ချစ်ကြည်ရေးသစ်ပင် အစဉ်အမြဲစိမ်းလန်းဝေဖြာ ပြည်သူများ စိတ်နှလုံးချင်း ဆက်နွှယ်မှုပေါင်းကူးတံတား ထာဝရတည်တံ့ခိုင်မြဲ
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျား
ဇွန်လ ၈ ရက်နေ့တွင် တရုတ် - မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၆) နှစ် ပြည့်မြောက်ပြီဖြစ်သည်။ (၇၆)နှစ်တာကာလအတွင်း တရုတ်-မြန်မာနှစ်နိုင်ငံသည် အပြန်အလှန် လေးစားခြင်း၊ တန်းတူရည်တူဆက်ဆံခြင်းနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေခြင်းတို့ကို အစဉ်အမြဲ ဦးလည်မသုန်ရပ်တည်ခဲ့ကြပြီး နှစ်ပေါင်း ထောင်ချီ သမိုင်းကြောင်းရှိခဲ့သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည်လည်း အချိန်ကာလ၏ စမ်းသပ်မှုများကြားတွင် ပိုမိုနက်ရှိုင်း ခိုင်မာလာခဲ့ပါသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို အတူတကွအဆိုပြုကျင့်သုံးခဲ့ရာမှသည် တရုတ်- မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်သည်အထိ နှစ်နိုင်ငံဆက်ဆံရေးသည် သစ်လွင်သော ရှင်သန်မှုတွန်းအားများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။
တရုတ်ကုန်သည်များ အထူးနှစ်သက်သဘောကျ
တရုတ် - မြန်မာနှစ်နိုင်ငံသည် ရေမြေတောတောင်ချင်းထိစပ်နေပြီး သွေးသားရင်းချာကဲ့သို့ ရင်းနှီးကာ ယဉ်ကျေးမှုချင်းလည်း ပေါင်းစပ်လျက်ရှိပါသည်။ နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဆက်ဆံမှုကို ဘီစီ (၄) ရာစုအထိနောက်ကြောင်း ပြန်ခြေရာခံနိုင်ပြီး ကျွန်မတို့၏ ဘိုးဘွားများသည် တောင်ဘက်ပိုးလမ်းမကြီးမှ တစ်ဆင့်ကုန်သွယ်မှုများနှင့် ယဉ်ကျေးမှုဖလှယ်ရေးများ လုပ်ဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာ၊ ကျောက်စိမ်း၊ မဟူရာနှင့် ပယင်းတို့သည် တရုတ်ကုန်သည်များ အထူးနှစ်သက်သဘောကျသည့် ကုန်ပစ္စည်းများဖြစ်လာခဲ့ပြီး နှစ်နိုင်ငံပြည်သူချင်း ကူးလူးဆက်ဆံမှုမှာ ပိုမိုနက်ရှိုင်း၍ သက်ဝင်လှုပ်ရှား လာခဲ့သည်။ မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော လူမှုစနစ်ရှိသည့် နိုင်ငံများအနက် တရုတ်နိုင်ငံသစ်ကို ပထမဆုံး အသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံမှ ရှေးယခင်ခေါင်းဆောင်များသည် ဆွေမျိုးများကဲ့သို့စိတ်ရင်းဖြင့် အပြန်အလှန် မကြာခဏလည်ပတ်ခဲ့ကြရာ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၏ မြန်မာနိုင်ငံသို့ (၉) ကြိမ်တိုင်တိုင် လာရောက်လည်ပတ်မှုနှင့် မြန်မာဝန်ကြီးချုပ် ဦးနေဝင်း၏ တရုတ်နိုင်ငံသို့ (၁၂) ကြိမ်တိုင်တိုင် သွားရောက်လည်ပတ်မှုတို့သည် နှစ်နိုင်ငံပြည်သူများအကြား ယနေ့တိုင် ဂုဏ်သတင်းပျံ့နှံ့လျက် ပြောစမှတ်ပြုနေဆဲဖြစ်ပါသည်။
မကြာသေးမီနှစ်များအတွင်းကစ၍ မြန်မာကျောင်းသား၊ အနုပညာရှင်၊ အားကစားသမားနှင့် မီဒီယာသတင်းထောက်များ ပိုမိုများပြားစွာ တရုတ်နိုင်ငံသို့သွားရောက်ဖလှယ်ခဲ့ကြပြီးနှစ်နိုင်ငံ ချစ်ကြည်ရေးကို ဆက်လက်သီကုံးခဲ့ကြသည်။ မြန်မာနိုင်ငံသည် မိမိကိုယ်တိုင်ပြင်းထန်သော နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် အခြေအနေတွင်ပင် တရုတ်နိုင်ငံ ဝမ်ချွမ်းငလျင်ဘေးသင့်ဒေသသို့ အလှူငွေများ ပံ့ပိုးကူညီခဲ့ပြီး နှစ်နိုင်ငံစလုံးသည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မန္တလေးငလျင်ကြီး၏ဘေးအန္တရာယ်များကို လက်တွဲရင်ဆိုင်ကျော်လွှားကာ ဒုက္ခသုခအတူမျှဝေပြီး အပြန်အလှန်စောင့် ရှောက်ကူညီကြသည့် လက်တွေ့လုပ်ဆောင်ချက်များဖြင့် သက်သေပြခဲ့ကြသည်။ တရုတ်-မြန်မာလူမှုအဖွဲ့အစည်းကဏ္ဍစုံ၏ တက်ကြွစွာပါဝင်ပံ့ပိုးမှုအောက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ယမန်နှစ်က “ပေါက်ဖော်နှလုံးသားထဲမှ စကားသံများ--- တရုတ် - မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် ဇာတ်လမ်းပုံပြင်များစုစည်းမှု” စာအုပ်ကို ထုတ်ဝေခဲ့ပြီး နှစ်နိုင်ငံပြည်သူများ ရှည်လျားလှသည့် အချိန်ကာလအတွင်း အပြန်အလှန်နားလည်၊ ချစ်ခင်ရင်းနှီးပြီး ပေါင်းစပ်ခဲ့ကြသည့် စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းများကို မှတ်တမ်းတင်ထားခဲ့သည်။ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၆) နှစ်မြောက်သည့် အခါသမယတွင် ကျွန်မတို့သည် တရုတ်-မြန်မာ ချစ်ကြည်ရေးပုံပြင်များကို ပိုမိုရေးသားနိုင်မည်ဟု အပြည့်အဝယုံကြည်မှုရှိပါသည်။
နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် ပြည်သူချင်း ချစ်ခင်ရင်းနှီးမှုသည် အရေးကြီး
နိုင်ငံအချင်းချင်းဆက်ဆံရာတွင် ပြည်သူချင်းချစ်ခင်ရင်းနှီးမှုသည် အရေးကြီးပြီး ပြည်သူချင်းချစ်ခင်ရင်းနှီးရန်အတွက် စိတ်ချင်းဆက်နွှယ်မှုရှိရန်လိုအပ်ပါသည်။ အထင်အမြင်လွဲမှားမှုများကို ပယ်ဖျက်ရန်၊ အပြန်အလှန်နားလည်အသိအမှတ်ပြုမှုကို မြှင့်တင်ရန်နှင့် ပြည်သူချင်း စိတ်ချင်းဆက်နွှယ်မှုပေါင်းကူးတံတားကို တည်ဆောက်ရန်အတွက် ဦးစွာပထမအချင်းချင်း၏ ပကတိအမှန် တကယ်ရှိသော နိုင်ငံတော်ပုံရိပ်ကို တိကျစွာသိမြင် နားလည်ထားရန် လိုအပ်ပါသည်။
ယနေ့ခေတ် တရုတ်နိုင်ငံသည် တရားမျှတမှုရှိပြီး တာဝန်ယူမှုရှိသော တရုတ်နိုင်ငံဖြစ်ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ “Belt and Road” ကို အတူတကွတည်ဆောက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ စသည့်အရေးပါသော အယူအဆနှင့် အဆိုပြုချက်များကိုတင်ပြခဲ့ပြီး လူသားမျိုးနွယ်ရင်ဆိုင်နေရသောစိန်ခေါ်မှုများကိုတုံ့ပြန်ရန်နှင့် လှပသောကမ္ဘာကြီးကို တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံ၏ ဉာဏ်ပညာနှင့် တရုတ်နိုင်ငံ၏ အစီအမံများကို ပံ့ပိုးပေးခဲ့ရာ နိုင်ငံတကာ လူ့အဖွဲ့အစည်း၏ ကြိုဆိုထောက်ခံမှုကို ပိုမိုရရှိလာခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်
တရုတ်နိုင်ငံသည် ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်နေပြီး တရုတ်ဝိသေသထူးခြားချက်ပါရှိသော ပြဿနာဖြေရှင်းရေးလမ်းစဉ်ကို တက်ကြွစွာကျင့်သုံးလျက် ရှိကာ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တွန်းအားပေးခြင်းဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် သဘောထား ကွဲလွဲမှုများကို ဖြေရှင်းနိုင်ရန် ဖော်ဆောင်ပေးလျက် ရှိသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မကြာသေးမီက အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းမြှင့်တင်ရန်အတွက် မူဝါဒအချက်(၄)ချက်ကိုတင်ပြခဲ့ရာ ၎င်းတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ကိုင်စွဲခြင်း၊ နိုင်ငံတော်အချုပ်အခြာအာဏာမူကိုကိုင်စွဲခြင်း၊ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးမူကိုကိုင်စွဲခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို ဟန်ချက်ညီညီဖော်ဆောင်ခြင်းတို့ပါဝင်သည်။ အဆိုပါအချက်(၄)ချက်သည် အရှေ့အလယ်ပိုင်းဒေသ ပြည်သူများ၏ အခြေခံအကျိုးစီးပွားအပေါ် အခြေခံထားပြီး လက်တွေ့ကျကာ တရားမျှတမှုရှိသောကြောင့် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့အတွက် အပြုသဘောဆောင်သော အင်အားစုများကို ဖြည့်ဆည်းပေးနေသည်ဟု နိုင်ငံတကာ လူ့အဖွဲ့အစည်းက ယူဆကြသည်။
ယနေ့ခေတ်တရုတ်နိုင်ငံသည် အရောင်အသွေးစုံလင်ပြီး စွဲမက်ဖွယ်ကောင်းသော တရုတ်နိုင်ငံဖြစ်ပါသည်။ ပေကျင်းအော်ပရာ၊ လက်ရေးလှစာရေးနည်း၊ ဝူရှူးသိုင်းပညာ၊ တရုတ်တိုင်းရင်းဆေးပညာနှင့် လက်ဖက်ရည်အနုပညာ စသည့်ရိုးရာယဉ်ကျေးမှု များသည် ခေတ်သစ်ကာလတွင် သစ်လွင်သော ရှင်သန်မှုများကိုရရှိနေပြီးအွန်လိုင်းစာပေ၊ အွန်လိုင်းဂိမ်းနှင့်အွန်လိုင်းရုပ်ရှင်ဇာတ်လမ်းတွဲ များကဲ့သို့သော ယဉ်ကျေးမှုဆိုင်ရာ “ပစ္စည်းသစ် (၃)မျိုး”သည် ပြည်ပမှ အသုံးပြုသူများ နှစ်သက်သဘောကျမည့် ပုံစံများဖြင့် တရုတ်နိုင်ငံ၏ သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများကို ကောင်းမွန် စွာ ဖော်ပြလျက်ရှိသည်။ ကာတွန်းအန်နီမေးရှင်း ရုပ်ရှင်ဖြစ်သည့် Nezha နှင့် 3A ဂိမ်းအကြီးစားဖြစ်သည့် Black Myth: Wukong တို့သည် ကမ္ဘာတစ်ဝန်းတွင်တရုတ်ဒဏ္ဍာရီလှိုင်းလုံးများကိုဖြစ်ပေါ်စေခဲ့ပြီး Labubu နှင့် Starman ကဲ့သို့သော ခေတ်ပေါ်အရုပ်ဒီဇိုင်းဆန်းများအပြင် TikTok နှင့် RedNote စသည့် လူမှုကွန်ရက်ပလက်ဖောင်းများသည်လည်း ပြည်ပနိုင်ငံများတွင် မကြုံစဖူးအရှိန်အဟုန်ဖြင့် ခေတ်စားလာခဲ့သည်။ တရုတ်ယဉ်ကျေးမှုသည် ပိုမိုခေတ်မီဆန်းသစ်ပြီး ကဏ္ဍစုံလွှမ်းခြုံကာ တည်ငြိမ်ရင့်ကျက်သောဟန်ပန်ဖြင့် ကမ္ဘာ့စင်မြင့်ထံသို့ လှမ်းချီနေပြီ ဖြစ်ပါသည်။
ဆိုလာထုတ်လုပ်မှုမှာ (၁၀) နှစ်ဆက်တိုက် ကမ္ဘာ့ပထမနေရာတွင် ရပ်တည်
ယနေ့ခေတ်တရုတ်နိုင်ငံသည် တီထွင်ဆန်းသစ်မှုဖြင့် ရှေ့ဆောင်မောင်းနှင်နေသော တရုတ်နိုင်ငံဖြစ်ပါသည်။ စွမ်းအင်သစ်မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ရောင်းချမှုပမာဏသည် အစီးရေ ၁၆ သန်းကို ကျော်လွန်ခဲ့သည်။ ဆိုလာပြားများ ထုတ်လုပ်မှုမှာလည်း (၁၀) နှစ်ဆက်တိုက် ကမ္ဘာ့ပထမနေရာတွင် ရပ်တည်နေပြီး ကမ္ဘာလုံးဆိုင်ရာ လေစွမ်းအင်သုံး စက်ပစ္စည်းများ၏ ၇၀ ရာခိုင်နှုန်းနှင့် ဆိုလာပြားများ၏ ၈၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျက်ရှိသည်။ အမှိုက် မီးရှို့ပြီးလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် နည်းပညာသည်လည်း ကမ္ဘာ့ရှေ့ဆောင်နေရာတွင်ရှိနေပြီး မြို့ကြီးများကို ဒုက္ခပေးနေသည့် အမှိုက်မြေမြှုပ်ခြင်းပြဿနာကို လုံးဝဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။
ဒရုန်းများဖြင့် ပါဆယ်နှင့် အစားအစာများ ပို့ဆောင်ခြင်းသည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများထဲမှ လက်တွေ့ဘဝသို့ ရောက်ရှိလာခဲ့ပြီး DeepSeek, Qwen နှင့် GLM-5 ကဲ့သို့သော ဉာဏ်ရည်တု (AI) မော်ဒယ်များသည် နိုင်ငံအသီးသီးမှ Developer များ၏အားပေးထောက်ခံမှုကိုရရှိနေကြသည်။ လူသားပုံစံစက်ရုပ်များသည်လည်း နှစ်အနည်းငယ်အတွင်း လမ်းစလျှောက်ရုံအဆင့်မှ သွက်လက်စွာ ပြေးလွှားနိုင်သည့်အဆင့်နှင့် ကွန်ဖူးသိုင်းပညာရှင် အဆင့်အထိ တိုးတက်ပြောင်းလဲလာခဲ့သည်။ Intelligent Manufacturing in China သည် ပိုမို ဉာဏ်ရည်ထက်မြက်ပြီး မိမိကိုယ်ကို ယုံကြည်မှု ရှိကာ ရင့်ကျက်သောဟန်ပန်ဖြင့် ကမ္ဘာ့စင်မြင့်ထံသို့ လှမ်းချီနေပြီဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုသည် (၉)နှစ်ဆက်တိုက် ကမ္ဘာ့ပထမနေရာတွင် ရပ်တည်
ယနေ့ခေတ် တရုတ်နိုင်ငံသည် ပွင့်လင်းမြင်သာ ပြီး တံခါးဖွင့်လှစ်၍ အားလုံးပါဝင်နိုင်သော တရုတ်နိုင်ငံဖြစ်ပါသည်။ တရုတ်နိုင်ငံသည် နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် တံခါးဖွင့် မဟာဗျူဟာကို အမြဲကျင့်သုံးလျက်ရှိပြီး ကိုယ်ပိုင် တံခါးဖွင့်လှစ်မှုနှင့် နှစ်ဖက်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးကို တက်ကြွစွာတိုးချဲ့လျက်ရှိသည်။ တရုတ်နိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုပမာဏသည် (၉)နှစ်ဆက်တိုက် ကမ္ဘာ့ပထမနေရာတွင်ရပ်တည်နေပြီး နိုင်ငံတော်အဆင့် အပြည်ပြည်ဆိုင်ရာသွင်းကုန်ကုန်စည်ပြပွဲ (CIIE) ကို တစ်နိုင်ငံတည်းကျင်းပသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ပါသည်။ ယခုနှစ် မေလ ၁ ရက်နေ့မှစ၍ တရုတ်နိုင်ငံသည် မိမိနှင့် သံတမန်ဆက်ဆံရေးရှိသည့် အာဖရိကတိုက်ရှိ ၅၃ နိုင်ငံအပေါ် အကောက်ခွန်ကင်းလွတ်ခွင့် (Zero Tariff) မူဝါဒကို ဘက်စုံစတင်ကျင့်သုံးခဲ့ပြီးဖြစ်ကာ ၎င်းမတိုင်မီ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့အပေါ် အကောက်ခွန်ကင်းလွတ်ခွင့်မူဝါဒကို ကျင့်သုံးခဲ့ပြီးဖြစ်ပါသည်။
တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၇၅ နိုင်ငံအပေါ် တစ်ဖက်သတ်ဗီဇာကင်းလွတ်ခွင့် သို့မဟုတ် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်များကို ကျင့်သုံးခဲ့ပြီး မဲခေါင်နိုင်ငံ ငါးနိုင်ငံအတွက်လည်း “လန်ချန်း-မဲခေါင်ဗီဇာ”ကို ထုတ်ပေးခဲ့ရာ ၂၀၂၅ ခုနှစ်တွင် ပြည်ပနိုင်ငံသား ဝင်ထွက်သွားလာမှုသည် လူဦးရေ ၈၂ ဒသမ ၀၃၅ သန်း အထိ ရောက်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၂၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာ ခဲ့သည်။ တရုတ်နိုင်ငံသည် ပိုမိုပွင့်လင်းမြင်သာပြီး နွေးထွေးပျူငှာကာ ချစ်ကြည်ရင်းနှီးသော ဟန်ပန် ဖြင့် အရပ်မျက်နှာအသီးသီးမှ ဧည့်သည်တော်များကို ကြိုဆိုလျက်ရှိပါသည်။
သတင်းစကားဆိုသည်မှာ ကြားရုံနှင့်မပြီးဘဲ မျက်မြင်ကိုယ်တွေ့ကြုံမှသာ အမှန်တကယ်ဖြစ်ပါသည်။ မြန်မာမိတ်ဆွေများ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ကြရန်၊ တရုတ်နိုင်ငံ၏ သဘာဝအလှတရား၊ ယဉ်ကျေးမှုအလှတရားနှင့် ဖွံ့ဖြိုးတိုးတက်မှု အလှတရားများကို ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်ရှုကြရန်၊ စစ်မှန်ပြီးဘက်စုံ လွှမ်းခြုံထားသော တရုတ်နိုင်ငံ၏ပုံရိပ်ကို ကိုယ်တိုင်ကိုယ်ကျလက်ဆင့်ကမ်း မျှဝေပေးကြရန်နှင့် တရုတ် - မြန်မာ ချစ်ကြည်ရေး ပိုမိုနက်ရှိုင်းစေရန်အတွက် ပံ့ပိုးကူညီပေးကြရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်အပ်ပါသည်။
ကျွန်မနှင့် တရုတ်သံရုံးမှ လုပ်ဖော်ကိုင်ဖက်များသည် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများမှ တစ်ဆင့် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများကို တိုးမြှင့်ရန် အတွက် ခိုင်မာသော အခြေခံအုတ်မြစ်များကိုချမှတ်ကာ ပိုမိုများပြားသော ဘုံသဘောထားများကို စုစည်းနိုင်ရန်မျှော်လင့်ပါသည်။ တရုတ်-မြန်မာ ပြည်သူချင်း စိတ်ချင်းဆက်နွှယ်မှုကို ပိုမိုကောင်းမွန်စွာ မြှင့်တင်ရန်အတွက် ကျွန်မတို့သည် မြန်မာမိတ်ဆွေများနှင့်အတူ အောက်ပါကဏ္ဍ (၄) ခုတွင် ပိုမိုကြိုးပမ်း ဆောင်ရွက်သွားရန် ဆန္ဒရှိပါသည်။
ပထမအချက်မှာ ပွင့်လင်းမြင်သာပြီး တံခါးဖွင့်လှစ်၍ အားလုံးပါဝင်နိုင်သော စိတ်နေသဘောထားဖြင့် အချင်းချင်းရှုမြင်ကြရန်ဖြစ်ပါသည်။ ယဉ်ကျေးမှုများသည် ကူးလူးဖလှယ်မှုများကြောင့် အရောင်အသွေးစုံလင်လာပြီး အပြန်အလှန်လေ့လာ သင်ယူမှုများကြောင့် ကြွယ်ဝလာကာ အပြန်အလှန် ဆက်သွယ် ပြောဆိုနားလည်ခြင်းဖြင့် ကွဲပြားမှုများ ရှိသော်လည်း သဟဇာတဖြစ်မှုကို ဖော်ဆောင်နိုင် ကာ ချစ်ကြည်ရေးကို တိုးမြှင့်နိုင်မည်ဖြစ်သည်။ ကျွန်မတို့သည် နှစ်နိုင်ငံ ပြည်သူချင်းကူးလူးဆက်ဆံမှု၏ ကျယ်ပြန့်မှုနှင့် နက်ရှိုင်းမှုကိုတိုးချဲ့ရန် ကြိုးပမ်းသွားရမည်ဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရေးအဖွဲ့အစည်းများနှင့် ယဉ်ကျေးမှုအဖွဲ့ အစည်းများအကြား ပုံမှန်အပြန်အလှန်လည်ပတ်မှုများကို အားပေးမြှင့်တင်ကာ နှစ်နိုင်ငံလူငယ်များအကြား ဘာသာစကားသင်ယူခြင်း၊ လေ့လာရေး ခရီးစဉ်များသွားခြင်း၊ အားကစားပြိုင်ပွဲများကျင်းပ ခြင်းနှင့် အနုပညာဖလှယ်ခြင်း စသည့်နည်းလမ်းများဖြင့် အချင်းချင်း၏ လူနေမှုဘဝထဲသို့ ဝင်ရောက်နိုင်ရန် ပံ့ပိုးပေးရမည်ဖြစ်ပြီး တန်းတူညီမျှခြင်း၊ အပြန်အလှန်လေ့လာသင်ယူခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် အားလုံးပါဝင်နိုင်ခြင်းဟူသော ယဉ်ကျေးမှုအမြင်ဖြင့် ကူးလူးဖလှယ်ဆွေးနွေးမှုများကို ဖော်ဆောင်ကာ နှစ်နိုင်ငံပြည်သူများ၏ အသိအမှတ်ပြုမှုကို နက်ရှိုင်းစေပြီး နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် လူမှုရေးအခြေခံအုတ်မြစ်ကို ခိုင်မာအောင်တည်ဆောက်ရပါမည်။
ဒုတိယအချက်မှာ အပြန်အလှန် ဖေးမကူညီကြသည့် စိတ်ဓာတ်ဖြင့် အချင်းချင်းပံ့ပိုးပေးကြရန်ဖြစ်ပါသည်။ နိုင်ငံတကာအခြေအနေများသည် ပိုမိုရှုပ်ထွေးလာလေ၊ ကျွန်မတို့သည် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးဟူသော အခြေခံဦးတည်ချက်ကို ပိုမိုကိုင်စွဲထားရမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုး ဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသော အိမ်နီးချင်းသံတမန်ရေးရာမူဝါဒကို အမြဲကိုင်စွဲထားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသောချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူအားလုံး အတွက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းပြီး အေးချမ်းသာယာသောလှပသည့် အိမ်ဂေဟာတည်ဆောက်ရေးအတွက် အမြဲပံ့ပိုးကူညီသွားမည်ဖြစ်သည်။ ကျွန်မတို့သည် နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံမှုအရှိန်အဟုန်ကို ထိန်းသိမ်းထားရမည်ဖြစ်ပြီး နိုင်ငံတော်စီမံခန့်ခွဲမှုဆိုင်ရာအတွေ့အကြုံဖလှယ်မှုများကို နက်ရှိုင်းစေကာ အချင်းချင်း၏ အဓိကအကျိုးစီးပွားနှင့် ကြီးမားသော စိုးရိမ်ပူပန်မှုရှိသည့် ကိစ္စရပ်များတွင် အပြန်အလှန်နားလည်ပံ့ပိုးပေးကြပြီး နှစ်နိုင်ငံပြည်သူများ၏ သံယောဇဉ်နှောင်ကြိုးကို စဉ်ဆက်မပြတ် ပိုမိုတင်းကျပ်လာအောင် လုပ်ဆောင်ရပါမည်။
တတိယအချက်မှာ ပူးပေါင်းဆောင်ရွက်ပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် အယူအဆဖြင့် အချင်းချင်းအကျိုးပြုသွားရန် ဖြစ်ပါသည်။ “Belt and Road” နှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ တည်ဆောက်ရေးသည် မြန်မာနိုင်ငံ၏ မတည်ရင်းနှီးငွေ၊ လူသားအရင်းအမြစ်နှင့် နည်းပညာစသည့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကန့်အသတ်များကို ထိရောက်စွာကူညီဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး “သွေးသွင်းခြင်း” ပုံစံ အကူအညီပေးခြင်းမှသည် “သွေးခဲကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်း” ပုံစံ ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ကူးပြောင်းကာ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၏ ကိုယ်ပိုင်မောင်းနှင်အား နှင့် ကိုယ်ထူကိုယ်ထ စွမ်းရည်ကို စဉ်ဆက်မပြတ် မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ကျွန်မတို့သည် ငလျင်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို အဓိကထားပြီး အပြန်အလှန်ပေါင်းစည်းဆက်နွှယ်မှု၊ လျှပ်စစ်ဓာတ်အား၊ ရေနံသဘာဝဓာတ်ငွေ့၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အသွင်သစ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းအောင်ဆောင်ရွက်ရပါမည်။ ကျွန်မတို့သည် ပြည်သူ့အကျိုးပြုစီမံကိန်းများကို ပိုမိုအကောင်အထည်ဖော်ကာ ဆောင်ရွက်သွားရမည်ဖြစ်ပြီး တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ပြည်သူများအတွက် အကျိုးကျေးဇူးများကို ပိုမိုဖော်ဆောင်ပေးရပါမည်။
စတုတ္ထအချက်မှာ ဘုံလုံခြုံရေးမူကိုအခြေခံပြီး အချင်းချင်းကူညီပံ့ပိုးပေးကြရန် ဖြစ်ပါသည်။ လုံခြုံ ရေးသည် နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံဖြစ်သည်။ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်း လိမ်လည်မှုစသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများသည် နိုင်ငံအသီးသီးရှိ ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်လုံခြုံရေးကို ထိခိုက်စေပြီး လူမှုတည်ငြိမ်ရေးနှင့် နိုင်ငံတော်ပုံရိပ်ကိုလည်း သက်ရောက်မှုရှိစေကာနိုင်ငံတစ်နိုင်ငံတည်း၏ အင်အားဖြင့် ထိရောက်စွာတုံ့ပြန်ရန်ခက်ခဲလှပါသည်။ ကျွန်မတို့သည် နှစ်ဖက် သို့မဟုတ် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ လုပ်ဆောင်ရမည်ဖြစ်ပြီး ပူးတွဲနှိမ်နင်းတိုက်ဖျက်မှုအရှိန်အဟုန်ကိုမြှင့်တင်ကာ “ဘေးကင်းလုံခြုံသော လန်ချန်း-မဲခေါင်လှုပ်ရှားမှု”ကို အရှိန်မြှင့်တွန်းအားပေးပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနှင့် ဒေသတွင်းနိုင်ငံများအကြား ကူးလူးဆက်ဆံမှု ပူးပေါင်းဆောင်ရွက်ရေးစနစ်တကျရှိမှုကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်ရပါမည်။
(၇၆) နှစ်တာကာလအတွင်း အေးအတူပူအမျှ လက်တွဲလျှောက်လှမ်းခဲ့ကြပြီး နှစ်နိုင်ငံပြည်သူများ၏ နက်ရှိုင်းလှသောချစ်ကြည်ရေးသည် တရုတ်-မြန်မာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု၏ အင်အား အရင်းမြစ်ဖြစ်ပါသည်။ ကျွန်မတို့သည် မျိုးဆက်သစ်များထံသို့ ချစ်ကြည်ရေးလက်ဆင့်ကမ်းခြင်းကိုအခြေခံပြီး အရည်အသွေးမြင့်မားသော ပြည်သူချင်း စိတ်ချင်းဆက်နွှယ်မှုကို တွန်းအားပေးကာ ခေတ်ကာလအသစ်တွင် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး၏ စာမျက်နှာသစ်ကို ရေးဖွဲ့သီကုံးကာ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း၏ စွဲမက်ဖွယ်ကောင်းသော အနာဂတ်ကို အတူတကွ ဖန်တီးပုံဖော်လိုက်ကြပါစို့။ ။
