Skip to main content

ခေတ်မီ DEMU ရထားများဖြင့် ဝန်ဆောင်မှုသစ်ဆီသို့ ခြေလှမ်းလှမ်းလာသည့် မြန်မာ့မီးရထား

သယ်ယူပို့ဆောင်ရေးကဏ္ဍသည် ပြည်သူတစ်ဦးချင်း၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့နှင့် ဆက်စပ်နေသကဲ့သို့ နိုင်ငံအတွင်းရှိ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းသာယာဝပြောမှုများအပါအဝင် ကဏ္ဍအသီးသီးနှင့် ဆက်စပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ အထောက်အကူပြုမှုအားနည်းပါက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများအပါအဝင် ကျန်ကဏ္ဍအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုများကို ဆက်စပ်ထိခိုက်စေနိုင်ပါသည်။

သို့ဖြစ်ရာ လူသုံးကုန်၊ စားသောက်ကုန်များ၊ တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် သွင်းကုန်/ပို့ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဒေသအသီးသီးသို့ အမြောက်အမြားသယ်ပို့နိုင်ရန်နှင့် အနာဂတ်တွင် ခရီးသွားပြည်သူများအား ကောင်းမွန်ပြည့်စုံသည့် ဝန်ဆောင်မှုများပေးနိုင်ရန်တို့အတွက် ရထားပို့ဆောင်ရေးလုပ်ငန်းအား ခေတ်စနစ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ရထားပို့ဆောင်ရေးလုပ်ငန်း စတင်သန္ဓေတည်ပေါ်ပေါက်ခဲ့မှု

၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ်- မြန်မာစစ်ပွဲအပြီး ဗြိတိသျှတို့သည် အောက်မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် ၎င်းတို့၏အကျိုးစီးပွားအတွက် ဆန်စပါး၊ ကျွန်းသစ်၊ ရော်ဘာနှင့် သဘာဝသယံဇာတပစ္စည်းများကို တွင်တွင်ကျယ်ကျယ်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချခြင်းပြုလုပ်နိုင်ရန်နှင့် ဗြိတိသျှတပ်များ၊ စက်လက်နက်နှင့် ရိက္ခာပစ္စည်းများကို ပြည်မြို့သို့ ပို့ဆောင်နိုင်ရန်အတွက် ရန်ကုန်မှ ပြည်သို့ ရထားလမ်းဖောက်လုပ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

အရှည် ၁၆၁ မိုင်ရှိသော ရန်ကုန်-ပြည်ရထားလမ်းကို ၁၈၇၄ ခုနှစ်က စတင်ဖောက်လုပ်ခဲ့ပြီး ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ရန်ကုန်ဘူတာကြီး (ယခင်ကွမ်းခြံကုန်းဘူတာ)မှ ပထမဆုံးသော ရထားစက်ခေါင်းအမှတ် A01 ရေနွေးငွေ့စက်ခေါင်းအား အသုံးပြု၍ ရထားစတင်ပြေးဆွဲခဲ့ခြင်းဖြင့် မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးလုပ်ငန်း စတင်သန္ဓေတည်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

သက်တမ်းရင့် အတွေ့အကြုံနှင့် ခိုင်မာသောကွန်ရက်

မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းသည် နှစ်ပေါင်း ၁၄၉ နှစ်ကျော်တိုင် သမိုင်းကြောင်းရှည်လျားစွာရှိခဲ့သည်။ မြန်မာ့မီးရထားသည် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင်ရှိသည့် ရထားပို့ဆောင်ရေးလုပ်ငန်း အဖွဲ့အစည်းများအနက် သက်တမ်းရင့်ပြီး များစွာအတွေ့အကြုံ ကြီးမားသောအဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

မြန်မာ့မီးရထားအနေဖြင့် လက်ရှိရထားလမ်းခရီးမိုင် ၃၈၆၈ ဒသမ ၅၉ မိုင်၊ သံလမ်း မိုင် ၄၈၄၅ ဒသမ ၀၈ မိုင်၊ တံတားကြီး/ငယ် အစင်း ၁၂၄၀၀၊ ဘူတာပေါင်း ၉၆၂ ဘူတာတို့ဖြင့် နိုင်ငံတစ်ဝန်း ရထားလမ်းကွန်ရက်ကို ခိုင်မာစွာတည်ဆောက်ထားရှိပြီး ပြည်သူတို့၏ လူနေမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။

လက်ရှိ ရထားပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ဆောင်မှုများ ခရီးသွားပြည်သူများ အဆင်ပြေစွာ စီးနင်းလိုက်ပါနိုင်ရေးအတွက် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ခေတ်မီ DEMU ရထားများ၊ ခရီးတို RBE ရထားများအပြင် ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-တောင်တွင်းကြီး-ပျဉ်းမနား- ပုဂံ၊ ပုသိမ်-ဟင်္သာတ-ကြံခင်း၊ သာစည်-ရွှေညောင်-တောင်ကြီး၊ မိုးညှင်း-မြစ်ကြီးနား၊ ရန်ကုန်မြို့ပတ် ဆင်ခြေဖုံးလမ်းပိုင်းများနှင့် အခြားသော ရထားလမ်းပိုင်းများပေါ်တွင် နေ့စဉ်လူစီးအမြန်ရထား ၂၄ စင်း၊ စာပို့ရထား ၁၀ စင်း၊ လူစီး/ကုန်တင်ရထား ရှစ်စင်း၊ ခရီးတိုရထား ၁၂ စင်းနှင့် ရန်ကုန်မြို့ပတ် ရထား ၂၇ စင်း စုစုပေါင်း ၈၁ စင်းဖြင့် ခရီးသွား လိုအပ်ချက်နှင့်အညီ ပို့ဆောင်ပြေးဆွဲပေးလျက်ရှိသည်။

ခေတ်မီ DEMU အမြန်ရထားတွဲဆိုင်းအသစ်များအား ရန်ကုန်-မန္တလေး ရထားခရီးစဉ်၊ ရန်ကုန်-နေပြည်တော်ရထားခရီးစဉ်၊ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်၊ ရန်ကုန်-ပဲခူး ရထားခရီးစဉ်နှင့် ရန်ကုန်မြို့ပတ်ရထားပြေးဆွဲခြင်းများတွင် ထည့်သွင်းအသုံးပြု၍ ဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက် ပေးလျက်ရှိနေသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်ကြီး-ပေါမူ ရထားလမ်းပိုင်းတွင် ရှုခင်းကြည့်ရထားနှစ်စင်းအား အပတ်စဉ် စနေ/တနင်္ဂနွေနေ့များတွင် ပြေးဆွဲပေးလျက်ရှိသည်။ ထို့ပြင် ဂုတ်ထိပ်-ပြင်ဦးလွင်ရထားလမ်းပိုင်းတွင် RBE ရထားနှစ်စင်း၊ ကလော-ဟဲဟိုး-မြင်းဒိုက်-အောင်ပန်းရထားလမ်းပိုင်းတွင် ခရီးသွားအဖွဲ့လိုက် စီးနင်းလို၍ ငှားရမ်းမှုရှိလာပါက ရှုခင်းကြည့်အထူး ရထားတစ်စင်းအား စီစဉ်ဆောင်ရွက်ပေးထားသည်။ ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားလမ်းပိုင်းအတွင်း ခေတ်မီ DEMU မြို့ပတ်ရထား လေးစင်းနှင့် RBE မြို့ပတ်ရထား ၁၁ စင်း၊ ဘက်ထရီလျှပ်စစ်စက်ခေါင်း(BEL)များ အသုံးပြု ပြေးဆွဲပေးလျက်ရှိသော မြို့ပတ်ရထား ၁၂ စင်း၊ စုစုပေါင်း ၂၇ စင်းဖြင့် ပြေးဆွဲ၍ ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းအဖြစ် ဝန်ဆောင်မှုပေးလျက်ရှိသည်။

ရန်ကုန်-ပြည် ရထားလမ်းပိုင်း အဆင့််မြှင့််တင် မွမ်းမံခြင်းဆောင်ရွက်မှု

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာ့မီးရထားက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းများအနက် ရန်ကုန်-ပြည်ရထားလမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်းနှင့် ခေတ်မီ DEMU ရထားတွဲဆိုင်းအသုံးပြု၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရန်ကုန်-ပြည် ရထားလမ်းပိုင်းအတွင်း ဘူတာပေါင်း ၁၉ ဘူတာ၊ ပေ ၄၀ အထက် တံတားကြီး ၄၀ နှင့် ပေ ၄၀ အောက် တံတားငယ် ၂၄၄ စင်း စုစုပေါင်း တံတားကြီး/ငယ် ၂၈၄ စင်းရှိသည်။

မြန်မာ့မီးရထားအနေဖြင့် အဆိုပါရထားလမ်းပိုင်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲ၍ ရထားလမ်းတာပခုံးမြေဖို့ခြင်း၊ သံလမ်းမ မြှောက်ပက်ကင် ရိုက်ခြင်း၊ စက်ယန္တရားကြီးများအသုံးပြု၍ ပက်ကင်ရိုက်ခြင်း၊ လမ်းခင်းကျောက်များ ထပ်တိုးဖြည့်သွင်းခြင်းနှင့် သံလမ်းကိုးချောင်းဂဟေဆက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ရန်ကုန် - ပြည် ရထားလမ်းပိုင်းအား အဆင့်မြှင့်တင်မှုလုပ်ငန်းများ အထိုက်အလျာက် ပြီးစီးပြီဖြစ်ပါသဖြင့် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ် များအသုံးပြု၍ ရန်ကုန်-ပြည်-ရန်ကုန် နေ့ချင်းပြန် ခရီးစဉ်အဖြစ် စတင်ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ယခင်က ရန်ကုန်-ပြည် ရထားခရီးစဉ်ကို စက်ခေါင်းနှင့် လူစီးတွဲများအသုံးပြုပြေးဆွဲပေးခဲ့စဉ်ကရထား ပြေးဆွဲချိန် ၈ နာရီခွဲ ကြာမြင့်ပါသည်။ ယခုအခါခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များအသုံးပြု၍ ပြေးဆွဲခြင်းဖြင့် ရထားပြေးဆွဲချိန် ၆ နာရီသာ ကြာမြင့်တော့မည်ဖြစ်ပါသည်။

DEMU ရထား ခရီးစဉ်၊ အချိန်ဇယားနှင့် ရထားလက်မှတ်ခနှုန်းထားများ

ရန်ကုန်-ပြည်ရထားခရီးစဉ်အဖြစ် အမှတ်(၇၃)အဆန် DEMU ရထားသည် နံနက် ၅ နာရီခွဲတွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာ၍ ပြည်ဘူတာသို့ မွန်းလွဲ ၁၁ နာရီခွဲ ဆိုက်ရောက်မည်ဖြစ်သည်။ ပြည်-ရန်ကုန်ရထားခရီးစဉ်အဖြစ် အမှတ်(၇၄)အစုန် DEMU ရထားသည် မွန်းလွဲ ၁ နာရီတွင် ပြည် ဘူတာမှစတင်ထွက်ခွာ၍ ည ၇ နာရီ တွင် ရန်ကုန် ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်သည်။ အဆိုပါ DEMU ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်း နှစ်တွဲ၊ ပထမတန်းလေးတွဲပါရှိပြီး စုစုပေါင်းအထက် တန်းထိုင်ခုံ ၆၆ ခုံနှင့် ပထမတန်းထိုင်ခုံ ၂၂၄ ခုံတွင် စုစုပေါင်းခရီးသည် ၂၉၀ စီးနင်းလိုက်ပါနိုင်သည်။

လက်မှတ်ခနှုန်းထားအနေဖြင့် ခရီးစဉ်အစအဆုံး အထက်တန်းထိုင်ခုံတစ်ခုံလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းနှင့် ပထမတန်းထိုင်ခုံ တစ်ခုံလျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြစ်ပြီး ရန်ကုန်-ပြည် -ရန်ကုန် ခရီးစဉ် တစ်လျှောက် တညင်းကုန်း၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်၊ နတ္တလင်းနှင့်ပေါင်းတည် ဘူတာတို့၌ ရပ်တန့်ပေးမည်ဖြစ်သည်။

ရန်ကုန်-ပြည်အကြား ရထားပြေးဆွဲချိန် ၆ နာရီသာ ကြာမြင့်မည်ဖြစ်ပြီး DEMU ရထားတွဲဆိုင်းအား နေ့ချင်းပြန် ပြေးဆွဲသွားမည်ဖြစ်သည်။ ထို့ပြင် ရန်ကုန် - ပြည်ရထားလမ်းပိုင်းတွင် ပြေးဆွဲလျက် ရှိသော အဆိုပါ ခေတ်မီ DEMU လူစီးအမြန်ရထား များ၏ ရထားလက်မှတ်များကို Online Railways Ticketing and Payment System - ORTP စနစ်ဖြင့် လက်မှတ်များဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစ အဆုံးအတွက် ခုနစ်ရက်နှင့် ကြားဘူတာများအတွက် ငါးရက်ကြိုတင်ဝယ်ယူနိုင်သည်။

ရန်ကုန်- ပြည်ရထားလမ်းသည် ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းအတွင်းရှိ မြို့နယ်များအား ချိတ်ဆက်ပေးထားပြီး အရေးပါသော အများပြည်သူသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုဖြစ်သည်။ ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များ အသုံးပြု၍ ပြေးဆွဲပေးနိုင်ခြင်းဖြင့် ရထားပြေးဆွဲချိန်လျှော့ချပေးနိုင်ပြီး ပြည်သူများ၏ ခရီးသွားလာရေးအား ပိုမိုလွယ်ကူအဆင်ပြေစေမည့်အပြင် ရထားလမ်းတစ်လျှောက်ရှိရာဒေသများ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ခရီးသွားအဆင်ပြေမှုနှင့် အသွားအပြန် ဘုရားဖူးခရီးစဉ်

DEMU ရထားတွဲဆိုင်းတစ်ခုလုံးတွင် လေအေးပေးစက်စနစ် တပ်ဆင်ထားခြင်းဖြစ်၍ ရထားတွဲအတွင်း အပူအအေးမျှတမှုရှိသဖြင့် လမ်းခရီးပင်ပန်း နွမ်းနယ်မှုမရှိဘဲ သက်သောင့်သက်သာစီးနင်း လိုက်ပါနိုင်သည်။ ယခုရန်ကုန်-ပြည်အကြား ခေတ်မီ DEMU ရထားတွဲဆိုင်း အသုံးပြုပြေးဆွဲပေးခြင်းဖြင့် မြန်မာနိုင်ငံဒေသအသီးသီးမှ မိသားစုအလိုက်၊ တစ်ဦးချင်းအလိုက် အပန်းဖြေခရီးသွားကြမည့်သူများနှင့် ဘုရားဖူးခရီးသွားရောက်လိုသူများအတွက် များစွာအဆင်ပြေနိုင်မည်ဖြစ်သည်။

ပြည်မြို့သည် သမိုင်းဝင်အမွေအနှစ်များစွာတည်ရှိပြီး သဘာဝအလှအပများဖြင့် ပြည့်စုံလျက်ရှိသော အထင်ကရမြို့ကြီးတစ်မြို့လည်း ဖြစ်သည်။ ပြည်မြို့သို့ ရောက်ရှိပါက မြတ်စွာဘုရားရှင်၏ ဆံတော်၊ ဓာတ်တော်များ ကိန်းဝပ်စံပယ်တော်မူရာ သမိုင်းဝင်အထင်ကရ ရွှေဆံတော်ဘုရားကြီးကို ဖူးမြော်ကြည်ညိုနိုင်သည်။ ထို့အပြင်မြို့တွင်းရှိ တန်ခိုးကြီးဘုရားများစွာကို လှည့်လည်ဖူးမြော်ခြင်း၊ ဧရာဝတီမြစ်ကမ်းဘေးလေညင်းခံရင်း အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်ခြင်း၊ ဧရာဝတီမြစ်ကူး နဝဒေးတံတားကြီးကိုဖြတ်၍ ပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာမုနိ ရှေးဟောင်းရုပ်ပွားဆင်းတုတော် မြတ်ကြီးကိုလည်း သွားရောက်ဖူးမြော်နိုင်သည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်သို့ သွားရောက်လည်ပတ်၍ သမိုင်းဝင်ဘောဘောကြီးစေတီတော်အား ဖူးမျှော်နိုင်ပြီး ရှေးဟောင်းဗိသုကာနှင့် ပျူခေတ်လက်ရာ အဆောက်အအုံများကို လှည့်လည်လေ့လာနိုင်သည်။

ရန်ကုန်-ပြည်-ရန်ကုန်ခရီးစဉ်ဖြင့် နေ့ချင်းပြန်ပြေးဆွဲပေးသွားမည့် အမှတ်(၇၃)အဆန်နှင့် အမှတ်(၇၄)အစုန် DEMU လူစီးရထားများဖြင့် စီးနင်း လိုက်ပါကြမည့်ခရီးသည်များအနေဖြင့် ရထားတွဲပေါ် ဆေးလိပ်သောက်ခြင်းအား တားမြစ်ထားပါကြောင်း၊ အစားအသောက်အကြွင်းအကျန်များနှင့် အမှိုက်များထည့်ရန် ရထားတွဲပေါ်တွင် အမှိုက်ပုံးများထားရှိကြောင်း၊ စနစ်တကျအမှိုက်ပစ်ပေးကြစေလိုပါကြောင်း မြန်မာ့မီးရထားက နှိုးဆော်ထားသည်။

DEMU ရထားတွဲဆိုင်းသည် နိုင်ငံတကာရထား ပို့ဆောင်ရေးလုပ်ငန်းများတွင် လက်ရှိအသုံးပြုနေသည့် ခေတ်မီရထားတွဲဆိုင်းအမျိုးအစားဖြစ်ပြီး ပြည်သူတို့၏ လူနေမှုအဆင့်အတန်းမြင့်မားလာစေရေးအတွက် ဘဏ္ဍာငွေကြေးအမြောက်အမြား အကုန်ကျခံ၍ ဝယ်ယူဖြည့်ဆည်းပေးထားခြင်းဖြစ်သည်။ ပြည်သူပိုင်ပစ္စည်းများဖြစ်သည့်အတွက် ခရီးသွားပြည်သူများကလည်း မိမိပိုင်ပစ္စည်းများကဲ့သို့ စနစ်တကျ တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန်ကိုလည်း မြန်မာ့မီးရထားက တိုက်တွန်း နှိုးဆော်ထားပါကြောင်း အသိပေးတင်ပြလိုက်ရပါသည်။ ။