အလွမ်းဖွဲ့သော လွမ်းဖွယ့်တက္ကသိုလ်

၂၀၂၀ ပြည့် ဒီဇင်ဘာလ။
ဪ ရန်ကုန်တက္ကသိုလ်ကြီးပင် နှစ် ၁၀၀ ပြည့် (ရာပြည့်) တိုင်ခဲ့ပါပြီကော။ ကိုယ့်အသက်သည်လည်း ၇၀ အတွင်း ချင်းနင်း ဝင်ခဲ့ပြီကိုး။
ဟိုးလွန်ခဲ့တဲ့ နှစ် ၅၀၊ တက္ကသိုလ်ရွှေရတုသဘင် နှစ်မှာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကြီးကို စတင်ခြေချ ဝင်ရောက်ခွင့် ရပါတယ်။ စက်မှု၊ စိုက်ပျိုးရေး၊ ပညာရေး၊ စီးပွားရေး၊ ဆေး ၁ ၊ ဆေး ၂ ၊ တိမွေးကု၊ ဆေးတက္ကသိုလ်-မန္တလေး၊ မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် စသည်ဖြင့် တက္ကသိုလ်ကြီး ၁၀ ခုကို ၁၉၆၄ ခုနှစ်မှာ ခွဲထုတ်လိုက်ပြီး ခြောက်နှစ်အကြာ စနစ်သစ် ပညာရေး အသားကျစ ပြုနေချိန်ပေါ့။ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ ဝိဇ္ဇာပညာရပ်ကိုးမျိုးနဲ့ သိပ္ပံပညာရပ်ခုနစ်မျိုးကိုသာ သင်ကြားပေးပါတော့တယ်။
အင်းလေးပိုးပုဆိုးနဲ့ တက္ကသိုလ်ကျောင်းသား
၁၀ တန်းအောင်ချက်က ၁၀၀ မှာ ၁၃ ယောက် လောက်အောင်တဲ့ခေတ်မှာ ကျွန်တော် ၁၀ တန်း အောင်ခဲ့ပြီး တက္ကသိုလ် ဝင်ခွင့်ရပြီဆိုတော့ ရပ်ကွက် လိပ်ပြာတောင်ပြည်သူ့ဆိုင်မှာ တိုက်ပုံချုပ်ဖို့ တက် ထရက်တစ်စနဲ့ အင်းလေးပိုးလုံချည်တစ်ထည် ဝယ်ခွင့် ရပါတယ်။ ပြည်သူပိုင်သိမ်းထားတဲ့ပစ္စည်းတွေ ထင်ရ တာပါပဲ။ အထက်တန်းကျောင်းသားဘဝက တိုက်ပုံမီးခိုး ရောင်နဲ့ ကျောင်းစိမ်းလုံချည်၊ အင်္ကျီဖြူဝတ်ခဲ့ရတဲ့ ကျွန်တော်ဟာ ဂျပန် တက်ထရက်တိုက်ပုံ စဝတ်ရပြီလေ။ လုံချည်၊ အင်္ကျီရှားပါး လှတဲ့ခေတ်မှာ အင်းလေးပိုးပုဆိုးနဲ့ တက္ကသိုလ်ကျောင်းသားလေ။
ဇွန်လ ၁ ရက်နေ့ဟာ တက္ကသိုလ်တွေ စဖွင့်တဲ့နေ့ပါ ပဲ။ မိုးတွင်းကြီးပေါ့။ ခေါက်ထီးဆိုတာက ပေါ်စရှိပြီး ဆင်ကြယ် ဂျပန်ဖိနပ်စီးနိုင်ရင် ပြည်တွင်းဖြစ် လက်ဝါး ‌ရော်ဘာဖိနပ်စီးနိုင်သူကြား ဂုဏ်ခံလို့ ရတဲ့ခေတ်လေ။ ခြောက်သွေ့တဲ့နေ့ဆို စောင်းကောက်တံဆိပ် မန္တလေး ဖိနပ်နဲ့ပေါ့ခင်ဗျာ။
တက္ကသိုလ် စတက်မယ့်နေ့မှာ ငွေဖလားထဲ သပြေ ခက်နဲ့ ပညာရေးအောင်မြင်ဖို့ ခေါင်းရေဆွတ်တာ ခံလိုက် ရသေးတယ်။
တောင်ဥက္ကလာပကနေ နံပါတ် ၇ ဘတ်စ်ကား ဗိုက်ပူကြီးကို ကုက္ကိုင်းထောင့်အထိစီး၊ အဲဒီကမှ အခု ပန်းခြံလုပ်ထားတဲ့ နေရာလေးကိုဖြတ်ကာ တက္ကသိုလ် ရိပ်သာလမ်းအစက နံပါတ် ၁၆ ဟီးနိုးကားလေးတွေကို ၁၀ ပြားပေးစီး၊ တက္ကသိုလ်ဓမ္မာရုံရှေ့ဆင်းကာ အမရ ဆောင်ရှေ့ဝင်းတံခါး ဟတတကနေဝင်ပြီး ရာမညဆောင် ဆိုတာကို ပတ်လျှောက်ရတယ်။ ဝိဇ္ဇာသမား ပထမနှစ် တွေက ရာမညဆောင်မှာ တက်ရတာပါ။ တချို့လည်း အမရဆောင် ထင်တယ်။ သိပ္ပံသမားတွေက မန္တလေး ဆောင်။ ရာမညဆောင်က ပြည်လမ်းပေါ်ရှိတယ် ပြောရ ပါမယ်။ ကမာရွတ်ရဲစခန်းကို မျက်နှာပြုထားပါတယ်။ ရာမညဆောင်ရဲ့ ဘယ်ဘက်ခပ်လှမ်းလှမ်းလောက်မှာက တက္ကသိုလ်ရဲ့အသည်းကျော် ဦးချစ်လက်ဖက်ရည် ဆိုင်လေးက သစ်ပင်အုပ်အုပ် တွေကြားမှာ ရှိပါတယ်။ လှမ်းမမြင်ရပါဘူး။
R.1 ဆိုတာ
တက္ကသိုလ် စတက်ရတဲ့နေ့မှာ ပထမဆုံး စကြုံရတဲ့ ပြဿနာက ကျောင်းတက်ချိန် အချိန်စာရင်း မကူးတတ် တာပါ။ ရာမညဆောင်မြေညီထပ် နံရံကပ်မှန်ပုံးကြီးထဲ ကပ်ထားတဲ့အချိန်စာရင်းကို ကြည့်ပြီး R.1 ဆိုတာ ရှာရ သေး။ ကိုယ့်လိုမြန်မာစာအဓိကသမားချင်းအုပ်ဖွဲ့၊ ယောင် တောင်ပေါင်တောင်ပေါ့ခင်ဗျာ။ R.1 ဆိုတာ ရာမညအခန်း ၁ ကိုပြောတာပါ။ အခန်းက အတော်လေး ကျယ်ပြီး ရှည်ပါ တယ်။ ကျောင်းသားကျောင်းသူက ၂၀၀ ကျော်ပါတယ်။ မြန်မာစာ တစ်ခုတည်းနော်။ ၇ နာရီခွဲ ကျောင်းတက်ချိန်ကို မနက် ၆ နာရီခွဲကတည်းက ရောက်နေတဲ့ ကျွန်တော်တို့ ပျော်တပြုံးပြုံး စိတ်တလှုပ်ရှားရှားနဲ့ပေါ့။ အတန်းထဲ ခုံနေရာက ဦးရာလူဝင်ထိုင်နေကြတာ။ ဆရာလည်း ဝင်လာရော ပြိုင်တူမတ်တတ်ရပ်ပြီး မင်္ဂလာပါလို့ ထအော် ကြတော့တာပါပဲ။ ဆရာက ကောလိပ်ဂျင်နေဝင်းစတိုင်မျိုး ပါပဲ။ ဆရာဦးတင်အောင်ပါ။ မင်္ဂလာပါလို့ နှုတ်ဆက်ဖို့ မလိုကြောင်း ဆရာက ပြောပေမယ့် နောက်ရက်တွေလည်း ၁၁ နှစ်၊ ၁၂ နှစ်လောက် အထက်တန်းကျောင်းသား အကျင့် ပါနေတဲ့ ကျွန်တော်တို့ မင်္ဂလာပါအော်သံ မပျက်ခဲ့ပါဘူး။ ပထမရက်လောက် မများတာဘဲ ရှိပါတယ်။ နောက်ပိုင်းကျမှ တစ်စတစ်စနှုတ်ဆက်သံ ပါးသွားတာပါ။ မတ်တတ်ရပ် အရိုအသေပြုတဲ့ အကျင့်ကတော့ နောက်ဆုံးနှစ်အထိ မပျက်ခဲ့ကြပါဘူး။ လူကြီးမိဘ ဆရာသမား အပေါ်ထားတဲ့ မြန်မာ့ယဉ်ကျေးမှုဓလေ့လေးပါ။
မြန်မာစာဘာသာရပ်အပြင် ပထဝီဝင်၊ ဒဿနိက၊ အင်္ဂလိပ်စာ၊ ပါဠိ၊ သမိုင်းဘာသာရပ်တွေပါ တွဲသင်ရပါ တယ်။ ရာမညဆောင်အောက်ထပ်မှာပဲ R.3 တို့၊ R.4 တို့ တစ်ချိန်နဲ့တစ်ချိန်မတူဘဲ အခန်းပြောင်းသင်ရတာဟာ တက္ကသိုလ်ရဲ့ ထူးခြားချက်ပေါ့ခင်ဗျာ။ တစ်နှစ်လုံးနေ့စဉ် တစ်ခန်းတည်းမှာပဲသင်ခဲ့ရတဲ့ ကျွန်တော်တို့အတွက် အစိမ်း အသစ်ခံစားချက်ပါ။
အပင်ထက်မှာလည်း ရဲရဲဝေ
အတန်းမရှိတဲ့အချိန် တက္ကသိုလ်ထဲ လျှောက်လှည့် ကြည့်ကြပါတယ်။ မိုးစဲထားပေမယ့် မြေပြင်က စိုစိုစွတ်စွတ် ရှိတုန်းပါ။ စိန်ပန်းပွင့် နီနီရဲရဲကြီးတွေ ကြွေနေလိုက်တာများ တချို့အပွင့်မပျက်ပါဘူး။ အပင်ထက်မှာလည်း ရဲရဲ ဝေနေတာပါပဲ။ အထူးအဆန်းမို့ ကောက်မိပါတယ်။ တချို့ မိန်းကလေးတွေဆို ပန်လို့များတောင် ထားလိုက်သေး။ “ကျောင်းဖွင့်ချိန် စိန်ပန်းတွေလည်း မြေမှာကြဲပြန့်နေ” ဆိုတဲ့ သီချင်းထဲက အတိုင်းပါပဲလား။
မြောက်ကြွားကြွား၊ မောက်ကြွားကြွားနိုင်တဲ့ မောင်သစ်လွင်၊ မယ်သစ်လွင်ဆိုတဲ့ ကျွန်တော်တို့ဟာ တောသားမြို့ ရောက်ဆိုတဲ့အတိုင်း မြို့စတိုင် တက္ကသိုလ် ကျောင်းသားကျောင်းသူစတိုင်တော့ ဣန္ဒြေရရ မရှိမှာ သေချာပါတယ်။ ဆောင်းတဲ့ ထီး၊ လွယ်တဲ့လွယ်အိတ်၊ စီးတဲ့ဖိနပ်အထိ အသစ် ကျပ်ချွတ်သမားတွေ များတယ်လေ။ ဘာဖြစ်ဖြစ် ပျော်နေတယ်ဗျာ။
ကျွန်တော်တို့ရဲ့ မိခင်ဌာနဖြစ်တဲ့ မြန်မာစာဌာနက တောင်ငူဆောင် အပေါ်ဆုံးထပ်မှာပါ။ အဲဒီ တောင်ငူဆောင် ဆိုတာကလည်း မန္တလေးဆောင်၊ အမရဆောင်၊ ရာမညဆောင်တို့နဲ့ ကျောချင်းဆိုင်အဆောင်ပါ။ မန္တလေး ဆောင်က အဓိပတိလမ်းကို မျက်နှာပြုတယ်။ ကျောင်းသားသမဂ္ဂနေရာနဲ့ မျက်နှာချင်းဆိုင်။ ရာမညက ပြည်လမ်းပေါ် ကမာရွတ်ရဲစခန်းမျက်နှာပြု။ တောင်ငူ ဆောင်ကတော့ ဒဂုံလမ်းကလေးပေါ် ဒဂုံဆောင် မျက်နှာပြု။ အဲဒီတောင်ငူဆောင် အလယ်ထပ်တစ်ဝက်ကို မြန်မာစာဌာန ထားပါတယ်။ ကျန်တစ်ဝက်ကိုတော့ မနုဿဗေဒဌာနက ယူပါတယ်။ အောက်ထပ်မြေညီ တစ်ထပ်လုံးနီးပါးက အင်္ဂလိပ်စာဌာနနေရာတွေပါ။ မြေညီအစွန်က T . 1 , T . 2 ကိုတော့ စာသင်ခန်းတွေ အဖြစ် ထားပါတယ်။ ဒုတိယနှစ်ကျတော့ အဲဒီအခန်းတွေ မှာ သင်ရပါတယ်။ မြန်မာစာဌာနက ဆရာမလေးတွေ ရိုးရိုးယဉ်ယဉ်ပေမယ့် အင်္ဂလိပ်စာဌာနက ဆရာမလေး တွေကတော့ လှလှဆန်းဆန်းလေးတွေပါ။ ဆရာမ ဒေါ်နွဲ့ယဉ်ဝင်းတို့ ခေတ်ပေါ့ခင်ဗျာ။
ကဗျာ စာစောင်လေးတွေ ရေးဖြစ် ရောင်းဖြစ်
စာရေးဆရာဖြစ်ချင်လို့ မြန်မာစာယူခဲ့တဲ့ ကျွန်တော်ဟာ လက်ဦးဆရာ ဦးတင်အောင်ကလည်း မြန်မာစာကျောင်းသားတွေ စာရေးဖို့ အားပေးတိုက်တွန်း တော့အခန့်သင့်ပါတယ်။ သူလည်း မောင်ရေခဲ နာမည်နဲ့ စာရေးတဲ့အကြောင်း၊ စာရေးဖြစ်ရင် သူ့ကိုပြဖို့ အကြောင်းပြောတော့ တအားပေါ့ခင်ဗျာ။ ရာမည ဆောင်မှာလည်း ပန်းဖလက်လို့ခေါ်တဲ့ ကဗျာစာခေါက် လေးတွေ၊ ကဗျာစာအုပ်လေးတွေ တစ်မတ်၊ ငါးမူးနဲ့ လာရောင်းတာရှိ ဝယ်ပါတယ်။ စာသင်ခန်းထဲလည်း ဆရာမဝင်ခင် လာရောင်း တတ်ကြပါတယ်။ အတန်းကြီးသမားတွေပေါ့။ နောက်နှစ်တွေကျ ကျွန်တော်တို့လည်း ကဗျာဝယ်သူအဖြစ်ကနေ ရောင်းလည်းရောင်း၊ ဝယ်လည်းဝယ်ဘဝ ရောက်ပါတော့တယ်။ အားကျမခံ အတုမြင်အတတ်သင်ပြီး ဖရောင်းစက္ကူပေါ် ကညစ်နဲ့ရေး စာကူးစက်နဲ့လှည့်ကာ လေးခေါက်ခေါက်ရတဲ့ ကဗျာ စာစောင်လေးတွေ ရေးဖြစ် ရောင်းဖြစ်ပါတယ်။ စာရေး သူအဖြစ်၊ ထုတ်ဝေသူအဖြစ်၊ စတဲ့ ဖိနပ်ချွတ် (ခွေး ကတက်) လေးပေါ့ဗျာ။
 
ပညာရွှေအိုး
လူမခိုး နတ်မခိုး။
ကြည့်လိုက်ပါလမ်းတစ်လျှောက်
မောက်မောက်ဖြိုးဖြိုး။ ။
အဓိပတိလမ်း ဆိုတာကြီးက တက္ကသိုလ်ရိပ်သာ လမ်းမ ဂိတ်တံခါးကြီးဆီကနေလှမ်းကြည့်ရင် ဘွဲ့နှင်း ဆောင်ကို ဦးခိုက်ပြီး ဆုံးပါတယ်။
ဂိတ်တံခါးအုတ်ခုံတိုင်ကြီးတွေမှာ သေနတ်ကျည် ပေါက်တွေများ ရှိဦးလေမလားလို့ အနီးကပ်ကြည့် ဖူးတယ်။ ၆၂ ဆဲဗင်း ဇူလိုင်မှာ သွေးစွန်းခဲ့တဲ့နေရာလို့ ဖတ်ဖူးခဲ့တာကိုး။ သံကြိုးနဲ့ ဆွဲဖွင့်ခံခဲ့ရပါတယ်ဆိုတဲ့ တံခါးကြီးနဲ့ အုတ်တိုင်ခုံတွေကတော့ ထီမထင်ပုံပါပဲ။ တံခါးပေါ်က သံပန်းနဲ့ဖော်ထားတဲ့ ကောက်ကြောင်းခြင်္သေ့ နှစ်ကောင်ဟာ ဘွဲ့နှင်းဆောင်က ကြေးရုပ်လုံးပန်းပုခြင်္သေ့ တွေနဲ့ အချိုးတူပုံရတယ်။ ဒီတံခါးကြီးဟာ မြန်မာ ဟန်ဆန်ပြီး မြန်မာ့ရဲစွမ်းကို ပြခဲ့တာမို့ ခြင်္သေ့တံခါး လို့သာ အနွတ္တသညာနာမည်ပေးချင်ခဲ့တယ်။ ဒီတံခါး ကနေ ပညာသင်တို့ ဝင်ထွက်ကြတယ်။ ပညာသည်တို့ ဝင်ကြ ထွက်ကြတယ်။ ဘွဲ့နှင်းဆောင်ဆိုတဲ့ သိုက်ကြီးဆီ အရောက်သွားဖို့ တံခါးကြီးတွေလည်း ဖြစ်ပါတယ်။
ခြင်္သေ့နှစ်ကောင်
ဆောင်အယောင်အခံ့သား။
ပညာသည် ဥစ္စာပိုက်မည့်
သိုက်ဖွင့်တံခါး။ ။
ဒီတံခါးကနေ အဓိပတိလမ်းအတိုင်းဝင်ကာ ဘွဲ့နှင်း ဆောင်ရှေ့ပန်းခြံလေးကို ကျွန်တော် စက်ဘီးနင်းဝင်ခဲ့ ဖူးပြီးသားပါ။ ဆယ်တန်းအောင်ပြီးစက သူငယ်ချင်း တစ်ယောက်နဲ့အတူ တောင်ဥက္ကလာပကနေ ည ၇ နာရီ လောက် လာခဲ့ကြတယ်။ ငါတို့တက်ရမယ့်တက္ကသိုလ်ပဲ ဆိုတဲ့ တစ်ခုတည်းသောစိတ်နဲ့ ချီတက်ခဲ့ကြတာပါ။ နေ့ဘက်တော့ မဝင်ရဲခဲ့ပါ။ တက္ကသိုလ်ဆိုတဲ့ အဟန့်အရှိန် က ကျွန်တော်တို့လို ချာတိတ်များအဖို့ လန့်ထိတ်လောက် အောင် ရှိလှပါတယ်။ ဖမ်းလည်းဖမ်းစားနိုင်လွန်း လှပါတယ်။ ကောလိပ်ဂျင် ရုပ်ရှင်အစ သပိတ်မှောက် ကျောင်းသားဝတ္ထုအလယ် တက္ကသိုလ်ကျောင်းသူတစ်ဦး သီချင်းအဆုံး ကျွန်တော်တို့ကို ဖမ်းစားခဲ့တာကိုး။
ခုံတန်းလျားတွေကို မြင်ဖူးချင်ခဲ့တယ်။ တက္ကသိုလ် ခင်မောင်အေးက စတင်သုံးခဲ့တဲ့ ကံ့ကော်တော ဆိုတာကို ခိုဝင်ချင်ခဲ့တယ်။ ကံ့ကော်ပွင့်တွေကို ပွေ့ပိုက်ချင်ခဲ့တယ်။
မေတ္တာတွေခြုံ၊
လုံစေမယ့်တော။
စကားဖွဲ့သစ္စာတိုင်၏၊
ရာပြည့်စေသောဝ်။ ။
ကံ့ကော်တော ကဗျာတစ်စကို ရေးဖွဲ့ဖူးတယ်။
ကံ့ကော်တောဆိုတာ အခုတက္ကသိုလ် ဗဟိုစာကြည့် တိုက်ကြီး တည်နေရာနဲ့ အဓိပတိလမ်းစပ်အထိ မျက်နှာစာ နေရာပါ။ အပင်များစွာနဲ့အုပ်ဆိုင်းနေတဲ့ ကံ့ကော်တောပါ။ စာကြည့်တိုက်သစ်ကြီးအတွက် ၁၉၇၃ ခုနှစ်လောက်က ထင်ပါရဲ့ ခုတ်ထွင်ပစ်လိုက်ကြတယ်။ အဲဒီကံ့ကော် တောအုပ်လေးထဲမှာ ခုံတန်းလျားတွေရှိတယ်။ တက္ကသိုလ် ပရဝဏ်ထဲက အခြားနေရာလေးတွေမှာလည်း ရှိပါတယ်။ အင်္ဂတေအုတ်တိုင်ဒေါက်တွေကို ဆေးဖြူသုတ်ထားပြီး ကျောမှီနဲ့အခင်းက အစပ်မရှိတဲ့ ပျဉ်ချပ်တွေပါ မိုးပြာ ရောင်ဆေးတွေသုတ်ထားပါတယ်။ အနွမ်းဖြေ၊ အလွမ်းဖြေ စကားထွေတလာဆိုဖွဲ့ရာ နေရာလေးတွေပါ။ သူငယ်ချင်း တွေထိုင်ကြသလို ချစ်သူတွေလည်း ထိုင်ကြပါတယ်။ တစ်ယောက်တည်းဖော်မပါ ငေးငူကြတာလည်း ရှိပါတယ်။
သစ်ရိပ်ဝါးရိပ်၊
တိတ်တိတ်သာ ရွှင်ပျော်ပါး။
ဇာတ်တစ်ရာရင်မဖွင့်ဘဲ၊
ရင့်ကျက်သူများ။ ။
အဲဒီခုံတန်းလျားလေးတွေ ဖျက်သိမ်း၊ ဇာတ်လမ်းချုပ် သွားပုံလေးကလည်း နားကြားသတင်းအရဆိုရင် စိတ်မကောင်းစရာပါ။ ကြွက်မနိုင် ကျီမီးနဲ့ရှို့သလိုပါပဲ။ အဲဒီ ခုံတန်းလျားလေးတွေကို အဓိပတိလမ်းတစ်လျှောက် ရှေးပုံစံမပျက် ပြန်ထားလိုက်ရင် သိပ်လှသွားမယ်လို့ မြင်ယောင်မိပါတယ်။
ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်နှစ်မှာ တက္ကသိုလ် ရောက်ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကို တက်ခွင့်ရပြီး ၁၉၇၄ ခုနှစ်မှာပဲ ကျောင်းပြီးလို့ ဘွဲ့ရခဲ့ပါတယ်။
နောက်ဆုံးနှစ်အရောက်မှာ ကျွန်တော်နဲ့ တက္ကသိုလ် ကျော်ဝင်းမောင်ကို မြန်မာစာဌာန မြန်မာစာအသင်းက ကဗျာစာအုပ်လေး ထုတ်ပေးခဲ့ပါတယ်။ နှမပြာဝင်နေရစ်မင်း။ တက္ကသိုလ်ကို နှုတ်ဆက်ခဲ့တာပါပဲ။
တစ်ရာ့တစ်ဝက်၊
အသက်ပိုအလှညိုလည်း (လဲ)။
သားတစ်ဖြာ မြေးတစ်အုပ်နဲ့၊
ရုပ်နာမ်ပျိုမြဲ။ ။
ရန်ကုန်တက္ကသိုလ်ကြီး အသက် ၅၄ နှစ်တုန်းကပေါ့။ အခုတော့ နှစ် ၁၀၀ တင်းတင်းပြည့်နေတဲ့ အမေရာပြည့် တက္ကသိုလ်၊ အဘွားရာပြည့်တက္ကသိုလ်ကြီး ဖြစ်နေပါပြီ။
ဘယ်နှခါလွမ်းလွမ်း အလွမ်းကောင်းကောင်းနဲ့ လွမ်းမဝနိုင်တဲ့ လွမ်းဖွယ့်တက္ကသိုလ်ကြီးပါပဲ။ ။
ကိုရွှေသိမ်းမင်း
28
29