ချစ်ကြည်ရင်းနှီး အိန္ဒိယခရီး၏ အောင်မြင်သော သံတမန်ရေးမှတ်တိုင်
ကိုချင်း
(ယမန်နေ့မှအဆက်)
အိန္ဒိယသမ္မတနှင့် တွေ့ဆုံမှု - နိုင်ငံရေးနှင့် သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှု
ခရီးစဉ်အတွင်း ထူးခြားလေးနက်သော အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတဖြစ်သူ H.E. Smt. Droupadi Murmu နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါ ထိပ်သီးတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ ရွေးကောက်ပွဲအပြီးပေါ်ပေါက်လာသည့် အရွေးချယ်ခံအစိုးရသစ်၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်ချက်များ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများသတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေး၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုအမွေအနှစ်များ အပြန်အလှန်ထိန်းသိမ်းရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေး၊ အမျိုးသမီးများကဏ္ဍမြှင့်တင်ရေးနှင့် နှစ်နိုင်ငံလုံး၏ ပြည်သူများဘုံအကျိုးဖြစ်ထွန်းစေမည့် ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်သွားမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
ယခုတွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ သံတမန်ရေးနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးများကို ယခင်ကထက် ပိုမိုနီးကပ်ခိုင်မာသွားစေခဲ့သည့် အဓိကကျသော မောင်းနှင်အားတစ်ရပ် ဖြစ်ခဲ့ပါသည်။
ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းသစ်
ခရီးစဉ်၏ နောက်တစ်နေ့ဖြစ်သည့် ဇွန် ၂ ရက် နေ့တွင် နိုင်ငံတော်သမ္မတထံသို့ အိန္ဒိယဗဟိုဘဏ် (Reserve Bank of India - RBI) ၏ ဥက္ကဋ္ဌက လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။ ယခုတွေ့ဆုံမှုသည် နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် လက်တွေ့ကျလှသော ဘဏ္ဍာရေးဆိုင်ရာ အခွင့်အလမ်းများကို ပွင့်လင်းစေခဲ့ပါသည်။
ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်ငွေပေးချေမှုများ ပိုမိုမြန်ဆန်ချောမွေ့စေရေး၊ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ဆိုင်ရာ အတွေ့အကြုံများ အပြန်အလှန်မျှဝေရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ အထူးသဖြင့် ကုန်သည်များနှင့် လုပ်ငန်းရှင်များအတွက် များစွာအကျိုးပြုမည့် ရူပီး–ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်၊ SRVA (Special Rupee Vostro Account) စနစ်တို့အပြင် နယ်စပ်ကုန်သွယ်ရေးသာမက ပုံမှန်ကုန်သွယ်ရေး (Normal Trade) အတွက်ပါ အားကိုးအားထားပြုနိုင်မည့် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အလေးအနက်ထား ကတိပြုခဲ့ကြပါသည်။
မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခြင်း
ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ၏စီးပွားရေးအရ အချက်အချာကျသော မဟာရာရှ်ထရာ (Maharashtra) ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်လည်း ဆက်လက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြားတည်ရှိပြီးသား အိမ်နီးချင်းကောင်းဆက်ဆံရေးကို အခြေခံ၍ စီးပွားရေး၊ ပညာရေး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များတွင် ဒေသန္တရအဆင့်အထိပါ ပိုမိုတိုးချဲ့ ပူးပေါင်းဆောင်ရွက်သွားကြရန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ကိုလိုနီတွန်းလှန်ဖက် သမိုင်းကြောင်းနှင့် အာဆီယံ- တရုတ် ဆက်သွယ်ရေး ကုန်းမြေတံတား
၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ–အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ” သည် နှစ်နိုင်ငံအကြား ပိုမိုအားကောင်းသော စီးပွားရေးနှောင်ကြိုးကို ချိတ်ဆက်ပေးနိုင်ခဲ့ရုံသာမက ကဏ္ဍစုံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြမြေပုံအသစ်ကိုပါ ချပြနိုင်ခဲ့ပါသည်။
အဆိုပါ စီးပွားရေးဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတတက်ရောက်၍ အဖွင့်မိန့်ခွန်းကို လေးနက်စွာ ပြောကြားခဲ့ပါသည်။ မိန့်ခွန်းတွင် နှစ်နိုင်ငံလုံးသည် ကိုလိုနီစနစ်ကို အတူတကွတွန်းလှန်ခဲ့ကြသည့် သမိုင်းကြောင်းအခြေခံရှိခဲ့ပုံ၊ ဘာသာရေးနှင့်ယဉ်ကျေးမှုအရ ခိုင်ခိုင်မာမာဆက်စပ်နေမှုများနှင့် ၇၈ နှစ်တာ သက်တမ်းရှည်ကြာခဲ့ပြီဖြစ်သော သံတမန်ဆက်ဆံရေးခရီးစဉ်များကို ထည့်သွင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေးကို ယခုထက်ပိုမိုအားကောင်းလာစေရန် လိုအပ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ အိန္ဒိယနိုင်ငံ၏ စီးပွားရေး အလားအလာများနှင့် ကုန်သွယ်မှုကဏ္ဍ ကြီးထွားလာစေရန်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် ကမ္ဘာ့စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံတို့ဆီသို့ တိုက်ရိုက်ဆက်သွယ်ပေးနိုင်သည့် “မဟာဗျူဟာမြောက် ကုန်းမြေတံတား (Land Bridge)” တစ်ခုကဲ့သို့ အလွန်တရာအရေးပါလှကြောင်း လေးနက်စွာ မီးမောင်းထိုးပြခဲ့ပါသည်။
စီးပွားရေးဆွေးနွေးပွဲတွင် နှစ်နိုင်ငံပြည်သူများနှင့် စီးပွားရေးလောကအတွက် လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ပိုမိုတိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ် စောင့်ရှောက်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်း များ၊ ပြည်သူ့ကျန်းမာရေးအတွက်အရေးပါသော ဆေးဝါးထုတ်လုပ်မှုကဏ္ဍ၊ ချည်မျှင်နှင့် အထည် အလိပ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများ၊ ခေတ်မီနည်းပညာနှင့် ဒီဂျစ်တယ် ဝန်ဆောင်မှုလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ်အတွက် ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ စသည့်အဓိကကဏ္ဍများကို အသေးစိတ်အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ကြပါသည်။
ယခုခရီးစဉ်အတွင်း ချမှတ်ခဲ့သည့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုမူဝါဒ၏ ထူးခြားသော ဝိသေသမှာ စီးပွားရေးတွက်ခြေကိုက်မှု တစ်ခုတည်းကိုသာ ရှေ့တန်းတင်ခြင်းမဟုတ်ဘဲ ရေရှည်တည်တံ့မည့် ကမ္ဘာမြေပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုပါ ပူးတွဲထည့်သွင်းစဉ်းစားထားခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံ အကြား တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပေါ်ထွန်းလာစေရန်နှင့် “Ecology and Economy Balancing (သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးဟန်ချက်ညီညီ ထိန်းညှိခြင်း)” မူဝါဒကို အလေးထား ဆောင်ရွက်သွားကြရန် နှစ်ဦးနှစ်ဖက် သဘောတူဆွေးနွေးခဲ့ကြပါသည်။
၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင်ကျင်းပခဲ့သည့် မြန်မာ–အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲသည် ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံ၏ အားသာချက်ဖြစ်သော ကုန်းမြေတံတားအခန်းကဏ္ဍကိုအသုံးချ၍ ကဏ္ဍစုံစီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် လမ်းစဖွင့်ပေးနိုင်ခဲ့ပါသည်။ ထို့ပြင် စီးပွားရေးတိုးတက်မှုနှင့်အတူ သဘာဝပတ်ဝန်းကျင်ကိုပါ ဟန်ချက်ညီညီ ထိန်းညှိသွားမည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ကတိကဝတ်ကိုပါ ခိုင်ခိုင်မာမာ ကမ္ပည်းတင်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင် အလွန်တရာ အနှစ်သာရပြည့်ဝသော ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ဖြစ်ပါသည်။
ခေတ်မီနည်းပညာ၊ စက်မှုလယ်ယာနှင့် အခြေခံအဆောက်အအုံ မြှင့်တင်ရေးပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်များ
မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား တည်ရှိပြီးသား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် ယခုအခါ ကုန်သွယ်မှုအဆင့်မှ ခေတ်မီနည်းပညာများဖလှယ်ရေး၊ စွမ်းအင်စီမံခန့်ခွဲမှုနှင့် အကြီးစားအခြေခံအဆောက်အအုံ တိုးချဲ့တည်ဆောက်ရေးကဏ္ဍများအထိ လက်တွေ့ကျကျ ကူးပြောင်းအကောင်အထည်ဖော်လာနေပြီဖြစ်ပါသည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ထိပ်တန်းလုပ်ငန်းစုကြီးများအကြား ပြုလုပ်ခဲ့သည့် နည်းပညာနှင့် စက်မှုကဏ္ဍဆိုင်ရာ ဆွေးနွေးမှုများသည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အရှိန်အဟုန်ကို ဖန်တီးပေးနိုင်ခဲ့ပါသည်။
နည်းပညာနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအဖြစ် မျက်မှောက်ခေတ်တွင် အလွန်အရေးပါလာသည့် စွမ်းအင်စီမံခန့်ခွဲမှုစနစ် (Energy Management) ဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရန်အတွက် အိန္ဒိယနိုင်ငံ၏ ထိပ်တန်းစွမ်းအင်နည်းပညာ သုတေသနအဖွဲ့အစည်းကြီးဖြစ်သော NTPC Energy Technology Research Alliance (NETRA) နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် ကမ္ဘာ့ရေစီးကြောင်းဖြစ်သည့် လျှပ်စစ်ကဏ္ဍနှင့် လျှပ်စစ်ကား (Electric Sector/EV) ဆိုင်ရာ နည်းပညာအကူးအပြောင်းတွင် မြန်မာနိုင်ငံအနေဖြင့် ရှေ့တန်းမှပါဝင်လာနိုင်ရေး၊ ပြည်တွင်းစက်မှုလုပ်ငန်းများတွင် စွမ်းအင်ကိုထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် နိုင်ငံတကာစံနှုန်းဖြစ်သော ISO 50001 အခြေခံစနစ်များ ကျင့်သုံးနိုင်ရေးတို့အတွက် အိန္ဒိယ နိုင်ငံထံမှနည်းပညာအကူအညီများရယူနိုင်မည့် အခွင့်အလမ်းများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။
စိုက်ပျိုးရေးအခြေခံ စက်မှုကဏ္ဍနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် မြန်မာနိုင်ငံ၏ အဓိကကျောရိုးဖြစ်သော စိုက်ပျိုးရေးကဏ္ဍတွင် ခေတ်မီစက်မှုလယ်ယာစနစ် (Mecha-nized Agriculture) သို့ အောင်မြင်စွာကူးပြောင်းနိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၏ နာမည်ကြီးလယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်ရေးလုပ်ငန်းစုကြီးဖြစ်သည့် VST Group ၏ ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာ (Proposal) များနှင့်ပတ်သက်၍ အလေးထားဆွေးနွေးခဲ့ကြပါသည်။
လယ်ယာသုံးထွန်စက်များနှင့် အဆင့်မြင့်လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်မှုတွင် နည်းပညာချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို မိတ်ဖက်ကောင်းပီသစွာ ဆွေးနွေးနိုင်ခဲ့ပါသည်။
တစ်ပြိုင်တည်းမှာပင် ပြည်တွင်းကုန်ထုတ်လုပ်မှုဆိုင်ရာ အရည်အသွေးများ မြှင့်တင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးဆိုင်ရာ ဓာတ်ခွဲခန်းများ (ဥပမာ - နို့၊ ဒိန်ချဉ်နှင့် အစားအသောက်ဆိုင်ရာ SME Labs) တည်ထောင်နိုင်ရေးနှင့် ပြည်တွင်းစားသောက်ကုန်များ၏ အစားအသောက် အာမခံချက်အဆင့်အတန်း (Food Safety Standards) မြှင့်တင်ရေးတို့တွင် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးနိုင်ခဲ့ပါသည်။
အခြေခံအဆောက်အအုံနှင့် ဘက်စုံစက်မှုကဏ္ဍ တိုးမြှင့်ရေးအတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုမြန်ဆန်ချောမွေ့လာစေရန် အိန္ဒိယနိုင်ငံ၏ ကမ္ဘာ့အဆင့်မီ အခြေခံအဆောက်အအုံ လုပ်ငန်းစုကြီးဖြစ်သော Adani Group နှင့် ပူးပေါင်းဆောင်ရွက်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် တာဝန်ရှိသူများသည် ရေကြောင်းကုန်သွယ်မှုကို အထောက်အကူပြုမည့် ဆိပ်ကမ်းများဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီဆန်းသစ်သော ကုန်စည်ပို့ဆောင်မှုစနစ် တည်ဆောက်ရေး၊ အထူးစီးပွားရေးဇုန် (Special Economic Zone) ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအလားအလာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် နှစ်နိုင်ငံအကြား စက်မှုကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်လာစေရေးအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူဘောင်များနှင့်အညီ အပြန်အလှန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် သဘောတူညီခဲ့ကြပါသည်။
နည်းပညာ၊ စွမ်းအင်၊ စက်မှုလယ်ယာနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဆွေးနွေးချက်များသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလက်တွေ့ကျပြီး အနှစ်သာရရှိသော အဆင့်သို့ ရောက်ရှိစေခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ ထိပ်တန်းလုပ်ငန်းစုကြီးများဖြစ်သော NETRA ၊ VST Group နှင့် Adani Group တို့ကဲ့သို့သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ MSME ကဏ္ဍ၊ စက်မှုလယ်ယာကဏ္ဍနှင့် ဒီဂျစ်တယ်နည်းပညာကဏ္ဍများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ခိုင်မာသော လမ်းကြောင်းသစ်များကို ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ခရီးစဉ်၏ ထူးခြားသော ရလဒ်များနှင့် အနာဂတ်အလားအလာ
နိုင်ငံတော်သမ္မတကြီး၏ အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သည် နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို တစ်ပြိုင်နက်တည်း ထိတွေ့နိုင်ခဲ့သည့် ဘက်စုံမဟာဗျူဟာမြောက်ခရီးစဉ်တစ်ရပ်အဖြစ် အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီ ဖြစ်ပါသည်။ ယခုခရီးစဉ်သည် အနာဂတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် အလွန်တရာအလားအလာကောင်းသော လမ်းစများကို ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။ ဤခရီးစဉ်၏ ဆွေးနွေးမှုများအရ နှစ်နိုင်ငံလုံး နှစ်ဦးနှစ်ဖက်အကျိုးရှိ (Win-Win) သော အကျိုးရလဒ်များ ရရှိခံစားနိုင်ရေးအတွက် အပြန်အလှန်ရှိရင်းစွဲ အားသာချက်များကို စနစ်တကျ ပေါင်းစပ်အသုံးချသွားရန် လမ်းပွင့်ခဲ့ပါသည်။
အထူးသဖြင့် အိန္ဒိယနိုင်ငံဘက်၌ရှိသော ခေတ်မီနည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုအလားအလာ၊ အဆင့်မြင့်ငွေကြေးစနစ်နှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများနှင့် မြန်မာနိုင်ငံဘက်၌ရှိသော ကြွယ်ဝသည့် သဘာဝသယံဇာတ၊ ပထဝီဝင်အနေအထားအရ တည်နေရာအချက်အချာကျမှု၊ တက်ကြွသော လူငယ်လုပ်သားအင်အားနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံအားသာချက်များကို ပေါင်းစပ်အသုံးချခြင်းဖြင့် နှစ်နိုင်ငံအကျိုးတူ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့် ဖော်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။
ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်ရေး၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ချိတ်ဆက်မှုများ၊ ကုန်သွယ်မှုတိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုအသစ်များ ဖိတ်ခေါ်ရေးသာမက နည်းပညာနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင်ပါ အရေးပါလှသော လမ်းကြောင်းသစ်များကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ ထို့ကြောင့် နှစ်နိုင်ငံ ပြည်သူများအတွက် ရေရှည်အကျိုးစီးပွားကို ဖြစ်ထွန်းစေမည့် ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးခြားပြောင်မြောက်သော သမိုင်းဝင်မှတ်တိုင်တစ်ခုအဖြစ် ကမ္ပည်းမော်ကွန်းတင်ထိုက်ပါကြောင်း လေးနက်စွာတင်ပြလိုက်ရပါသည်။ ။
