Skip to main content

ရွှေဘိုပေါ်ဆန်း အရည်အသွေးထိန်းသိမ်းခြင်းဖြင့် မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းစေရမည် 

ဇာဇာမင်း (ရွှေဘို)

အမိမြန်မာနိုင်ငံတော်၏ စီးပွားရေးကဏ္ဍသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်သည်နှင့်အမျှ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံးက အဓိကအစားအစာအဖြစ် ဆန်စပါးကို နေ့စဉ်စားသုံးကြပါသည်။ ဆန်စပါးသည် မြန်မာနိုင်ငံ၏ အဓိကကျသော စားသုံးကုန်သီးနှံဖြစ်သကဲ့သို့ နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်သော မဟာဗျူဟာမြောက်သည့် စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်း၊ စိုက်ဧကအားဖြင့် ဧက ၁၇ သန်း ဝန်းကျင်၊ နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး စိုက်ပျိုးထွက်ရှိမှု၏ ၈၀ ရာခိုင်နှုန်းသည် ပြည်တွင်းစားသုံးမှုနှင့် စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်ရာတွင် အသုံးပြုကာ ကျန်ရှိသော ၂၀ ရာခိုင်နှုန်းသည် ပြည်ပသို့ နှစ်စဉ်တင်ပို့နေခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တတိယစပါးကျီတစ်ခုဖြစ်သကဲ့သို့ ရွှေဘိုခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီအဖြစ် ရပ်တည်နေသည်နှင့်အမျှ စပါးသီးနှံကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး မိုးစပါးကိုနှစ်စဉ်ဧက သုံးသိန်းကျော်စိုက်ပျိုးထုတ်လုပ်သည်။ ရွှေဘိုပေါ်ဆန်းစပါးကို ဧကနှစ်သိန်းကျော်စိုက်ပျိုးလျက်ရှိပါသည်။

ပေါ်ဆန်းစပါးမျိုး ရွှေဘိုဒေသ ရောက်ရှိ

ပေါ်ဆန်းစပါးမျိုးကို ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ရွှေဘိုမြို့နယ်သီးလုံးကျေးရွာမှတောင်သူ ဦးထွန်းရီ၊ ဒေါ်ကြည်ညွန့်တို့က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဗုံလုံကျေးရွာသို့ သွားရောက်၍ လေးပြည်ယူဆောင်ခဲ့ပြီး စတင်စမ်းသပ်စိုက်ပျိုးခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ပေါ်ဆန်းစပါးမျိုးသည် ရေ၊ မြေဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းကာ ဆန်အရည်အသွေးနှင့် စားသုံးမှုကောင်းခြင်းကြောင့် လူကြိုက်များလာခဲ့ပြီး ဒေသတောင်သူများ အချင်းချင်းမျိုးဖလှယ်၍ တစ်စတစ်စ ပိုမိုများပြားစိုက်ပျိုးလာကြသည်။

၂၀၀၃ ခုနှစ်တွင် ရွှေဘိုဒေသမှ မိုးကုတ်ဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် စျေးကွက်စတင်ဖြစ်ထွန်းလာခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ချီပါမျိုးသန့်ခြံ၌ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပေါ်ဆန်းစပါး မျိုးတင်း ၆၀ ရယူမျိုးပွားခဲ့ခြင်း၊ ၂၀၀၆ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး သရောင်းချောင်း မျိုးသန့်ခြံမှ စပါးမျိုးတင်း ၁၅၀ ရယူမျိုးပွားခဲ့ခြင်း၊ ဖျာပုံမြို့နယ် အောက်ကွင်းကြီး စိုက်ကွင်းမှ ၁၅ တင်း ရယူမျိုးပွားခဲ့ခြင်းတို့ကြောင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလာကြပြီး အကျိုးဆောင်တောင်သူများဖြင့် မျိုးသန့်ပွားများရေး ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်မှ စတင်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ မျိုးများ မှာယူခဲ့ပြီး ချီပါမျိုးသန့်ခြံ၌ နှစ်စဉ်ရွှေဘိုပေါ်ဆန်းစပါး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးခြင်းဖြင့် အခုအချိန်တွင် ‌‌ရွှေဘိုခရိုင်အတွင်း ရွှေဘိုပေါ်ဆန်းစပါးမျိုးကို ဧရိယာအများဆုံးတိုးချဲ့စိုက်ပျိုးထုတ်လုပ်နေသည်ကို မြင်တွေ့နေရပြီဖြစ်ပါသည်။

မျိုးသန့်စိုက်ပျိုးထုတ်လုပ်ပွားများမှု

ရွှေဘိုမြို့နယ် သီးလုံးကျေးရွာ၌ စတင်စမ်းသပ်စိုက်ပျိုးရာမှ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခဲ့သော ရွှေဘိုပေါ်ဆန်းစပါးမျိုးကို ခရိုင်အတွင်းမှ မျိုးသန့်ခြံများ၊ မျိုးစေ့ထုတ်လုပ်သူအသင်းများ၊ ပုဂ္ဂလိကမျိုးစေ့ထုတ်ကုမ္ပဏီများ၊ အကျိုးဆောင်တောင်သူများ၊ တောင်သူအချင်းချင်းမျိုးဖလှယ်မှု စသည့်နည်းလမ်းမျိုးစုံဖြင့် မျိုးသန့်နှစ်စဉ်စိုက်ပျိုးထုတ်လုပ်ပြီး ယခုအချိန်၌ ရွှေဘိုပေါ်ဆန်းစပါး အရည်အသွေးကောင်းမှ ဈေးကောင်းရရှိမည်ဖြစ်သည့်အတွက် တောင်သူများကိုယ်တိုင် စိတ်ပါဝင်စားစွာ မျိုးသန့်စိုက်ပျိုးထုတ်လုပ်ခြင်းကို လုပ်ကိုင်လာကြပြီဖြစ်သောကြောင့် ရွှေဘိုတစ်ခရိုင်လုံးရှိ ရွှေဘိုပေါ်ဆန်းစိုက်ဧရိယာ၏ ၈၀ ရာခိုင်နှုန်းသည် မျိုးသန့်လွှမ်းခြုံနေပြီဖြစ်သည်။

ရွှေဘိုဒေသသည် ရွှေဘိုပေါ်ဆန်းစပါးကို မစိုက်မီကာလများက မနော်ဟရီ၊ မနောသုခ၊ ဆင်းသိင်္ဂီ စသည့်စပါးမျိုးတွေကို စိုက်ပျိုးခဲ့ကြပြီး အထွက်နှုန်းကောင်းသော်လည်း ဈေးကောင်းမရရှိသည့်အတွက် တောင်သူများ၏ ဝင်ငွေအကျိုးအမြတ်ရရှိမှုနည်းပါးခဲ့ပါသည်။ ရွှေဘိုပေါ်ဆန်း စတင်စမ်းသပ်စိုက်ပျိုးရာမှသည် တစ်စတစ်စတိုးချဲ့စိုက်ပျိုးလာသည့်အတွက် ယခုအချိန်၌ ဆည်ရေသောက်ဧရိယာ၏ ၉၀ ရာခိုင်နှုန်းက ရွှေဘိုပေါ်ဆန်းစပါးကို စိုက်ပျိုးနေကြပြီဖြစ်သည်။ ‌ပေါ်ဆန်းစပါးဈေးကွက်ကောင်းရရှိနေမှုကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြား၌လည်း တိုးချဲ့စိုက်ပျိုးနေကြကြောင်း သိရသည်။

အထွက်နှုန်းကောင်း

ရွှေဘိုပေါ်ဆန်းစပါးမျိုးသည် ရာသီစပါးဖြစ်သည့်အတွက် စိုက်ချိန်ကွာခြားသော်လည်း ရိတ်သိမ်းချိန် လွန်စွာမကွာခြားသော စပါးမျိုးများဖြစ်သည်။ ရွှေဘိုပေါ်ဆန်းစပါး အထွက်တိုးနည်းပညာများကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန်လိုအပ်သည်။ ရွှေဘိုပေါ်ဆန်းစပါးအထွက်နှုန်းကောင်း၊ အရည် အသွေးကောင်းရရှိရေးအတွက် လိုက်နာကျင့်သုံးရန်လည်း စဉ်ဆက်မပြတ် ပညာပေးဆောင်ရွက်လျက်ရှိသည်။ ရွှေဘိုခရိုင်သည် မိုးစပါး၊ နွေစပါးနှစ်စဉ် ဆက်တိုက်စိုက်ပျိုးကာ စပါးဆစ်ပိုးကာကွယ်နှိမ်နင်းရေးလုပ်ငန်းကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်ကြသည့်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူလယ်သမားများပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသဖြင့် ယနေ့ကာလ၌ ရွှေဘိုပေါ်ဆန်းစပါးသည် ဆစ်ပိုးကင်းလွတ်၍ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းရရှိနေပြီဖြစ်သည်။

ရွှေဘိုပေါ်ဆန်းစပါးစိုက်ပျိုးထုတ်လုပ်မည်ဆိုပါက အထွက်တိုးနည်းလမ်းများဖြစ်သည့် မျိုးကောင်းမျိုးသန့်စပါးကို အသုံးပြုစိုက်ပျိုးခြင်း၊ သက်တမ်း ၅ လမကျော်အောင်စိုက်ပျိုးခြင်း၊ သတ်မှတ်ကောက်ကွက်ပြည့်မီအောင် အထူးဂရုပြုစိုက်ပျိုးခြင်း၊ ပျိုးသက်မှန်၊ လက်ဆမှန်စိုက်ပျိုးခြင်းများအပြင် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကို အချိန်ကိုက်၊ အချိုးကျထည့်သွင်းအသုံးပြုခြင်းဟူသည့် နည်းလမ်း ၅ ချက်ကို စနစ်တကျလိုက်နာ ကျင့်သုံးဆောင်ရွက်သကဲ့သို့ အရည်အသွေးကောင်းမွန်ပြီး မွှေးရနံ့ဖြစ်ပေါ်စေသော ဗီဇ (aroma) ကို လွှမ်းမိုးထားသောအချက်များဖြစ်သည့် နေ့ညအပူချိန်ကွာဟချက်ဖြစ်ပေါ်ချိန်တွင် ပန်းပွင့်စေရန် စိုက်ပျိုးချိန်ကို ချိန်ညှိစိုက်ပျိုးခြင်း၊ ရေသွင်းရေထုတ်စနစ်တကျ မှန်ကန်မြန်ဆန်စွာပြုလုပ်ခြင်းဖြင့် မြေချဉ်ငန်ကိန်းကို ထိန်းညှိခြင်း၊ ရိတ်သိမ်းခြွေလှေ့ပြီး စပါးများကို မွှေးရနံ့ဗီဇပျံ့လွင့်မှုမရှိစေရန် နေရောင်တွင် တိုက်ရိုက်နေလှန်းအ‌ခြောက်ခံခြင်းကို မပြုလုပ်စေဘဲ အခြောက်ခံစက်များတွင် အခြောက်ခံပြီးမှသာ ကြိတ်ခွဲရမည်ဖြစ်ပါသည်။ အဆိုပါမွှေးရနံ့ဗီဇကို လွှမ်းမိုးသော အချက်များ သိရှိပြီး လိုက်နာဆောင်ရွက်မှုကြောင့် ယခုကဲ့သို့ အရည်အသွေးကောင်းဆန်များရရှိသည့်အပြင် ဓာတ်မြေဩဇာများကို အချိန်ကိုက်၊ အချိုးကျ၊ မှန်ကန်စွာ အသုံးပြုခြင်း၊ အခြောက်ခံစက်များတွင် စနစ်တကျအခြောက်ခံကြိတ်ခွဲခြင်း၊ မွှေးရနံ့ဗီဇဖြစ်ပေါ်မှုထိန်းသိမ်းနိုင်ခြင်း စသည့်အချက်များကြောင့် ရွှေဘိုပေါ်ဆန်းဆန်ချက်ပြုတ်ရာတွင် ထမင်းသည် ထမင်းအလျားရှည်သွယ်ခြင်း၊ အိုးတက်ခြင်း၊ နူးညံ့ပျော့ပျောင်းပြီး စားကောင်းခြင်း၊ အနံ့မွှေးခြင်းတို့ကြောင့် စားသုံးသူပြည်သူများ ကြိုက်နှစ်သက်မှုများပြားလာပြီး ဈေးကွက်ရရှိလာခြင်းဖြစ်သည်။

ရွှေဘိုပေါ်ဆန်းဆန် အရည်အသွေး

ရွှေဘိုပေါ်ဆန်းစပါးမျိုးသည် ရွှေဘိုဒေသ၏ ရေမြေဒေသနှင့်ကိုက်ညီမှုရှိသည့်အပြင် ဆည်ရေနှင့် စိုက်ပျိုးရခြင်း၊ နေရောင်ခြည်ရရှိမှုများခြင်းတို့ကြောင့် အနံ့မွှေး၍ နူးညံ့ပျော့ပျောင်းပြီး စားသုံးမှုအရည်အသွေးကောင်းမွန်ခြင်း၊ အစိုမပြန်အစေးမပေါက်ခြင်းနှင့် အိုးတက်ခြင်း စသည့် ထူးခြားကောင်းမွန်မှုတို့ကြောင့် ဈေးကွက်ခိုင်မာလျက်ရှိနေပြီး ရွှေဘိုဒေသတောင်သူများ၏ အဓိကအားထားရာ စပါးအဖြစ်ရပ်တည်လျက်ရှိပါသည်။

ရွှေဘိုပေါ်ဆန်းဆန် အရည်အသွေးကောင်းရရှိရန် အထူးအလေးထားဆောင်ရွက်ရန် လိုအပ်လှသည်။ ဓာတုပိုးသတ်ဆေးများသုံးစွဲမှုကို လျှော့ချပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ 

ရွှေဘိုပေါ်ဆန်း မျိုးကောင်းမျိုးသန့်အသုံးပြုစိုက်ပျိုးသည့် စိုက်ခင်းများမှထွက်ရှိသည့် စပါးမျိုးများက အရည်အသွေးပိုမိုကောင်းမွန်ခြင်း၊ ဆန်ထွက်ရာခိုင်နှုန်းကောင်းမွန်ခြင်း၊ ဆန်ရည်ဆန်သားကောင်းမွန်ခြင်းတို့ကြောင့် ဈေးကွက်ပိုမိုရရှိသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ တောင်သူလယ်သမားများနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်း၍ ဆန်အရည်အသွေး မြှင့်တင်ရေးအတွက် မျိုးကောင်းမျိုးသန့် ပိုမိုသုံးစွဲနိုင်ရေးကိုလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သလို ရွှေဘိုပေါ်ဆန်း ဆန်အရည်အသွေးကောင်းရရှိရေး အထူးအလေးထားဆောင်ရွက်ရန်လိုအပ်သည်။

ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုပေါ်ဆန်းစပါးများကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းခြွေလှေ့ပြီး စက်ရုံများရှိ အခြောက်ခံစက်များတွင် အခြောက်ခံပြီးနောက် အဆင့်မြင့်ဆန်စက်ကြီးများတွင် ကြိတ်ခွဲခြင်းကို ဆောင်ရွက်ပါသည်။ အဆင့်မြင့်ဆန်စက်ကြီးများမှ ကြိတ်ခွဲပြီးဆန်များကို အရည်အသွေးပိုမိုကောင်းမွန်စေရန်အတွက် ဆန်ရွေးစက် (Color Sorter)တွင် ရွေးချယ်၍ ရွှေဘိုပေါ်ဆန်းဆန်ကို အိုးဝင်ထူးထူးရှယ်၊ ဆန်လတ်ကြီး၊ ဆန်လုံး (အသေး)၊ ဆန်ကျော်၊ ဆန်လတ် (အသေး) နှင့် စွန့်သန့်ဆန်များကို ရရှိသည်။

ရရှိလာသော ဆန်ထွက်ပစ္စည်းများအနက် အိုးဝင်ထူးထူးရှယ်များကို ၁ ကီလိုအိတ်၊ ၂ ကီလို အိတ်၊ ၃ ကီလိုအိတ်၊ ၆ ကီလိုအိတ်၊ ၁၂ ကီလိုအိတ်၊ ၂၄ ကီလိုအိတ်နှင့် ၄၈ ကီလိုအိတ် စသည့်အရွယ်အစားအမျိုးမျိုးဖြင့် ထုပ်ပိုးပြီး မြန်မာပြည်အနှံ့စျေးကွက်များနှင့် စူပါမားကတ်များသို့ ပို့ဆောင်ဖြန့်ဖြူးရောင်းချပေးနေပါသည်။ ရွှေဘိုပေါ်ဆန်းဆန်၏ ဈေးကွက်ခိုင်မာမှုကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင်လည်း တိုးချဲ့စိုက်ပျိုးကြရန် အလားအလာကောင်းများ ရှိနေပါသည်။

အရည်အသွေးဆက်လက်ထိန်း

ရွှေဘိုပေါ်ဆန်းစပါးနှင့်ဆန်များ၏ ထူးခြားကောင်းမွန်သည့် လက္ခဏာနှင့် အရည်အသွေးသည် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသောကြောင့် စပါးအထွက်နှုန်းကောင်းခြင်း၊ ဆန်ရည်ဆန်သားကောင်းမွန်ခြင်း၊ စပါးစေ့ကြွေကျမှုနည်းသည့်အတွက် လေလွင့်ဆုံးရှုံးမှုသက်သာခြင်း၊ ဆန်ကိုချက်ပြုတ်ရာတွင် အမြင်လှပပြီး ထမင်းအလျား ရှည်သွယ်ခြင်း၊ အိုးတက်ခြင်း၊ နူးညံ့ပျော့ပျောင်းပြီး စားကောင်းခြင်း၊ အနံ့မွှေးခြင်း၊ ဈေးကွက်ခိုင်မာခြင်းများကြောင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက် နေ့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံတွင် “ကမ္ဘာ့အကောင်းဆုံးဆန်” World Best Rice အဖြစ် ရွေးချယ်သတ်မှတ်ခံရပါသည်။

ထို့အတွက် ရွှေဘိုပေါ်ဆန်းဆန်သည် လူသိများ ဈေးကွက်ဝင်ခဲ့ပါသည်။ ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ်ရာတွင်လည်း မျိုးကောင်းမျိုးသန့်မျိုးစေ့များကို အသုံးပြုပြီး မှန်ကန်သော စိုက်နည်းစနစ်များ၊ သွင်းအားစုများ စနစ်တကျအသုံးပြု စိုက်ပျိုးပြီး အထွက်နှုန်းကောင်းသည့်အပြင် အရည်အသွေးပါကောင်းမွန်သည့် စပါးများရရှိရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ်ကို ဦးတည်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် ဖွဲ့စည်းထားရှိပြီး ရွှေဘိုပေါ်ဆန်းဆန် (ဒေသဆိုင်ရာအညွှန်း Geographical Indication -GI)ရရှိရေး လုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်နေခြင်းသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး GI ရရှိရန်ကိုလည်း အထူးအလေးထားဆက်လက်ကြိုးပမ်းဆောင်ရွက်နေပါသည်။

နိုင်ငံတော်အစိုးရက ပေါ်ဆန်းစပါးစိုက်ပျိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာ့ပေါ်ဆန်းဆန်အဖြစ် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်တင်ပို့ ရောင်းချနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့် လုပ်ငန်းကွင်းဆက်တစ်လျှောက်လုံးတွင် ပါဝင်ဆောင်ရွက်နေသော တောင်သူလယ်သမားများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ ဆက်စပ်ဌာနဆိုင်ရာများအားလုံး မြန်မာ့ပေါ်ဆန်းအဖြစ် တစ်ခေတ်ဆန်းစေရန်အတွက် အရည်အသွေးဆက်လက်ထိန်းသိမ်းရေး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။