Skip to main content

လူငယ်နှင့် အခွင့်အလမ်းများ

သိန်းထွန်း (IR)

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေထွက်တဲ့ အချိန်က ကျောင်းသားလူငယ်အများစု ပျော်ရွှင်နေကြတာကိုတွေ့ရတော့ ကိုယ်တိုင်စာမေးပွဲအောင်သူ တစ်ယောက်လို အပျော်တွေ ကူးစက်ခဲ့ပါတယ်။

ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်က အရင်နှစ်တွေထက် ပိုကောင်းခဲ့ပါတယ်။ အောင်ချက် ရာခိုင်နှုန်းက ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိတဲ့အတွက် ဖြေဆိုသူကျောင်းသားတွေရဲ့ တစ်ဝက်ကျော် အောင်မြင်ကြတဲ့ သဘောပါ။ ကျန်တဲ့တစ်ဝက်နီးပါးက နောက်နှစ်တွေမှာ ဆက်ကြိုးစားကြရအုံး မယ်။ ဒီနှစ် မအောင်မြင်ခဲ့လို့ စိတ်ဓာတ်ကျစရာ၊ လက်လျော့အရှုံးပေးစရာ မဟုတ်ပါဘူး။ ကိုယ်ရဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ပြီး မလျော့တဲ့ဇွဲနဲ့ ဆက်ကြိုးစားနေဖို့ကသာ အဓိကပါ။ ဘဝမှာကိုယ် ကိုယ်တိုင်က အရှုံးမပေးသရွေ့ အခွင့်အလမ်းနဲ့ အောင်မြင်မှုတွေ ရှိနေအုံးမှာပါ။

တက္ကသိုလ်ဝင် စာမေးပွဲဆိုတာက လူငယ်တစ်ယောက်ရဲ့ ပညာရေးလမ်းကြောင်းပေါ်က စာမေးပွဲတစ်ခုပါပဲ။ လူငယ်တစ်ယောက်အတွက် ဘဝတစ်လျှောက်မှာ နောက်ထပ်စာမေးပွဲတွေ အများကြီးကြုံကြရအုံးမယ်။ အခုချိန်မှာတော့ ပညာသင်ယူလေ့လာနေတဲ့အချိန်ဆိုတော့ ပညာသင်ယူ တဲ့အခွင့်အလမ်းကိုပဲ အာရုံစိုက်ဖို့ လိုပါတယ်။ ငယ်စဉ်ချိန်မှာ ပညာရှာဆိုတဲ့စကားလိုပဲ၊ ငယ်စဉ်မှာ ပညာအခြေခံကောင်းခဲ့မှ ကျန်တဲ့ဘဝခရီးကို ဖြောင့်ဖြောင့်မတ်မတ် လွယ်လွယ်ကူကူလျှောက်လှမ်းနိုင်ဖို့ အခြေခံကောင်းတွေ ရရှိနိုင်ပါလိမ့်မယ်။ လူငယ်တစ်ယောက်ဟာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ဖို့၊ အခြားသူတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့၊ စဉ်ဆက်မပြတ်တိုးတက်ဖို့ဆိုရင် ပညာရေးအခွင့် အလမ်းတစ်ခုတည်းနဲ့တော့ မရနိုင်ပါဘူး။ ပညာသင်ယူနိုင်ခွင့်ဆိုတာက အခြားသော အခွင့်အလမ်းတွေ အများကြီးတွေထဲက တစ်ခုသာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ပညာသင်ရမယ့်အရွယ်ဖြစ်တဲ့အတွက် ပညာသင်ယူနိုင်တဲ့ အခွင့်အလမ်းကို အကောင်းဆုံးအသုံးချပြီး ဘဝတိုးတက်မှုကို ရှာကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘဝတိုးတက်ဖို့ ကြိုးစားရာမှာ သင်ယူနိုင်မှုအခွင့်အလမ်းအပြင် အခြားအခွင့်အလမ်းတွေ အများကြီးရှိပါသေးတယ်။ ကိုယ်လက်လှမ်းမီနိုင်တဲ့ အခွင့်အလမ်း၊ ကိုယ့်အတွက် အခွင့်သင့်လာတဲ့အခွင့်အလမ်း၊ ကိုယ်နဲ့ လက်လှမ်း ဝေးနေတဲ့ အခွင့်အလမ်းတွေဆိုတာလည်း သေချာပေါက် ကြုံတွေ့ရကြအုံးမှာပါ။

ကိုယ့်ရဲ့ ဘဝခရီးမှာ ကြုံလာရမယ့် ကိုယ်နဲ့အသင့်တော်ဆုံး၊ အကိုက်ညီဆုံးအခွင့်အလမ်းတွေကို အမိအရအသုံးချနိုင်ဖို့အတွက် ကိုယ့်ဘက်ကစဉ်ဆက်မပြတ်ကြိုးစားအားထုတ်မှု၊ လေ့လာဆည်းပူးမှုနဲ့ ကိုယ်ရည်ကိုယ်သွေးမြှင့်တင်မှုတွေ လုပ်ဆောင်ထားကြရမှာပါ။ ဒါဟာ တိုးတက်လိုတဲ့ လူငယ်တိုင်းအတွက် မဖြစ်မနေဖြတ်သန်းရမယ့် အဆင့်တွေပါပဲ။

လူငယ်တွေရဲ့ ဘဝအခွင့်အလမ်းနဲ့ပတ်သက်လို့ ကုလသမဂ္ဂ၊ ယူနက်စကို၊ အိုင်အယ်လ်အို၊ ကမ္ဘာ့ ဘဏ်၊ အိုအီးစီဒီ စတဲ့ကမ္ဘာ့အဖွဲ့အစည်းကြီးတွေက သုတေသနစာတမ်းတွေနဲ့ အစီရင်ခံစာတွေ အများအပြားထုတ်ဝေထားပါတယ်။ အဲဒီအစီရင်ခံစာတွေအရ လူငယ်တွေရဲ့ အခွင့်အလမ်းတွေထဲမှာဆိုရင်-

(၁) သင်ယူနိုင်မှုအခွင့်အလမ်း၊

(၂) အလုပ်အကိုင်အခွင့်အလမ်းနဲ့ စီးပွားရေးစတင်လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်း၊

(၃) ကျွမ်းကျင်မှုနဲ့ ဆန်းသစ်တီထွင်ဖန်တီးနိုင်မှု အခွင့်အလမ်း၊

(၄) ခေါင်းဆောင်မှုနဲ့ နိုင်ငံသားတစ်ယောက် အဖြစ် ပါဝင်နိုင်မယ့်အခွင့်အလမ်း၊

(၅) ကျန်းမာရေးနဲ့ လူမှုဘဝသာယာပျော်ရွှင်နိုင်မှုအခွင့်အလမ်း၊

(၆) တန်းတူညီမျှမှုနဲ့ အားလုံးပူးပေါင်းပါဝင် နိုင်မှုအခွင့်အလမ်း၊

(၇) နည်းပညာနဲ့ ကမ္ဘာကိုရင်ပေါင်တန်းနိုင်တဲ့ အခွင့်အလမ်းတို့ ပါဝင်ပါတယ်။

ဒါကြောင့်မို့ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့ အစည်းကြီးတွေက လူငယ်ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်တွေ၊ လူငယ်ရေးရာမူဝါဒတွေ၊ လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘဝတစ်သက်တာ သင်ယူနိုင်မယ့်လုပ်ငန်းစဉ်တွေကို အလေးထား လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။

သင်ယူနိုင်မှုအခွင့်အလမ်းထဲမှာဆိုရင် ကျောင်းတွင်း/ကျောင်းပြင်ပ ပညာသင်ယူနိုင်မှု၊ ပညာရေး လက်လှမ်းမီမှု၊ စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်မှုစတဲ့ သင်ယူနိုင်မှုတွေဟာ လူငယ်တွေအတွက် အခြေခံအကျဆုံးအခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ ပညာရေးဟာ ကမ္ဘာ့နေရာတိုင်းက လူငယ်တွေအတွက် အခြေခံအခွင့်အရေးဖြစ်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ပညာရေးအခွင့်အလမ်းနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နေတဲ့အကြောင်းအရာတစ်ခု တွေ့မိပါတယ်။ အဲဒါက တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ပြီး အဆင့်မြင့်ပညာဆက်လက် သင်ယူဖို့အခက်အခဲရှိနေတဲ့ လူငယ်တွေအကြောင်း ဖြစ်ပါတယ်။ ၂၀၁၆ တက္ကသိုလ်ဝင်တန်းကို မိသားစု အခက်အခဲတွေ ရှိနေတဲ့ကြားက ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့ကြပေမယ့် သူတို့ရဲ့ကြိုးစားအားထုတ်မှု၊ အရည်အချင်း၊ ရည်မှန်းချက်နဲ့ကိုက်ညီတဲ့ အဆင့်မြင့်ပညာတွေ၊ အဆင့်မြင့်တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ယူဖို့ ကြီးမားတဲ့ အခက်အခဲတွေနဲ့ရင်ဆိုင် နေရတာဟာ သက်ဆိုင်ရာလူငယ်တွေ အတွက်ရော၊ နိုင်ငံတော်အတွက်ပါ အရည်အသွေးမြင့်မားတဲ့ လူသားရင်းမြစ်မွေးထုတ်ရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခုလို့ မြင်မိပါတယ်။ ဒါဟာ နိုင်ငံသားတိုင်းပညာရေး လက်လှမ်းမီဖို့ဆိုတဲ့ ရည်မှန်းချက်အတွက် အကန့်အသတ်ဖြစ်နေသလားလို့ စဉ်းစားစရာပါ။

ယခုအခါမှာဆို ကျောင်းပြင်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားတဲ့ ကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်ရစေဖို့ Placement test အစီအစဉ်တွေ အကောင်အထည်ဖော်နေတာ တွေ့ရပါတယ်။ Placement test အစီအစဉ်ကြောင့် ကျောင်းပြင်ပရောက်သွားတဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်ရလို့ ပညာသင်ယူမှု အခွင့်အလမ်းရရှိကြသလိုပဲ တက္ကသိုလ်ဝင်တန်းမှာ ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ ကျောင်းသားတွေကိုလည်း သူတို့ရဲ့ပါရမီ၊ ကြိုးစားအားထုတ်မှု၊ အရည် အချင်းနဲ့ ရည်မှန်းချက်တွေနဲ့ကိုက်ညီတဲ့ အဆင့်မြင့် ပညာသင်ကြားနိုင်ခွင့် ရရှိရေးဟာ ပညာရေး လက်လှမ်းမီမှုတစ်ခုပါပဲ။

ထူးချွန်လူငယ်တွေကို လူရည်ချွန်စီမံကိန်းလိုမျိုး ပညာရေးအထူးအစီအစဉ်အနေနဲ့ ပံ့ပိုးပေးမယ် ဆိုရင် ထူးချွန်တဲ့လူငယ်တွေ ပညာသင်ယူခွင့်ဆုံးရှုံးသွားမှာကို ကာကွယ်နိုင်သလို အရည်အသွေးပြည့်ဝတဲ့ လူသားရင်းမြစ်တွေကိုလည်း မွေးထုတ်ပေးနိုင်မှာပါ။ ဒါဟာ လူငယ်တွေအတွက် ကြိုးစားရင်ကြိုးစားသလောက် ပညာရေးလက်လှမ်းမီမှုနဲ့ ပညာရေးအခွင့်အလမ်းရရှိစေတဲ့ သဘောဖြစ်ပါတယ်။ လူသားရင်းမြစ်မွေးထုတ်ရာမှာ အရည်အတွက် များများမွေးထုတ်နိုင်ဖို့အပြင် အရည်အချင်းပြည့်ဝပြီး ထူးချွန်တဲ့လူသားရင်းမြစ် မွေးထုတ်ရေးဟာလည်း အခြေခံကျတဲ့လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။

ပညာရေးအခွင့်အလမ်းလိုပဲ လူငယ်တွေဟာ အခြားအရေးပါတဲ့ အခွင့်အလမ်းတွေရရှိဖို့၊ အခွင့် အလမ်းတွေ လက်လှမ်းမီဖို့ လိုအပ်ပါတယ်။ အဲဒီအခွင့်အလမ်းတွေ ဟန်ချက်ညီနေမှ လက်တွေ့ကျတဲ့ တိုးတက်မှုကို တည်ဆောက်နိုင်မှာပါ။ ပညာရေးမှာ ထူးထူးချွန်ချွန်နဲ့ အောင်မြင်ပြီးမြောက်ပေမယ့် အလုပ်အကိုင်အခွင့်အလမ်းမရရှိတာ၊ တန်းတူညီ မျှမှုမရရှိတာ၊ တီထွင်ဖန်တီးနိုင်ခွင့်မရရှိတာ စတဲ့ကန့်သတ်ချက်တွေဟာ လူငယ်တွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုတွေဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ပြည်တွင်း / ပြည်ပ ဦးနှောက်ယိုစီးမှုတွေ ဖြစ်ပေါ်စေပါတယ်။ ကမ္ဘာအလုပ်သမားအဖွဲ့ကြီး (ILO) ရဲ့ အဆိုအရ ကမ္ဘာတစ်ဝန်းက လူငယ်တွေဟာ အလုပ်လက်မဲ့ပြဿနာနဲ့ ရင်ဆိုင်နေကြရပြီး နိုင်ငံ တွေအနေနဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးရေး (Skills Development) နှင့် Decent Work အခွင့်အလမ်းတွေ တိုးချဲ့ပေးသင့်ကြောင်း ဆိုပါတယ်။

လူငယ်ရဲ့သဘာဝဟာ မိမိဘဝတိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်းကို ရှာတတ်ကြပါတယ်။ သင်ယူမှုအခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ ဆန်းသစ်တီထွင်နိုင်မှုအခွင့်အလမ်းစတဲ့ အခွင့်အလမ်းတွေဟာ လူငယ်တွေကို ဆွဲဆောင်နိုင်တဲ့အပြင် တိုးတက်မှုကို ရရှိစေတဲ့အတွက် လူငယ်တွေရဲ့ဘဝတိုးတက်မှု၊ နိုင်ငံအတွက် လူသားရင်းမြစ် တိုးတက်မှု၊ နိုင်ငံစွမ်းအားတိုးတက်မှုတွေကို ရရှိစေ နိုင်ပါတယ်။ အိန္ဒိယနိုင်ငံသား စီးပွားရေးသိပ္ပံဆိုင်ရာ နိုဘယ်ဆုရှင်ပါမောက္ခ ဒေါက်တာ Amartya Sen က ဖွံ့ဖြိုးတိုးတက်မှုဆိုတာဟာ စီးပွားရေးတိုးတက်မှု ကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ လူတစ်ဦးချင်းစီရဲ့ အခွင့်အလမ်းတွေနဲ့ လွတ်လပ်စွာရွေးချယ်နိုင်ခွင့် တွေတိုးပွားလာခြင်းဖြစ်ကြောင်း ဆိုပါတယ်။ ဒါဟာ လူငယ်တွေအတွက် အခွင့်အလမ်းနဲ့ တိုးတက်မှုအကြား ဆက်နွှယ်မှုလို့ ဆိုနိုင်ပါတယ်။

လူငယ်တွေအတွက် အထက်မှာဖော်ပြခဲ့တဲ့ အခွင့်အလမ်းတွေ ပိုမိုလက်လှမ်းမီပြီး ထိရောက်မှု ရှိမယ်ဆိုရင် နိုင်ငံရဲ့လူသားရင်းမြစ်မွေးထုတ်ပေးရေးမှာ သာမကပါဘူး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာမှာ အကောင်းဆုံးအကျိုး ပြုနိုင်မှာပါ။ ဒါပေမယ့် အခွင့်အလမ်းတွေ ပိုမိုရရှိအောင်လုပ်ဆောင်တယ်ဆိုရာမှာ အခွင့်အလမ်းတစ်ခုတည်းကောင်းနေရုံနဲ့ မထိရောက်နိုင်ပါဘူး။

ပညာရေးအခွင့်အလမ်းတွေ ကောင်းပေမယ့် အလုပ်အကိုင်အခွင့်အလမ်းမရှိရင် မထိရောက်သလို၊ ထူးချွန်ထက်မြက်သူတွေရှိပေမယ့် ဆန်းသစ်တီထွင်နိုင်တဲ့ အခွင့်အလမ်းမရှိရင်လည်း ဦးနှောက်ယိုစီးမှု ဖြစ်ပေါ်နိုင်ပါတယ်။ ဒီကနေ့လို နယ်ပယ်အသီးသီးမှာ ဆန်းသစ်တီထွင်မှုတွေကြောင့် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေချိန်မှာ လူငယ်တွေအတွက် လူငယ်စွန့်ဦးတီထွင်မှုနဲ့ ဆန်းသစ်တီထွင်နိုင်တဲ့ အခွင့်အလမ်းတွေ ဖော်ဆောင်ပေးမယ့် အကောင်အထည် ဖော်မှုတွေ လိုအပ်ပါတယ်။

ဥပမာအားဖြင့် ကျွမ်းကျင်မှုဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်တဲ့အခါ သူနဲ့ ကိုက်ညီတဲ့အလုပ် အကိုင်မူဝါဒတွေလိုအပ်သလို အဲဒီမူဝါဒတွေကလည်း နိုင်ငံစီးပွားရေးလိုအပ်ချက်နဲ့ ကိုက်ညီဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအတွက် အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးရာမှာ ဟန်ချက်ညီတဲ့ အခွင့်အလမ်းဖော်ဆောင်မှုရှိမှ ကဏ္ဍတစ်ခုချင်းစီမှာ ထိရောက်တိုးတက်မှုရရှိနိုင်မှာ ဖြစ်ပါတယ်။

လူငယ်တွေရဲ့ အခွင့်အလမ်းတွေ ဖော်ဆောင်ရာမှာ စင်ကာပူနိုင်ငံမှာဆိုရင် လူငယ်ဖွံ့ဖြိုးတိုးတက် ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးကို ရေရှည်မဟာဗျူဟာတစ်ခုအဖြစ် ချမှတ်ထားပါ တယ်။ အဲဒီမဟာဗျူဟာ အကောင်အထည်ဖော်ရာ မှာလည်း ပညာရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတွေကို တစ်ခုနဲ့တစ်ခုချိတ်ဆက်အကောင်အထည်ဖော်တဲ့ စနစ်ကိုကျင့်သုံးလျက်ရှိပါတယ်။

စင်ကာပူနိုင်ငံရဲ့ Skills Future Singapore အစီအစဉ်ဟာ လူငယ်နဲ့ အရွယ်ရောက်ပြီးသူတွေ အတွက် ကျွမ်းကျင်မှု၊ အလုပ်အကိုင်၊ စွန့်ဦးတီထွင်မှု စတဲ့အခွင့်အလမ်းတွေရရှိအောင် လုပ်ဆောင်ပေးပါ တယ်။ ဒါကိုကြည့်ရင် လူငယ်တွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးရာမှာ ပညာရေး၊ အလုပ်အကိုင်၊ စီးပွားရေး၊ နည်းပညာ၊ စွန့်ဦးတီထွင်မှုနဲ့ လူမှုရေးရာတွေကို အပြန်အလှန်ချိတ်ဆက်ဆောင် ရွက်ထားတဲ့အတွက် လက်တွေ့ကျတဲ့ တိုးတက်မှု တွေရရှိနေတာကို တွေ့ရပါတယ်။

လူငယ်တွေအတွက် အခွင့်အလမ်းတွေ ဖော်ဆောင်ရာမှာ စိန်ခေါ်မှုတွေရှိနေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ လူငယ်မဟာဗျူဟာကို အကောင်အထည်ဖော်ရာမှာ ပြည်တွင်း/ ပြည်ပမှ သိသိသာသာလွှမ်းမိုးနေတဲ့အကြောင်းတရား ၁၁ ချက်ကို ဖော်ထုတ်ထားပါတယ်။ အဲဒီအထဲမှာ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဘဝအခြေအနေ၊ အလျင်အမြန်ပြောင်းလဲနေတဲ့ အလုပ်အကိုင် ဈေးကွက်တွေနဲ့ နည်းပညာအသစ်တွေ၊ စီးပွားရေးလမ်းကြောင်းပြောင်းလဲမှုတွေ၊ အကျပ်အတည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အဆက်မပြတ်ခြိမ်းခြောက် မှုတွေ၊ ရွှေ့ပြောင်းသွားလာမှုနဲ့ ဦးနှောက်ယိုစီးမှု၊ လူဦးရေပြောင်းလဲမှုနဲ့ အိုမင်းလာတဲ့လူဦးရေ၊ မျိုးဆက်တစ်ခုနဲ့တစ်ခုအကြား ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုများ၊ လူငယ်များအပေါ် အပျက်သဘောဆောင် တဲ့အခြေအနေများ၊ ပထဝီနိုင်ငံရေးဆိုင်ရာအကြောင်း တရားများ၊ လူ့အဖွဲ့အစည်းများ၏ တိုးတက်ပြောင်းလဲလာမှု စတာတွေ ပါဝင်တယ်လို့ Youth 2030 First Interim Review မှာဖော်ပြထားပါတယ်။

လူငယ်တွေအပေါ် လွှမ်းမိုးနေတဲ့ ဒီစိန်ခေါ်မှုတွေကိုကြည့်ရင် ရေတို၊ ရေရှည် ကိုင်တွယ်ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေအဖြစ် တွေ့ရပါတယ်။ ဒီစိန်ခေါ်မှုတွေက နိုင်ငံတစ်နိုင်ငံတည်း၊ ဒေသတစ်ခုတည်း၊ လူ့အဖွဲ့အစည်းတစ်ခုတည်းမှာဖြစ်နေတဲ့ အခက်အခဲတွေတော့ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားပြီး လူငယ်တွေရဲ့ အခွင့်အလမ်းကို ဖွင့်ပေးနိုင်မယ်ဆိုရင် နိုင်ငံရဲ့အနာဂတ်ကို တည်ဆောက်ပေးမယ့် အရေးကြီးဆုံးလူသားရင်းမြစ်တွေကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာကြီးမှာ စီးပွားရေးတိုးတက်မှု၊ လူမှုရေးတည်ငြိမ်မှု၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ ယှဉ်ပြိုင်နိုင်စွမ်းတွေဟာ လူငယ်တွေရဲ့ အရည်အသွေးနဲ့ အခွင့်အလမ်းများအပေါ် များစွာမူတည်နေပါတယ်။ ဒါကြောင့် လူငယ်တွေအတွက် အရည်အသွေးရှိတဲ့ ပညာရေး၊ ကျွမ်းကျင်မှု၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ လူမှုရေး ပါဝင်မှုနဲ့ တန်းတူညီမျှမှုဆိုင်ရာ အခွင့်အလမ်းတွေကို ဖန်တီးပေးရေးဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်နေပါပြီ။ ။