ပင်ချင်းယှက်နွှယ် ပြည်ထောင်စုဝယ်
၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ ရက်ကတော့ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တဲ့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့မရောက်မီကပဲ ပြည်ထောင်စုနေ့နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ပွဲတွေဖြစ်တဲ့ စာစီစာကုံးပြိုင်ပွဲတွေ၊ တိုင်းရင်းသားရိုးရာ အစားအသောက် ရောင်းချပွဲတွေ၊ ပဒေသာကပွဲတွေကိုလည်း ပြည်ထောင်စုအဝန်းမှာ အကြို ကျင်းပနေကြပါပြီ။
ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်း ကတော့ အများသိထားကြပြီမို့ အထူးတလည် မပြော လိုတော့ပါဘူး။ ဒီနေရာမှာ ပြည်ထောင်စုဆိုတဲ့ စကားလုံးကို ကျွန်မအတော်နှစ်သက်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၅ မျိုးနဲ့ စုစည်းထား တဲ့ပြည်ထောင်စုနိုင်ငံ ဖြစ်ပါတယ်။ ဒီတိုင်းရင်းသားတွေ ညီညွတ်ခဲ့တဲ့အတွက်လည်း ပင်လုံညီလာခံရယ်လို့ ဖြစ် လာပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား မျိုးနွယ်စုတွေသာ မပါဝင်နိုင်ခဲ့ဘူး ဆိုရင်ရလဒ်ဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာပဲလို့ကျွန်မတွေးမိပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း
လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာတော့ ကိုယ် ယုံကြည်ရာ အယူဝါဒတွေကို စွဲကိုင်ကြပြီး ကိုယ်မှန်တယ် ထင်တဲ့လမ်းကို တချို့က ရွေးချယ်ခဲ့ကြပါတယ်။ ဒီလမ်း တွေကို ရွေးချယ်ခဲ့ကြတဲ့ အကြီးအကဲတွေ တောင်မှ မရှိကြတော့ပါဘူး။ ဒါပေမယ့် နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ ကိုယ့်တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ပဋိပက္ခတွေ ကတော့ ဒီနေ့အထိ တချို့နေရာတွေမှာ ရှိနေဆဲပါပဲ။ ဒါဟာ ဝမ်းနည်းစရာ၊ စိတ်ထိခိုက်စရာ ကောင်းလှပါတယ်။ ညီညွတ်ပြီး တစုတစည်းတည်း ရှိခဲ့ကြတဲ့အချိန်မှာ အကျိုး ရလဒ်ကို ရရှိခဲ့ပေမယ့် အစည်းပြေသလို ဖြစ်ချိန်မှာတော့ ပြည်ထောင်စုအတွင်းမှာ မငြိမ်းချမ်းမှုတွေ ပေါ်ပေါက် လာခဲ့ပါတယ်။
ဒီနေရာမှာ ဗုဒ္ဓလမ်းညွှန်ခဲ့တာလေးကို ကျွန်မ မျှဝေ ပေးချင်ပါတယ်။ တချို့လည်း ကြားဖူး၊ သိဖူးကြမှာပါ။ မညီညွတ်ရင် ပျက်စီးဆုံးရှုံးတတ်တာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ကျော်လောက်က ဗုဒ္ဓက ဆုံးမခဲ့တာပါ။ ကပိလတိုင်းနဲ့ ကောလိယတိုင်းက လယ်သမားတွေ ရောဟိဏီမြစ်ရေကို လိုချင်ကြလို့ ငြင်းခုံရာကစပြီး နောက်ဆုံး နှစ်ဖက်စစ်တပ်တွေတိုက်ခိုက်ကြဖို့ ရောဟိဏီ မြစ်ကို ရောက်လာကြတယ်။
ဒါကို ဗုဒ္ဓသိပြီး နှစ်ဖက်ဆွေမျိုးတွေ ရှိတဲ့နေရာကို ရောက်လာပြီး ဆွေမျိုးအချင်းချင်း ခိုက်ရန်ဖြစ်ပွားတာကို ဖျန်ဖြေပြီး နှစ်ပြည်ထောင်မင်းနဲ့စစ်တပ်ကို ငြိမ်းချမ်းရေး တရားဖြစ်တဲ့ မဟာသမယသုတ်ကို ဇာတ်တော်ခြောက်ခုနဲ့ လမ်းညွှန်ခဲ့ပါတယ်။ ဒီထဲကမှ လူသားတွေသာမက သစ်ပင်များတောင် တစ်ပင်တည်း သီးခြားရပ်တည်လို့ မရဘဲ တစ်ပင်နဲ့တစ်ပင် အမှီပြုပြီး ရှင်သန်ရကြောင်း လမ်းညွှန်ထားတဲ့ ရုက္ခဓမ္မဇာတ်ကို တင်ပြချင်ပါတယ်။ တောအုပ်ထဲမှာ တခြားသစ်ပင်တွေနဲ့ မရောနှောဘဲ သီးသန့်တစ်ပင်တည်း ရှိနေတဲ့သစ်ပင်ကြီးကိုမှ ဗိမာန် အဖြစ် လိုချင်တောင့်တမိတဲ့ ရုက္ခစိုးဟာ လေပြင်း တိုက် ခတ်တဲ့အခါ အကာအကွယ်မရှိဘဲ ပျက်စီးဆုံးရှုံးရတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
ဇာတ်တော်အကျဉ်းကို ပြောရရင် ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း မင်းဖြစ်တုန်းမှာ နတ်ပြည်မှာလည်း ဝေဿဝဏ်နတ်မင်းကြီး စုတေတဲ့အတွက် နောက်ထပ် ဝေဿဝဏ်နတ်မင်းကြီးတစ်ဦး မင်းဖြစ်တဲ့အခါ သစ်ပင် ကြီးငယ်၊ ချုံ၊ နွယ်မြက်ဖုတ်စတဲ့ ဗိမာန်တို့မှာ အုပ်စိုး နေထိုင်ကြတဲ့နတ်တွေကို မိမိတို့အလိုရှိရာကို ယူငင် သတ်မှတ်ကြပါလို့ အမိန့်ထုတ်ပါတယ်။ ဒီအခါ ဘုရား အလောင်းဟာ အင်ကြင်းတောတစ်ခုမှာ ရုက္ခစိုးနတ်မင်း ဖြစ်တဲ့အတွက် အင်ကြင်းတောကို သိမ်းယူပါတယ်။ ဆွေမျိုးဖြစ်တဲ့ နတ်တွေကိုလည်း “လွင်တီးခေါင်မှာ ပေါက်တဲ့သစ်ပင်တွေကို မယူကြဖို့၊ သူ့ဗိမာန်ကို ခြံရံနေတဲ့ အင်ကြင်းတောမှာ ကြိုက်တဲ့ဗိမာန်ကို ယူကြပါ”လို့ မိန့်ပါ တယ်။
ပညာရှိတဲ့ နတ်တွေက ဘုရားလောင်း ရုက္ခစိုး နတ်မင်းစကားကို နားထောင်ကြတယ်။ ပညာမရှိတဲ့ နတ်တွေကတော့ ရုက္ခစိုးနတ်မင်းရဲ့ စကားကို နားမထောင်ဘူး။ လာဘ်လာဘကို လိုချင်တာကြောင့် လွင်တီးခေါင်မှာရှိပြီး မြို့ရွာ တံခါးနဲ့ နီးတဲ့သစ်ပင်ကြီး တွေကို ရွေးချယ်ကြတယ်။ တိုတိုပြောရရင် လေကြီး မိုးကြီး ပြင်းပြင်းထန်ထန်ကျတဲ့ တစ်ရက်မှာတော့ တစ်ပင်နဲ့တစ်ပင် အမှီမရဘဲ လွင်တီးခေါင်မှာရှိတဲ့ သစ်ပင် ကြီးတွေဟာ အကိုင်းအခက်တွေ ကျိုးရုံမက အမြစ်ပါပြုတ်ပြီး လဲကုန်ပါတယ်။ ဒီအခါမှာတော့ မြို့၊ ရွာ၊ နိဂုံးမှာ လူတွေရဲ့ အကိုးကွယ်ခံနတ်တွေဟာ ဗိမာန်ပျက်စီး ပြီး အိုးအိမ်မဲ့ ဖြစ်သွားကြပါတယ်။ ရုက္ခစိုးနတ်မင်းနေတဲ့ အင်ကြင်းတောကတော့ တစ်ပင်နဲ့တစ်ပင် မှီတွယ်စပ်ယှက်ပြီး ရှိနေတာကြောင့် ပြိုလဲပျက်စီးခြင်းမရှိဘဲ အန္တရာယ်ကနေ လွတ်မြောက်ခဲ့ကြပါတယ်။
နေစရာ ပျက်စီးသွားကြလို့ ဘုရားလောင်းနတ်မင်းဆီ ရောက်လာတဲ့ နတ်တွေကို ဆုံးမတဲ့စကားဟာ အလွန်ပဲ မှတ်သားစရာကောင်းတဲ့အတွက် ဖော်ပြပေးချင်ပါတယ်။
“ အမောင်တို့ တစ်ဦးတစ်ယောက်တည်း နေခြင်းထက် ဆွေမျိုးများ စုပေါင်းညီညွတ်၍နေခြင်းသည် ကောင်း၏၊ ရန်သူမဖျက်ဆီးနိုင်။ အသက်ဝိညာဉ်မရှိသော သစ်ပင်များ သည် စုပေါင်းညီညွတ်၍ နေခြင်းသည် ကောင်း၏။ လေရန်သူ မဖျက်ဆီးနိုင်။ တစ်ပင်ထီး တည်းနေသော သစ်ပင်မှာ ကြီးကျယ်ခမ်းနားစေကာမူ လေရန်သူ ဖျက်ဆီး နိုင်၏”။
ညီညီညွတ်ညွတ်နေထိုင်ကြပါမှ
မှန်ပါတယ်ရှင်။ ကျွန်မတို့ နိုင်ငံထဲမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ စုပေါင်းနေထိုင်ကြပါမှ ပြည်ထောင်စုဆိုတာ ဖြစ်မှာပါ။ ဒီလူမျိုးစုတွေသာ သစ်ပင် ကြီးလိုနေထိုင်ကြရင် ပြည်ထောင်စုဟာ ပြိုလဲသွားမှာပါ။ တစ်ပင်နဲ့တစ်ပင် မှီတွယ်နေတဲ့ သစ်ပင်များလို ညီညီ ညွတ်ညွတ်နေထိုင်ကြပါမှ ပြည်ထောင်စုဟာ တည်တံ့ခိုင်မြဲမှာပါ။
အခုဆိုရင် ကျွန်မတို့နိုင်ငံမှာ ထာ၀ရငြိမ်းချမ်းရေး အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းဆောင်ရွက် နေကြပါပြီ။ ပထမအဆင့် ခြေလှမ်းအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးကိုလည်း ကျင်းပပြီးခဲ့ပါပြီ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများစုနဲ့လည်း ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပါပြီ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း သစ်ပင်ကြီးများလို တစ်ပင် တည်း ထီးထီးကြီး ကိုယ့်အဖွဲ့နဲ့ကိုယ် မရပ်တည်ကြဘဲ တစ်ပင်နဲ့တစ်ပင် မှီတွယ်နေတဲ့ သစ်ပင်များလို တိုင်းရင်း သားပြည်သူများနဲ့ ညီညီညွတ်ညွတ် နေထိုင်ကြပါမှ ပြည်ထောင်စုဆိုတဲ့ အဓိပ္ပာယ်ပိုပြီး ခိုင်မာမှာပါ။
တိုင်းရင်းသားလူမျိုးစုတွေကို ဦးဆောင်နေတဲ့ ခေါင်းဆောင်များရဲ့ ဆောင်ရွက်ချက်၊ ဆုံးဖြတ်ချက်တွေဟာ အခြေအနေတွေကို အကောင်းဖြစ်စေနိုင်သလို အဆိုးလည်း ဖြစ်သွားစေနိုင်ပါတယ်။ ဒီနေရာမှာ ကြီးမြတ်တဲ့ လူမျိုး၊ ကြီးမြတ်တဲ့ခေါင်းဆောင်နဲ့ ပတ်သက်ပြီး ၁၉ ရာစု က ပေါ် ထွန်းခဲ့တဲ့ အင်္ဂလိပ်စာပေအနုပညာ ဝေဖန်ရေး ဆရာ ဂျွန်ရပ်စကင်း ပြောခဲ့ဖူးတာ ရှိပါတယ်။ ဂျွန်ရပ် စကင်းရဲ့ မူရင်းစကားကို ဆရာမြသန်းတင့်က ဘာသာပြန် ဆို ပေးထားတာကို ကျွန်မ မျှဝေပေးချင်ပါတယ်။ သူဒီ စကားတွေကို ပြောခဲ့တဲ့အချိန်ဟာ ၁၉ ရာစုရဲ့ ဒုတိယပိုင်း ကာလဖြစ်ပြီး စစ်ပွဲတွေ ကမ္ဘာအနှံ့ ဖြစ်ပွားနေချိန်လို့ သိရပါတယ်။
ဂျွန်ရပ်စကင်း ရဲ့စကားကို ဆရာကြီးမြသန်းတင့်က “ကြီးမြတ်တဲ့ လူမျိုးတစ်မျိုးဟာ ဒီစစ်ပွဲမှာ ဘယ်ဘက်က မှန်သလဲ၊ ဘယ်ဘက်က မှားသလဲဆိုတာ မကြည့်ဘဲ ဒီစစ်ပွဲပြီးရင် ငါတို့ ကုန်အရောင်းအဝယ် ဘယ်လိုနေမလဲ၊ ငါတို့အမြတ်တွေ ဘယ်လောက်ရမလဲဆိုတာကိုပဲ တွေးပြီး စစ်မြေပြင်မှာ လူငယ်တွေ နေ့စဉ်နဲ့အမျှ သေနေကြတာကို လက်ပိုက်ကြည့်မနေဘူး”လို့ ဘာသာပြန်ပေးခဲ့ပါတယ်။
ကျွန်မဆရာကြီးရဲ့ ဒီဘာသာပြန်စာသားကို ဖတ်နေရင်း မှာပဲ တောင်ကုတ်ဒီဂရီကောလိပ်ကို ဖွင့်လှစ်နိုင်ဖို့ ကြိုးစား ပေးခဲ့တဲ့ ရခိုင်လူမျိုးဦးကျောက်တောင်ကို တွေးလိုက်မိပါ တယ်။ တကယ်တော့ ကျွန်မဦးကျောက်တောင်ကို လူချင်း မသိပါဘူး။ တောင်ကုတ်ဒီဂရီကောလိပ်နဲ့ ဦးကျောက် တောင်၊ ဦးကျောက်တောင်နဲ့ တောင်ကုတ်ဒီဂရီကောလိပ် ဒီလိုတွဲပြီး သိတာပဲ ရှိပါတယ်။ သူဟာ သူ့လူမျိုး၊ သူ့ဒေသ အတွက် တောင်ကုတ်ဒီဂရီကောလိပ် ဖွင့်လှစ်နိုင်ရေးမှာသူ့ရဲ့ပိုင်ဆိုင်မှုတွေကို ရက်ရက်ရောရော လှူဒါန်းခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ လူငယ်တွေအတွက် အများကြီးစဉ်းစားပြီး အပြော မဟုတ်ဘဲ အလုပ်နဲ့ဆောင် ရွက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေထဲမှာ သူလိုလူမျိုးတွေ အများကြီး ရှိစေချင်မိပါတယ်။ ရခိုင် တိုင်းရင်းသားတွေ အတွက်တော့ ဂုဏ်ယူဖွယ်ရာပဲ ဖြစ်ပါ တယ်။
တစ်ပင်နဲ့တစ်ပင် မှီတွယ်နေ
(၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ နိုင်ငံတော်သမ္မတကြီး ကလည်း “ငြိမ်းချမ်းမှ တည်ငြိမ်၊ တည်ငြိမ်မှ ဖွံ့ဖြိုး၊ ဖွံ့ဖြိုးမှ ခေတ်မီ ဆိုသည့်အတိုင်း တောင်တန်း၊ ပြည်မခွဲခြားခြင်းမရှိဘဲ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မိမိတို့အားလုံး ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ကြိုးပမ်းအားထုတ် ကြရမည်”လို့ တိုက်တွန်းထားပါတယ်။
(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ ဦးတည်ချက်(၅)ရပ်ထဲက ဒုတိယ ဦးတည်ချက်ဖြစ်တဲ့ ‘ ငြိမ်းချမ်းရေး လုပ် ငန်းစဉ်များကို ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ အောင် မြင်သည်အထိ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ရေး’ ဆိုတာ ပါပါတယ်။ ဒီဦးတည်ချက်အောင်မြင်ဖို့ အတွက်တော့ ကျွန်မတို့နိုင်ငံမှာ နေထိုင်ကြတဲ့ တိုင်းရင်း သားတွေအားလုံး ဗုဒ္ဓလမ်းညွှန်ခဲ့သလို သစ်ပင်ကြီးများလို တစ်ပင်တည်း ထီးထီးကြီးမနေဘဲ တစ်ပင်နဲ့တစ်ပင် မှီတွယ်နေတဲ့ သစ်ပင်များလို ညီညွတ်စွာ နေကြရမှာပါ။
ပြည်ထောင်စုနေ့ အခါသမယမှာ ပြည်ထောင်စု အတွင်း နေထိုင်ကြတဲ့ ကျွန်မချစ်တဲ့ တိုင်းရင်းသား မောင်နှမများအားလုံး ပင်ချင်းယှက်နွှယ် ပြည်ထောင်စုကြီး ထဲမှာ ဘေးအန္တရာယ် ကင်းရှင်းကြပါစေ။ ကျန်းမာကြပါစေ။ ငြိမ်းချမ်းကြပါစေ။ ပျော်ရွှင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်ရှင်။ ။
မိမိုးအေး(ဘားအံတက္ကသိုလ်)
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၂