ပွင့်သောပန်းတိုင်း လန်းဆန်းဝေစည် အားလုံးစုံစုံညီညီ ပညာသင်ကြားမည်
မောင်ငြိမ်းအေး
နွေရာသီကျောင်းပိတ်ရက် သုံးလတာကာလသည် ကျောင်းတော်ကြီးနှင့် ဝေးကွာပြီး ပျင်းရိငြီးငွေ့ဖွယ်ဟု ဆိုနိုင်သည်။ ကျောင်းပိတ်ရာသီ၌ ပျော်ရာပျော်ရာ ဌာနများနှင့် သန်ရာသန်ရာတို့တွင် ကျင်လည်ကြသည်ဆိုသော်လည်း အပေါင်းအသင်းသူငယ်ချင်းများနှင့် တစုတဝေးတည်းပေါင်းစုံရာ စာသင်ကျောင်းများ၏ ပျော်ရွှင်မှုကို လိုက်မမီဟုထင်သည်။
နုပျိုသစ်လွင်နေပြီး အဖူးအငုံပန်းလေးများ အသွင်ဆောင်သည့် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူလေးများ၏ ကျက်သရေမင်္ဂလာအဖြာဖြာက ညွှန်းဖွဲ့မကုန်ဖြစ်သည်။ ငယ်ဂုဏ်ဟုဆိုသည့် နုပျိုသစ်လွင်မှုများနှင့် တက်ကြွလန်းဆန်းနေသည့် မျိုးဆက်သစ်ပန်းကလေးများ အစဉ်လန်းဆန်းနေရအောင် ပျိုးထောင်ကြရမည်မှာ မိဘ၊ ဆရာများ၏ တာဝန်ဖြစ်သည်။ ကျောင်းသား ကျောင်းသူလေးများ ရှင်သန်ပွင့်လန်းဖွံ့ဖြိုးလာအောင် ထိန်းသိမ်းစောင့်ရှောက် မြေတောင်မြှောက်ပေးကြရေးသည် ကျွန်ုပ်တို့အားလုံး၏ တာဝန်ဖြစ်သည်။ ပန်းပင်ပျိုးပင် အဖူးအငုံလေးများနှင့်တူသည့် ကလေးသူငယ်၊ လူငယ်လူရွယ်များ၏ အနာဂတ်တောက်ပြောင်လာအောင်၊ မျှော်လင့်ချက်များ ဝေစည်လာအောင် ပညာသင်ကြားရေးကို အားပေးရမည်ဖြစ်သည်။ ပညာရေးကို မြှင့်တင်ရမည်ဖြစ်သည်။ ပညာအသီးသီးတည်ထွန်းရာ ဘူမိနက်သန်အောင်မြေသည် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများပင်ဖြစ်သည်။
မေလနောက်ဆုံးပတ်တွင် ကျောင်းအပ်နှံကြမည်။ ဇွန်လဆန်းတွင် ကိုယ်စီကိုယ်စီ စာသင်ကျောင်းအသီးသီးတွင် ပညာရည်နို့သောက်စို့ကြတော့မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ဆန္ဒအရင်းခံမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများအားလုံး ဖွင့်လှစ်စေချင်သည့် ဆန္ဒဖြစ်သည်။ တစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူလေးများအားလုံး တူတူညီညီ ရယ်ရယ်ပြုံးပြုံး၊ ပျော်ပျော်ရွှင်ရွှင်၊ တစုတရုံးကျောင်းတက်ကြစေလိုသည်။ သို့သော် အခြေအနေအရ ကျောင်းမဖွင့်နိုင်သည့် ဒေသအချို့လည်းရှိမည်ဖြစ်သည်။ အဖျက်သမားသောင်းကျန်းသူများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ကျောင်းမဖွင့်နိုင်သည့် ဒေသများလည်းရှိသည်။ မကြာသောကာလတွင် တစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံးဖွင့်လှစ်၍ ကလေးသူငယ်အားလုံး ကျောင်းတက်ခွင့်ရနိုင်တော့မည်ဟု ယုံကြည်ထားသည်။
ဘက်စုံပညာရေးစနစ်
လက်ရှိတွင် တည်ငြိမ်အေးချမ်းသော မြို့ရွာများ၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရန် အသင့်ဖြစ်နေကြပြီ။ အကြောင်းအမျိုးမျိုးပြ၍ ပညာရေးကို နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် မညီမမျှဖြစ်နေသည့် အခြေအနေအပေါ် စိတ်မကောင်းဖြစ်ရသည်။ ပညာရေးတွင် အနှောင့်အယှက်များ၊ စိန်ခေါ်မှုများ၊ အခက်အခဲများရှိသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုဘဝလုံခြုံရေး၊ ကလေးသူငယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အလေးထားဆောင်ရွက်နေသည်ကို တွေ့ရသည်။ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု အတတ်ပညာရှင်များ ထွန်းကားရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်နေသည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ အခမဲ့ပညာသင်ကြားရေးကို နိုင်ငံအနှံ့တွင် ဖော်ဆောင်နေသည်။
အလေးထားသတိပြု
ယခု နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပညာရေးကဏ္ဍအနာဂတ်အတွက် အားတက်ဖွယ်ရာအခြေအနေများကို ကြားသိနေရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ဧပြီလ ၁၀ ရက်နေ့က နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားခဲ့ရာတွင် “ပညာရေးမြှင့်တင်ဖို့ဆိုရင် ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေဖို့နဲ့ ကျောင်းထွက်နှုန်းလျှော့ချစေဖို့၊ ပညာကို ဆုံးခန်းတိုင်သင်ကြားကြစေဖို့ လိုအပ်ပါတယ်။ ပညာနိမ့်ပါးရင် စဉ်းစားတွေးခေါ်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာလည်း နိမ့်ကျနေမှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ အခြေခံပညာကဏ္ဍမှာ KG+9 အဆင့်အထိ အားလုံးသင်ယူနိုင်ကြဖို့ မူဝါဒချမှတ်ဆောင်ရွက် လျက်ရှိပါတယ်။ ဒါကိုမိဘများ၊ ဆရာများအပါအဝင် တာဝန်ရှိသူများနဲ့ နိုင်ငံသားအားလုံးက သဘောပေါက်လက်ခံပြီး အောင်မြင်အောင် ဆောင်ရွက်ကြဖို့” တိုက်တွန်းပြောကြားချက်က ပညာရေးကဏ္ဍအတွက် အလေးထားသတိပြု လိုက်နာဆောင်ရွက်ရမည့် အရေးကြီးကိစ္စဖြစ်သည်။
ပညာရေးကဏ္ဍနိမ့်ကျ
နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ယင်းတို့အနက် အသက် ၁၅ နှစ်အထက် ၄၅ ရာခိုင်နှုန်းသော လူဦးရေသည် စိုက်ပျိုးမွေးမြူရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြကာ ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသည်ကို တွေ့ရသည်။ အလယ်တန်းနှင့် အထက်တန်း ပြီးမြောက်သူများ တက်ရောက်ကြသည့် နည်းပညာ၊ သက်မွေးပညာသင်တန်းကျောင်းနှင့် ဒီပလိုမာတန်းပြီးမြောက်သူများသည် တစ်နိုင်ငံလုံးတွင် သုံးသိန်းခန့်သာရှိသည်။ သုံးသိန်းဆိုသည့် အရေအတွက်က အသက် ၁၅ နှစ်အထက် လူဦးရေ၏ တစ်ရာခိုင်နှုန်းကျော်သာရှိနေသည်ဖြစ်ရာ တိုင်းပြည်အနာဂတ်အတွက် ရင်လေးစရာဖြစ်သည်။ ပညာရေးကဏ္ဍနိမ့်ကျနေသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။
ထို့ကြောင့် လေ့လာတွေ့ရှိချက်များအရ လုပ်ကိုင်စားသောက်နိုင်သည့် အခြေအနေဖြစ်အောင် အနည်းဆုံးအနေဖြင့် KG+9 ဟုခေါ်သည့် အလယ်တန်းအဆင့်ပညာရေးကို ပြီးမြောက်အောင် သင်ကြားသင့်သည်။ မိဘအုပ်ထိန်းသူများနှင့် တာဝန်ရှိသူများ၊ လုပ်ကိုင်နိုင်စွမ်းရှိသူ နိုင်ငံသားအားလုံးအနေဖြင့် တိုင်းပြည်နှင့် မျိုးဆက်များ၏ အနာဂတ်ကိုမြော်တွေး၍ ခိုင်မာသည့်ပညာရေးကဏ္ဍတွင် လျှောက်လှမ်းနိုင်အောင် ဝိုင်းဝန်းဆောင် ရွက်ကြရန်လိုအပ်သည်။ အားလုံးစုစည်းညီညွတ်မှုဖြင့် ဆောင်ရွက်ခဲ့ကြသဖြင့် အောင်မြင်မှုရခဲ့သည့် သာဓကများစွာလည်းရှိသည်။ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ကြရေးနှင့် အနာဂတ်ပညာရေးကို ပိုမိုကောင်းမွန်လာစေရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပါက တိုင်းပြည်အနာဂတ်အတွက် စိတ်အေးဖွယ်ဖြစ်သည်။
ကျောင်းနေရေးထောက်ကူ
သုတေသနပြုချက်များအရ ကလေးသူငယ်များအား ကျောင်းထားရန် တွန့်ဆုတ်နေကြသည့် မိဘများကို ပညာတန်ဖိုးနားလည်သဘော ပေါက်လာအောင် စည်းရုံးပြီး နိုင်ငံတော်နှင့် လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းက ကူညီပံ့ပိုးပေးရန် အသင့်ရှိနေသည်ကို ယုံကြည်လာအောင် စွမ်းဆောင်ပေးနိုင်ကြပါက မိမိတို့၏ရင်သွေးကလေးသူငယ်များ ကျောင်းပရဝဏ်အသီးသီးသို့ စုံစုံညီညီရောက်ရှိလာမည်မှာ သေချာသည်။ နိုင်ငံတော်အနေဖြင့် အခမဲ့ပညာရေးအစီအစဉ်အရ ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးနေသကဲ့သို့ အတန်းကူးပြောင်းသွားကြသည့် ကျောင်းသားများထံမှ ကျောင်းဝတ်စုံများနှင့် စာအုပ်များကို လိုအပ်သည့် ကျောင်းသားများထံ လွှဲပြောင်းပေးအပ်ခြင်းနှင့် အမှန်တကယ်ကျောင်းနေရန် အခက်အခဲရှိသည့် ချို့တဲ့နွမ်းပါးသူများကို ပညာသင်ထောက်ပံ့ကြေး ပံ့ပိုးပေးခြင်းတို့သည် အခက်အခဲရှိသည့် မိဘများ၏ ဝန်ထုပ်ဝန်ပိုးကို အထိုက်အလျောက်လျော့ကျစေနိုင်ပြီး ကလေးများကို ကျောင်းထားရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
ကျောင်းသားမိဘများအနေဖြင့်လည်း မိမိသားသမီးများကို အမှန်တကယ်စာတတ်မြောက်စေရန် အရည်အသွေးရှိသည့် ပညာများသင်ကြားမှုကိုလိုလားကြသည်။ ထို့ကြောင့်လည်း ဆရာ ဆရာမ လုံလောက်ရေး၊ ရရှိထားသည့်ဘွဲ့နှင့် သင်ကြားနေသည့် ဘာသာရပ်ကိုက်ညီရေး၊ ဆရာ ဆရာမများ အရည်အသွေးမြှင့်တင်ရေး၊ ဆရာ ဆရာမများ သက်သာချောင်ချိရေး၊ သင်ရိုးညွှန်းတမ်းများမွမ်းမံရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး တို့ကို ဆောင်ရွက်ပေးကြရေးတို့သည် အလွန်အရေးကြီးသဖြင့် နိုင်ငံတော်က ဆောင်ရွက်ပေးနေသည်။ အလယ်တန်းဆင့်ပြီးမြောက်သူများကို စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးပညာသင်တန်းများ ပိုမိုတက်ရောက်နိုင်ရန် လမ်းဖွင့်ပေးလျက်ရှိသည်။ ကျောင်းတက်သူဦးရေတိုးတက်ရေး၊ အတန်းကူး ပြောင်းမှုနှုန်းမြင့်မားရေးကို အဟန့်အတားဖြစ်စေသည့် အကြောင်းရင်းများကို အဖြေရှာပြီး ဖြေရှင်းပေးကြရမည်ဖြစ်သည်။
ရင်ပေါင်တန်းလာနိုင်ရေး
နိုင်ငံတော်က ကျောင်းနေအရွယ်ကလေးများအားလုံး အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသည့် ပညာသင်ယူနိုင်ခွင့်ရအောင် ဖန်တီးဖော်ဆောင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ Education for All ဆိုသည့်အတိုင်း အားလုံးအတွက် ပညာရေးကို မဖြစ်မနေ အကောင်အထည်ဖော်လျက်ရှိသည်။ ရည်ရွယ်ချက်မှာ ကလေးသူငယ် လူငယ်လူရွယ်အားလုံး ကျောင်းနေနိုင်ရေးဖြစ်သည်။ ရည်မှန်းချက်သို့ ရောက်သည်အထိ စဉ်ဆက်မပြတ် ပညာသင်နိုင်ရေးဖြစ်သည်။ နိုင်ငံအတွင်း ပညာတတ်သူများ ပေါများလာရေးဖြစ်သည်။ ပေါများကြွယ်ဝသည့် ပညာတတ်များ၊ လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံကို တည်ဆောက်ကြရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်လာရန်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်လာရန် ကြိုးစားကြရမည်ဖြစ်သည်။
ကျောင်းအပ်နှံကြပါစို့
နိုင်ငံ၏အနာဂတ်က မျှော်လင့်ချက်ရောင်ခြည်များ လင်းလက်နေသည်။ အဓိကကျသည့် ပညာရေးနိမ့်ကျနေမှုကို မြှင့်တင်ပေးနိုင်ရန်အတွက် ရည်မှန်းချက်ကြီးကြီး ထားရှိဆောင်ရွက်နေသည်။ ယနေ့ ကျောင်းသား ကျောင်းသူ၊ မိဘအုပ်ထိန်းသူ၊ ဆရာ ဆရာမများက တောက်ပလာတော့မည့် ပညာရေးခရီးလမ်းတွင် စဉ်ဆက်မပြတ် ဖြတ်သန်းနိုင်ရန်အတွက် ပညာရေးနှိုးဆော်ချက်တစ်ခုဖြစ်သည့် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါအတိုင်း ၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် အားလုံးစုံစုံညီညီ ကျောင်းတက်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။
မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ ကလေးငယ်များဘဝရှေ့ရေး၊ နိုင်ငံတော်အနာဂတ်တောက်ပြောင်လာရေးအတွက် လက်ငင်းအရေးကြီးသည့် ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး၊ ကျောင်းနေကလေးတိုင်း စဉ်ဆက်မပြတ် ကျောင်းတက်နိုင်ရေး၊ ထူးချွန်ထက်မြက်သူများဖြစ်လာစေရေး နိုင်ငံတော်၏ ပညာရေးအစီအမံများနှင့်အတူ လိုက်ပါဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။
