Skip to main content

တရုတ်နိုင်ငံတောင်တန်းဒေသများအထိ ရောက်ရှိအောင်မြင်နေသည့် ဒစ်ဂျစ်တယ်ပညာရေးစနစ်

စိုးသူရ

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပညာသင်ကြားရေးကို အလေးထားဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် တောင်တန်းဒေသရှိ ကျောင်းသားများ ခေတ်မီပညာရေးစနစ်ကို လက်လှမ်းမီစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ ပညာသင်ကြားရေးကဏ္ဍတွင် သမားရိုးကျပညာသင်ကြားရေးစနစ်သာမက ဒစ်ဂျစ်တယ်နည်းပညာများကို ပေါင်းစပ်ခြင်းဖြင့် တောင်တန်းဒေသမှ ကျောင်းသားများအတွက် အင်္ဂလိပ်စာအပါအဝင် နိုင်ငံတကာဘာသာရပ်များ တတ်မြောက်မည့် အခွင့်အရေးများ ရရှိလာစေသည်။ တရုတ်နိုင်ငံ၏ ဝေးလံခေါင်ဖျားသော တောင်တန်းဒေသများရှိ ကျောင်းသားများအတွက် ဒစ်ဂျစ်တယ်နည်းပညာသည် ပညာသင်ကြားရေးတွင် အဓိကကျသော ပေါင်းကူးတံတားတစ်စင်း ဖြစ်လာသည်။

ထိုသို့ဆောင်ရွက်ချက်ကြောင့် တရုတ်ဘာသာအပြင် နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာ တတ်ကျွမ်းစေရေးအတွက် ကျောင်းသားများကို အခွင့်အရေး ရရှိစေခဲ့သည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်းပြည်နယ်ရှိ တောင်တန်းဒေသတစ်ခုဖြစ်သော ကိုင်ဟွာစီရင်စု ကွီရှီမြို့နယ်ဗဟိုကျောင်းတွင် ကျောင်းသားများသည် တက်ဘလက်များဖြင့် တရုတ်နှင့် အင်္ဂလိပ်ဘာသာဖြင့် ပုံပြင်စာအုပ်များကို ဖတ်ရှုနေသည်။

 အဆိုပါကျောင်းမှ ကျောင်းသားများသည် "Qian Xiaowa" ဟု လူသိများသော AI စွမ်းအင်သုံးစက်ရုပ်နှင့် အပြန်အလှန်ဆက်သွယ်ကြပြီး ဉာဏ်ရည်တုနည်းပညာဖြင့် ဖန်တီးထားသည့် စက်ရုပ်က ကျောင်းသားများအား ဂန္ထဝင်စာပေများကို ဖတ်ရှုရန်နှင့် ကဗျာများရွတ်ဆိုရန် ကူညီခဲ့သည်။

“တက်ဘလက်ထဲမှာ မိမိတစ်ခါမှ မဖတ်ဖူးတဲ့ စာအုပ်တွေနဲ့ ရုပ်ပြပုံပြင်တွေ အများကြီးရှိကြောင်းနှင့် တစ်ချက်နှိပ်ရုံနဲ့ အင်္ဂလိပ်စာသားတွေပဲဖြစ်ဖြစ်၊ တရုတ်စာသားတွေပဲဖြစ်ဖြစ် အသံထွက်အမှန်ကို သူကြားနိုင်ကြောင်း” အသက် ၁၀ နှစ်အရွယ် ကျောင်းသူတစ်ဦးက ဆိုသည်။

အဆိုပါကျောင်း၌ နှစ်ပေါင်းများစွာ သက်တမ်းရှိသည့် ကျောင်းစာကြည့်တိုက်တွင် စာအုပ်အနည်းငယ်သာရှိပြီး အများစုမှာ ခေတ်မမီသည့် စာအုပ်များသာဖြစ်ကြောင်းကျောင်းမှ ဆရာမ Wang Wenhui က ဆိုသည်။

ယင်းပြည်နယ်တစ်ဝန်းရှိ ကျေးလက်ကျောင်းများကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် အဆိုပါအစီအစဉ်သည် လွန်ခဲ့သော ခြောက်လခန့်က စတင်ခဲ့သည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင်စတင်ခဲ့သော ဤအစီအစဉ်သည် ကျောင်းသား ၁၀၀ အောက်ရှိသော ကျောင်းများသို့ နည်းပညာဖြင့် ပံ့ပိုးပေးခဲ့သည်။ ကွီရှီမြို့နယ်တွင် လေးတန်းမှ ခြောက်တန်းအထိ ကျောင်းသားများသည် ယခုအခါဒစ်ဂျစ်တယ်နည်းပညာဖြင့် စာပေများလေ့လာနိုင်ပြီဖြစ်သည်။

“ဒစ်ဂျစ်တယ်နည်းပညာသည် စာဖတ်ရန် အရင်းအမြစ်များ ရှားပါးမှုကို အဓိကဖြေရှင်းပေးသည်”ဟု Wang က ပြောကြားခဲ့သည်။ ယခုကဲ့သို့ နည်းပညာအသုံးပြုခြင်းဖြင့် ကလေးများကို စာပေလေ့လာစေရေးအတွက် ဆွဲဆောင်နိုင်ခဲ့သည်။

ယင်းကျောင်းရှိ ကျောင်းသားထက်ဝက်ခန့်သည် ယခုအစီအစဉ်အရ နေ့စဉ်စာဖတ်ခြင်း အလေ့အထကို ဆောင်ရွက်ခဲ့ကြသည်ဟု သူကထပ်လောင်းပြောကြားခဲ့သည်။ ဇီကျန်းပြည်နယ်နှင့် တရုတ်နိုင်ငံတစ်ဝန်းရှိ အခြားနေရာများတွင် အလားတူအောင်မြင်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ဇီကျန်းပြည်နယ် ပူတူအိုခရိုင်ရှိ ကျောင်းများသည် မူလကစာအုပ်စုဆောင်းမှု အကန့်အသတ်ရှိသော သေးငယ်သည့်ကျောင်းများ ဖြစ်သည်။ ယခုအခါ ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခုသည် အဆိုပါကျောင်းများရှိ စာကြည့်တိုက်များတွင် စာအုပ်များ ငှားရမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့် ‌ကျောင်းသားများအား အသိပညာဗဟုသုတများကို ဖြန့်ဖြူးနေသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တောင်တန်းဒေသ ကွေ့ကျိုးပြည်နယ်တွင် ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခုသည် အီလက်ထရွန်နစ်စာအုပ်တစ်သန်းကျော်၊ ဒစ်ဂျစ်တယ်ဂျာနယ် ၁၀၀၀၀၊ ရုပ်သံဟောပြောပွဲ ၃၆၀၀၀ နှင့် အသံစာအုပ် ၁ ဒသမ ၅ သန်းကို မြို့ပြနှင့် ကျေးလက်ဒေသရှိ စာဖတ်ပရိသတ်များအတွက် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖြန့်ဖြူးပေးနေသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ဒါဂွမ်စီရင်စုရှိ စာကြည့်တိုက်သည် ကလေးများအတွက် အီလက်ထရွန်နစ် စာဖတ်ကိရိယာများနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို မိတ်ဆက်ခဲ့ပြီး အီလက်ထရွန်နစ်စာအုပ် ၆၀၀၀၀ နှင့် ဂျာနယ် ၄၀၀၀ ကို ဒစ်ဂျစ်တယ်စင်္ကြံများမှ အခမဲ့ပေးပို့ခဲ့သည်။

၂၀၂၅ ခုနှစ်ကုန်တွင် အရွယ်မရောက်သေးသူများကြား ဒစ်ဂျစ်တယ်စာဖတ်နှုန်းမှာ ၇၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် သုညဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသားစစ်တမ်းတစ်ခုအရ သိရသည်။ ယခုအချိန်တွင် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးလာခြင်းကြောင့် တောင်တန်းဒေသရှိ ကျောင်းသားများအနေဖြင့် အရည်အသွေးမြင့်စာပေများဖတ်ရှုရန် အကန့်အသတ်များရှိတော့မည်မဟုတ်ကြောင်း ဇီကျန်းတက္ကသိုလ်မှ ကျွမ်းကျင်သူ ဝူဇန်ယူက ပြောကြားသည်။

တရုတ်အစိုးရသည် "AI Plus Education" ကဲ့သို့သော စီမံကိန်းများဖြင့် နည်းပညာကို အခြေခံအဆင့်မှစတင်၍ ဖော်ဆောင်ပေးလျက်ရှိသည်။

တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် AI (Artificial Intelligence - ဉာဏ်ရည်တုနည်းပညာ) ဘာသာရပ်ကို မသင်မနေရ ဘာသာရပ်အဖြစ်ပြဋ္ဌာန်းခဲ့ပြီး ၎င်းစည်းမျဉ်းအရ ကျောင်းသား ကျောင်းသူတိုင်းတစ်နှစ်လျှင် အနည်းဆုံးရှစ်နာရီ ဉာဏ်ရည်တုနည်းပညာသင်ခန်းစာများကို သင်ယူရမည်ဖြစ်သည်။

တရုတ်တောင်တန်းဒေသ ကျောင်းသားများ၏ ဒစ်ဂျစ်တယ်နည်းပညာသုံးစာပေလေ့လာမှုပုံစံများကို အောက်ပါအတိုင်း တွေ့ရှိနိုင်သည် -

၁။ ဉာဏ်ရည်တုနည်းပညာနှင့် ဒစ်ဂျစ်တယ် စာသင်ခန်းများ (AI & Digital Classrooms)

တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီးကျန်း (Guangxi Zhuang) ကဲ့သို့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသများတွင် အလယ်တန်းကျောင်းများမှစ၍ ဉာဏ်ရည်တုနည်းပညာ သင်ခန်းစာများကို စတင်သင်ကြားပေးနေပြီဖြစ်သည်။ ၎င်းသည် တောင်တန်းဒေသရှိ ကျောင်းသားများကို မြို့များရှိ ကျောင်းသားများနှင့် ရင်ပေါင်တန်းနိုင်စေရန် ရည်ရွယ်သည်။

၂။ အွန်လိုင်းမှတစ်ဆင့် သင်ကြားမှု (Remote Learning)

တောင်တန်းဒေသများတွင် ဆရာ ဆရာမ အင်အားမလုံလောက်မှုပြဿနာကို ဖြေရှင်းရန် ဒစ်ဂျစ်တယ်တွန်းအား (Digital Drive) ကို အရှိန်မြှင့်တင်ပြီး မြို့ကြီးများမှ ကျွမ်းကျင်သော ဆရာများ၏ သင်ကြားမှုကို အင်တာနက်မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ပေးထားသည်။

၃။ ဒစ်ဂျစ်တယ် စာကြည့်တိုက်များနှင့် ရင်းမြစ်များ

ကျောင်းသားများသည် ဖတ်စာအုပ်များအပြင် အွန်လိုင်းပေါ်ရှိ ဒစ်ဂျစ်တယ်ရင်းမြစ်များ၊ ရုပ်သံသင်ခန်းစာများကို အသုံးပြု၍ ဘာသာစကားနှင့် အထွေထွေဗဟုသုတများကို လေ့လာကြသည်။

တရုတ်နိုင်ငံမှ ကျောင်းသားများ စာဖတ်ခြင်းကို ပိုမိုစိတ်ဝင်စားလာစေရန်အတွက် ကျေးလက်စာသင်ကျောင်းများတွင် စမတ်စာဖတ်ကိရိယာများ (Smart Terminals/E-reading devices) ကို ပံ့ပိုးပေးထားသည်။

စာကြည့်တိုက်များအပြင် နည်းပညာကုမ္ပဏီကြီးများကလည်း ကျေးလက်ဒေသရှိ ကျောင်းသားများအတွက် အွန်လိုင်းသင်ကြားရေး ပလက်ဖောင်းများကို ဖန်တီးပေးထားသည်။

Tencent ကဲ့သို့သော နည်းပညာကုမ္ပဏီများက စေတနာ့ဝန်ထမ်းဆရာများမှတစ်ဆင့် ကျေးလက်ကျောင်းပေါင်း ၁၀၀၀ ကျော်သို့ တိုက်ရိုက်သင်ကြားမှု (Livestream lessons) များနှင့် ပညာရေးရင်းမြစ်များကို ဖြန့်ဖြူးပေးနေသည်။

ကျောင်းသားများ လွယ်ကူစွာသင်ယူနိုင်စေရန် "TaoliOnline" ကဲ့သို့သော အွန်လိုင်းဂိမ်းပုံစံ သင်ကြားရေးပလက်ဖောင်းများဖြင့် သင်္ချာ၊ တရုတ်စာနှင့် အင်္ဂလိပ်စာတို့ကိုလေ့လာနိုင်ရန် စီစဉ်ပေးထားကြောင်း တွေ့ရှိရသည်။

 နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်တည်ဆောက် ရန်ခက်ခဲသည့် တောင်တန်းဒေသရှိ ရွာများတွင် Cloud-based Library များကို အသုံးပြု၍ စာပေများ လေ့လာနေသည်။

ယင်းအစီအစဉ်အရ ကျောင်းသားများသည် ကျောင်းနံရံနှင့် ဘတ်စ်ကားမှတ်တိုင်များရှိ ကျူအာကုတ်များကို စကင်ဖတ်ရုံဖြင့် အီလက်ထရွန်နစ်စာအုပ်များကို ဖတ်ရှုနိုင်သည်။

နိုင်ငံတော်အပိုင်းက စာပေဖတ်ရှုလေ့လာခြင်းကို အားပေးသည့်အစီအစဉ်များ ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။ တရုတ်နိုင်ငံတွင် စာဖတ်ရှိန်မြှင့်တင်ရေးကိုလည်း ဆောင်ရွက်နေပြီး ဧပြီလ၏ နောက်ဆုံးသီတင်းပတ်ကို အမျိုးသားစာဖတ်ရှိန် မြှင့်တင်ရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ခဲ့သည်။

ပညာရေးသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသည့် လိုအပ်ချက်တစ်ခုဖြစ်ရာ တရုတ်နိုင်ငံတောင်တန်းဒေသများတွင် ဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကျောင်းသားများအား စာပေလေ့လာရေးဆောင်ရွက်ချက်သည် ပညာရေးကဏ္ဍအတွက် ကြိုဆိုရမည့်ဆောင်ရွက်ချက်ဖြစ်ကြောင်း ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။

ကိုးကား - Digital tools help bridge reading gap for rural Chinese children