတွက် တဖြည်းဖြည်းအရေးပါလာခဲ့တဲ့ စွမ်းအင်ဖြေရှင်းချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ကမ္ဘာပေါ်ရှိ နေအိမ်တွေမှာ ဆိုလာစနစ်ကို အများဆုံးအသုံးပြုတဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဩစတြေးလျ၊ အမေရိကန်၊ ဂျာမနီနဲ့ အိန္ဒိယတို့ပါပဲ။ အထူးသဖြင့် ဩစတြေးလျနိုင်ငံမှာတော့ နေအိမ်သုံးဆိုလာအသုံးပြုမှုက အလွန်မြင့်မားပြီး အိမ်သုံးအိမ်ထောင်စုတွေထဲက သုံးပုံတစ်ပုံလောက်မှာ အိမ်ခေါင်မိုးပေါ်မှာ တပ်ဆင်တဲ့ ဆိုလာပြားစနစ် (Rooftop Solar System) တွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဒီနိုင်ငံတွေမှာ အများဆုံးအသုံးပြု တဲ့စနစ်ကတော့ အိမ်ခေါင်မိုးပေါ်မှာ တပ်ဆင်တဲ့ Rooftop Solar ဖြစ်ပြီး အဓိကအားဖြင့် On-grid နဲ့ Hybrid စနစ်တွေပါပဲ။ On-grid စနစ်က နိုင်ငံတော်ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်သုံးတာ ဖြစ်ပြီး Hybrid စနစ်ကတော့ ဘက်ထရီပါဝင်တဲ့အတွက် မီးပျက်တဲ့အချိန်မှာလည်း ဆက်လက်သုံးလို့ရပါတယ်။ မီတာခဈေးမြင့်တဲ့ နိုင်ငံတွေမှာတော့ ဒီ Hybrid စနစ်ကို ပိုပြီး လူကြိုက်များလာ ပါတယ်။

မကြာသေးမီနှစ်တွေထဲမှာ မြန်မာနိုင်ငံမှာလည်း နေအိမ်တွေမှာ ဆိုလာစနစ်အသုံးပြုမှု သိသိသာသာတိုးလာပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (National Electrifi-cation Project - NEP) အစီရင်ခံစာအရ ၂၀၁၆ ကနေ ၂၀၂၁ အတွင်းမှာ အစိုးရနဲ့ အဖွဲ့အစည်းတွေက အိမ်ထောင်စုလေးသိန်းကျော်ကို နေအိမ်သုံးဆိုလာစနစ်တွေ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါက တရားဝင်စာရင်းအခြေပြုထားတဲ့ အချက်အလက်တစ်ခုပါ။

ဒါ့အပြင် ၂၀၂၁ နောက်ပိုင်းမှာလည်း မြို့ပြရော ကျေးလက်ဒေသတွေမှာပါ Private Rooftop Solar နဲ့ Hybrid Solar System တွေ အသုံးပြုမှုက တော်တော်လေးတိုးလာပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးအဆင့် အိမ်ထောင်စုအရေအတွက်ကို တိတိကျကျဖော်ပြထားတဲ့ တရားဝင်စာရင်းတော့မရှိသေးပါဘူး။ International Energy Agency (IEA) နဲ့ သတင်းအဖွဲ့အစည်းအချို့ကတော့ မီးမလုံလောက်မှုနဲ့ ဒီဇယ်ဈေးတက်မှုတွေကြောင့် နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းတွေ တင်သွင်းခြင်းနှင့် တပ်ဆင်ခြင်းတွေ လျင်မြန်စွာ တိုးတက်လာနေတယ်လို့ပဲ မှတ်တမ်းတင်ထားပါတယ်။

အနာဂတ်အတွက် ဆိုလာအသုံးပြုမှုနဲ့ စုစုပေါင်း စွမ်းအင်ပမာဏတွေကိုတော့ အစိုးရအဆင့် တိတိကျကျ စာရင်းမရှိသေးပါဘူး။ ဒါကြောင့် Interna-tional Energy Agency (IEA)၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) လို နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ စွမ်းအင်လိုအပ်ချက်၊ လျှပ်စစ်လက်လှမ်းမီမှုနဲ့ import data တွေအပေါ် မူတည်ပြီး ခန့်မှန်းတွက်ချက်မှုတွေ ပြုလုပ်နေကြတာပါ။ အဲဒီခန့်မှန်းချက်တွေအရတော့ မြန်မာနိုင်ငံမှာ Off-grid solar နဲ့ Rooftop solar အသုံးပြုမှုက ဆက်လက်တိုးလာနိုင်တယ်လို့ ဆိုထားပါတယ်။

ဆိုလာစနစ်တပ်ဆင်တဲ့အခါ ကုန်ကျစရိတ်ကတော့ အိမ်တစ်အိမ်နဲ့ တစ်အိမ်မတူပါဘူး။ ဘာကြောင့်လဲဆိုတော့ အိမ်သုံးလိုအပ်ချက်၊ စနစ်အမျိုးအစား On-grid ၊ Off-grid ၊ Hybrid နဲ့ သုံးမယ့် လျှပ်စစ်ပမာဏပေါ်မူတည်ပြီး အများကြီးကွာခြားသွားတာကြောင့်ပါ။ ဒါကြောင့် ဈေးနှုန်းဆိုပြီး တိတိကျကျမရှိဘဲ အသုံးပြုမှုအလိုက် အဆင့်လိုက်ခွဲပြီး တွက်ချက်ရပါတယ်။

ကျွန်တော်လေ့လာမိသလောက် ၆ ကီလိုဝပ် အိမ်သုံးဆိုလာစနစ်တပ်ဆင်အသုံးပြုမယ်ဆိုရင် နံနက်ခင်း ၉ နာရီကနေ ညနေ ၃ နာရီအတွင်း ထမင်း ပေါင်းအိုး၊ ဟင်းချက် ဒယ်အနီ၊ မီးပူနဲ့ ရေမော်တာတွေကို အလှည့်ကျအသုံးပြုနိုင်မှာဖြစ်ပြီး ကျန်တဲ့ လျှပ်စစ်ပစ္စည်းတွေကို ၂၄ နာရီ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

အဲကွန်းလို လျှပ်စစ်ပစ္စည်းတွေပါ သုံးမယ်ဆိုရင်တော့ Hybrid Solar System လိုမျိုး ၅ ကီလိုဝပ် အထက်စနစ်တွေ လိုအပ်လာနိုင်ပါတယ်။ အဲဒီလိုအခြေအနေမှာတော့ ကုန်ကျစရိတ်နည်းနည်းများနိုင်ပြီး ဘက်ထရီအရည်အသွေးနဲ့ အသုံးပြုချိန်အပေါ် မူတည်လို့ စျေးပိုမြင့်နိုင်ပါတယ်။ ဆိုလာစနစ်ကုန်ကျစရိတ်က “ဘယ်လောက်ဝပ်လိုသလဲ” နဲ့ “ဘယ်ပစ္စည်းတွေကို ဘယ်လောက်ကြာကြာ သုံးမလဲ” ဆိုတဲ့အချက်တွေပေါ် မူတည်ပြီး တွက်ရတာဖြစ်လို့ အိမ်တိုင်းအတွက် တိတိကျကျတူညီတဲ့ စျေးနှုန်းဆိုတာ မရှိပါဘူး။

တပ်ပြီးသွားရင်လည်း ထိန်းသိမ်းစောင့်ရှောက်မှုက အရေးကြီးသလို သေချာဂရုတစိုက်ထားမယ်ဆိုရင် စနစ်က ပိုကြာရှည်ခံပြီး လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းလည်း ပိုကောင်းလာနိုင်ပါတယ်။ ဆိုလာပြားတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့၊ ဘက်ထရီတွေ ကိုလည်း Overcharge ဖြစ်တာ၊ ဒါမှမဟုတ် အားလုံးဝကုန်သွားတဲ့ Deep Discharge ဖြစ်တာ မျိုးမဖြစ်အောင် Solar Charge Controller က မှန်ကန်စွာ အလုပ်လုပ်နေသလားဆိုတာ ပုံမှန်စစ်ဆေးဖို့လိုပါတယ်။ အင်ဗာတာနဲ့ လျှပ်စစ်ကြိုးတွေကိုလည်း ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။

တချို့နိုင်ငံတွေမှာတော့ နေအိမ်သုံးဆိုလာစနစ်က ထုတ်လုပ်တဲ့ လျှပ်စစ်ကို နိုင်ငံတော်ဓာတ်အား လိုင်းထဲကို ပြန်ပို့ပြီး အသုံးချတဲ့စနစ်တွေရှိပါတယ်။ အဲဒါကို Net Metering နဲ့ Feed-in Tariff (FIT) စနစ်လို့ ခေါ်ကြပါတယ်။ ဒီစနစ်မှာဆိုရင် ကိုယ့်အိမ်က ထုတ်လုပ်တဲ့ လျှပ်စစ်နဲ့သုံးစွဲမှုကို နှိုင်းယှဉ်ပြီး ကျန်တဲ့အပိုလျှပ်စစ်အတွက် အစိုးရဒါမှမဟုတ် လျှပ်စစ်ကုမ္ပဏီက ငွေကြေး ဒါမှမဟုတ် လျှော့စျေးအဖြစ် ပြန်ပေးပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်အထိ နေအိမ်သုံးဆိုလာစနစ်က ထုတ်လုပ်တဲ့လျှပ်စစ်ကို မီးလိုင်းထဲပြန်ရောင်းနိုင်တဲ့ Net Metering စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်သေးပါဘူး။ ဒါပေမယ့် ကမ္ဘာ့ဘဏ်ရဲ့ National Electrification Project အပါအဝင် နိုင်ငံတကာအစီရင်ခံစာတွေမှာတော့ ကျေးလက်ဒေသတွေမှာ နေအိမ်သုံးဆိုလာစနစ်တွေ တဖြည်းဖြည်းတိုးလာပြီး လူတွေလျှပ်စစ်ကို ပိုမိုလက်လှမ်းမီလာတယ်လို့ ဖော်ပြထားပါတယ်။             

မြန်မာနိုင်ငံမှာ ဆိုလာစနစ်အသုံးပြုမှု တိုးတက်ဖို့ အဓိကအခက်အခဲက တပ်ဆင်စရိတ်မြင့်မားမှုဖြစ်ပြီး အိမ်ထောင်စုတွေက တစ်ခါတည်း ငွေကြီးကြီးမားမား ထုတ်ရတာကြောင့် မလွယ်ကူပါဘူး။ ဒါကြောင့် ဘဏ္ဍာရေးအထောက်အပံ့စနစ်တွေ အရေးကြီးလာပါတယ်။ ပထမအနေနဲ့ Solar Loan လို ဘဏ်ချေးငွေစနစ်တွေ ဖွံ့ဖြိုးလာမယ်ဆိုရင် လူတွေက အရစ်ကျပုံစံနဲ့ ဆိုလာစနစ်ကို ဝယ်ယူနိုင်လာမယ်။ လစဉ်မီတာခလျော့ကျတာနဲ့ ချေးငွေပြန်ဆပ်နိုင်တဲ့ပုံစံကိုသာ အသုံးပြုနိုင်ရင် လူတိုင်းအသုံးပြုလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကကုမ္ပဏီတွေကလည်း Installment Plan တွေ တိုးချဲ့လုပ်ဆောင်တာ၊ ဘဏ်နဲ့ Solar ကုမ္ပဏီတွေပူးပေါင်းပြီး ကနဦးပေးငွေအနည်းငယ် ဒါမှမဟုတ် လုံးဝမလိုတဲ့စနစ်တွေ ရှိလာမယ်ဆိုရင် ပိုပြီးအသုံးပြုလာနိုင်ပါတယ်။

ကုမ္ပဏီကြီးအချို့က လူမှုတာဝန်သိသော အကျိုးပြုလုပ်ငန်း {Corporate Social Respon-sibility (CSR)} တစ်ခုအဖြစ် နေအိမ်သုံးဆိုလာစနစ်တပ်ဆင်ရေးမှာ အရှိန်အဟုန်နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမယ်၊ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေက ကျေးလက်ဒေသနဲ့ မြို့ပြဒေသမှာ ဆိုလာပြားဝယ်ယူတင်သွင်းတာ၊ တပ်ဆင်တာ၊ ပြုပြင်ထိန်းသိမ်းတာတွေမှာ အမြတ်အစွန်းမယူဘဲ ကုန်ကျစရိတ်အတိုင်းသာ ဆောင်ရွက်ပေးမယ်ဆိုရင် နေအိမ်သုံးဆိုလာစနစ် တပ်ဆင်ရေးအတွက် တွင်တွင်ကျယ်ကျယ် အထောက်အကူရရှိစေမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အားလုံးက မြန်မာနိုင်ငံမှာ နေအိမ်သုံးဆိုလာစနစ် တွင်တွင်ကျယ်ကျယ် တပ်ဆင်အသုံးပြုရေးအတွက် ပရဟိတလုပ်ငန်းတစ်ရပ်လို အားတက်သရော ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ပေးစေချင်တာပါ။

အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းတဲ့ PPP စနစ်နဲ့ Solar Project တွေကို အကြီးစားကနေအိမ်သုံးအထိ တိုးချဲ့နိုင်မယ်ဆိုရင် တစ်နိုင်ငံလုံးရဲ့ လျှပ်စစ်အခြေခံအဆောက်အအုံလည်း တစ်ပြိုင်နက်ဖွံ့ဖြိုးလာနိုင်သလို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ Solar Financing Fund တွေ ထူထောင်နိုင်ပါက ဝင်ငွေနည်း အိမ်ထောင်စုတွေ၊ ကျေးလက်ဒေသတွေအတွက် များစွာအထောက်အကူပြုမယ်လို့ မျှော်လင့်ရပါတယ်။

မြန်မာနိုင်ငံမှာ ဆိုလာစနစ်တိုးတက်ဖို့ နည်းပညာလိုအပ်သလို အရေးကြီးတာက ဘဏ္ဍာရေးလွယ်ကူမှုနဲ့ မူဝါဒပံ့ပိုးမှုလည်း လိုအပ်ပါတယ်။ အဲဒါတွေကို အစိုးရ၊ ပုဂ္ဂလိကနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်နိုင်ပြီး နိုင်ငံသားတွေကလည်း ကြိုးစားအကောင်အထည်ဖော်ကြမယ်၊ ပူးပေါင်းပါဝင်ကြမယ်ဆိုရင် ရေရှည်တည်တံ့တဲ့ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို ရနိုင်မယ်လို့ ယုံကြည်မိပါကြောင်း။ ။