Skip to main content

ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်က အခန်းအမှတ် (၁၁၃)

အရှေ့တောင်အာရှ၏ အကောင်းဆုံး

မြန်မာနိုင်ငံ၏ ပထမဦးဆုံး တက္ကသိုလ်တစ်ခုဖြစ်ခဲ့သည့် ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှ၏ အစောဆုံး တက္ကသိုလ် များတွင် တစ်ခုအပါ အဝင်ဖြစ်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို ၁၈၇၈ ခုနှစ်တွင် အိန္ဒိယတွင်ရှိ သည့် ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ရန်ကုန်ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည်။ အင်္ဂလိပ်အစိုးရသည် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် ကာလ ကတ္တားတက္ကသိုလ်၏ လက်အောက်ခံ ရန်ကုန်ယူနီဗာစီတီ ကောလိပ်နှင့် ဂျက်ဆင်(ယုဒသန်)ကောလိပ်တို့ကို ပေါင်းစည်း၍ ရန်ကုန်တက္ကသိုလ်အဖြစ် ထူထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန်နိုင်ငံတွင်ရှိသည့် အောက်စဖို့နှင့် ကိန်းဘရစ်ခ်ျတက္ကသိုလ်များတွင်ရှိသည့်စနစ်အတိုင်း ဖွဲ့စည်း တည်ဆောက် ထားခြင်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ်သည် ၁၉၄၀-၁၉၅၀ ဝန်းကျင်တွင် အရှေ့တောင်အာရှ၏ အကောင်းဆုံး တက္ကသိုလ်တစ်ခုဖြစ်ခဲ့ပြီး အခြားအာရှ နိုင်ငံများမှ ကျောင်းသားများ လာရောက်ပညာဆည်းပူးရာ တက္ကသိုလ်တစ်ခု လည်းဖြစ်ခဲ့သည်။

ဗဟိုကျောင်းဆောင်ငါးဆောင်နှင့် ပဲခူးဆောင်

ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ပြီးနောက် တက္ကသိုလ်အင်္ဂါရပ်များနှင့်အညီ အဆောင်များ စတင်ဆောက်လုပ်ခဲ့သည်။ မြန်မာ့သမိုင်းဝင် နေရာဒေသ အသီးသီးကို ရည်ညွှန်းမှည့်ခေါ်ထားသည့် အင်း၀၊ စစ်ကိုင်း၊ ပင်းယ၊ ပဲခူး၊ သထုံ ကျောင်းဆောင် ငါးဆောင်ကို ၁၉၂၈ တွင်ဆောက်လုပ်ပြီးစီးခဲ့သည်။ ထိုကျောင်းဆောင် ငါးဆောင်ကို ဗဟိုကျောင်းဆောင်ဟုလည်း ခေါ်တွင် သည်။

ရန်ကုန်တက္ကသိုလ်၏ အစောဆုံး ထိုကျောင်းဆောင် ငါးဆောင်အနက် ပဲခူးဆောင်သည် အခန်းအမှတ်(၁၁၃)ကြောင့် ပိုမိုထင်ရှား သည်။ အဓိပတိ လမ်းကို မျက်နှာမူထားသည့် ပဲခူးဆောင် တတိယထပ် (အပေါ်ဆုံးထပ်) အခန်းအမှတ်(၁၁၃)သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိအောင် ပုံဖော်ပေး ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝက နေထိုင်ရာ အခန်းဖြစ်ခဲ့သော ကြောင့်ပင် ဖြစ်သည်။

တက္ကသိုလ်အဆောင်များစတင်ဖွင့်လှစ်ခါစ ပဲခူးဆောင်တွင် ဗိုလ်ချုပ် အောင်ဆန်းအပြင် ဦးသိန်းဟန်(ဆရာဇော်ဂျီ)၊ ဦးဝန်(ဆရာမင်းသုဝဏ်) နှင့်ဝန်ကြီးချုပ် ဦးနုတို့ နေထိုင်ခဲ့ကြသလို ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ် တို့သည် ပဲခူးဆောင် အဆောင်နည်းပြဆရာများအဖြစ်လည်း တာဝန်ယူ ခဲ့ကြသည်။

ရန်ကုန်တက္ကသိုလ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဘီအေ စီနီယာတန်း တက်ရောက် ပညာသင်ကြားစဉ် ၁၉၃၆-၁၉၃၇ တွင် ပဲခူးဆောင်အပေါ်ထပ်ရှိ အခန်းအမှတ် (၁၁၃)၌ နေထိုင်ခဲ့ပြီး ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ သည်။ ယခုအခါတွင် ရန်ကုန်တက္ကသိုလ်ရှိ ပဲခူးဆောင်ကို ကျောင်းသားများအား နေထိုင်ခွင့်ပြုသော်လည်း ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် အခန်းအမှတ် (၁၁၃)ကို နေထိုင်ခွင့်မပြုဘဲ နဂိုအတိုင်းသာ ထားရှိခဲ့သည်။

ပဲခူးဆောင် အခန်းအမှတ်(၁၁၃) ကို သီးသန့်ထားရှိခြင်း

၁၉၅၇-၅၈ တွင် အရွေးခံရသော ပဲခူးကျောင်းဆောင် သဟာယနှင့် စာဖတ်အသင်းသည် အဆောင်မှူး ဦးကျော်ရင်နှင့်တိုင်ပင်၍ အမျိုးသား ခေါင်းဆောင်ကြီးတစ်ဦး နေထိုင်သွားသည့်အခန်းကို သီးသန့်ထားရှိရန် ဆုံးဖြတ်ချက်ချကာ “အောင်ဆန်းအခန်း တည်ထားရေးအဖွဲ့”ကို ဖွဲ့၍ အကောင်အထည်ဖော်သည်။ တက္ကသိုလ်ကျောင်းဆောင် ကော်မတီကလည်း ခွင့်ပြုခဲ့သည်။

အခန်းမွမ်းမံရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျောင်းနေဖက် တစ်ဦးဖြစ်သူ ဒဂုံဆောင် အဆောင်မှူးဦးလှရွှေက အခြား ကျောင်းနေဖက် များနှင့်တိုင်ပင်ကာ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀နေထိုင်စဉ်က အခြေအနေမျိုးနှင့် အတတ်နိုင်ဆုံးတူညီ အောင် ဆောင်ရွက်သည့်ကိစ္စတွင် အကူအညီပေးသည်။ အောင်ဆန်းခန်းဆောင်ဖွင့်ပွဲကို ၁၉၅၇ ခု၊ နိုဝင်ဘာ ၁၅ ရက် သောကြာ နေ့ည (အမျိုးသားအောင်ပွဲအကြိုည)တွင် ကျောင်းဆောင် နှစ်လည် ညစာစားပွဲနှင့် အတူကျင်းပသည်။ တက္ကသိုလ်အဓိပတိ ဦးနုနှင့် ပါမောက္ခချုပ် ဒေါက်တာထင်အောင်တို့ တက်ရောက်ကာ အခန်းဖွင့် မိန့်ခွန်းပြောကြားခဲ့သည်ဟု “မြန်မာ့အသံ ဦးကျော်၏ နှစ်ငါးဆယ်တက္ကသိုလ်” စာအုပ်တွင် ဖတ်ရှုရသည်။

လက်ရှိရန်ကုန်တက္ကသိုလ် ပဲခူးဆောင်

ပဲခူးဆောင်တွင် အခန်းပေါင်း ၁၃၄ ခန်းရှိပြီး လက်ရှိအဆောင်နေ ကျောင်းသားဦးရေ ၁၁၀ ရှိသည်။ အဆောင်နေကျောင်းသား များသည် ဘာသာရပ်စုံမှ ကျောင်းသားများဖြစ်ပြီး ဒုတိယနှစ်မှ ပါရဂူတန်းအထိ ကျောင်းသားများနေထိုင်လျက်ရှိကာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသားများလည်း နေထိုင်လျက်ရှိသည်။

၂၀၁၈ ခုနှစ်မှ စတင်ကာ လက်ရှိအချိန်ထိ ပဲခူးဆောင် အဆောင်မှူးအဖြစ် တာဝန်ယူလျက်ရှိသည့် ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၏ တွဲဖက်ပါမောက္ခ ဒေါက်တာအောင်ဆွေက ယခုလိုပြောသည်။

“တစ်ခန်းကို တစ်ယောက်နှုန်းထားတယ်။ ရန်ကုန်တက္ကသိုလ်(လှိုင်) RC-2 ထဲမှာ လူနေဆောင်မဆောက်ခင် အရင်တုန်းက ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာလာတက်နေတဲ့ နိုင်ငံခြားသားတွေကို ဒီပဲခူးဆောင်မှာ ထားတယ်။ အများစုက တရုတ်ကျောင်းသားတွေပေါ့။ အခုတော့ RC-2 ထဲကို ရွှေ့လိုက်တယ်”

ကိုအောင်ဆန်းနေထိုင်ရာ ပဲခူးဆောင် အခန်းအမှတ် (၁၁၃)

ပဲခူးဆောင်၊ အခန်းနံပါတ်(၁၁၃)တွင် တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းဘဝက နေထိုင်ခဲ့သည့် အရိပ်အယောင်များကို တွေ့ရှိနိုင်သည်။
အခန်းနံပါတ် (၁၁၃)သို့ ဝင်လိုက်သည်နှင့် ကိုအောင်ဆန်းအိပ်စက်ခဲ့ရာ စပရိန်ခုတင်ကို စတင်မြင်တွေ့လိုက်ရသည်။ “မကိုင်ရ” ဟူသော အသိပေး စာတန်းနှင့်အတူ ပလတ်စတစ်အိတ်ငယ်တွင် ပရုတ်လုံးထည့်သွင်းထားသည့် အဖြူရောင်မှ အရောင်ပြောင်း စပြုနေသည့် အိပ်ရာခင်းတစ်ခု၊ နီညိုရောင် ဗန်ကောက်ပုဆိုးတစ်ထည်၊ ဝါကျင့်ကျင့်အရောင် ပြောင်းနေသည့် ပိတ်ခြင်ထောင် တစ်လုံးတို့က ခုတင်ပေါ်တွင် နေရာယူလျက်ရှိသည်။

ခုတင်ခြေရင်းတွင်မူ စာရေးစားပွဲနှင့် ကြိမ်သစ်သား ကုလားထိုင်တစ်လုံး၊ စာရေးစားပွဲပေါ်ရှိ စာအုပ်ဗီရိုငယ်လေးထဲတွင်မူ ကိုအောင်ဆန်း ဖတ်ရှုခဲ့သည့် အင်္ဂလိပ်စာအုပ် ခြောက်အုပ်က စီစီရီရီထောင်လျက်..။

ခုတင်ခြေရင်း ညာဘက် ထောင့် တွင် ပိုင်ရှင်မဲ့ အနက်ရောင်ဖဲထီးရှည် တစ်လက်ကို ချိတ်ဆွဲထားကာ ဖဲထီးရှည်၏ အောက်တွင်မူ သစ်သားသေတ္တာ တစ်လုံးပေါ်တွင် ထင်းရှူးပုံးလေးတစ်ပုံးတင်ထားသည်။ ထိုပုံးပေါ်တွင် ဆေးသားပျက်နေပြီဖြစ်သည့် မှန်ပေါင်သွင်းဓာတ်ပုံအချို့ကို တင်ထားသည်။

ကိုအောင်ဆန်း အိပ်စက်ခဲ့သည့် ခုတင်ခေါင်းရင်း အပေါ်တည့်တည့်တွင် ဆေးသားလွင့်စပြုနေသည့် ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကားကို တွေ့နိုင်သည်။ အခန်းပတ်ပတ်လည် ခုတင်ခေါင်းရင်းနှင့် ခြေရင်းတွင် တက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဆန်း၊ ကိုအောင်ဆန်းနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် များ၊ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ၊ လန်ဒန်ရောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဗြိတိန်ဝန်ကြီးချုပ် အက်တလီ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်တိုင်းရင်းသူများ၊ လန်ဒန်ရောက် မြန်မာနိုင်ငံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်နု၊ ဗိုလ်ချုပ်အောင်ဆန်း ဇနီးမောင်နှံနှင့် တိုင်းရင်းသားခေါင်းဆောင် ကြီးများ၊ ၁၉၃၆ တက္ကသိုလ်သပိတ်ကြီးကို လှုံ့ဆော်ခဲ့သော အိုးဝေမဂ္ဂဇင်း ကော်မတီလူကြီးများ ရှေ့တန်းဝဲမှယာ ကိုတင်လတ်၊ ကိုအောင်ဆန်း၊ ကိုညိုမြ(ခ)ကိုသိန်းတင်၊ ကိုဘဆက်၊ နောက်တန်းဝဲမှယာ ကိုတင်အောင်၊ ကိုတင်အုံး၊ မောင်ကိုကို ဟု စာတန်းရေးထိုးကာ ချိတ်ဆွဲထားသည့် ဓာတ်ပုံများကို ကြည့်ရှုရသည့်အပြင် စာတန်းရေးထိုးထားခြင်းမရှိသည့် ပုံများကိုပါ ချိတ်ဆွဲထားသည်။

ကိုအောင်ဆန်းနေထိုင်ခဲ့ရာ အခန်းအမှတ် (၁၁၃)မှ အပြင်သို့ထွက်လိုက် မိသည်နှင့် လက်ရှိပဲခူးဆောင် အဆောင်မှူး ဒေါက်တာအောင်ဆွေ ပြောခဲ့ သည်ကို အမှတ်ရမိသဖြင့် ပြန်လှည့်၍ ချောင်းကြည့်လိုက်မိသေးသည်။

ဒေါက်တာ အောင်ဆွေ ပြောသည်က “ကျွန်တော်တို့ ကျောင်းသားဘဝကဆို ဗိုလ်ချုပ်အခန်းကို ဝင်ကြည့်ခွင့်မရှိဘူး။ ဒီအတိုင်းကို ပိတ်ထားတာ။ ခေတ်စနစ်နဲ့ ဆိုင်မယ်ထင်တယ်။ ဗိုလ်ချုပ်အခန်းကို ကြည့်ချင်ရင် အပြင်က ပြတင်းပေါက် တရုတ်ကတ်ကြားထဲကနေ ချောင်းကြည့်ခဲ့ရတာ”

ပဲခူးဆောင် အဆောင်မှူး ဒေါက်တာအောင်ဆွေသည် ပဲခူးဆောင် ကျောင်းသားဘဝအဖြစ် ၁၉၉၁ မှ ၁၉၉၄ အထိ နေထိုင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

“အဲဒီကတည်းက ဗိုလ်ချုပ် ဒီအဆောင်မှာနေခဲ့တယ်ဆိုတာကို အမှတ်ရ မိတယ်။ ဒီအဆောင်မှာနေခဲ့တဲ့ ကျောင်းသားတိုင်းက ဗိုလ်ချုပ်နေခဲ့တဲ့ အဆောင်မှာနေရတယ်ဆိုပြီး ဂုဏ်ယူကြတယ်” ဟု ဒေါက်တာအောင်ဆွေက ပဲခူးဆောင်ကျောင်းသားအဖြစ် နေထိုင်ခဲ့သည်ကို အမှတ်တရအဖြစ် ဂုဏ်ယူစွာ ပြောပြနေသေးသည်။

အဆောင်မှူးဒေါက်တာအောင်ဆွေတို့ ဖြတ်သန်းခဲ့ရသည့် အဆောင်နေ ကျောင်းသားဘ၀နှင့် လက်ရှိအဆောင်နေ ကျောင်းသားဘဝကတော့ ကွာခြား သွားပြီ ဆိုသည့်အကြောင်းကို ဒေါက်တာအောင်ဆွေက ပြောပြသေးသည်။

အရင်ခေတ်နှင့် ယခုခေတ် တက္ကသိုလ်ကျောင်းသားဘ၀

ဒေါက်တာအောင်ဆွေက “အဓိက ကွာတာကတော့ ကျောင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် စုစည်းမှု အားနည်းသွားတာပဲ။ ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက တယ်လီဖုန်းမရှိဘူး။ ဘာမီဒီယာမှမရှိဘူး။ ကက်ဆက်ဖွင့်နိုင်တဲ့သူဆို မိဘက တောင့်တင်း တဲ့သူ အဆင်ပြေတဲ့ ကျောင်းသားပေါ့။ အများစုက ဂစ်တာတီးမယ်။ သီချင်းဆိုမယ်။ ညဘက်ဆို မြန်မာ့ရုပ်မြင်သံကြားကလာတဲ့ တီဗွီအစီအစဉ်တွေကို စုပြီးကြည့်ကြမယ်။ အောက်မှာ ဇယ်ခုံလို တောက်ခုံလေး ထားပေးထားတယ်။ အဲဒီမှာ ကျွန်တော် တို့ကစားကြတယ်။ ဒါကျွန်တော်တို့ ကျောင်းသားဘဝက ဖြတ်သန်းရတဲ့ Life ပါ။ အခုကတော့ ကျောင်းသားတွေမှာ သူတို့ရဲ့ကိုယ်ပိုင် device တွေနဲ့ ရှိနေကြတာဖြစ်တဲ့အတွက် တီဗွီခန်းထဲမှာလည်း ကျောင်းသားမရှိဘူး။ ဘောလုံးပွဲရှိတဲ့ အချိန်လောက်ပဲရှိတယ်။ တီဗွီကြည့်တဲ့အကျင့်လည်း မရှိတော့ဘူး။ ကိုယ့်အခန်းထဲမှာပဲကိုယ် ဂိမ်းဆော့မယ်၊ အင်တာနက်ကြည့် မယ်။ ဒီလိုတွေ ဖြစ်လာတယ်။ ဒါပေမယ့် နာခံမှုကတော့ တူညီပါတယ်။ ဒါကတော့ မပြောင်းဘူး” ဟု ပြောပြသည်။

ဒေါက်တာအောင်ဆွေနှင့် စကားစမြည်ပြောကြရင်းမှ ဒေါက်တာ အောင်ဆွေက ကျွန်တော့်ကို သူ၏ အဆောင်ကျောင်းသားဘ၀ အတိတ်ဆီသို့ ဆွဲခေါ်သွားလေသည်။

ရန်ကုန်တက္ကသိုလ်အဆောင်များသည် ယောက်ျားလေးဆောင်၊ မိန်းကလေးဆောင် ခွဲခြားထားသော်လည်း ညီအစ်ကို မောင်နှမသဖွယ်ရှိစေရန် “မောင်နှမဆောင်” များ ထားရှိကြသေးသည်။

ထိုမောင်နှမဆောင်များမှာ ရွှေဘို-ရတနာ-ပဲခူး သည် မောင်နှမဆောင်၊ စစ်ကိုင်း-သီရိသည် မောင်နှမဆောင်၊ ပင်းယ-အင်းလျားသည် မောင်နှမ ဆောင် စသည်ဖြင့် တွဲဖက်ပေးထားသည်။

ယခင်တက္ကသိုလ်ပုံရိပ်ကို ဒေါက်တာအောင်ဆွေက ယခုလိုဆက်ပြောပြ သည်။

“ကျွန်တော်တို့ ကျောင်းသားဘဝက ညစာစားပွဲ(Dinner)လုပ်ပြီဆိုတာ နဲ့ မောင်နှမဆောင်နဲ့ပဲ တွဲလုပ်လုပ်၊ တစ်ဆောင်ချင်းပဲ လုပ်လုပ် အငြိမ့်အမြဲ ပါတယ်။ တက္ကသိုလ်ရဲ့ ဂုဏ်အင်္ဂါက အငြိမ့်ပေါ့။ အခုတော့ အဲဒီလို မပါတော့ ဘူး။ အနောက်တိုင်းယဉ်ကျေးမှု၊ ကိုရီးယားဒန့်စ် စတာတွေပါလာတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝကဆို တက္ကသိုလ် Life ဖြစ်တဲ့ သီချင်းလေးတွေ ဆိုတာ။ စစ်ကိုင်းလမ်းတို့၊ မာလာဆောင်တို့ဘာတို့ပေါ့။ အခုတော့ အရင် တက္ကသိုလ်ရဲ့ရသကို သိပ်မခံစားရတော့ဘူး”

ယခုအခါ ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းနေခဲ့သည့် ပဲခူးဆောင် အခန်းအမှတ် (၁၁၃)ကို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ဖေဖော်ဝါရီ ၁၃ တွင် တစ်ကြိမ်၊ ဗိုလ်ချုပ်ကျဆုံးခဲ့သည့် အာဇာနည်နေ့ ဇူလိုင် ၁၉ တွင် တစ်ကြိမ် တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ပြသပေးလျက်ရှိသည်။

“အာဇာနည်နေ့မှာတော့ ပြင်ပက ရဟန်းရှင်လူ ပြည်သူတွေပါ ပြသ တယ်။ ဗိုလ်ချုပ်မွေးနေ့မှာတော့ ကျောင်းသားတွေကိုပဲ ပြသပေးတယ်” ဟု ပဲခူးဆောင် အဆောင်မှူးဒေါက်တာအောင်ဆွေက ပြောသည်။

မကြာမီ ပဲခူးဆောင် ကျောင်းသား ကိုအောင်ဆန်း၏ မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို ရောက်ရှိပေတော့မည်။

ယခုအခါ ရန်ကုန်တက္ကသိုလ်ကြီးသည် ခေတ်အဆက်ဆက်ကို တည်ငြိမ် စွာဖြင့် ဖြတ်သန်းခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် နှစ် ၁၀၀ သက်တမ်းပြည့်မည် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာလအထိ တစ်နှစ်တာပတ်လုံး ကျင်းပသွားမည်ဖြစ်သည်။

၁၉၃၆-၁၉၃၇ ဝန်းကျင်က ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမကြီးသို့ မျက်နှာမူနေသော ပဲခူးဆောင် တတိယထပ် အခန်း (၁၁၃)တွင် ဘီအေ စီနီယာတန်းတက်နေသည့် လူငယ်လေးတစ်ယောက်ရှိခဲ့သည်။ ထိုလူငယ်လေးကား မြန်မာနိုင်ငံ၏ လွတ်လပ်ရေး သမိုင်းကို ပုံဖော်ပေးခဲ့သူ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်ပေတော့သည်။

ရဲခေါင်ညွန့်