၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ ရက်ကတော့ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တဲ့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့မရောက်မီကပဲ ပြည်ထောင်စုနေ့နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်ပွဲတွေဖြစ်တဲ့ စာစီစာကုံးပြိုင်ပွဲတွေ၊ တိုင်းရင်းသားရိုးရာ အစားအသောက် ရော
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂ ရက် နေ့တွင် ဗြိတိသျှအစိုးရနန်းရင်းဝန် အက်တလီ၏ ဖိတ်ကြား ချက်အရ မြန်မာပြည်လွတ်လပ်ရေးအတွက် ဆွေးနွေးရန် ထွက်ခွာသွားသည်။
ညောင်ရွှေစော်ဘွားကြီးလည်း ရှမ်းပြည်မြောက်ပိုင်းသို့ စော်ဘွားများစည်းဝေးကြရန် ထွက်ခွာသွား၏။ ခြေထိုးရန် အကွက်ကောင်းကို စောင့်နေကြသော နယ်ခြားဒေသအတွင်းဝန် စတီဗင်ဆင်သည် ရှမ်းပြည်မြောက်ပိုင်းတွင် ရောက်နှင့်နေပြီဖြစ်သည်။ စော်ဘွားများအား ချော့ချည်မြှောက်ချည်နှင့် မြန်မာပြည်နှင့် မပူးပေါင်းရန် သွေးထိုးနေလေသည်။
ဘိလပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နန်းရင်းဝန် အက်တလီတို့သည် ရှမ်းမြန်မာတောင်တန်းဒေသကိစ္စ များကိုပါ ဆွေးနွေးတင်ပြနေစဉ်မှာပင် ဗိုလ်ချုပ်အောင်ဆန်းအတွက် မမျှော်လင့်သော ကြေးနန်း တစ်စောင်သည် နန်းရင်းဝန်အက်တလီထံသို့ ရောက်လာသည်။ အဆိုပါ ကြေးနန်းမှာ ဗိုလ်ချုပ်အောင်ဆန်း အလိုရှိသော ညောင်ရွှေမှ စော်ဘွားများ ကတိပြုလိုက်သည့် ကြေးနန်းမျိုးမဟုတ်။
ကြေးနန်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်ကြောင်း၊ တောင်တန်းဒေသအရေးကိစ္စများအတွက် စော်ဘွားများကို သီးခြားဖိတ်ခေါ်ပါဟူ၍ ဖော်ပြထားသည်။ ဤကြေးနန်းမှာ စော်ဘွားများက သွေးရိုးသားရိုး ရိုက်လိုက်သော ကြေးနန်း မဟုတ်။ စတီဗင်ဆင် ခြေထိုးသောကြောင့် ပယောဂပူးပြီး လားရှိုးမှ ရိုက်လိုက်သော ကြေးနန်းဖြစ်လေသည်။
ဤကြေးနန်းကို ဗိုလ်ချုပ်အောင်ဆန်းအား နန်းရင်း ဝန်အက်တလီကပြသည့်အခါ ဗိုလ်ချုပ်က စော်ဘွားများ တင်ပြသည်မှာလည်း မှန်ကန်ကြောင်း၊ မိမိမှာ စော်ဘွားများ၏ ကိုယ်စားလှယ် မဟုတ်ကြောင်း၊ သို့သော် မိမိအနေ ဖြင့် ရှမ်းပြည်နှင့် တောင်တန်းဒေသကောင်းဖို့အတွက် ပြောဆိုခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းပြလေသည်။ စော်ဘွားများ ဤသို့လားရှိုးမှ ကြေးနန်းရိုက်လိုက် သည်ဆိုသောသတင်းကို ဘိလပ်တွင်ရှိနေသော ဗိုလ်ချုပ် အောင်ဆန်းလက်ထဲသို့ ထိုကြေးနန်း မရောက်မီမှာပင် တောင်ကြီးမြို့ရှိ ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်သို့ အဖွဲ့၏အထောက်တော် များက သတင်းပို့ပြီးဖြစ်သည်။
တောင်ကြီးမြို့တွင်ရှိကြသော အမှုဆောင်များ အားလုံး အရေးပေါ်အစည်းအဝေး ကျင်းပလေသည်။ လွတ်လပ်ရေးဆန္ဒပြပွဲကြီးကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်လိုက်ကြသည်။ အစည်းအဝေးကို တောင်ကြီးမြို့ ဈေးအရှေ့ဘက်ကွင်း၌ နံနက် ၈ နာရီခွဲတွင် ကျင်းပရန်ဖြစ်သည်။
ဤမြို့လုံးကျွတ်အစည်းအဝေးကြီးတွင်-
၁။ လုံးဝလွတ်လပ်ရေးအဆို၊
၂။ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ရေး အဆို၊
၃။ နယ်ချဲ့စနစ်တိုက်ဖျက်ရေးအဆိုများကို တင်သွင်း ကြသည်။
၎င်းအဆိုများကို တညီတညွတ်တည်း ထောက်ခံ ဆုံးဖြတ်ကြသည်။
၎င်းအဆိုများနှင့်အတူ ဤလူထုအစည်း အဝေးကြီးမှ လူထုကြီးက ဘိလပ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ထံသို့ ကြေးနန်းဖြင့်ပို့လိုက်ကြသည်။
ထိုကြေးနန်းတွင် "ဗိုလ်ချုပ်အောင်ဆန်းကို ငါတို့ ထောက်ခံသည်။ ဗမာပြည်ကို လွတ်လပ်ရေးပေးလျှင် ရှမ်းပြည်အပါအဝင် တောင်တန်းဒေသတွေကိုပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးပါ" ဟု တောင်းဆိုထားသည်။
ဤကဲ့သို့ ဗိုလ်ချုပ်ကို ထောက်ခံသူနှင့် ကန့်ကွက်သူများ ပေါ်ထွက်လာသဖြင့် "မကြာမီကျင်းပမည့် ပင်လုံ အစည်းအဝေးတွင်ဖြစ်စေ (သို့မဟုတ်) ယင်းကိစ္စအတွက် အထူးဖိတ်ခေါ်သည့် အစည်းအဝေး တွင်ဖြစ်စေ ဗိုလ်ချုပ် တို့နှင့် တောင်တန်းဒေသကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးကြပါ။ ယင်းကဲ့သို့ ဆွေးနွေးညှိနှိုင်း၍ ရရှိလာသော သဘောတူညီချက်ကို ဗြိတိသျှအစိုးရက လက်ခံပါမည်" ဟု နန်းရင်းဝန်အက်တလီက လိုက်လျောသဘောတူခဲ့သည်။
အက်တလီစိတ်ထဲတွင် "ဒီရှမ်းတွေ၊ ဗမာတွေ၊ တိုင်းရင်းသားတွေကို ငါတို့သွေးခွဲထားခဲ့တာ နှစ်ပေါင်း ရာချီခဲ့ပြီ။ တောင်တန်းဒေသတစ်လျှောက်မှာလည်း စော်ဘွား တွေ၊ ဒူးဝါးတွေ၊ တောင်အုပ်တွေက ကြီးစိုးလွှမ်းမိုးနေတုန်း၊ လူထုကြီးကလည်း ကစားဝိုင်းနဲ့၊ဘိန်းနဲ့ အိပ်ပျော်နေကြ တုန်း။ သူတို့တစ်တွေ ပင်လုံမှာ ဆွေးနွေးညှိနှိုင်းကြလို့က ဘာတစ်ခုမှ သဘောတူညီချက်ရမှာမဟုတ်ဘူး" ဟု မှတ်ထင် ထားလေသည်။
သို့သော် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းတွင် ပင်လုံ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး ကြသည့်အခါ ထွက်ပေါ် လာသည့် အဖြေမှာ အက်တလီတို့ တွေးထင်ထားသလိုမဟုတ်ဘဲ ဖြောင့်ဖြောင့်ချည်းဆန့်ကျင် သောအဖြေဖြစ်လာသည်။ တောင်တန်းသားတို့သည် ဗမာပြည်မနှင့်ပူးပေါင်း၍ မဆိုင်းမတွ လုံးဝလွတ်လပ်ရေး ကို အရယူမည်ဟူသော "ပင်လုံစာချုပ်" ကို ရေးထိုးချုပ်ဆို နိုင်ခဲ့လေသည်။
ထိုပင်လုံစာချုပ်ကြောင့်ပင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် “လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ” ဖြစ်ပေါ်လာခဲ့သည်။ ဝမ်းနည်းစရာကောင်းသည်မှာ “လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ” ဖြစ်ပေါ်လာရန် ကြိုးပမ်းနေစဉ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မသမာသူလူတစ်စုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားသည့်အချိန်တွင် အသက် ၃၃ နှစ်သာရှိသေး၍ ထိုမျှသော အသက်အရွယ်တွင် ဤကဲ့သို့ ကြီးမြင့်သောဘဝအဆင့်အတန်းကို ရောက်ခဲ့ခြင်း ကပင် ထူးခြားလှသည်။ " အောင်ဆန်း"ဟုအမည်ကို ကြားရုံမျှဖြင့် တစ်ကိုယ်လုံးသိမ့်သိမ့်တုန် ကြက်သီးမွေးညင်းထကာ ဂုဏ်ယူမဆုံး၊ တက်ကြွမဆုံး ဖြစ်ခဲ့ကြသည်။
မြန်မာတစ်မျိုးသားလုံး၏ ဂုဏ်ယူစရာ အားမာန် တက်ကြွစရာဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းရင်းသားခေါင်းဆောင်များကလည်း ချစ်ခင်မြတ်နိုးယုံကြည် ကိုးစားခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တိုင်းရင်းသားခေါင်းဆောင်များထံ အရောက်သွား၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။ သဘောတူညီမှု ရယူခဲ့သည်။ နောက်ဆုံးတွင် တိုင်းရင်းသားခေါင်းဆောင်များ အားလုံးက အောင်ဆန်းဆိုသူအား သူတို့ခေါင်းဆောင် အဖြစ် လက်ခံသတ်မှတ်ခဲ့ကြလေသည်။
ထို့ကြောင့် တိုင်းရင်းသားခေါင်းဆောင်များ၏ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ရှုမြင်သုံးသပ်ခဲ့ကြပုံများကို စုစည်းတင်ပြလိုက်ပါသည်။
ကချင်အမျိုးသားခေါင်းဆောင်ကြီး " ဆမားဒူးဝါး ဆင်ဝါးနောင်" က “ဗိုလ်ချုပ်၏ကရုဏာသဘောထား ဘယ်လို ရှိတယ်ဆိုတာ ကျွန်တော်ပြောဖို့တော့ မလိုပါဘူး။ သို့သော် ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းတဲ့အချက်တစ်ခု ကိုတော့ မပြောဘဲမနေနိုင်သဖြင့် ထုတ်ဖော်ပြောရလိမ့်မယ်။ ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ကို ပြောကြားရန်ရှိတဲ့ ကိစ္စများကို ဆွေးနွေးတိုင်း ရှင်းရှင်းပဲပြောတယ်။
ကျွန်တော်တို့ကလည်း ဘာမဆို ရှင်းရှင်းပြောနိုင်ခွင့်ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ ကချင်နယ်ကို သွားတုန်းက ဗိုလ်ချုပ်အကြောင်းကို ပြောကြရာတွင် "ဗိုလ်ချုပ်ဟာ ကချင်ပဲထင်တယ်။ ကချင်တွေနဲ့ သဘောထားသိပ်တူတယ်။ ဘာမဆိုဗြောင်ပြောတတ်တယ်" အစရှိသဖြင့် ပြောနေတာကို ကြားရတယ်။
"ဗိုလ်ချုပ်၏ ဂုဏ်များကို ပြောဆိုနေခြင်းဖြင့် ကုန်နိုင်မည့်အကြောင်းမရှိသော်လည်း မပြောလျှင် စိတ်မချမ်းသာ သဖြင့် ထပ်ပြောဦးမယ်။ ဗိုလ်ချုပ်ဟာ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ မြန်မာပြည်မနဲ့ တောင်တန်းသားများပေါင်းပြီး ရှေ့သို့ တိုး၍ဆောင်ရွက်နိုင်အောင် ပေါင်းစည်းပေးခဲ့တယ်။ ရှေးရာဇဝင် အရ တကယ့်အဖြစ်မှန်အရဆိုလျှင်လည်း ကျွန်ုပ်တို့ မြန်မာတိုင်းရင်းသားအားလုံး မြန်မာပြည်ရှိ လူအားလုံးဟာ တစ်အိမ်တည်းသားများသာဖြစ်တဲ့ အတိုင်း မူလအခြေအနေသို့ ရောက်အောင် ဗိုလ်ချုပ်က ပေါင်းစည်းပေး ခဲ့တယ်။
"ဗိုလ်ချုပ်ကို လှိုက်လှိုက်လှဲလှဲ မချီးကျူးဘဲ မနေနိုင် သည့် အချက်တစ်ခုမှာလည်း သူများတွေ နန်းရင်းဝန်တို့၊ ဘာတို့ လုပ်တယ်ဆိုလျှင် အိမ်ဝင်းတံခါးပေါက်မှာ ပုလိပ် အစောင့်တို့၊ ဘာတို့ထား ရှိတယ်ဆိုတာ သိရတယ်။ သို့သော် ဗိုလ်ချုပ်က ဘာမှမထားချင်ဘူး။ အကုန်ပြောရမယ်ဆိုလျှင် မည်သည့် ဆင်းရဲသားမဆို မိမိတို့၏ အရေးပြဿနာများကို ဗိုလ်ချုပ်ထံ အလွယ်တကူ ဝင်ရောက်ပြောဆိုနိုင်ခွင့်ရှိတယ်။ သည်လိုအချက်တွေကို ထောက်ရှုခြင်းအားဖြင့် ဗိုလ်ချုပ်ဟာ တိုင်းပြည်ဆင်းရဲသားများကို မည်သို့ ကရုဏာရှိပြီး မည်ကဲ့သို့ လွတ်လပ်ခွင့်ပေးတယ်ဆိုတာကို အလွယ်တကူ ကျနစွာ သိသာနိုင်ပါတယ်" ဟူ၍ ပြောဆိုခဲ့လေသည်။
ကရင်အမျိုးသားခေါင်းဆောင် စောစံဘိုးသင်က "ကျွန်တော်တို့ ၁၉၄၂ ခုနှစ်ကဖြစ်ခဲ့တဲ့ ကရင်ဗမာ အဓိကရုဏ်း မှာ ကျွန်တော်လည်း ပါဝင်ပါတယ်။ ခေါင်းဆောင်ခဲ့တယ်။ အဲဒီအချိန်အခါမှာ ဗိုလ်ချုပ်ခေါင်းဆောင်တဲ့ ဘီအိုင်အေက ကျွန်တော်တို့ရဲ့ ရန်သူဖြစ်ခဲ့တယ်။ ကျွန်တော် ယခုပြောချင် တာက ဗိုလ်ချုပ်ဟာ ရန်သူကို ဘယ်လိုမိတ်ဆွေဖြစ်အောင် ပြန်လုပ်တတ်သလားဆိုတာ အင်မတန်ထူးကဲတဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။ အဲသည် ၁၉၄၃ ခု၊ ဩဂုတ်လ ၁ ရက်နေ့မှာ ဗမာပြည်က လွတ်လပ်ပြီဆိုတာ ကြေညာပါတယ်။ ကြေညာတော့ ကျွန်တော် ရန်ကုန်ကိုဆင်းလာတယ်။ ဆင်းလာတော့ ကျွန်တော့်မိတ်ဆွေများက ရန်ကုန်ကိုမသွားနဲ့၊ ခင်ဗျားကို သခင်တွေက သတ်လိမ့်မယ်လို့ပြောတယ်။
"သို့သော် ကျွန်တော်ကသွားရမယ်လို့ပြောပြီး ထွက်လာခဲ့တယ်။ ကျွန်တော်ရန်ကုန်ရောက်လာပြီး ပထမ ဦးဆုံး သခင်ဗိုလ်နှင့် တွေ့တယ်။ ပြီးတော့ သခင်အောင်ကြီး တို့နှင့် တွေ့တယ်။ သူတို့နှင့်တွေ့ပြီးတော့ ကျွန်တော်က ပြောတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ချင်တယ်။ ဒါနှင့် သူတို့က သခင်သန်းထွန်းဆီ ခေါ်သွားတယ်။ အဲဒီက တစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် သွားတွေ့ရတယ်။ သွားတွေ့တော့ ကျွန်တော်က ပြောလိုက်တယ်။ ကျွန်တော် ဟာ စောစံဘိုးသင်ပဲ၊ ခင်ဗျားရဲ့ ရန်သူဖြစ်တယ်။ သူက ကျွန်တော့်ကို ကြည့်ပြီး ဘယ်လို ပြောသလဲဆိုရင် ‘A brave enemy is a good friend’ တဲ့ သည်စကားကိုကြားပြီးတော့ ကျွန်တော့်စိတ်ထဲမှာ ကျွန်တော့်ကိုတော့ သတ်မှာတော့ မဟုတ်ဘူးဆိုပြီး နောက်တဖြည်းဖြည်း ကျွန်တော်တို့ ဗမာ့တပ်မတော်ထဲဝင်ပြီး ဆောင်ရွက်ရတယ်။
"ကျွန်တော်တို့ ကရင်တစ်မျိုးသားလုံးကလည်း အဲသည် ဗိုလ်ချုပ်အောင်ဆန်းကို အားကိုးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော့်ကို အကြံပေးပါတယ်။ ကျွန်တော်တို့ ကရင်လူမျိုးများက Election Boycott လုပ်တဲ့ အခါ ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းထံသွားပြီး တောင်းပန်ပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်က ပြောလိုက် ပါတယ်။ ခင်ဗျားကခေါင်းဆောင်လုပ်မယ်ဆိုလျှင် ခေါင်းဆောင်လုပ်ပေါ့တဲ့။ ဒါနဲ့ကျွန်တော့်ကို မိတ်ဆွေ များက ဝိုင်းဝန်းကန့်ကွက်ကြပါတယ်။ မိန်းမကိုယ်တိုင် ကလည်း မလုပ်ဖို့ငိုယိုပြီးပြောပါတယ်။ ဒါပေမယ့် ကျွန်တော်က မိတ်ဆွေပစ်၊ မိန်းမပစ်နဲ့ ဗိုလ်ချုပ်နှင့် အတူတူ ချစ်ချစ်ခင်ခင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို သံလိုက်နှင့်တူတဲ့ ဗိုလ်ချုပ်လိုလူမျိုး ကျွန်တော်တို့ ဗမာပြည်မှာ မရှိခဲ့ပါဘူး" ဟု ပြောကြားခဲ့သည်။
ချင်းအမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝမ်ကို ဟောကလည်း အောက်ပါအတိုင်း ပြောကြားခဲ့သည်။
"ကျွန်တော်ပင်လုံအစည်းအဝေးကြီးတွင် မြန်မာပြည်နှင့် တောင်တန်းအမျိုးသားများ ဆက်ဆံရေး အတွက် ချင်းများ၏ ကိုယ်စားလှယ်အဖြစ်လာစဉ်အခါက ဗိုလ်ချုပ်ကို ပထမဆုံးတွေ့ရခြင်း ဖြစ်ပါတယ်။ အကျဉ်းအားဖြင့် မေတ္တာ၊ ကရုဏာနှင့် သူ၏တောင်ပေါ်သားများကို မွန်မြတ် သည့်သဘောထားဖြင့် မိမိ၏ဆွေရင်း၊ သားရင်းအဖြစ် နှီးနှောတိုင်ပင်သည့်အတွက် ချင်းကိုယ်စားလှယ်များ၏ ချစ်ခြင်းမေတ္တာနှင့် ကြည်ညိုလေးစားခြင်းကို ရရှိခဲ့သူ ဖြစ်ပါတယ်။
သူ၏အကျင့်စာရိတ္တ၊ ဝီရိယနှင့် ရိုးသား ဖြောင့်မတ်ခြင်းအားဖြင့် ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုနိုင် ခဲ့သည်ဟု ကျွန်တော်ဆိုချင်ပါတယ်။ သူ၏ရိုးသား ဖြောင့်မတ်ခြင်းသည် လူတိုင်း၏ ယုံကြည်ခြင်း ဖြစ်စေသည့် အတွက် ဗိုလ်ချုပ်၏ မိန့်ခွန်းသည် ကတိစာချုပ်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြလေသည်။"
ညောင်ရွှေစော်ဘွားကြီးကလည်း "ဗိုလ်ချုပ် အောင်ဆန်းသည်ပင်လျှင် မြန်မာပြည်၏ ရှေ့ဆောင်လမ်းပြ မီးရှူးတိုင် ဖြစ်ခဲ့ပါတယ်။ ၎င်း၏ပညာစွမ်း၊ လုံ့လစွမ်းတွေနဲ့ မည်းမှောင်နေသော စစ်ဒုက္ခကျရောက် နေတဲ့ ဗမာ ပြည်ကြီးကို အလင်းရောင်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလ ကျောင်းသားဘဝကစ၍ လူထုတိုးတက်ရေး လုပ်ငန်းတွေကို ခေါင်းဆောင်ခဲ့တယ်။ ကျောင်းသား လောက၊ နိုင်ငံရေးလောက၊ အုပ်ချုပ်ရေးလောကအစရှိတဲ့ နေရာဌာန အသီးသီးမှာ ဗိုလ်ချုပ်အောင်ဆန်းကို မသိသူ အလွန်ရှားပါးပါလိမ့်မယ်။ တည်ကြည်မှု၊ ရိုးဖြောင့်မှု၊ အမြင် ကျယ်မှုတွေနဲ့ လူထုလုပ်ငန်းတွေကို ရှေ့ဆောင်ခဲ့ ပါတယ်။
"တိုင်းရင်းသားညီညွတ်ရေး၊ လူထုညီညွတ်ရေး၊ အာရှ တိုက်နိုင်ငံများ ညီညွတ်ရေးစတဲ့ အဆင့်ဆင့်သော ညီညွတ်မှုတို့ကို အမြဲထာဝရလုံးပန်းခဲ့သူဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုံ့လဥဿာဟကြောင့် မြန်မာနိုင်ငံတွင် ကြုံကြိုက်ခဲလှသော တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ညီညွတ်မှုကို ယခု ရရှိလျက် ရှိပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသတိုင်းရင်းသားများ အားအကိုးကြီးကိုးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရလို့ နယ်စပ်ဒေသတိုင်းရင်းသားတွေဟာ ယူကျုံးမရ တွေးမိတိုင်း ဆွေးမြည့်တဲ့အခြေသို့ ရောက်ရပါတယ်” ဟု ပြောကြားခဲ့သည်။
တိုင်းရင်းသား ခေါင်းဆောင်များ၏ ဗိုလ်ချုပ် အောင်ဆန်းအပေါ် သဘောထားအမြင်များသည် ပြီးပြည့်စုံသည်မဟုတ်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ထူးခြားချက်များနှင့် ဗိုလ်ချုပ်အောင်ဆန်း သည် ကျွန်ုပ်တို့၏ စိတ်အာရုံထဲ၌ အဘယ်ကြောင့် မပျောက်ကွယ် စွဲထင်ကျန်ရစ်နေရသည်ဟူသော အချက်ကို တစ်စိတ်တစ်ဒေသ ဖော်ညွှန်းနေသည်ဟု ယုံကြည်ယူဆမိပါတော့သည်။ ။
မြင့်ဆွေဦး
၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီ ၁၂