ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် စကားဝိုင်း(၂)
တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သည့် မြန်မာနိုင်ငံတွင် ပြည်ထောင်စုကြီး အဓွန့်ရှည်ရန်၊ တိုင်းရင်းသားများ စည်းလုံး ချစ်ခင်စွာ အတူတကွနေထိုင်နိုင်ရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်လှသလို ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်ရန်အတွက်လည်း ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စုနေ့ ဂုဏ်ပြုအထူးအစီအစဉ်အနေဖြင့် ခွင့်တူညီမျှဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
အဆိုပါ ခွင့်တူညီမျှဝါဒဖြူစင်ဖက်ဒရယ်လစ်ဇင် စကားဝိုင်းဆွေးနွေးပွဲ (ဒုတိယပိုင်း)တွင် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို အဓိပ္ပာယ် ဖွင့်ဆိုခြင်းနှင့်ပတ်သက် ၍ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနပါမောက္ခ (အငြိမ်းစား) ဒေါက်တာကျော်ဝင်းနှင့် ခေတ်ရနံ့မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ ပြည်သွေးနိုင်တို့က ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြလိုက်ရပါသည်-
ပြည်သွေးနိုင်။ ။ အပိုင်း ၂ အနေနဲ့ ဖက်ဒရယ် ပြည်ထောင်စုရဲ့ အခြေခံသဘော တရားတွေကို ရှင်းပြပေးဖို့ ဆရာကြီးကို မေးခွန်းလေးတွေ မေးချင်ပါတယ်။ အဓိကကတော့ ဖက်ဒရယ်ပြည်ထောင်စု ရဲ့ သဘောတရားတွေမှာ ဘယ်နှမျိုးလောက် ရှိပါသလဲ။ အဲဒါလေးကို စတင်ပြီး ရှင်းပြပေးပါလားခင်ဗျ။
ဒေါက်တာကျော်ဝင်း။ ။ ပထမဦးဆုံး အခြေခံသဘော တရား မပြောခင်မှာ ဖက်ဒရယ် စနစ်ဖြစ်ဖို့ လိုအပ်ချက်လေးတွေ ပြောချင်ပါတယ်။ ပထမ အချက်ကတော့ ဖက်ဒရယ်နိုင်ငံထူထောင်တော့မယ်ဆိုရင် ထူးခြားတဲ့ အမျိုးသားကိုယ်ပိုင်လက္ခဏာများ ရှိဖို့လိုပါ တယ်။ တူညီသော ဘာသာစကား၊ တူညီသော ယဉ်ကျေးမှု စတာကို အခြေခံရပါတယ်။ အဲဒါက ပထမလိုအပ်ချက်ပါ။
ပူးပေါင်းလိုစိတ်ရှိရမယ်
ဒုတိယလိုအပ်ချက်က ဘာလဲဆိုတော့ နိုင်ငံ တစ်နိုင်ငံကို ကြည့်မယ်ဆိုရင် နယ်မြေချင်း ထိစပ်မှုလို တယ်။ အဲဒီတော့ နယ်မြေချင်းထိစပ်တဲ့ နိုင်ငံတွေကိုကြည့် မယ်ဆိုရင် ခုနက ဖက်ဒရယ်ကို ပေါင်းစည်းရတာလွယ်တယ် ဆိုတာ တွေ့ရပါတယ်။ နောက်တစ်ခုက ဖက်ဒရယ်နိုင်ငံ ကို ထူထောင်တော့မယ်ဆိုရင် အဓိကအားဖြင့် ဘာလိုလဲ ဆိုတော့ ပူးပေါင်းလိုစိတ်ရှိရမယ်။ ပြည်ထောင်စုကြီးကို ထူထောင်တော့မယ်ဆိုရင် Constitutional State အနေနဲ့ ပါဝင်ဖွဲ့စည်းမယ့် ပြည်နယ်တွေမှာ ရှိမယ့် နိုင်ငံသားတွေ အားလုံးဟာလည်း ပူးပေါင်းလိုစိတ်ရှိရပါမယ်။
ဒီအချက်တွေနဲ့ ပြည့်စုံမှသာလျှင် ဖက်ဒရယ်ပုံစံကို သွားလို့ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဖက်ဒရယ်ပုံစံကို ကြည့်တဲ့အခါ အကြမ်းအားဖြင့် သုံးမျိုးရှိပါတယ်။ နံပါတ် တစ်က အဲဒီဖက်ဒရယ်ပြည်ထောင်စုမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ လွှမ်းမိုးမှုအများဆုံးဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုနဲ့ ပြည်နယ် များအကြားမှာ ပေါင်းတော့မယ်ဆိုရင် ဘာလိုလဲဆိုတော့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေလိုတယ်။ တစ်နည်းအား ဖြင့်ပြောရင် ပဋိညာဉ်၊ Contract လို့ ခေါ်တာပေါ့။ အဲဒီ ပဋိညာဉ်က အရေးကြီး ပါတယ်။ အဲဒီတော့ နိုင်ငံသစ်ကို ဖက်ဒရယ်စနစ်နဲ့ ထူထောင်တော့မှာဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်မှာ ပြည်နယ်တွေနဲ့ ဗဟိုအစိုးရအကြား ပူးပေါင်းပြီးတော့ နိုင်ငံသစ်ကို ထူထောင်တော့မယ်။ ဒီနိုင်ငံသစ်ဟာ ဘာကိုအခြေခံထားမလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံထားရမယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ဒီနိုင်ငံမှာ အထွတ်အထိပ်ဖြစ်ရမယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဟာ တင်းကျပ်ဖို့လည်း လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးအတွက် အာမခံချက်ပေး ဖို့ လိုတဲ့အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်နိုင်ငံမှာ အာဏာနဲ့ပတ်သက်ပြီးတော့ အမြင့် ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်ရမယ်။ ဒါက နံပါတ်တစ် အချက်ပါ။
ဖက်ဒရယ်စနစ်မှာ အရေးအကြီးဆုံး သဘောတရားက ပြည်နယ်နဲ့ ပြည်မ အာဏာခွဲဝေမှုကို Separation of Power လို့ ခေါ်ပါတယ်။ အဲဒီလို ခွဲတဲ့နေရာမှာ ပုံစံအမျိုးမျိုး ရှိကြပါတယ်။ နိုင်ငံတစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ဘာသာရပ်တွေနဲ့ ဒေသတစ်ခုအတွက် အကျိုးဖြစ်မယ့် ဘာသာရပ်တွေဆိုပြီး နှစ်ပိုင်းရှိပါတယ်။ အဲဒီလို နှစ်ပိုင်းရှိတဲ့အခါမှာ တစ်နိုင်ငံလုံး နဲ့ဆိုင်တဲ့ ဘာသာရပ်တွေကို အချို့သောနိုင်ငံတွေကတော့ ပြည်ထောင်စုက ယူထားတယ်။ အချို့သော ဒေသန္တရနဲ့ ဆိုင်တဲ့ အကျိုးစီးပွားတွေနဲ့ဆိုင်တဲ့ ဘာသာရပ်တွေကို ပြည်နယ်တွေကို ခွဲပေးထားတာရှိတယ်။
ဒီလိုခွဲတဲ့နေရာမှာ ခုနကပြောတဲ့ တိတိကျကျနဲ့ ဘယ်လိုခွဲမလဲဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ခွဲရမယ်လို့ ဖော်ပြထားတာတွေ့ရတယ်။ ဥပမာအားဖြင့် တချို့နိုင်ငံ တွေမှာကျတော့ ကန့်သတ်ထားတဲ့ အာဏာတွေကို ဗဟို အစိုးရကို ပေးထားတယ်။ တချို့ကျတော့ ပြည်နယ်တွေကို ပေးထားတယ်။ ကြွင်းကျန်အာဏာ (Residual Power) ဆိုတာလည်းရှိတယ်။ ကြွင်းကျန်အာဏာကိုလည်း တချို့က ဗဟိုအစိုးရက ယူထားတာရှိတယ်။ တချို့က ပြည်နယ်အစိုးရ က ယူထားတာရှိတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကြည့်မယ်ဆိုရင် ကာကွယ်ရေးတို့၊ ဘဏ္ဍာရေးနဲ့ ငွေကြေးထုတ်လုပ်မှုတို့ကို ဖက်ဒရယ်အစိုးရက ယူထားတာရှိတယ်။ ဆွစ်ဇာလန်လို နိုင်ငံမျိုးကျတော့ ပြည်နယ်တွေက ယူထားတာရှိတယ်။ အဲဒီတော့ ဖက်ဒရယ်ပုံစံမှာ သဘောတရား သုံးမျိုးရှိတယ်လို့ ကျွန်တော်ပြောတဲ့အထဲမှာ အာဏာခွဲဝေရေးကတော့ အတိ အကျကို အင်မတန်ကို လိုတဲ့အချက်ပဲ။ ဘာဖြစ်လို့လဲဆို တော့ ပေါင်းစည်းတယ်ဆိုကတည်းကိုက အာဏာကို အညီ အမျှ ခွဲဝေပေးဖို့လိုတယ်။ အဲဒါကြောင့်မို့ ပြည်ထောင်စုမှာ အဓိကအရေးကြီးဆုံးအချက်သည် Separation of Power လို့ခေါ်တဲ့ အာဏာ ခွဲဝေရေးပဲဖြစ်ပါတယ်။
အဲဒီ အာဏာခွဲဝေရေးမှာမှ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ခွဲဝေပေးတာချင်းက ကွဲပြားခြားနားပါတယ်။ မိမိတို့ရဲ့နိုင်ငံ ရေမြေအနေ အထားအလိုက်၊ မိမိတို့နိုင်ငံအတွင်းမှာ ရှိကြတဲ့ လူမျိုးစုတွေရဲ့ အခြေခံသဘောတရားအလိုက် ဘယ်ပုံစံဟာ ကိုယ့်နိုင်ငံနဲ့ အသင့်တော်ဆုံးဖြစ်မယ်ဆိုတာကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
အရေးအကြီးဆုံးဖြစ်
များသောအားဖြင့် အာဏာခွဲဝေတဲ့အခါမှာ သိပ်ပြီး တော့ ဗဟိုက တင်းကျပ်လွန်းရင်လည်းမရဘူး။ သိပ်ပြီး လျှော့ပေး လည်းမရဘူး။ တချို့မှာ ဗဟိုက အာဏာပိုယူ ထားတာရှိတယ်။ တချို့ကျတော့ ပြည်နယ်တွေကို အာဏာ ပိုပေးထားတာရှိတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာဆိုရင် ဒီလိုပဲ ပြောထားတာတွေရှိပါတယ်။ ဗဟိုကနေ အကုန်ကိုင်ထားတာပဲ။ ပြည်နယ်တွေကို ဒီလောက်ကြီး ပေးထားတာမဟုတ်ဘူး။ အဲဒီလို အငြင်းပွား စရာတွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ဖက်ဒရယ်ရဲ့ သဘောတရားထဲမှာ အာဏာခွဲဝေရေးဆိုတာသည် အရေးအကြီးဆုံးဖြစ်တယ်လို့ ပြောလိုပါတယ်။
တတိယအချက်ကတော့ ခုနကပြောတဲ့ ဗဟိုနဲ့ ပြည်နယ်ရဲ့ အကြားမှာ လုပ်ပိုင်ခွင့်တွေပေးထားတာ၊ ဗဟိုမှာ လုပ်ပိုင်ခွင့်ပေး ထားတာရှိသလို ပြည်နယ်မှာလည်း ပေးထားတာရှိတဲ့အတွက်ကြောင့် တချို့သောနေရာတွေမှာ အကျိုးစီးပွားဆန့်ကျင် တာမျိုးတွေ ဖြစ်လာနိုင်တယ်။ ပဋိ ပက္ခတွေ ဖြစ်လာနိုင်တယ်။ အဲဒီလို ပဋိပက္ခဖြစ်လာတဲ့အခါ ကျတော့ ဖြေရှင်းပေးဖို့ အင်အားစုလိုတယ်။ အဲဒီဟာက လည်း သဘောသဘာဝကျတယ်။
အဲဒီလို ခွဲပေးတဲ့နေရာမှာ တချို့သောနေရာများမှာ ခုနကပြောသလို အငြင်းပွားစရာဖြစ်လာတဲ့အခါမှာ ကြားကနေ ဝင်ဖျန်ဖြေပေးဖို့လိုတယ်။ အဲဒီတော့ ဖက်ဒရယ် နိုင်ငံတိုင်းမှာ ဘာလိုလဲဆိုတော့ ဒီအငြင်းပွားမှုကို ဖြေရှင်း ပေးနိုင်မယ့် ခုနကပြောတဲ့ တရားလွှတ်တော်ချုပ်ကနေ ဖျန်ဖြေပေးရပါတယ်။ တရားလွှတ်တော်ချုပ်က ဖျန်ဖြေ မပေးနိုင်ဘူးဆိုရင် ခုနကပြောတဲ့ စစ်မှန်သော ဖက်ဒရယ်ပုံစံ မျိုး ဖြစ်မလာနိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့ အမေရိကန် ပြည်ထောင်စုမှာ ကြည့်မယ် ဆိုရင် ဗဟိုအစိုးရမှာလည်း လွှတ်တော်ရှိတယ်၊ ပြည်နယ်အစိုးရမှာလည်း လွှတ်တော် ရှိတယ်။ တရားလွှတ်တော်ချုပ် ဆိုတာလည်းရှိတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဗဟိုနဲ့ ပြည်နယ်နဲ့ အငြင်းပွား တဲ့အချိန်မျိုးမှာ ဖက်ဒရယ်လွှတ်တော်ကနေ ဝင်ပြီးတော့ ဖြေရှင်းပေးရပါတယ်။
ဒါကြောင့်မို့ ဒီသဘောတရား သုံးချက်ကို ပြန်ပြောရ မယ်ဆိုရင် နံပါတ်တစ်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ က အထွတ်အထိပ်ဖြစ်ရမယ်။ နံပါတ်နှစ်က ဖက်ဒရယ် အစိုးရနဲ့ ပြည်နယ်များကြားမှာ အာဏာခွဲဝေမှုသည် ပုံစံအမျိုးမျိုးနဲ့ရှိ တယ်၊ ခွဲလည်းခွဲပေးရမယ်။ ဒါမှသာလျှင် လာပြီး ပေါင်းစည်းချင်မှာဖြစ်ပါတယ်။
အချို့က အကျိုးစီးပွားချင်းတူတဲ့ အဖွဲ့အစည်းလို့ ပြောတဲ့အတွက်ကြောင့် လာပြီးပေါင်းတဲ့အခါမှာ မိမိတို့ လိုချင်တဲ့ ဥပမာအားဖြင့် လူမျိုးစုတွေများတဲ့ နိုင်ငံမျိုးမှာ ဆိုရင် တိုင်းရင်းသားတွေအတွက် ဘယ်လိုအာဏာမျိုး တွေပေးမလဲ။ ဗဟိုအစိုးရကတော့ ဘာတွေကိုင်ထားမလဲ။ အဲဒီတော့ ဒီအာဏာခွဲဝေမှုသည် ခုနကပြောသလိုပဲ Centralization နဲ့ Decentralization ပေါ့နော်၊ တချို့က ဗဟိုက တော်တော်လေးချုပ်ကိုင်တယ်၊ တချို့ကျတော့ ဗဟိုချုပ်ကိုင်မှုလျော့နည်းတယ်။ ဖက်ဒရယ်နိုင်ငံတွေမှာ ဗဟိုချုပ်ကိုင်မှု လျော့နည်းတဲ့ပုံစံမျိုးကို ပိုပြီးတော့ လူတွေ က သဘောကျပါတယ်။
အဖွဲ့အစည်းတစ်ခုရှိရမယ်
အဲဒီတော့ အဲဒီလို အာဏာခွဲပေးတဲ့အခါမှာ နိုင်ငံ တိုင်းမှာတော့ ပြဿနာဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လဲဆို တော့ သူ့ကိုပေးထား တဲ့အာဏာ၊ ကိုယ့်ကိုပေးထားတဲ့ အာဏာ၊ ဒီအာဏာနှစ်ခုကြားထဲမှာ တစ်ခါတစ်ခါကျရင် အကျိုးစီးပွားချင်း ဆန့်ကျင်တဲ့ အတွက်ကြောင့် ပဋိပက္ခ တွေ ဖြစ်လာနိုင်တယ်။ အဲဒီပဋိပက္ခကို ဘယ်လိုပုံစံနဲ့ ဖြေရှင်းမလဲ၊ ဖြေရှင်းဖို့ဆိုတာ Authority ပေးထားတဲ့ အဖွဲ့အစည်းတစ်ခု ရှိရမယ်။
အဲဒီအဖွဲ့အစည်းသည် တရားလွှတ်တော်ချုပ်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒါကို ကြည့်ပြီးတဲ့အခါမှ ကျွန်တော်တို့က ဒီပြည်ထောင်စုက စစ်သလား၊ မစစ်ဘူး လားဆိုတဲ့ဟာကို အခြေခံထားပြီး ဆုံးဖြတ်တာဖြစ်တဲ့ အတွက် ဖက်ဒရယ်မူရဲ့ အခြေခံသဘောတရားဟာ အဲဒီ သုံးချက်ပဲဖြစ်တယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။
ပြည်သွေးနိုင်။ ။ ဟုတ်ကဲ့ပါဆရာကြီး။ အဓိကသုံးချက် ကို ဆရာကြီးပြောသွားတာ ဖွဲ့စည်းပုံ အခြေခံဥပဒေလွှမ်းမိုးမှုရှိရမယ်။ အဲဒါကလည်း အဓိက ဆရာကြီးပြောသလိုဆိုရင် ကျွန်တော်တို့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေကြားမှာ ပဋိညာဉ်ရှိတယ်။ နောက် ဆရာကြီး တစ်ခုဒီမှာထောက်ပြထားတာက အဲဒီလို ပဋိညာဉ်ထားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ တင်းကျပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး ထားရှိလေ့ရှိ တယ်၊ ရေးဆွဲလေ့ရှိတယ်လို့ ပြောပါတယ်။
နောက်ပြီး ဆရာကြီးပြောတာ ဒုတိယတစ်ချက်က တော့ အာဏာခွဲဝေသတ်မှတ်ခြင်းဖြစ်ပါတယ်။ ခုနက ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရကြားထဲမှာ တိကျတဲ့ အာဏာခွဲဝေမှု လိုအပ်တယ်ဆိုတာကို ဆရာကြီး ဒါတစ်ချက် ထောက်ပြသွားပါတယ်။ နောက်တစ်ခုကတော့ ခုနကလို အာဏာတွေ ခွဲဝေထားတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပြည်နယ်နဲ့ ဗဟိုအစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေ သတ်မှတ်တဲ့နေရာမှာလည်း အငြင်းပွားမှုတွေ၊ နောက်တစ်ခု က ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့ပတ်သက်ပြီး အဓိပ္ပာယ် ကောက်ယူတဲ့အခါမှာ အငြင်းပွားမှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒါတွေကို ဖြေရှင်းပေးဖို့ကတော့ အမြင့် ဆုံး တရားရုံးချုပ်၊ တရားလွှတ်တော် လိုအပ်တယ်လို့ ဆရာကြီးပြောသွားတာကို ကျွန်တော် မှတ်သားရပါတယ်။
အဲဒီတော့ စောစောကလည်း ဆရာကြီး ပြောသွားတဲ့ အထဲမှာ ပါပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ဖွဲ့စည်းတော့မယ်ဆိုရင် အချင်းချင်း မိမိတို့ရဲ့ ဆန္ဒ အလျောက် ပြည်နယ်တွေက ပူးပေါင်းဖို့လိုတယ်။ အာဏာနဲ့ သိမ်းသွင်းတာသော်လည်းကောင်း၊ စစ်ရေးအရ သိမ်းပိုက်ပြီးတော့သော်လည်းကောင်း ဒါမျိုးတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့တယ်ဆိုရင် ရေရှည်မှာ မအောင်မြင်နိုင်ဘူးလို့ ဆရာကြီးရဲ့ စာအုပ်တချို့မှာလည်း ရေးထားတာကို ကျွန်တော်တွေ့ရပါတယ်။
တကယ်တော့ အဲဒီလိုမျိုး အမိန့်အာဏာနဲ့ သွတ်သွင်း ပြီးတော့ တည်ဆောက်ထားတဲ့ နိုင်ငံတွေရှိရင် ကျွန်တော် တို့ အတိတ်သမိုင်းမှာ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ဥပမာ ပေးပြီး ဆရာကြီးရှင်းပြပေးပါဦးခင်ဗျ။
ဒေါက်တာကျော်ဝင်း။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့ ကမ္ဘာ့သမိုင်းမှာ ကြည့်မယ် ဆိုရင် ကျွန်တော် ဘာတွေ့ရသလဲဆိုတော့ ၁၉၁၇ ခုနှစ် အောက်တိုဘာ တော်လှန်ရေးပြီးတဲ့အခါမှာ ဆိုဗီယက် ပြည်ထောင်စုပေါ့။ အခုတော့ ဆိုဗီယက်ပြည်ထောင်စုက ပြိုကွဲသွားပြီပေါ့။ ဆိုဗီယက်ပြည်ထောင်စုရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာကြည့်ရင် လူမျိုးစုတွေ ပါနေတယ်။ လူမျိုးစုတွေပါနေတဲ့အခါကျတော့ အဲဒီ လူမျိုးစုတွေအတွက်ကို ကြည့်ပြီးတော့မှ ပြည်ထောင်စု ဆိုတဲ့ ပုံစံမျိုးနဲ့ဖွဲ့တာပဲ။ ကွန်မြူနစ်နိုင်ငံ၊ ဆိုရှယ်လစ် နိုင်ငံတွေမှာလည်း ဖက်ဒရယ်ပုံစံရှိတယ်။
ဖက်ဒရယ်ပုံစံကို ကြည့်တဲ့အခါမှာ ခုနက ကျွန်တော် ပြောတဲ့အထဲမှာ ပါပြီးသားဖြစ်ပါတယ်။ ဆိုဗီယက် ပြည်ထောင်စုမှာရှိတဲ့ တိုင်းရင်းသားတွေဟာ အမိန့်အာဏာ နဲ့ အတင်းဖွဲ့စည်းထားတာဖြစ်တယ်။ တချို့လည်း သူတို့ ဆန္ဒမပါဘူး။ သူတို့အလို အလျောက် လာပူးပေါင်းတာ မဟုတ်ဘူး။ ခုနကပြောတဲ့ အကြွင်းမဲ့အာဏာပိုင်ဝါဒနဲ့ သွတ်သွင်းထားတာဖြစ်တဲ့ အတွက်ကြောင့် နောက်ပိုင်းမှာ အမျိုးသားရေးစိတ်ဓာတ်တွေ ပြင်းထန်လာရင် အဲဒီခုနက ပြောတဲ့ ပြည်ထောင်စုကြီးဟာ ပြိုကွဲသွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆန္ဒမပါဘူး။
အဲဒီတော့ ဆိုဗီယက်ပြည်ထောင်စုကိုကြည့်ရင် နောက်ပိုင်းမှာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားတာ သည် လူတွေက ပြောနေကြတာပေါ့နော်။ ခွဲထွက်ခွင့် ကြောင့်မို့လို့ ခွဲထွက်ခွင့်ပါလာလို့ ဆိုဗီယက်ပြည်ထောင်စု ကြီး ပြိုကွဲသွားတယ်လို့ပြောပေ မယ်လို့ အဓိကတရားခံက အဲဒါမဟုတ်ဘူး။ အဓိက တရားခံက ခုနကပြောတဲ့ အတင်း အကျပ်လုပ်ထားတာဖြစ်တယ်။
အာဏာပိုင်ဝါဒနဲ့ သူကအတင်းအကျပ်သွတ်သွင်းထားတာဖြစ်တဲ့အတွက်ကြောင့် အမျိုးသားရေးဝါဒတွေ လွန်ကဲလာရင်၊ ပြင်းထန်လာရင် အတင်းအကျပ်လုပ်ထားလို့ မရတော့ဘူး။ အဲဒီအခါမှာ ဆိုဗီယက်ပြည်ထောင်စုကြီးက ပြိုကွဲသွားတာဖြစ်ပါတယ်။ အလားတူပဲ ယူဂိုဆလားဗီးယားမှာ လည်း ဒီအတိုင်းပဲတွေ့နိုင်ပါတယ်။ အဲဒီတော့ ထောက်ပြစရာ တချို့ကပြောတယ်ပေါ့နော်။ Federalism ဆိုတာသည် ခွဲထွက်ခွင့်ဆိုတာ ပါနေတယ်။
အဲဒါကြောင့် ခွဲထွက်ခွင့်ကြောင့်မို့လို့ ပြိုကွဲတာမဟုတ်ဘူး။ ယူဂိုဆလားဗီးယားလည်း ဒီအတိုင်းပဲ။ ခုနက အတင်း အကျပ်လုပ်ထား တယ်ဆိုတဲ့အခါကျတော့ သူတို့ဟာ ပေါင်းစည်းတဲ့အခါမှာ သူ့ဆန္ဒက အတင်းအကျပ်လုပ်လို့သာ သူက ပေါင်းရတာ။ အဲဒါကြောင့်မို့လို့ နောက်ပိုင်းမှာ ဘာဖြစ် လဲဆိုတဲ့အခါကျတော့ ယူဂိုဆလားဗီးယားလည်း ပြိုကွဲသွား တယ်။ Czech ၊ Kosovo လည်း ပြိုကွဲတယ်။ ဒါကြောင့်မို့လို့ ခုနက ဦးပြည်သွေးနိုင် ဆွေးနွေးသလိုပဲ ပြည်ထောင်စုကို လုပ်တဲ့နေရာမှာ ပူးပေါင်းချင်စိတ်ရှိတဲ့ နိုင်ငံတွေအချင်းချင်း ပူးပေါင်း တာ အကောင်းဆုံးပဲဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ဆန္ဒအလျောက် Voluntary ပေါင်းတာမို့။ အဲဒီတော့ အမိန့်အာဏာနဲ့ ပေါင်းတယ်ဆိုတာ ရေရှည်မှာ မခံဘူးပေါ့နော်။ ရေရှည်ခံအောင် ကျွန်တော်တို့က ဘာလုပ်ရမလဲ။ ခုနကပြော သလိုပဲ။ အဲဒီအကျိုးစီးပွားချင်းတူညီတဲ့ နိုင်ငံတွေကနေ ပေါင်းပြီးတဲ့အခါမှာ ပြည်ထောင်စုကြီးကို ဖွဲ့စည်းတာက အကောင်းဆုံးပဲလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။
ပြည်သွေးနိုင်။ ။ နောက်တစ်ခု ဆရာကြီးကို ဆက်ပြီး မေးချင်တာက ဒီနေ့ကမ္ဘာပေါ်မှာ ဖက်ဒရယ်စနစ်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဘယ်နှနိုင်ငံ ရှိပါ သလဲ။ တစ်ပြည်ထောင်စနစ်နဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံ ဘယ်နှနိုင်ငံလောက်ရှိလဲ။ အဲဒါလေးလည်း ရှင်းပြပေး ပါ။
ဒေါက်တာကျော်ဝင်း။ ။ ကမ္ဘာပေါ်မှာတော့ တစ်ပြည် ထောင်စနစ်ကို လက်ခံတဲ့နိုင်ငံ က ပိုများတယ်။ ၁၇၀ ကျော်လောက်ရှိတယ်။ ၂၀၀၃ ခုနှစ်မှာ ကောက်ခံတဲ့စာရင်းအရ ဖက်ဒရယ်နိုင်ငံက ၂၃ နိုင်ငံ၊ နောက်ထပ်တိုးလာတော့ ၂၅ နိုင်ငံရှိတယ်။ လူဦးရေအရ ကြည့်မယ်ဆိုရင် ၄၀ ရာခိုင်နှုန်းလောက်ရှိမယ်။ ဒါပေမယ့်လို့ ဖက်ဒရယ်ကို ကျင့်သုံးတဲ့နိုင်ငံတွေ တော်တော်များများက လူဦးရေများတဲ့နိုင်ငံတွေ ဖြစ်နေတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ ရှိတဲ့ နယ်မြေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ ဖက်ဒရယ်ဖြစ် တယ်။ အဲဒီတော့ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်လောက်ရှိတာပေါ့။ ဒီကနေ့ဆိုရင် ဖက်ဒရယ်ကို လူကြိုက်များလာတာကို တွေ့ရ တယ်။ တစ်ပြည်ထောင်က များတယ်ဆိုပေမယ့် အဲဒီထဲမှာ ပါတဲ့ လူဦးရေကမများဘူး။ တစ်ဝက်လောက်ပဲရှိတယ်။ အဲဒီတော့ နောက်ပိုင်းကောက်ခံမှုအရ ဖက်ဒရယ်နိုင်ငံက ၂၅ နိုင်ငံဖြစ်လာတာ တွေ့ရတယ်။ နောက်လည်း ဖြစ်လာမယ့် အလားအလာများတဲ့ နိုင်ငံတွေရှိပါတယ်။
ပြည်သွေးနိုင်။ ။ ဒါဆိုရင် နောက်ဆုံးစာရင်းတွေအရ ဖက်ဒရယ်ကျင့်သုံးတဲ့ နိုင်ငံက ၂၅ နိုင်ငံ ရှိတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ရာခိုင်နှုန်းအရ ၁၂ ရာခိုင်နှုန်းရှိ ပြီးတော့ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ရှိတယ်။ နောက်တစ်ခုက ကမ္ဘာမြေအကျယ်ရဲ့ ၅၀ ရာခိုင်နှုန်း လောက်ရှိတယ်လို့ သိရပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ် ဆရာကြီး။
ဒီနေ့ ဆွေးနွေးမှုမှာ ခွင့်တူညီမျှ ဝါဒဖြူစင် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
သတင်းအဖွဲ့