လူတိုင်း အိမ်တိုင်းအတွက် ပြန်ပြည့်မြဲ စွမ်းအင်
မောင်ကောင်း
ပူလိုက်တဲ့နေဗျာ။ ဟိုတလောတုန်းကဆို ကမ္ဘာ့အပူဆုံးမြို့တွေ စာရင်းမှာ မြန်မာနိုင်ငံက မြို့အတော်များများ ပါတာကို တွေ့လိုက်ရသေးတယ်။ တမြန်နှစ်တုန်းကလည်း မြန်မာနိုင်ငံအလယ်ပိုင်းက မြို့တစ်မြို့ ကမ္ဘာ့အပူဆုံးစံချိန်တင်ခဲ့သေးတယ်။ ဒါက ဘယ်လိုဖြစ်လို့လဲ။ ဘာဖြစ်လို့ အရှေ့အလယ်ပိုင်းဒေသ သဲကန္တာရရာသီဥတုရှိတဲ့ နိုင်ငံတွေက မြို့တွေထက်တောင် မုတ်သုံရာသီဥတုရှိတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့မြို့က ပိုပူနေတာလဲလို့ တွေးမိပါရဲ့။ ဘာပဲဖြစ်ဖြစ် ပူတာကတော့လည်း တကယ်ပူနေတာပါပဲ။
နေပူပြီဆို ဖြစ်လာတဲ့ ပြဿနာက မီးပြတ်တာ။ ကျွန်တော်တို့နိုင်ငံက ရေအားလျှပ်စစ်ကို အများဆုံးသုံးနေရတဲ့နိုင်ငံ။ တခြားသဘာဝဓာတ်ငွေ့တို့၊ အပူစွမ်းအင်တို့၊ နေစွမ်းအင်တို့၊ ကျောက်မီးသွေးတို့နဲ့ ထုတ်တဲ့ဓာတ်အားတွေလည်း နည်းနည်းစီတော့ ပါတာပေါ့လေ။ ရေအားလျှပ်စစ်ဆိုတာက နွေရာသီရေနည်းလာပြီဆို ထုတ်လုပ်မှုကို လျှော့ချကြရတယ်။ တချို့ဆည်တွေက စိုက်ပျိုးရေးအတွက်လည်း ရေပေးနေရတာဆိုတော့ ချိန်ဆကြရပြီး ဓာတ်အားကို အပြည့်မထုတ်ပေးနိုင်တော့ဘူး။ ဒီကြားထဲ တချို့ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရတာကလည်း အခြေအနေကို ပိုဆိုးစေတာပေါ့ဗျာ။
ဒီတော့ နွေရာသီရေအား လျော့လာချိန်မှာ အစားထိုးနိုင်တာကနေအားဗျ။ အများသိနေ၊ ခေါ်နေကြတဲ့အတိုင်း ပြောရရင်ဆိုလာပေါ့ဗျာ။ နွေရောက်ပြီဆို နေ့တာကရှည်တော့ နံနက် ၆ နာရီဆို နေထွက်နေပြီ။ ညနေ ၆ နာရီမှာ နေမဝင်သေးဘူး။ ဒီလောက်တောင်ပူတဲ့နေကနေ စက်ရုံသုံး၊ အိမ်သုံး၊ ရပ်ကွက်သုံး၊ ရွာသုံး၊ မြို့သုံးစွမ်းအင်တွေ အလျှံပယ်ထုတ်လို့ရပါတယ်။ တကယ်တော့ နေစွမ်းအင်ဆိုတာ ကမ္ဘာတည်နေသရွေ့မကုန်ခန်းနိုင်တဲ့ စွမ်းအင်၊ အပေါများဆုံး စွမ်းအင်ပါ။
ကျွန်တော်တို့ နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့က ဆိုလာပြား (Solar Panal) တွေ အမြောက်အမြားထုတ်လုပ်နေသလို အများအပြားလည်း သုံးစွဲနေကြတာပါ။ တရုတ်နိုင်ငံဆိုရင် ကမ္ဘာပေါ်မှာ နေစွမ်းအင်သုံးစွဲမှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ ဆိုလာနဲ့ ပတ်သက်လို့ ကျွန်တော်စိတ်ဝင်စားမိတဲ့ နိုင်ငံကတော့ ပါကစ္စတန်နိုင်ငံပါ။ လျှပ်စစ်မီတာခတွေ အဆမတန်မြင့်မားလာတာနဲ့ ခဏခဏမီးပြတ်တာတွေကြောင့် ပါကစ္စတန်နိုင်ငံမှာ အိမ်သုံးဆိုလာတွေ အရှိန်အဟုန်နဲ့ တပ်ဆင်လာလိုက်ကြတာ ဆိုလာတော်လှန်ရေး (Solar Revolution)လို့ ဆိုရလောက်အောင် ဖြစ်နေတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ နေစွမ်းအင်သုံးစွဲမှု အခြေအနေကို ကြည့်ရင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလအထိ Net-metering လို့ခေါ်တဲ့ ပိုလျှံလျှပ်စစ်ကို ဓာတ်အားလိုင်းထဲ ပြန်သွင်းတဲ့စနစ်သုံး အိမ်ခေါင်မိုးပေါ်ဆိုလာတပ်ဆင်မှု ၅ ဒသမ ၃ GW (ဂစ်ဂါဝပ်) အထိ ရှိလာတယ်လို့ဆိုပါတယ်။ ဒါဟာ နှစ်နှစ်အတွင်း ဆိုလာသုံးစွဲမှု ၁ဝ ဆလောက်တိုးလာတာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ်တုန်းကဆိုရင် ပါကစ္စတန်ဟာ တရုတ်နိုင်ငံက ထုတ်တဲ့ဆိုလာပြားတွေကို ကမ္ဘာပေါ်မှာ အများဆုံးတင်သွင်းခဲ့တဲ့ နိုင်ငံဖြစ်ပြီး ဆိုလာပြား ၁၇ ဂစ်ဂါဝပ်ကျော် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ စာရင်းအရ တရားဝင်မှတ်ပုံတင်ထားတဲ့ Net - metering သုံးစွဲသူ ၂၈၃၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ပါကစ္စတန်မှာ နေအိမ်သုံးဆိုလာစနစ်သုံးစွဲမှုအခုလို အရှိန်အဟုန်နဲ့ တိုးတက်လာရတာဟာ အစိုးရက ဖြန့်ဝေပေးနေတဲ့ ဓာတ်အားခနှုန်းထားတွေ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ၁၅၅ ရာခိုင်နှုန်း လောက်အထိ မြင့်တက်လာတာ၊ တချို့ဒေသတွေမှာ နေ့စဉ် ၁၆ နာရီလောက် ဓာတ်အားလျှော့ချနေ ရတာတွေကြောင့် ဆိုလာကို အသက်သာဆုံးအစားထိုးစရာအဖြစ် မျက်စိကျလာခဲ့ကြတာလို့ ဆိုပါတယ်။ ဒါ့အပြင် ဆိုလာပြားတွေရဲ့ ဈေးနှုန်းကလည်း အဆများစွာ ကျဆင်းသွားတာကြောင့်လည်း ပါပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ဆိုလာတစ်ဝပ် (1 watt) ကို ရူပီး ၈ဝ လောက်ရှိခဲ့ရာကနေ ၂၀၂၅ ခုနှစ် ရောက် တဲ့အခါ ၃ဝ ကနေ ၃၇ ရူပီးလောက်သာရှိတော့တာကြောင့် ဖြစ်ပါတယ်။ အစိုးရရဲ့ မူဝါဒပိုင်းကို ကြည့်ရင်လည်း ဆိုလာပြားတွေနဲ့ အစိတ်အပိုင်းတွေ တင်သွင်းမှုအပေါ် အခွန်လျှော့ပေါ့ပေးတာ၊ ဒါမှမဟုတ် အခွန်ကင်းလွတ်ခွင့်ပေးတာတွေ လုပ်ပေးထားပြီး နေအိမ်သုံး ဆိုလာစနစ်ကနေ ပိုလျှံလာတဲ့ လျှပ်စစ်ကို နိုင်ငံတော်ဓာတ်အားလိုင်းစနစ် (National Grid) ထဲ ပြန်ရောင်းနိုင်တဲ့ Net Metering စနစ်ကို ဖန်တီးပေးထားတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း လက်ရှိပါကစ္စတန်ဟာ အိမ်သုံးဆိုလာစွမ်းအင်တပ်ဆင်မှု ကမ္ဘာ့အကြီးဆုံးစျေးကွက်တွေထဲမှာ တစ်ခုအဖြစ် ပါဝင်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတော်ဓာတ်အားစနစ်နဲ့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေတဲ့ ဆိုလာဓာတ်အားပေးစက်ရုံ ရှစ်ရုံရှိပြီး စုစုပေါင်းစက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၄၀ ရှိတယ်လို့ သိရပါတယ်။ မင်းဘူး၊ တောင်တော်ကွင်း၊ သာစည်၊ သပြေဝ၊ ပွင့်ဖြူ၊ စလင်း / စေတုတ္တရာ စတဲ့နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေက လည်ပတ်နေပြီး နိုင်ငံတစ်ဝန်းမှာ စုစုပေါင်း ၁၀၂၆ မဂ္ဂါဝပ်ထွက်ရှိမယ့် စီမံကိန်း ၁၀ ခုကျော်ကို တိုးချဲ့တည်ဆောက်နေတယ်လို့ သိရပါတယ်။
ဒေသအလိုက် သီးခြားလုပ်ဆောင်နေကြရာမှာ ကိုကိုးကျွန်းမှာ တစ်ကျွန်းလုံး ၂၄ နာရီ မီးပေးထားနိုင်မယ့် (ဆိုလာ+ဒီဇယ်) ဓာတ်အားပေးစက်ရုံ၊ ရန်ကုန်တိုင်းဒေသကြီးထဲက စက်မှုဇုန်တွေမှာရှိတဲ့ စက်ရုံတွေမှာ ခေါင်မိုးတင်၊ မြေပြင်စတဲ့ ဆိုလာဓာတ်အားပေးစနစ်တွေ တည်ဆောက်တပ်ဆင် သုံးစွဲနေကြတာကိုလည်း တွေ့ရပါတယ်။ ရန်ကုန်မှာရှိတဲ့ ဈေးဝယ်စင်တာတွေ၊ ဟိုတယ်တွေ၊ လူနေအိမ်တွေနဲ့ စက်မှုဇုန်စက်ရုံအလုပ်ရုံတွေမှာ တစ်ပိုင်တစ်နိုင် တပ်ဆင်ထားပြီး ဓာတ်အားကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့ အသေးစားဆိုလာစနစ်တွေကနေ အသုံးပြုပြီး ပိုလျှံတဲ့ဓာတ်အားကို ရန်ကုန်ဓာတ်အားဖြန့်ဖြူးမှု ကွန်ရက်စနစ်နဲ့ ချိတ်ဆက်ရောင်းချနိုင်ကြတယ်၊ ရောင်းမယ်ဆိုရင် ၁ မဂ္ဂါဝပ်အထက်ကနေ ၁၀ မဂ္ဂါဝပ်အထိ 1 kwh ကို ကျပ် ၈၀၊ ကီလိုဝပ် ၁ဝဝ ကနေ ၁ မဂ္ဂါဝပ်အထိ 1kwh ကို ၈၅ ကျပ်ပေးပြီး ဝယ်ယူမယ့်အကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC က ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့ပြီး လက်ရှိအရောင်းအဝယ်အခြေအနေတွေ ဘယ်လိုရှိသလဲဆိုတာတော့ သတင်းတွေမှာ မတွေ့မိသေးပါဘူး။
လက်ရှိ ကျွန်တော်တို့ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ နိုင်ငံတော်က စီမံကိန်းတွေဆောင်ရွက်နေပေမယ့် တစ်ဖက်ကလည်း ဓာတ်အားလိုအပ်ချက်က တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေတာဖြစ်လို့ နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ်ကနေ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်ရရှိဖို့ အချိန်ယူကြိုးပမ်းဆောင်ရွက်ရဦးမယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့်မို့ နိုင်ငံတော်အနေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) ပစ္စည်းတွေ တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုပေးထားပြီး ပုဂ္ဂလိကကဏ္ဍနဲ့ တစ်နိုင်တစ်ပိုင် အိမ်သုံးဆိုလာစနစ်တွေ ပိုမိုတပ်ဆင်သုံးစွဲလာနိုင်ကြစေဖို့ အားပေးနေတာဖြစ်ပါတယ်။
အိမ်သုံးဆိုလာစနစ်တစ်ခုကို ကိုယ်ကြိုက်တဲ့ အရွယ်အစား၊ ကိုယ်ကြိုက်တဲ့ ပစ္စည်းအမျိုးအစား စသဖြင့် ကိုယ်သုံးစွဲနိုင်တဲ့ ကုန်ကျစရိတ်နဲ့အညီ ရွေးချယ်တပ်ဆင်နိုင်ကြတာ ဖြစ်ပါတယ်။ အိမ်သုံးဆိုလာစနစ် (Solar Home System) တစ်ခုမှာ ဆိုလာပြားတွေ၊ ဆိုလာအင်ဗာတာ၊ ဆိုလာအားသွင်းထိန်းချုပ်ကိရိယာ (Solar Charge Controller)၊ ဘက်ထရီ၊ ဒေါက်တိုင်နဲ့ တပ်ဆင်မှုပစ္စည်းတွေ၊ ဝိုင်ယာကြိုးနဲ့ ဘေးကင်းလုံခြုံရေးပစ္စည်းတွေ (Cables & Protec-tion Devices) ဆိုပြီး ပစ္စည်းခြောက်မျိုး ပါဝင်ပါတယ်။
အိမ်သုံးဆိုလာစနစ်ကို ပြည်သူတွေအများအပြားအသုံးမပြုနိုင်ကြသေးတာက ကနဦးကုန်ကျ စရိတ်များနေတာရယ်၊ ဆိုလာစနစ်နဲ့ ပတ်သက်ပြီး ကောင်းကောင်းမသိကြသေးတာရယ်ကြောင့် ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါကြောင့် အိမ်သုံးဆိုလာစနစ်တပ်ဆင်သုံးစွဲတာဟာ ကနဦးကုန်ကျစရိတ်များပေမယ့် ရေရှည်မှာ ကုန်ကျစရိတ်နည်းပြီး အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း၊ ၂၄ နာရီ ဓာတ်အား ပြတ်တောက်မှုမရှိဘဲ စိတ်ချလက်ချသုံးစွဲနိုင်ကြောင်း၊ မိမိက ဆိုလာစနစ်ကို ပြောင်းလဲအသုံးပြုလိုက်ရင် မိမိသုံးစွဲနေကျလျှပ်စစ်ဓာတ်အားကို အခြားပြည်သူတစ်ဦး သုံးစွဲနိုင်တာမို့ မုဒိတာပွားစရာမျှဝေမှုတစ်ခုဖြစ်ကြောင်း၊ မိမိတစ်ဦးချင်းစီသာမက အခြားသော နိုင်ငံသားတွေအတွက်ပါ အကျိုးကျေးဇူးခံစားရစေမှာမို့ ဝိုင်းဝန်းဆောင်ရွက်ရင် အရွေ့တစ်ခုကို ရောက်ရှိမှာဖြစ်ကြောင်း စသဖြင့်အများပြည်သူသိရှိအောင် ပညာရှင်တွေက အသိပညာဖြန့်ဝေပေးဖို့လိုမှာ ဖြစ်ပါတယ်။ လက်တွေ့တပ်ဆင်သုံးစွဲနေတဲ့ အဆောက်အအုံတွေကိုလည်း မျက်မြင်အားဖြင့် လေ့လာနိုင်အောင်နမူနာပြနိုင်မယ်ဆိုရင် ပိုပြီး စိတ်ပါဝင်စားလာကြမှာဖြစ်ပါတယ်။
နေအိမ်သုံးဆိုလာစနစ် တပ်ဆင်နိုင်ဖို့ ကနဦးကုန်ကျစရိတ်အတွက် ဘဏ်တွေ၊ ကုမ္ပဏီတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းရှင်တွေက ငွေပေးချေစနစ်တစ်ခုခုနဲ့ ငွေကြေးစိုက်ထုတ် ပံ့ပိုးကူညီကြမယ်ဆိုရင် အိမ်သုံးဆိုလာကို ပြည်သူတွေ တွင်တွင်ကျယ်ကျယ် သုံးလာနိုင်ကြမှာပါ။ ဒီလိုသုံးလာကြရင် ရန်ကုန်လို မြို့ကြီး ပြကြီးမှာ မီးပျက်တိုင်းမီးစက်တွေ ထထနှိုးနေရပြီး စက်သံတွေဆူညံ၊ မီးခိုးနံ့တွေ နံလို့လေထုညစ်ညမ်းတာ၊ ကျန်းမာရေး ထိခိုက်ရတာမျိုးတွေ ကင်းဝေးစေမှာပါ။ ဖြစ်နိုင်ရင် ကားတွေ၊ ရထား တွေအားလုံး လျှပ်စစ်နဲ့ မောင်း၊ လိုအပ်တဲ့ဓာတ်အားကို ရေအား၊ နေအား စတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်တွေကနေယူ။ လူသွားစင်္ကြံတွေ၊ မီးပွိုင့်ဧရိယာတွေ၊ ယာဉ်ရပ်နားကွင်းတွေကို ဆိုလာပြားတွေနဲ့မိုးပြီး ဓာတ်အားထုတ်ယူ၊ ဒါဆိုရင်ခဏခဏပြောနေကြတဲ့ လေထုညစ်ညမ်းမှု၊ လေထုအရည်အသွေးကျဆင်းမှုဆိုတာတွေလည်း ကင်းဝေးစေမယ်ဗျာ။ အခုပြောနေတာတွေကို စိတ်ကူးယဉ်နေတာလို့ မထင်နဲ့ဗျ။ ကျွန်တော်တို့ နိုင်ငံရဲ့ သဘာဝပေးအခြေအနေတွေ ပြည့်စုံမှုက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မှာ အရှေ့တောင်အာရှရဲ့ ဦးဆောင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်တယ်လို့ နိုင်ငံခြားသားပညာရှင်တစ်ယောက် ပြောထားတာရှိတယ်။
ဒါကြောင့် အိမ်သုံးဆိုလာစနစ် (Solar Home System) ကို အိမ်တိုင်းတပ်ဆင်အသုံးပြုနိုင်ဖို့ ဝိုင်းဝန်းအားထုတ်ကြိုးပမ်းကြခြင်းအားဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို စတင်မြှင့်တင်ကြဖို့ နှိုးဆော်လိုက်ပါတယ်ဗျာ။ ။
