ဘွဲ့နှင်းသဘင်ခန်းမထဲက ဝတ်တော်ရုံဘွဲ့တေးဂီတ
အမိရန်ကုန်တက္ကသိုလ်ကြီး အသက်တစ်ရာပြည့်ချိန်တွင် ကျွန်တော်သည် အသက် ၈၀ ပြည့်ပြီး ဖြစ်နေပါသည်။ အမိတက္ကသိုလ်နှင့် ကျွန်တော်သည် အသက် ၂၀ မျှသာ ကွာသဖြင့် အတန်းပညာအစဉ်အတိုင်းတွက်လျှင် ၁၉၆၀ ပြည့်နှစ်တွင် တက္ကသိုလ်ဘွဲ့ရရမည် ဖြစ်သည်။ သို့သော် ကျွန်တော်၏ ပညာရေးဘဝက ဤသို့ မဖြစ်ခဲ့ပါ။
အတန်းကျောင်းမရှိသည့် ကျေးတောရွာတွင် မွေးဖွားလာပြီး စာသင်ချိန်ရောက်တော့ ဘုန်တော်ကြီး ကျောင်းပညာရေးနှင့် နပန်းလုံးခဲ့ရသည်။ ၁၉၅၂ ခုနှစ် ရွာတွင် မူလတန်းကျောင်းဖွင့်တော့ ကျွန်တော့်အသက် ၁၂ နှစ်ရှိနေပြီ။ သူငယ်တန်းတက်၍ အဆင်မပြေနိုင် တော့ပါ။ အဘိုးဖြစ်သူက ရန်ကုန်သို့ပို့၍ ဘုန်းကြီးကျောင်း တွင် နေထိုင်ရပြီး အလွတ်ပညာသင်ကျောင်းတက်ရသည်။ အသက် ၁၆ နှစ်အထိ အတန်းပညာ မရှိသေးပါ။ ထိုအချိန် ကာလက အစိုးရစစ်စာမေးပွဲများကို အလွတ်ဖြေခွင့် ရှိသဖြင့် ၁၉၅၆ ခုနှစ် သတ္တမတန်း အစိုးရစစ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ နှစ်ချင်းပေါက် အောင်မြင်ပါသည်။
ဟယ်ရီတန်ခုနစ်တန်း
ဖြစ်ပုံမှာ ထိုစာမေးပွဲ ဒုတိယနေ့ နံနက်ပိုင်း အထွေထွေသိပ္ပံဘာသာရပ်တွင် မေးခွန်းပေါက်ကြား ခဲ့ပါသည်။ ပေါက်လိုက်သမှ မေးခွန်းက “သည်၏” မလွဲ ဖြစ်ပါသည်။ ကျွန်တော် ဗဟန်းအစိုးရအထက်တန်း ကျောင်းတွင်ဖြေရရာ ဒုတိယအချိန်မှာ အင်္ဂလိပ်စာ ဖြစ်ပါသည်။ မေးခွန်းပေါက်သောသတင်းထည့်သည်မှာ ဗဟန်းအထက်တန်းကျောင်း (ဘေးစည်းရိုးခြားလျက်)ရှိ “ဗမာ့ခေတ်သတင်းစာတိုက်” ဖြစ်သည်။ အင်္ဂလိပ်စာ ဖြေဆိုရန် ခေါင်းလောင်းမတီးသဖြင့် စာဖြေခန်းမဝင် ကြရဘဲ ၁၂ နာရီခွဲလောက်အထိ ကျောင်းဝင်း ထဲမှာပင် ရှိနေကြရာ ကျောင်းသားအုပ်စုကြီးက ကျောင်းရှေ့မှ ဖြတ်ပြီး“ဗမာ့ခေတ်သတင်းစာတိုက်” ဂိတ်ပေါက်ကို ရိုက်ချိုးဝင်ရောက်ကာ ဖျက်ဆီးကြသည်။ ဤတွင် ကျောင်းသားထုနှင့် ရဲများ ပဋိပက္ခဖြစ်ပွားရာမှ “ကျောင်းသားဟယ်ရီတန်” ဗဟန်း အ.ထ.က ရှေ့ ဘောင်ဒရီလမ်းပေါ်တွင် ကျဆုံးသည်။ စာမေးပွဲဆက်မဖြေ ကြရတော့ပေ။ ထိုညတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက “ဖြေဆိုသူကျောင်းသားအားလုံး စာမေးပွဲ အအောင်ပေး ကြောင်း” ရေဒီယိုမှ ကြေညာသည်။ ထို့ကြောင့် ကျွန်တော် သည် “ဟယ်ရီတန်ခုနစ်တန်း” ဟု နာမည်ကြီးသော သတ္တမတန်းအောင်၍ အတန်းရကျောင်းသား ဖြစ်ခဲ့သည်။
အလွတ်ပညာသင်ကျောင်းဆက်တက်၍ ၁၉၅၈ ခုနှစ်တွင် Matriculation ခေါ် တက္ကသိုလ်ဝင်တန်း ဖြေပါ သည်။ စာမေးပွဲအောင်စာရင်းကို “မက်ထရစ်ကူလေးရှင်း” နှင့် School Leving Certificate ကျောင်းထွက်လက်မှတ် ရဟု နှစ်မျိုးခွဲခြားထုတ်ပြန်ရာ ကျွန်တော့်မှာ ကျောင်းထွက် လက်မှတ်ရ စာမေးပွဲသာ အောင်ပါသည်။ အလုပ်ခွင် ဝင်ခွင့်ရှိသော်လည်း တက္ကသိုလ်တက်ခွင့်မရှိပါ။ တက္ကသိုလ်တက်ခွင့်ရရန် နောက်နှစ်တွင် “အင်္ဂလိပ်+ မြန်မာ”နှစ်ဘာသာတည်း ဖြေရပါမည်။ တက္ကသိုလ်နှင့် ဝေးချင်သောကျွန်တော် ထိုနှစ်ဘာသာကို မအောင်ခဲ့ပါ။ ဖြေဆိုခွင့်မှာ တစ်ကြိမ်မျှသာဖြစ်၍ ဆက်ဖြေလျှင် နောက်နှစ် ဘာသာစုံဖြေရပါမည်။ ကျွန်တော်ရုံးစာရေး ဝင်လုပ်ပြီး ဆက်မဖြေတော့သဖြင့် တက္ကသိုလ်ပညာနှင့် တော်တော်အလှမ်းဝေးသွားပါတော့သည်။
၁၉၆၅ ခုနှစ်တွင် “လူငယ့်ရေးရာ ညကျောင်း” များဖွင့်လေရာ စဖွင့်သည့်နှစ်မှာပင် ညကျောင်းတက်၍ ဖြေဆိုအောင်မြင်သဖြင့် “လုပ်သားများကောလိပ်” (စနစ်သစ်) ပညာရေးတွင် တက်ရောက်ပညာသင်ယူပါသည်။ ရန်ကုန်တက္ကသိုလ်လက်အောက်ခံ ညကောလိပ်သို့ ရောက်သဖြင့် တက္ကသိုလ်နှင့် နီးလာခဲ့ပါပြီ။ မြန်မာစာ အဓိကယူ၍ ဘွဲ့ရရန် ငါးနှစ်တာမျှ တက်ရပါသည်။
အမိတက္ကသိုလ်၏ ရင်ခွင်သို့ စတင်ဝင်ရောက်
၁၉၇၀ ပြည့်နှစ်တွင် နောက်ဆုံး(ပဉ္စမ) နှစ် တက်ရောက်စဉ် ‘ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်’နှင့် ကြုံပါသည်။ အမိတက္ကသိုလ် ရွှေရတု (နှစ် ၅၀) ပွဲကို နွှဲရပါသည်။ ပထမနှစ်မှစ၍ စနေနေ့တိုင်း ရန်ကုန် တက္ကသိုလ်စာကြည့်တိုက် ဝင်ရပါသည်။ အမိတက္ကသိုလ် ၏ ရင်ခွင်သို့ စတင်ဝင်ရောက်ခိုလှုံရပါသည်။
နောက်ဆုံးနှစ်ကို ကြိုးစားဖြေရာ အောင်စာရင်းမှာ F1 ခေါ် ရန်ကုန်တက္ကသိုလ်သို့ M.A တိုက်ရိုက်တက်ခွင့်နှင့် QII ခေါ် နှစ်နှစ်ဆက်လက်ဖြေဆိုပြီးမှ တက်ရောက်ခွင့် နှစ်မျိုးရှိရာ ကျွန်တော်မှာ QII စာရင်းမှ အောင်ပါသည်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ၁၉၇၂ ခုနှစ် ဘွဲ့နှင်းသဘင်တက်ရောက်၍ ဝိဇ္ဇာဘွဲ့(မြန်မာစာ) ယူခဲ့ ပါသည်။ ထိုအချိန်တွင် ကျွန်တော်အိမ်ထောင်ကျပြီး ကလေး နှစ်ယောက်ရနေပါပြီ။ ၁၉၅၈-၁၉၅၉ ခုနှစ်က တစ်ခါလွဲခဲ့ ရသော ရန်ကုန်တက္ကသိုလ်သည် ယခုလည်း လက်တစ်ကမ်း မှာပင် ရှိနေပါသေးလားဟု ခံပြင်းစိတ်ဖြင့် လုပ်သားများ ကောလိပ်တွင် M.A တက်နိုင်ရန် နှစ်နှစ်ဆက်၍ Qualify ထိုင်လိုက်ပါသည်။ ၁၉၇၃ ခုနှစ် M.A Qualify ဖြစ်သွား သော်လည်း ရုံးလုပ်ငန်းများကြားမှတက်ရန် အခါမသင့် သေးသဖြင့် ငါးနှစ်တာမျှ ကြန့်ကြာသွားပါသေးသည်။
ကဲ-သည်လောက်နီးလာမှတော့ အရဖမ်းကိုင်တော့ မည်ဟု ကြုံးဝါး၍ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ ဒေါ်သန်းဆွေနှင့် တွေ့ပါသည်။ ဆရာတပည့် အနေဖြင့် သိကျွမ်းပြီးဖြစ်သော ဆရာမကြီးက “ဝန်ထမ်း ဖြစ်နေလို့ ဌာနအကြီးအကဲ၏ ခွင့်ပြုချက်လိုသည်” ဆိုသဖြင့် ညွှန်ကြားရေးမှူး၏ ထောက်ခံစာကို ယူပေး ရသည်။ ၁၉၇၈-၁၉၈၀ နှစ်နှစ်တက်ပြီး M.A Thesis ရေးရာ တွင် “အချိုးကဗျာလေ့လာချက်” ခေါင်းစဉ်ဖြင့် ရေးသား ခွင့်ရပါသည်။ ထိုကာလက မြန်မာစာ M.A တွင် စာပေ ၁၅ ယောက်နှင့် ‘ဘာသာ’တွင် ကျောင်းသား ၄၀ ခန့်ရှိပါသည်။ ၁၉၈၄ ခုနှစ်တွင် M.A Literature ဘွဲ့ကို ရရှိပါသည်။
မြန်မာဆိုင်းဝိုင်းကြီးမှ တေးသွားတစ်မျိုး
ကျွန်တော်သည် ၁၉၇၂ ခုနှစ် ဝိဇ္ဇာဘွဲ့၊ ၁၉၈၄ ခုနှစ် မဟာဝိဇ္ဇာဘွဲ့ယူရာတွင် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ဘွဲ့နှင်းအပ်ပွဲကို နှစ်ကြိမ်ကြုံခဲ့ရသည်။ ဘွဲ့နှင်းသဘင် ခန်းမကြီးအတွင်း ဘွဲ့ဝတ်စုံကိုယ်စီဖြင့် ဘွဲ့ယူကြရန် အသင့်ရှိနေကြသော ကျောင်းသား ကျောင်းသူများသည် ဘွဲ့နှင်းသဘင်အခမ်းအနား စတင်မည့်အချိန်ကို စောင့်နေ ကြသည်။ အခမ်းအနားစ၍ ပါမောက္ခချုပ်နှင့် ဌာနအသီးသီး မှ ပါမောက္ခ/ ဌာနမှူးများ ခန်းမအတွင်းဝင်သည်နှင့် ဘွဲ့ယူမည့်သူများအားလုံး မတ်တတ်ရပ်ကြရသည်။ ထိုအချိန်တွင် ခန်းမအတွင်း ခင်းကျင်းထားသော မြန်မာဆိုင်းဝိုင်းကြီးမှ တေးသွားတစ်မျိုးကို တီးမှုတ်ရာ ခန်းမအတွင်းသို့ ဦးဆောင်လှမ်းဝင်လာသော ပါမောက္ခ ချုပ်နှင့် နောက်မှ လိုက်ပါလာကြသော ပါမောက္ခ/ဌာနမှူး များ၏ ခြေလှမ်းများမှာ ဖြည်းညင်း ညင်သာလှသည်ကို တွေ့ရသည်။ သတိပြုမိသည်မှာ ခြေလှမ်းများသည် ဆိုင်းဝိုင်းတီးလုံး၏ ‘ဝါးလတ်’ စည်းကျနှင့် ကိုက်ညီ နေခြင်းဖြစ်သည်။ ထို့ပြင်လည်း ကြွလှမ်းလာကြသော ပါမောက္ခချုပ်နှင့် နောက်ပါများ၏ တည်ငြိမ်သော ကျက်သရေ၊ ဆိုင်းဝိုင်းကြီးမှ တီးမှုတ်သော ဂီတသံစဉ်၏ မင်္ဂလာရှိမှုတို့ ပေါင်းစပ်ကာ ကြည့်ရှုနားဆင်နေကြသော ပရိသတ်၏ရင်ကို ပီတိအဟုန်ဖြင့် ရွှန်းစိုနှစ်သိမ့်ရသည်မှာ မင်္ဂလာတစ်ပါးပင် ဖြစ်ပါပေသည်။
ကျွန်တော့်ရင်ကို ဤနှယ်ပင် ဖမ်းစား
ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာနမှူးများ စင်မြင့် ပေါ်သို့ ရောက်ရှိ အသီးသီးနေရာယူနေကြစဉ်တွင်လည်း ထိုပီတိအဟုန်သည် တသိမ့်သိမ့်ခံစားနေရဆဲ ဖြစ်သည်။ အားလုံးနေရာယူလိုက်ပြီး၍ ဆိုင်းဝိုင်းမှ တီးကွက် ရပ်သွားသည်အထိ ခံစားနေရသည်မှာ ထူးခြားလှပါသည်။ ကျွန်တော်သည် ယခု ဒုတိယအကြိမ် မဟာဝိဇ္ဇာဘွဲ့ ယူခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၁၂ နှစ် ဝိဇ္ဇာဘွဲ့ယူစဉ် ကလည်း သည်မြင်ကွင်း၊ သည်ဆိုင်းဝိုင်းကြီး တေးသွား သည် ကျွန်တော့်ရင်ကို ဤနှယ်ပင် ဖမ်းစားခဲ့ပါသည်။
မဟာဂီတသီချင်းကြီးအဆိုကို ဘွဲ့၊ ကြိုး၊ ပတ်ပျိုး၊ ယိုးဒယားစသည် တက်ခဲ့ဖူး၍ ဤဘွဲ့နှင်းသဘင်တွင် တီးမှုတ်သောဂီတသည် မဟာဂီတသီချင်းထဲက ကြိုးလော၊ ဘွဲ့လောဟု တွေးတောမိပါသည်။ အကယ်၍ နှစ်ကြိမ်မျှနှင့်ဆိုလျှင် ကျွန်တော့်ရင်မှ ခံစားမှုပျောက်ပြယ် သွားနိုင်သည်။ သို့သော် ကျွန်တော်သည် ဤဘွဲ့နှင်း သဘင်ခန်းမ၊ ဤမြင်ကွင်း၊ ဆိုင်းဝိုင်းကြီး၏ တီးမှုတ်သံတို့ တွေ့မြင်ခံစားခဲ့ရသည်မှာ ၁၁ ကြိမ်ရှိခဲ့ပြီး၍ ရင်ဝယ် မပြယ်ပျောက်နိုင်လောက်အောင် စွဲမြဲခဲ့ရပေသည်။
ကျွန်တော်သည် သားသမီးငါးဦး ပွားစီးခဲ့၍ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း သူတို့တစ်ဦးစီ ဘွဲ့ယူကြသည်က ငါးကြိမ်၊ ထိုအထဲမှ လေးယောက်က ဘွဲ့လွန်ဒီပလိုမာ ယူကြသည်က လေးကြိမ်၊ ကျွန်တော်က နှစ်ကြိမ်ဖြစ်ပါသည်။ ကျွန်တော့်ကို ဘွဲ့နှင်းသဘင် ဆိုင်းဂီတသံက တစ္ဆေခြောက်ပါတော့သည်။ သိချင် စိတ်ကို မျိုသိပ်မရသဖြင့် မဟာဂီတသမားကို မေးသည်။ ဟိုမေးသည်မေးနှင့် သဲလွန်စတစ်ခု ရလိုက်သည်။ “မဟာဂီတထဲက ဝတ်ရုံတော်ဘွဲ့ကြိုး တေးသွား” ဟု ဆိုကြသည်။ ဟုတ်ပဟဆိုကာ စာအုပ်စင်တွင်ရှိသော မဟာဂီတစာအုပ်များကို ထုတ်လိုက်တော့-
၁။ နိုင်ငံတော်မူ မဟာဂီတ
၂။ မြန်မာသီချင်းကြီး တစ်ဆယ့်ငါးပုဒ်အဖွင့်
၃။ မဟာဂီတပေါင်းချုပ်ကျမ်း
၄။ ဂီတဝိသောဓနီကျမ်း
၅။ နန်းထွက်မဟာဂီတ
၆။ ဂီတသိပ္ပံအခြေခံ
စသည့် မဟာဂီတ ခြောက်အုပ် ထွက်လာ သည်။
ရှာကြည့်သည့်အခါ တွေ့ရသည်မှာ ‘ဝတ်တော်ရုံကြိုး’ ဖြစ်ပါသည်။ ဝတ်ရုံတော်မဟုတ်ပါ။ မဟာဂီတပေါင်းချုပ် ကျမ်းက ငါးပုဒ် ပြပါသည်။ ဂီတဝိသောဓနီက တစ်ပုဒ်၊ နန်းထွက်က ငါးပုဒ်၊ ဂီတသိပ္ပံက ခုနစ်ပုဒ် စသည်ပြပါ သည်။ ယင်းသို့ဆိုလျှင် မဟာဂီတ၊ ဝတ်တော်ရုံကြိုးများမှ သီချင်းတီးကွက် သေချာပြီ။ သို့သော် မည်သည့်အပုဒ် ဆိုသည်ကို မပြောနိုင်ပါ။ ရင်ထဲတွင် လိပ်ခဲတည်းလည်း ဖြင့် နှစ်အတန်ကြာနေခဲ့ရာမှ ရန်ကုန်တက္ကသိုလ် ရာပြည့်နှစ်မတိုင်မီ လေးနှစ်အလို ၂၀၁၆ ခုနှစ်တွင် ပြေလည်သွားပါတော့သည်။ ဖြေရှင်းလိုက်သူမှာ “မဟာ ဂီတပညာရှင် စာရေးဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့” ဖြစ်ပါ သည်။ ကျွန်တော့်ထက် အသက် နှစ်နှစ်မျှငယ်၍ ချစ်ခင် စွာ ‘အစ်ကိုလေး’ဟုခေါ်သော ရွှေကူနန်းနွဲ့နွဲ့က သူပြုစု ထားသော ‘‘မဟာဂီတများ လေ့လာချက် (၂၀၁၆၊ ဇန်နဝါရီထုတ်)”ကို လက်ဆောင်ကမ်းလာခြင်း ဖြစ်ပါသည်။
သူ့စာအုပ်တွင် “ဘွဲ့နှင်းသဘင်နှင့် ဝတ်တော်ရုံ သီချင်း၏ သမိုင်းတစ်စ” ကဏ္ဍတစ်ခု ပါလာသည်။ သေချာသွားသည်မှာ ဘွဲ့နှင်းသဘင်အခမ်းအနားသုံး ဝတ်တော်ရုံသီချင်း ‘မှန်ညောင်သဉ္ဇာ’ ဟူသတည်း။ မှန်ညောင်သဉ္ဇာကို မဟာဂီတပေါင်းချုပ်နှင့် နန်းထွက် မဟာဂီတတို့က“ကြိုး”ဟုဆို၍ ဂီတသိပ္ပံအခြေခံက “ဘွဲ့” ဟု ဆိုပါသည်။ မည်သို့ဆိုစေ ထိုတေးသွားသည် ဘွဲ့နှင်း သဘင်အခမ်းအနားကို ကျက်သရေရှိစေကာ ဘွဲ့နှင်း ပရိသတ်၏အာရုံကို ဆွဲဆောင်ပီတိပွားစေသည်ကို ဘွဲ့နှင်း သဘင်တက်ဖူးသူတိုင်း သိရှိခံစားရမည်ဖြစ်ပါသည်။
ပထမဆုံး ဘွဲ့နှင်းသဘင်ကျင်းပ
မြန်မာနိုင်ငံကို ဗြိတိသျှတို့ အုပ်စိုးပြီး ၃၅ နှစ်အကြာ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကို တည်ထောင် ဖွင့်လှစ်ပြီး ၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပထမဆုံး ဘွဲ့နှင်းသဘင်ကျင်းပသည်။ ဒုတိယကမ္ဘာစစ် အတွင်း ရန်ကုန်တက္ကသိုလ်ကို ပိတ်ထားရပြီး ၁၉၄၅ ခုနှစ် စစ်ပြီးကာလလောက်တွင် ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်သော်လည်း ဘွဲ့နှင်းသဘင်မကျင်းပနိုင် ကြောင်း သိရသည်။ လွတ်လပ်ရေးရပြီးနောက် ရန်ကုန် တက္ကသိုလ်နှင့်အတူ အခြားတက္ကသိုလ်များ ပေါ်ပေါက် လာပြီး ရန်ကုန်ဆေးတက္ကသိုလ်တွင် ဒေါက်တာဘသန်း ပါမောက္ခချုပ်ဖြစ်လာသည်။ ပါမောက္ခချုပ် ခွဲစိတ် ဆရာဝန်ကြီး ဒေါက်တာဘသန်းမှာ မဟာဂီတကို သင်ယူကာ ကိုယ်တိုင်ပတ္တလားတူရိယာကို ကျွမ်းကျင်စွာ တီးခတ်နိုင်သူဖြစ်သည်။ သူ၏ဂီတဆရာမှာ မြန်မာညွန့် ဦးချစ်မောင်နှင့် ဒေါ်အောင်ကြည်တို့ဖြစ်သည်။ ဆရာ ဆရာမကြီးတို့၏ သားတပည့်မှာ မောင်ရည်နွယ် (နောင်- ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်ပါမောက္ခ) ဖြစ်သည်။
တစ်နေ့ ဆရာ ဆရာမကြီးဆီသို့ ဒေါက်တာဘသန်း ရောက်လာပြီး ‘ကျွန်တော် မောင်ရည်နွယ်ကို တာဝန် ကြီးကြီးပေးစရာရှိလို့ ဆေးကျောင်းကိုထည့်လိုက်ပါ’ဟု ဆိုသည်။ ဒေါ်အောင်ကြည်က ‘ဘယ်လိုတာဝန်မျိုးများလဲ ကိုဘသန်းရယ်’ဆိုတော့ ဒေါက်တာဘသန်းက ဤသို့ ရှင်းပြပါသည်-
“ကျွန်တော်စိတ်ကူးလေးတစ်ခုရှိလို့ဗျာ။ ကိုလိုနီ ခေတ်ကတော့ ဘွဲ့နှင်းသဘင်မှာ ‘ဘင်ခရာ’တီးဝိုင်းနဲ့ ကျင်းပခဲ့ကြတာပဲ။ အခုလွတ်လပ်ရေးခေတ်မှာ ကိုယ့်ရဲ့ မြန်မာမဟာဂီတကို ဖော်ထုတ်ရမယ်။ ဘွဲ့နှင်းသဘင်ကို ကျက်သရေရှိရှိလေး နားဝင်ချိုတဲ့ မြန်မာ့မဟာဂီတ သံလေးနဲ့ လုပ်ချင်တဲ့စိတ်ကူးပါ။ မြန်မာဘုရင်များ လက်ထက်က လွှတ်တော်တက်ဖို့ ဝန်ကြီးများ ဝတ်ရုံ အဆောင်အယောင်ဝတ်ဖို့ ပြင်ဆင်တဲ့အချိန် တီးမှုတ်ခဲ့ကြ တဲ့ ‘ဝတ်တော်ရုံဘွဲ့’သီချင်းတေးသွားနဲ့ ကျင်းပချင်တယ်။ ဒီတေးသွားကို မောင်ရည်နွယ်ရဲ့ ပတ္တလားတစ်လုံးတည်းနဲ့ တီးခတ်ဖို့အတွက်ပါ။ အဲဒီတာဝန်ပါပဲ”
“အင်မတန် လျော်ကန်သင့်မြတ်လှပါတယ်ကွယ်။ မောင်ရည်နွယ်ရဲ့ ပတ္တလားလက်သံနဲ့ စိတ်ကြည်နူးဖွယ် ဘွဲ့နှင်းသဘင်အခမ်းအနားကြီးအဖြစ် အများနှစ်ခြိုက် ကြည်နူးဖွယ်ရာ ဖြစ်မှာပါ။ ဆရာကြီးစိတ်တိုင်းကျ ဖြစ်အောင် သားက ကြိုးစားဆောင်ရွက်ပါ”
ဆရာကြီးနှင့် ဆရာမကြီးတို့သည် မောင်ရည်နွယ်အား ဆေးတက္ကသိုလ်သို့ ထည့်လိုက်လေသည်။ ဆရာဦးရည်နွယ် က ဆရာမရွှေကူနန်းနွဲ့နွဲ့ကို ပြောပြချက်များအရ ဤသို့ သိရပါသည် -
ထိုစဉ်က ဦးရည်နွယ်သည် အသက် ၂၀ မပြည့်တတ် သေးပါ။ သို့သော် သူပိုင်နိုင်စွာတတ်ကျွမ်းသော ပတ္တလား တူရိယာဖြင့် ဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်မှာ တီးခတ် ရမည်ဆိုတော့ ဝမ်းသာအားရဂုဏ်ယူစွာ လုပ်ဆောင်ခဲ့သည်။ “မှန်ညောင်သဉ္ဇာ” ဧည့်ခံတီးလုံးကို နှုတ်ဖြင့်ပြပြီး စည်းဝါး များကို မှတ်သားစေသည်။ “စည်း”နှင့် ရသည်ဟုလည်း ဆိုသည်။ စည်းတစ်ချက်တွင် ခြေတစ်လှမ်းသာ လှမ်းရသည်။ ပါမောက္ခချုပ် ဆရာကြီးဒေါက်တာဘသန်း အပါအဝင် ဘွဲ့နှင်းသဘင်တက်မည့် ပါမောက္ခ၊ ဌာနမှူး၊ ကထိက အားလုံး ခြေလှမ်းတီးလုံး တိုက်ရသည်။ ခြေတစ်လှမ်းချင်း ဖြည်းဖြည်းညင်းညင်းလှမ်းလာကြသော ပါမောက္ခချုပ်နှင့် အဖွဲ့ဝင်များ အလွန်ကျက်သရေရှိလှကြောင်း ဦးရည်နွယ် က ဆိုပါသည်။
စာရေးမည့်ဆရာမ ရွှေကူနန်းနွဲ့နွဲ့က မေး၊ ဆရာ ဦးရည်နွယ်က ဖြေ စသည်တွင် အောက်ပါတို့ကို သိရ ပါသည်-
စတင်ပြုလုပ်သည့် အချိန်သည် ၁၉၆၀ ပြည့်နှစ်အလွန် ဖြစ်ပေမည်။ အခြားတူရိယာမပါဘဲ ပတ္တလားတစ်လက် တည်းဖြင့် တီးခတ်ခဲ့ရသည်မှာ ဘွဲ့နှင်းသဘင် အကြိမ် ၂၅ ကြိမ်အထိ တီးခတ်ရသည်။ ဆေးတက္ကသိုလ်က ယင်းသို့ တီးခတ်သည်ကို အခြားတက္ကသိုလ်များက ကြားကြ၊ သိကြသောအခါ မှန်ညောင်သဉ္ဇာ မဟာဂီတဘွဲ့သီချင်း တေးသွားကို ဘွဲ့နှင်းသဘင်အခမ်းအနားတွင် တီးမှုတ် ကြလေသည်။ ရန်ကုန်တက္ကသိုလ်က ဘွဲ့နှင်းသဘင်ကြီး ပိုမိုသိုက်မြိုက်မြိုင်ဆိုင်အောင် ဆိုင်းဝိုင်းကြီး ခင်းကျင်း၍ တီးမှုတ်လေသည်။ ရွာစား စိန်မြင့်ခိုင်ဆိုင်းဝိုင်းဟု သိရ သည်။ မဟာဂီတတေးသံ၏ ငြိမ့်ညောင်းသာယာမှု၊ လျှောက်လှမ်းလာကြသော ပါမောက္ခချုပ်နှင့် ပါမောက္ခ/ ဌာနမှူးစသည်တို့၏ ဘွဲ့ဝတ်ရုံမျိုးစုံတို့၏ တင့်တယ် ကျက်သရေရှိမှုတို့မှာ ဘွဲ့နှင်းသဘင်၏ ဂုဏ်သရေကြီးမြတ်မှု ဖြစ်ပါသည်။ ယဉ်ကျေးမှုအနုပညာတက္ကသိုလ်တွင်မူ ဘွဲ့နှင်း သဘင်၌ ဆိုင်း၊ စောင်း၊ ပတ္တလား၊ နှဲစသည့် တူရိယာ အစုံတီးမှုတ်သည်ဟု ဆိုပါသည်။
မှန်ညောင်သဉ္ဇာမဟာဂီတသီချင်းကို မဟာဂီတ ပေါင်းချုပ်ကျမ်းက ‘ဝတ်တော်ရုံ ကြိုး’၊ နန်းထွက်မဟာဂီတ ကျမ်းက ‘နန်းဘွဲ့ဝတ်တော်ရုံကြိုး’၊ ဂီတသိပ္ပံအခြေခံက ‘ဝတ်တော်ရုံဖွဲ့ကြိုး’၊ ဂီတဝိသောဓနီကျမ်းက‘ဘွဲ့’သီချင်းများတွင် ထည့်၍လည်းကောင်း တွေ့ရပါသည်။ သီချင်း စာသားကို မဟာဂီတပေါင်းချုပ်ကျမ်းကို ‘မူ’ထား၍ပြပါမည်။
မှန်ညောင်သဉ္ဇာ-ညီလာပတ်ဝန်းမြိုင်x
ခညောင်းသဘင် ဥကင်မြင့်ရဝေဆိုင် (၁)x
ကြိုင်ကြိုင်လေသင်းလှိုင် (၂) မွှေးပျံ့ထုံx
ပန်းစုံတော်ရင်းဆီက-နှင်းနှင်းသော်က
မြတ်စူကာ(၃) ညွတ်ကာဖူးရလေx ညွတ်ကာ
ချပ်လွှာ ဝတ်ညှာသင်းပျံ့-ပန်းမင်းသက
မဉ္ဇူညှာ စုံစွာဖူးရလေ(၄)
မှတ်ချက်
၁။ ဦးကင်မြင့်ဝေယံပိုင်(နန်းထွက်)
၂။ ကြိုင်ကြိုင်သင်းလှိုင်(ဂီတသိပ္ပံ)
၃။ ပန်းမင်းသက မြတ်စူကာ (နန်းထွက်)(ဂီတသိပ္ပံ)
နှင်းနှင်းမြတ်လေးဇီဇဝါ(ဂီတသိပ္ပံ)
၄။ စုံစွာဖူးလှလေ(ဂီတသိပ္ပံ)
မှန်ညောင်သဉ္ဇာ မဟာဂီတသီချင်းကို “ကြိုးလား” “ဘွဲ့လား” ဝိဝါဒဖြစ်မှုကို ဆရာကြီး ဦးရည်နွယ်က ဤသို့ ရှင်းပြပါသည်။
“ကြိုးလား၊ ဘွဲ့လား အငြင်းပွားကြတာမှန်ပါတယ်။ ဘွဲ့သီချင်းလို ဆိုတာရှိသလို ကြိုးသီချင်းလို ဝါးလတ်စည်းနဲ့ သီဆိုတီးမှုတ်တာလည်း ရှိတယ်။ ဂီတမိခင်ကြီး အလင်္ကာကျော်စွာ ဒေါ်စောမြအေးကြည်ကတော့ ‘ဘွဲ့’ သီချင်းဖြစ်ကြောင်း အတည်ပြုပြောကြားတာကို မှတ်သားသိရှိထားပါတယ်။ ဂီတနယ်ပယ်မှာတော့ ကြိုးသီချင်းလို သီဆိုတီးမှုတ်ကြတာကို အများဆုံးကြားရ ပါတယ်။ မြန်မာ့မဟာဂီတဟာ နန်းတွင်းကလာတဲ့ နန်းတွင်းအနုသုခုမပညာဖြစ်လို့ ထီးဟန်၊ နန်းဟန်၊ ထီးနန်းအသံတွေနဲ့ ထုံမွမ်းထားတဲ့ ကျက်သရေ မင်္ဂလာ ရှိတဲ့ တီးကွက်ဆိုကွက်တွေ ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကြီးထဲဝယ် ဝိဇ္ဇာ-သိပ္ပံဘွဲ့၊ မဟာဘွဲ့၊ ဒေါက်တာဘွဲ့၊ ဒီပလိုမာဘွဲ့ ဝတ်ရုံများ ခြုံလွှမ်းဆင်မြန်းကာ မြန်မာ့ဂီတအနုပညာ “မှန်ညောင်သဉ္ဇာ” တေးဂီတကို ငြိမ့်ညောင်း သာယာစွာ နားသောတဆင်လျက် မိမိတို့၏ သင်ယူတတ်မြောက်ပြီး ဖြစ်သော ပညာရပ်များဖြင့် အမိနိုင်ငံတော်အကျိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေသတည်း။
(မှန်ညောင်သဉ္ဇာ ဝတ်တော်ရုံ မဟာဂီတနှင့် ဘွဲ့နှင်းသဘင်အကြောင်းရေးသားခွင့်ပြုသော မဟာဂီတ ပညာရှင်၊ စာရေးဆရာမရွှေကူနန်းနွဲ့နွဲ့ကို ကျေးဇူး အထူးတင်ပါသည်။)
ဦးစိန်လှိုင်(မဟာဝိဇ္ဇာ)

ကိုးကားစာအုပ်များ
၁။ ကုန်းဘောင်ပရမေပတ်ပျိုးကြီး၊ မြန်မာသံစဉ် ခုနစ်ပါး၊ မဟာဂီတတေးများ လေ့လာချက်နှင့် ကိုယ်တိုင်ရေးသီ တေးပန်းချီ ပူဇော်ဂုဏ်ပြုဤစာစု၊ ရွှေကူနန်းနွဲ့နွဲ့၊ ဇန်နဝါရီ၊ ၂၀၁၆။
၂။ မဟာဂီတပေါင်းချုပ်ကြီး၊ ဆရာကြီးဦးပြုံးချို၊ သတ္တမပုံနှိပ်ခြင်း၊ နိုဝင်ဘာလ၊ ၁၉၇၇။
၃။ နန်းထွက်မဟာဂီတကျမ်းကြီး၊ စန္ဒရားဆရာ မြိုင်ကြီး။
၄။ ဂီတာလင်္ကာရဒီပနီခေါ် ဂီတသိပ္ပံအခြေခံ၊ ဗေလုဝ ဆရာတင်၊ နိုဝင်ဘာလ၊ ၁၉၆၈။
၅။ ဂီတဝိသောဓနီကျမ်း၊ ဒီးဒုတ်ဦးဘချို၊ ပထမအကြိမ်၊ ၁၉၂၄ ခုနှစ်။