Skip to main content

ရန်ကုန်တက္ကသိုလ် အမှတ်တံဆိပ်နှင့် ဆောင်ပုဒ်

၁၉၂၀ ပြည့်နှစ်က စတင်မွေးဖွားခဲ့တဲ့ အမိတက္ကသိုလ်ကြီး ၂၀၂၀ ပြည့်နှစ်မှာ မွေးနေ့ နှစ်(၁၀၀)ပြည့်ပါပြီ။ သမိုင်း တစ်လျှောက် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ မြင့်ခြင်း၊ နိမ့်ခြင်း စတဲ့ လောကဓံတရားတွေကို ကြံ့ကြံ့ခံပြီး အသက် ၁၀၀ တိုင်ခဲ့ပါပြီ။ သားသမီးတွေ ပျော်ရွှင်ရယ်မောရင် သူလည်း အတူပျော်ခဲ့ပြီး သားသမီးတွေ ဝမ်းနည်းကြေကွဲရင်တော့ တိတ်တဆိတ် ငိုကြွေးနေခဲ့မှာပါ။ သမိုင်းကြောင်းလှခဲ့တဲ့ အမိတက္ကသိုလ်အတွက် အမြဲဂုဏ်ယူရသလို အမိ တက္ကသိုလ်ရဲ့ သားသမီးဖြစ်ခွင့်ရခဲ့တာကိုလည်း ကျေနပ် ဂုဏ်ယူလို့ မဆုံးပါဘူး။ ရာပြည့်မွေးနေ့မှာ သားသမီး တစ်ယောက်အနေနဲ့ မွေးနေ့လက်ဆောင်အဖြစ် ဒီစာလေးကို ပေးချင်ပါတယ်ရှင်။

ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဆောင်ပုဒ်တွေ

ကျွန်မတို့ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် ကောလိပ်တိုင်းမှာ တက္ကသိုလ်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဆောင်ပုဒ်တွေရှိကြပါတယ်။ လှပပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ အမှတ်တံဆိပ်နဲ့ ဆောင်ပုဒ်တွေချည်းပါပဲ။ ရန်ကုန် တက္ကသိုလ်ရဲ့ အမှတ်တံဆိပ်နဲ့ပတ်သက်တဲ့ အချက် အလက်တွေကိုတော့ ကျွန်မအများကြီး မတွေ့ခဲ့ရပါဘူး။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ နဲ့ ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဆရာကြီး ဒေါက်တာသန်းဦးရေးတဲ့ ရန်ကုန်တက္ကသိုလ်၏ နှစ် ၁၀၀ ဘဝခရီးစဉ်ဆိုတဲ့ ဆောင်းပါးမှာ ကျွန်မသိချင်တဲ့ အချက်တွေရခဲ့ပါတယ်။ ဆရာကြီးကိုလည်း ကျေးဇူးတင်စွာဖြင့် ကန်တော့ပါတယ် ရှင်။

ဆရာကြီးဆောင်းပါးထဲက အချက်တွေကို ကိုးကားပြီးပြောရရင် ရန်ကုန်တက္ကသိုလ် ပထမပိုင်းဘဝ နဲ့ ဒုတိယပိုင်းဘဝ (၁၉၂၀ - ၁၉၄၂၊ ၁၉၄၂ - ၁၉၄၈) ကာလတွေရဲ့ မူလတံဆိပ် (Logo) မှာ အင်္ဂလိပ်ဘာသာနဲ့ပဲ ရေးသားထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်း ပြောပြရရင် တံဆိပ်ရဲ့ထိပ်မှာ ပါဠိ စာကြောင်းကို အင်္ဂလိပ်(ရောမ)အက္ခရာနဲ့ NATTHI VIJJA SAMAM MITTAM (နတ္ထိ ဝိဇ္ဇာ သမံ မိတ္တံ) လို့ ရေးထိုးထားပါတယ်။ တံဆိပ်ရဲ့ အလယ်မှာတော့ ကဒေါင်းပုံ ပါရှိပါတယ်။ တံဆိပ်ရဲ့ အောက်ပိုင်းမှာတော့ WITH TRUTH AND LOYALTY (သစ္စာနှင့်သမာဓိ) လို့ ရေးထိုးထားတာ တွေ့ရပါတယ်။

အဲဒီအမှတ်တံဆိပ်ကိုပဲ ၁၉၆၄ ခုနှစ် နောက်ပိုင်း တွင် WITH TRUTH AND LOYALTY ဆိုတဲ့ စာသား နေရာမှာ စပါးနှံ ဝန်းရံထားတဲ့ပုံစံနဲ့ အစားထိုးပြောင်းလဲ ထားခဲ့ပါတယ်။ ပြောင်းလဲလိုက်တဲ့တံဆိပ်ကို ရန်ကုန် တက္ကသိုလ်အမှတ်တံဆိပ်အဖြစ် အခုလက်ရှိအချိန်အထိ သတ်မှတ်သုံးစွဲနေပါတယ်။ ဒါကတော့ တံဆိပ် (Logo) ရဲ့ သမိုင်းလေးပါ။

အဓိပ္ပာယ်ရှိစွာ ဖွင့်ဆိုရေးသား

တံဆိပ်နဲ့အတူ တွဲလျက်တွေ့နိုင်တာကတော့ တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ပါပဲ။ ‌ဆောင်ပုဒ်တွေကိုတော့ ကိုယ့်တက္ကသိုလ်နဲ့ကိုယ် အဓိပ္ပာယ်ရှိစွာ ဖွင့်ဆိုရေးသား ကြပါတယ်။ တချို့လည်း မြန်မာလိုရေးကြပြီး တချို့လည်း ပါဠိလိုရေးကြပါတယ်။ မြန်မာလို ရေးသားထားတဲ့ ဆောင်ပုဒ်တွေထဲက ကျွန်မလက်လှမ်းမီသလောက် ပြောပြရရင် ‘ပညာသာမှ လူမျိုးသာမည်’၊ ‘ပညာပြည့်ဝ နှလုံးလှ’၊ ‘ပညာရွှေအိုး’၊ ‘ပညာဝေဆာ မန္တလာ’၊ ‘ပညာ တိုးမြှင့် တိုင်းကျိုးတင့်’၊ ‘ပညာတန်ဆောင် အလင်းရောင်’၊ ‘ပညာတန် ဆောင် ပြည့်ကျိုးဆောင်အံ့’၊ ‘ပညာဖွံ့ဖြိုး ပြည့်အကျိုး’၊ ‘အားလုံးဆောင်ရွက်၊ အားလုံးတွက်တည့်’ ဆိုတာတွေပဲ ဖြစ်ပါတယ်။ ကျွန်မ လက်လှမ်းမမီတာတွေ လည်း ရှိပါသေးတယ်။

မြန်မာလိုမဟုတ်ဘဲ ပါဠိလို ရေးသားကြတာ တွေလည်း ရှိပါတယ်။ ဒါလည်း ကျွန်မတွေ့မိသလောက် ပြောရရင် ‘ပညာ သမာ အာဘာ နတ္ထိ’(ပညာနှင့်တူသော အလင်းရောင်မရှိ)၊ ‘ပညာယ အတ္ထံ ဇာနာတိ’ (ပညာဖြင့် အနက်အဓိပ္ပာယ်ကိုသိ၏)၊ ‘ပညာ နရာနံ ရတနံ’ (ပညာ သည် လူတို့၏ ရတနာ)၊ ‘ဝိဇ္ဇာ သိပ္ပံ ပရမံ ပညံ’(အသိ အတတ်ပညာတို့သည် အမြတ်ဆုံး)၊ ‘ဣဓ လောကေ သိပ္ပံ မိတ္တံ’ (ဤလောက၌ အတတ်ပညာသည် မိတ်ဆွေ)၊ ‘နတ္ထိ ဝိဇ္ဇာ သမံ မိတ္တံ’ (အတတ်ပညာနှင့်တူသော မိတ်ဆွေ မရှိ)၊ ‘ပညာ ဇီဝိံ ဇိဝတမာဟု သေဋ္ဌံ’ (ပညာဖြင့် အသက်မွေးခြင်းသည် အကောင်းဆုံးဖြစ်၏) စတာတွေပဲ ဖြစ်ပါတယ်။ ဆေးတက္ကသိုလ် တွေမှာတော့ ကရုဏာ မေတ္တာနဲ့ ပြုစုလုပ်ကိုင်ပေးခြင်းလို့ အဓိပ္ပာယ်ရတဲ့ ‘ဥပဋ္ဌာနံ အနုကမ္ပာ ဒယာ’၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှာ ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့ဆိုတဲ့ ‘အာရောဂျ ပရမာ လာဘာ’ ဆိုပြီး ဆောင်ပုဒ်တွေမှာ ပါဠိဘာသာနဲ့ ရေးသားထားကြပါတယ်။

ပညာရဲ့ အရေးပါ အရာရောက်ပုံတွေကိုပဲ ဖော်ညွှန်း

မြန်မာဘာသာနဲ့ပဲဖြစ်ဖြစ်၊ ပါဠိဘာသာနဲ့ပဲဖြစ်ဖြစ် ဒီဆောင်ပုဒ်တွေကို ကြည့်လိုက်ရင် ပညာရပ်ဝန်းမှာ ပညာရဲ့ အရေးပါ အရာရောက်ပုံတွေကိုပဲ ဖော်ညွှန်းပြနေတာ တွေ့ရ ပါတယ်။ အမိရန်ကုန်တက္ကသိုလ်ကြီးရဲ့ ဆောင်ပုဒ်ကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ပါဠိဘာသာနဲ့ ရေးထားတဲ့ ‘နတ္ထိ ဝိဇ္ဇာ သမံ မိတ္တံ’ ပါပဲ။ ပါဠိ တစ်လုံးချင်းစီရဲ့ မြန်မာလို အဓိပ္ပာယ်ပေးရရင် ‘ဝိဇ္ဇာသမံ - အတတ်ပညာနှင့်တူသော၊ မိတ္တံ - မိတ်ဆွေသည်၊ နတ္ထိ - မရှိ’ လို့ ဖြစ်ပါတယ်။ လောကနီတိကျမ်းထဲက ကောက်နုတ်ထားတာ ဖြစ်ပါတယ်။

ဒီဆောင်ပုဒ်လေးအကြောင်းမပြောခင်မှာ ဆောင်ပုဒ် ရဲ့ မူရင်းကျမ်းအကြောင်း နည်းနည်းပြောချင်ပါတယ်။ လောကနီတိ ဆိုတဲ့ကျမ်းဟာ ‘နီတိ’ နာမည် တပ်ထားတဲ့ လူမှုရေးလမ်းညွှန် စာပေအမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံ ပါဠိစာပေနယ်မှာ အစောဆုံးနဲ့ အပြည့်စုံဆုံး ကျမ်းတစ်စောင် ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်ဝန်းကျင် ပင်းယခေတ်မှာ စတုရင်္ဂဗလအမတ်ကြီးက ပါဠိဘာသာနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အမတ်ကြီးဟာ လောကဓမ္မ ရာဇဝေဒ(သေနင်္ဂ) ဆိုတဲ့ အရာတွေမှာသာမက ပါဠိသက္ကတ ဘာသာတွေကိုပါ ကျွမ်းကျင်တတ်မြောက်တဲ့သူ ဖြစ်ပါတယ်။ တိုင်းရေးပြည်ရေးတွေ၊ အမျိုး ဘာသာ သာသနာ၊ ပညာ ကြီးပွားကြောင်းတွေ၊ အလုပ်အကိုင် အကြံအစည်တွေ လုပ်ကိုင်ဆောင်ရွက်ကြရာမှာ မိမိကိုယ်တိုင် ကိုယ်ပိုင် ဉာဏ်နဲ့ ဆုံးဖြတ်နိုင်ဖို့ လမ်းညွှန်ပြသထားတဲ့ ကျမ်း တစ်စောင် ဖြစ်ပါတယ်။

ဒီပါဠိစာကြောင်းလေးဟာ လောကနီတိကျမ်းထဲက ဂါထာနံပါတ် ၂၃ မှာပါတဲ့ ပါဒလေးတစ်ခုပါ။ ဂါထာ တစ်ခုလုံးကတော့ -

နတ္ထိ ဝိဇ္ဇာသမံ မိတ္တံ၊ န စ ဗျာဓိသမော ရိပု။

န စ အတ္တသမံ ပေမံ၊ န စ ကမ္မသမံ ဗလံ။ လို့ ဖြစ်ပါတယ်။

‘အတတ်ပညာနှင့် တူညီသော မိတ်ဆွေမရှိ။ အနာ ရောဂါနှင့် တူညီသော ရန်သူမရှိ။ မိမိကိုယ်နှင့် တူညီသော ချစ်သူမရှိ။ ကံနှင့် တူညီသော ခွန်အားမရှိ’ လို့ အဓိပ္ပာယ် ရပါတယ်။ အတူမရှိတဲ့ တရားလေးပါးကို ပြောပြထားတာ ဖြစ်ပါတယ်။ ပိုပြီးရှင်းအောင် ပြောရရင်တော့ လောကမှာ အတတ်ပညာသာ အကောင်းဆုံးမိတ်ဆွေ ဖြစ်တယ်။ အနာရောဂါဟာ အကြီးမားဆုံးရန်သူဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးဖြစ်ပြီး ကိုယ်နဲ့ထပ်တူ ချစ်ရတဲ့သူ မရှိဘူး။ ကိုယ်ကိုယ်တိုင် လုပ်လိုက်တဲ့ အလုပ်ထက် ပိုပြီး အစွမ်းထက်တဲ့ အင်အားမရှိဘူးလို့ ဆိုလိုတာပဲ ဖြစ်တယ်။

‘နတ္ထိ ဝိဇ္ဇာသမံ မိတ္တံ’ ဆိုတဲ့ အမိရန်ကုန်တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ကတော့ အတတ်ပညာဟာ ကိုယ့်အတွက် အမြဲတမ်း မိတ်ဆွေစစ်ဖြစ်တယ်ဆိုတာကို ဖော်ညွှန်း ထားတာပါ။ လောကမှာ ကိုယ့်ရဲ့အကျိုးစီးပွားကို ရွက်ဆောင်ပေးတဲ့သူကို မိတ်ဆွေလို့ ဆိုအပ်ပါတယ်။ ဒီနေရာမှာ ကိုယ့်ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးတဲ့ သက်ရှိ၊ သက်မဲ့အားလုံးကို မိတ်ဆွေလို့ ဆိုနိုင်ပါတယ်။ အဲဒီနှစ်မျိုးထဲကမှ သက်မဲ့ဖြစ်ပေမယ့် ကောင်းကျိုးပြုတဲ့ အတတ်ပညာဟာလည်း ကိုယ့်အတွက် မိတ်ဆွေပဲ ဖြစ်ပါ တယ်။ ဗုဒ္ဓကတော့ မိတ်ဆွေကောင်းရှိတာဟာ အကျိုးစီးပွား အားလုံးကို ပြီးမြောက်စေတယ်လို့ ဆိုထားပါတယ်။

အတတ်ပညာမိတ်ဆွေ

ကိုယ့်ရဲ့ အကျိုးစီးပွားကို ရွက်ဆောင်ပေးတဲ့ မိတ်ဆွေ စစ်တွေကတော့ မိဘ၊ ဆရာတို့ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကို သက်ဆုံးတိုင် လိုက်ပါစောင့်ရှောက်နိုင်မှာ မဟုတ် ပါဘူး။ ဒီလိုပဲ ကိုယ့်ရဲ့အားကိုးအားထားပြုရတဲ့မိတ်ဆွေ ကောင်း အပေါင်းအသင်းဆိုတာကလည်း သူ့သက်တမ်း တစ်လျှောက်လောက်သာ ကူညီနိုင်မှာပါ။ ကိုယ်က လုံ့လ ဝီရိယနဲ့ သင်ယူဆည်းပူးထားတဲ့ အတတ်ပညာမိတ်ဆွေ ကတော့ ကိုယ့်ကို သက်ဆုံးတိုင် လိုက်ပါ စောင့်ရှောက်ပေးမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ သက်တမ်းတစ်လျှောက် ထာဝရ အကူအညီရရှိနေမှာ ဖြစ်တယ်။ အတတ်ပညာကသာ ထာဝရမိတ်ဆွေစစ်ဖြစ်တာကြောင့် အတတ်ပညာနဲ့တူညီတဲ့ မိတ်ဆွေမရှိဘူးလို့ နီတိဆရာက ဆိုထားတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ‘ဝိဇ္ဇာ’ ဆိုတဲ့ ဝေါဟာရဟာ အတတ်ပညာ ကိုရော အသိပညာကိုပါ အနက်အဓိပ္ပာယ် ဖော်ဆောင်ပါ တယ်။ အမိတက္ကသိုလ်ဟာ ‘တက္ကသီလာ’လို့ ဆိုတဲ့အတိုင်း ‘အတတ်ပညာအထူးထူးကို ကြံဆလေ့ရှိသောသူတို့၏ နေထိုင်ရာ မြို့တော်’ ပဲ ဖြစ်ပါတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဝိနယ၊ ပါစိတ္တိယ ပါဠိတော် မြန်မာပြန်မှာ ဖော်ပြထားတယ်။ ၁၉၃ဝ ပြည့်နှစ်လောက်မှာ ‘University’ ဆိုတဲ့ အင်္ဂလိပ် ဝေါဟာရကို ပါဠိပါမောက္ခ ဆရာကြီးဦးဖေမောင်တင်က အဓိပ္ပာယ်ပြီးပြည့်စုံတဲ့ ‘တက္ကသိုလ်’ လို့ နာမည်ပေးခဲ့ ပါတယ်။

ရန်ကုန်တက္ကသိုလ်၏ တံဆိပ်(Logo)နဲ့ ဆောင်ပုဒ်ဟာ အနှစ်သာရနဲ့ ပြည့်စုံလှပါတယ်။ နှစ်တစ်ရာအတွင်းမှာ အသိပညာရှင် အတတ်ပညာရှင်ပေါင်းများစွာကို မွေးထုတ် ပေးခဲ့ပါတယ်။ ကမ္ဘာသိ မြန်မာသိ ပုဂ္ဂိုလ်ပေါင်းများစွာဟာ အမိတက္ကသိုလ်ရဲ့ သားသမီးတွေဖြစ်နေကြတာဟာ အင်မတန်ဂုဏ်ယူစရာပါပဲရှင်။ နယ်ပယ်အသီးသီးမှာ ကျရာ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပြီး ထမ်းဆောင် နေကြဆဲလည်း ဖြစ်ပါတယ်။ တချို့လည်း ကိုယ့်အကျိုးထက် တိုင်းပြည်အကျိုးကို ဦးစားပေးလို့ အမိတက္ကသိုလ်ကို စွန့်လွှတ်ခဲ့ကြရပါတယ်။ လူသေသွားပေမယ့် အမိတက္ကသိုလ် သမိုင်းမှာ နာမည်တွင်ကျန်ရစ်သူတွေလည်း အများကြီးပါပဲ။

ပခုံးပြောင်း တာဝန်ယူ

အမိတက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ အလေ့ အကျင့်ကောင်းတွေကြောင့် ရောက်ရာအရပ်ဒေသမှာ ကျရာတာဝန်ကို အောင်မြင်ပြီးမြောက်အောင် ထမ်းဆောင် နိုင်ခဲ့ကြပါတယ်။ အရင်ဆောင်ပုဒ်အဟောင်းမှာ ပါသလို WITH TRUTH AND LOYALTY (သစ္စာနှင့် သမာဓိ) ကို အထူးအလေးထားတဲ့ ပညာရပ်ဝန်းကြီးက မွေးဖွားလိုက်တဲ့ လူတော်လူကောင်းတွေအဖြစ် လောကအလယ်မှာ ထည်ထည်ဝါဝါ ရပ်တည်နိုင်ခဲ့ကြပါတယ်။ အခုဆိုရင် မျိုးဆက်ဟောင်းတို့ ချန်ရစ်ခဲ့တဲ့ ကောင်းမွေတွေကို မျိုးဆက်သစ်တို့ လက်ဆင့်ကမ်းပြီး အမိတက္ကသိုလ် ကြီးကို ပိုမိုကောင်းမွန်တဲ့ ပညာရပ်ဝန်းဖြစ်အောင် ပုံဖော်ဖို့ ပခုံးပြောင်း တာဝန်ယူနေကြပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်သိပ္ပံတွေရဲ့ အဦးအစ ပထမတက္ကသိုလ်ကြီးအဖြစ် နှစ်တစ်ရာတိုင် ရပ်တည်ခဲ့ပါပြီ။ အတတ်ပညာ အသိပညာအမျိုးမျိုးကို သင်ကြားပေးနေတဲ့ တက္ကသိုလ်ကြီးတွေမှာ မိတ်ဆွေနဲ့ တူတဲ့ပညာကို သင်ယူလေ့လာနေကြတဲ့ မျိုးဆက်သစ် မောင်မယ်တွေကို ကိုယ်အထူးပြုလေ့လာနေတဲ့ ဘာသာရပ်တွေမှာ ထူးချွန်ပေါက်မြောက်အောင် ကြိုးစား သင်ယူကြဖို့ကိုလည်း မျိုးဆက်လတ် တစ်ယောက်အနေနဲ့ တိုက်တွန်းချင်ပါတယ်ရှင်။ မိတ်ဆွေအစစ်အမှန်ဖြစ်တဲ့ ကိုယ်ကျွမ်းကျင်တတ်မြောက်ထားတဲ့ အသိပညာ၊ အတတ်ပညာတွေကို ကိုယ့်အတွက်ရော ကိုယ့်ဝန်းကျင် အတွက်သာမက လူ့အဖွဲ့အစည်းအတွက်ကိုပါ အကျိုးရှိအောင် အသုံးချနိုင်သူတွေအဖြစ် အမိတက္ကသိုလ် တိုင်းက မြင်ချင်နေမှာပါ။

သမိုင်းကြောင်းကောင်းတဲ့ ပညာရပ်ဝန်း အမိ တက္ကသိုလ်ကြီး ဒီထက်ပိုပြီး ကျန်းမာပါစေ။ အသက် ရှည်ပါစေ။ အနာဂတ် နှစ်နှစ်ရာ၊ နှစ်သုံးရာမက မွေးနေ့ ပေါင်းများစွာကို ဖြတ်သန်းနိုင်ပါစေ‌ကြောင်း ချစ်စွာသော နှလုံးသားဖြင့် လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင်။ ။

မိမိုးအေး (အရှေ့တိုင်းပညာ)

19122020Kms2(3).jpg