Skip to main content

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဗြိတိသျှအစိုးရနန်းရင်းဝန် အက်တလီ၏ ဖိတ်ကြားချက်အရ မြန်မာပြည်လွတ်လပ်ရေးအတွက် ဆွေးနွေး ရန် ထွက်ခွာသွားသည်။ ညောင်ရွှေစော်ဘွားကြီးလည်း ရှမ်းပြည်မြောက်ပိုင်းသို့ စော်ဘွားများစည်းဝေးကြရန် ထွက်ခွာသွား၏။ ခြေထိုးရန် အကွက်ကောင်းကို စောင့်နေကြ သော နယ်ခြားဒေသအတွင်းဝန် စတီဗင်ဆင်သည် ရှမ်းပြည်မြောက်ပိုင်းတွင် ရောက်နှင့်နေပြီဖြစ်သည်။ စော်ဘွားများအား ချော့ချည်မြှောက်ချည်နှင့် မြန်မာပြည်နှင့် မပူးပေါင်း ရန် သွေးထိုးနေလေသည်။
ဘိလပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နန်းရင်းဝန် အက်တလီတို့သည် ရှမ်းမြန်မာတောင်တန်းဒေသ ကိစ္စများကိုပါ ဆွေးနွေးတင်ပြနေစဉ်မှာပင် ဗိုလ်ချုပ် အောင်ဆန်းအတွက် မမျှော်လင့်သော ကြေးနန်းတစ်စောင် သည် နန်းရင်းဝန်အက်တလီထံသို့ ရောက်လာသည်။ အဆိုပါကြေးနန်းမှာ ဗိုလ်ချုပ်အောင်ဆန်းအလိုရှိသော ညောင်ရွှေမှ စော်ဘွားများ ကတိပြုလိုက်သည့် ကြေးနန်း မျိုးမဟုတ်။
ကြေးနန်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်း စော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်ကြောင်း၊ တောင်တန်းဒေသအရေးကိစ္စများအတွက် စော်ဘွား များကို သီးခြားဖိတ်ခေါ်ပါဟူ၍ ဖော်ပြထားသည်။ ဤကြေးနန်းမှာ စော်ဘွားများက သွေးရိုးသားရိုး ရိုက်လိုက်သော ကြေးနန်းမဟုတ်။ စတီဗင်ဆင် ခြေထိုး သောကြောင့် ပယောဂပူးပြီး လားရှိုးမှရိုက်လိုက်သော ကြေးနန်းဖြစ်လေသည်။
ဤကြေးနန်းကို ဗိုလ်ချုပ်အောင်ဆန်းအား နန်းရင်း ဝန်အက်တလီက ပြသည့်အခါ ဗိုလ်ချုပ်က စော်ဘွားများ တင်ပြသည်မှာလည်း မှန်ကန်ကြောင်း၊ မိမိမှာ စော်ဘွား များ၏ ကိုယ်စားလှယ်မဟုတ်ကြောင်း၊ သို့သော် မိမိအနေ ဖြင့် ရှမ်းပြည်နှင့် တောင်တန်းဒေသကောင်းဖို့အတွက် ပြောဆိုခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းပြလေသည်။
စော်ဘွားများ ဤသို့လားရှိုးမှ ကြေးနန်းရိုက်လိုက် သည်ဆိုသောသတင်းကို ဘိလပ်တွင်ရှိနေသော ဗိုလ်ချုပ် အောင်ဆန်းလက်ထဲသို့ ထိုကြေးနန်းမရောက်မီမှာပင် တောင်ကြီးမြို့ရှိ ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ချုပ်သို့ အဖွဲ့၏အထောက်တော်များက သတင်းပို့ပြီး ဖြစ်သည်။
တောင်ကြီးမြို့တွင်ရှိကြသော အမှုဆောင်များ အားလုံး အရေးပေါ်အစည်းအဝေး ကျင်းပလေသည်။ လွတ်လပ်ရေးဆန္ဒပြပွဲကြီးကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်လိုက်ကြသည်။ အစည်းအဝေးကို တောင်ကြီးမြို့ ဈေးအရှေ့ဘက်ကွင်း၌ နံနက် ၈ နာရီခွဲ တွင် ကျင်းပရန်ဖြစ်သည်။
ဤမြို့လုံးကျွတ်အစည်းအဝေးကြီးတွင် -
၁။ လုံးဝလွတ်လပ်ရေးအဆို၊
၂။ တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ် ရေးအဆို၊
၃။ နယ်ချဲ့စနစ်တိုက်ဖျက်ရေး အဆိုများကို တင်သွင်းကြသည်။
၎င်းအဆိုများကို တညီတညွတ်တည်း ထောက်ခံ ဆုံးဖြတ်ကြသည်။ ၎င်းအဆိုများနှင့်အတူ ဤလူထုအစည်း အဝေးကြီးမှ လူထုကြီးက ဘိလပ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ထံသို့ ကြေးနန်းဖြင့် ပို့လိုက်ကြသည်။
ထိုကြေးနန်းတွင် “ဗိုလ်ချုပ်အောင်ဆန်းကို ငါတို့ ထောက်ခံသည်။ ဗမာပြည်ကို လွတ်လပ်ရေးပေးလျှင် ရှမ်းပြည်အပါအဝင် တောင်တန်းဒေသတွေကိုပါ တစ်ပြိုင် တည်း လွတ်လပ်ရေးပေးပါ” ဟု တောင်းဆိုထားသည်။
ဤကဲ့သို့ ဗိုလ်ချုပ်ကို ထောက်ခံသူနှင့် ကန့်ကွက် သူများ ပေါ်ထွက်လာသဖြင့် “မကြာမီကျင်းပမည့် ပင်လုံ အစည်းအဝေးတွင်ဖြစ်စေ (သို့မဟုတ်) ယင်းကိစ္စအတွက် အထူးဖိတ်ခေါ်သည့် အစည်းအဝေးတွင်ဖြစ်စေ ဗိုလ်ချုပ် တို့နှင့် တောင်တန်းဒေသကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးကြပါ။ ယင်းကဲ့သို့ ဆွေးနွေးညှိနှိုင်း၍ ရရှိလာ သော သဘောတူညီချက်ကို ဗြိတိသျှအစိုးရက လက်ခံ ပါမည်”ဟု နန်းရင်းဝန်အက်တလီက လိုက်လျောသဘော တူခဲ့သည်။
အက်တလီစိတ်ထဲတွင် “ဒီရှမ်းတွေ၊ ဗမာတွေ၊ တိုင်းရင်းသားတွေကို ငါတို့သွေးခွဲထားခဲ့တာ နှစ်ပေါင်း ရာချီခဲ့ပြီ။ တောင်တန်းဒေသတစ်လျှောက်မှာလည်း စော်ဘွားတွေ၊ ဒူးဝါးတွေ၊ တောင်အုပ်တွေက ကြီးစိုး လွှမ်းမိုးနေတုန်း၊ လူထုကြီးကလည်း ကစားဝိုင်းနဲ့၊ ဘိန်းနဲ့ အိပ်ပျော်နေကြတုန်း။ သူတို့တစ်တွေပင်လုံမှာ ဆွေးနွေး ညှိနှိုင်းကြလို့က ဘာတစ်ခုမှ သဘောတူညီချက်ရမှာ မဟုတ်ဘူး” ဟု မှတ်ထင်ထားလေသည်။
သို့သော် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်းတွင် ပင်လုံ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးကြသည့်အခါ ထွက်ပေါ်လာသည့်အဖြေ မှာ အက်တလီတို့ တွေးထင်ထားသလိုမဟုတ်ဘဲ ဖြောင့်ဖြောင့်ချည်း ဆန့်ကျင်သောအဖြေ ဖြစ်လာသည်။ တောင်တန်းသားတို့သည် ဗမာပြည်မနှင့်ပူးပေါင်း၍ မဆိုင်းမတွ လုံးဝလွတ်လပ်ရေးကို အရယူမည်ဟူသော “ပင်လုံစာချုပ်” ကို ရေးထိုးချုပ်ဆိုနိုင်ခဲ့လေသည်။
ထိုပင်လုံစာချုပ်ကြောင့်ပင် ၁၉၄၈ ခုနှစ် ဇန်နဝါရီ လ ၄ ရက်နေ့တွင် “လွတ်လပ်သော ပြည်ထောင်စုမြန်မာ နိုင်ငံ” ဖြစ်ပေါ်လာခဲ့သည်။ ဝမ်းနည်းစရာကောင်းသည် မှာ “လွတ်လပ်သောပြည်ထောင်စုမြန်မာနိုင်ငံ” ဖြစ်ပေါ် လာရန် ကြိုးပမ်းနေစဉ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ တွင် မသမာသူလူတစ်စုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားသည့်အချိန်တွင် အသက် ၃၃ နှစ်သာရှိသေး၍ ထိုမျှသောအသက်အရွယ် တွင် ဤကဲ့သို့ ကြီးမြင့်သောဘဝအဆင့်အတန်းကို ရောက်ခဲ့ခြင်းကပင် ထူးခြားလှသည်။ “အောင်ဆန်း” ဟုအမည်ကို ကြားရုံမျှဖြင့် တစ်ကိုယ်လုံးသိမ့်သိမ့်တုန် ကြက်သီးမွေးညင်းထကာ ဂုဏ်ယူမဆုံး၊ တက်ကြွမဆုံး ဖြစ်ခဲ့ကြသည်။
မြန်မာတစ်မျိုးသားလုံး၏ ဂုဏ်ယူစရာ အားမာန် တက်ကြွစရာဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းရင်းသားခေါင်းဆောင်များကလည်း ချစ်ခင်မြတ်နိုး ယုံကြည်ကိုးစားခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တိုင်းရင်းသားခေါင်းဆောင်များထံ အရောက် သွား၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။ သဘောတူညီ မှု ရယူခဲ့သည်။ နောက်ဆုံးတွင် တိုင်းရင်းသားခေါင်းဆောင် များအားလုံးက အောင်ဆန်းဆိုသူအား သူတို့ခေါင်းဆောင် အဖြစ် လက်ခံသတ်မှတ်ခဲ့ကြလေသည်။
ထို့ကြောင့် တိုင်းရင်းသားခေါင်းဆောင်များ၏ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ရှုမြင်သုံးသပ်ခဲ့ကြပုံများကို စုစည်းတင်ပြလိုက်ပါသည်။
ကချင်အမျိုးသားခေါင်းဆောင်ကြီး “ဆမားဒူးဝါး ဆင်ဝါးနောင်” က “ဗိုလ်ချုပ်၏ ကရုဏာသဘောထား ဘယ်လိုရှိတယ်ဆိုတာ ကျွန်တော်ပြောဖို့တော့ မလိုပါဘူး။ သို့သော် ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းတဲ့ အချက်တစ်ခုကိုတော့ မပြောဘဲမနေနိုင်သဖြင့် ထုတ်ဖော် ပြောရလိမ့်မယ်။ ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ကို ပြောကြား ရန်ရှိတဲ့ ကိစ္စများကို ဆွေးနွေးတိုင်း ရှင်းရှင်းပဲပြောတယ်။ ကျွန်တော်တို့ကလည်း ဘာမဆို ရှင်းရှင်းပြောနိုင်ခွင့် ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ ကချင်နယ်ကိုသွားတုန်း က ဗိုလ်ချုပ်အကြောင်းကို ပြောကြရာတွင် “ဗိုလ်ချုပ်ဟာ ကချင်ပဲ ထင်တယ်။ ကချင်တွေနဲ့ သဘောထားသိပ်တူ တယ်။ ဘာမဆိုဗြောင်ပြောတတ်တယ်” အစရှိသဖြင့် ပြောနေတာကို ကြားရတယ်။
“ဗိုလ်ချုပ်၏ဂုဏ်များကို ပြောဆိုနေခြင်းဖြင့် ကုန်နိုင်မည့်အကြောင်းမရှိသော်လည်း မပြောလျှင် စိတ်မချမ်းသာသဖြင့် ထပ်ပြောဦးမယ်။ ဗိုလ်ချုပ်ဟာ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ မြန်မာပြည်မနဲ့ တောင်တန်း သားများပေါင်းပြီး ရှေ့သို့တိုး၍ ဆောင်ရွက်နိုင်အောင် ပေါင်းစည်းပေးခဲ့တယ်။ ရှေးရာဇဝင်အရ တကယ့်အဖြစ် မှန်အရဆိုလျှင်လည်း ကျွန်ုပ်တို့ မြန်မာတိုင်းရင်းသား အားလုံး မြန်မာပြည်ရှိ လူအားလုံးဟာ တစ်အိမ်တည်း သားများသာဖြစ်တဲ့အတိုင်း မူလအခြေအနေသို့ ရောက်အောင် ဗိုလ်ချုပ်က ပေါင်းစည်းပေးခဲ့တယ်။
“ဗိုလ်ချုပ်ကို လှိုက်လှိုက်လှဲလှဲ မချီးကျူးဘဲ မနေနိုင် သည့် အချက်တစ်ခုမှာလည်း သူများတွေ နန်းရင်းဝန်တို့၊ ဘာတို့ လုပ်တယ်ဆိုလျှင် အိမ်ဝင်းတံခါးပေါက်မှာ ပုလိပ် အစောင့်တို့၊ ဘာတို့ထားရှိတယ်ဆိုတာ သိရတယ်။ သို့သော် ဗိုလ်ချုပ်က ဘာမှမထားချင်ဘူး။ အကုန်ပြောရ မယ်ဆိုလျှင် မည်သည့် ဆင်းရဲသားမဆို မိမိတို့၏ အရေး ပြဿနာများကို ဗိုလ်ချုပ်ထံ အလွယ်တကူ ဝင်ရောက် ပြောဆိုနိုင်ခွင့်ရှိတယ်။ သည်လိုအချက်တွေကို ထောက်ရှု ခြင်းအားဖြင့် ဗိုလ်ချုပ်ဟာ တိုင်းပြည်ဆင်းရဲသားများကို မည်သို့ ကရုဏာရှိပြီး မည်ကဲ့သို့ လွတ်လပ်ခွင့်ပေးတယ် ဆိုတာကို အလွယ်တကူ ကျနစွာသိသာနိုင်ပါတယ်” ဟူ၍ ပြောဆိုခဲ့လေသည်။
ကရင်အမျိုးသားခေါင်းဆောင် စောစံဘိုးသင်က “ကျွန်တော်တို့ ၁၉၄၂ ခုနှစ်ကဖြစ်ခဲ့တဲ့ ကရင်ဗမာ အဓိကရုဏ်းမှာ ကျွန်တော်လည်း ပါဝင်ပါတယ်။ ခေါင်းဆောင်ခဲ့တယ်။ အဲဒီအချိန်အခါမှာ ဗိုလ်ချုပ် ခေါင်းဆောင်တဲ့ ဘီအိုင်အေက ကျွန်တော်တို့ရဲ့ ရန်သူ ဖြစ်ခဲ့တယ်။ ကျွန်တော် ယခုပြောချင်တာက ဗိုလ်ချုပ်ဟာ ရန်သူကို ဘယ်လိုမိတ်ဆွေဖြစ်အောင် ပြန်လုပ်တတ် သလားဆိုတာ အင်မတန်ထူးကဲတဲ့ အချက်တစ်ချက်ဖြစ် ပါတယ်။ အဲသည် ၁၉၄၃ ခု၊ ဩဂုတ်လ ၁ ရက်နေ့မှာ ဗမာ ပြည်က လွတ်လပ်ပြီဆိုတာ ကြေညာပါတယ်။ ကြေညာ တော့ ကျွန်တော် ရန်ကုန်ကိုဆင်းလာတယ်။ ဆင်းလာ တော့ ကျွန်တော့်မိတ်ဆွေများက ရန်ကုန်ကိုမသွားနဲ့၊ ခင်ဗျားကို သခင်တွေက သတ်လိမ့်မယ်လို့ပြောတယ်။
“သို့သော် ကျွန်တော်က သွားရမယ်လို့ပြောပြီး ထွက်လာခဲ့တယ်။ ကျွန်တော်ရန်ကုန်ရောက်လာပြီး ပထမ ဦးဆုံး သခင်ဗိုလ်နှင့် တွေ့တယ်။ ပြီးတော့ သခင်အောင်ကြီး တို့နှင့် တွေ့တယ်။ သူတို့နှင့်တွေ့ပြီးတော့ ကျွန်တော်က ပြောတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ချင်တယ်။ ဒါနှင့် သူတို့က သခင်သန်းထွန်းဆီခေါ်သွားတယ်။ အဲဒီက တစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် သွားတွေ့ရတယ်။ သွားတွေ့တော့ ကျွန်တော်က ပြောလိုက်တယ်။ ကျွန်တော် ဟာ စောစံဘိုးသင်ပဲ၊ ခင်ဗျားရဲ့ ရန်သူဖြစ်တယ်။ သူက ကျွန်တော့်ကို ကြည့်ပြီး ဘယ်လိုပြောသလဲဆိုရင် ‘A brave enemy is a good friend’ တဲ့ သည်စကားကိုကြားပြီး တော့ ကျွန်တော့်စိတ်ထဲမှာ ကျွန်တော့်ကိုတော့ သတ်မှာ တော့မဟုတ်ဘူးဆိုပြီး နောက်တဖြည်းဖြည်း ကျွန်တော် တို့ ဗမာ့တပ်မတော်ထဲဝင်ပြီး ဆောင်ရွက်ရတယ်။
“ကျွန်တော်တို့ ကရင်တစ်မျိုးသားလုံးကလည်း အဲသည် ဗိုလ်ချုပ်အောင်ဆန်းကို အားကိုးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော့်ကို အကြံပေးပါတယ်။ ကျွန်တော်တို့ ကရင်လူမျိုးများက Election Boycott လုပ်တဲ့အခါ ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းထံ သွားပြီး တောင်းပန်ပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်က ပြောလိုက်ပါ တယ်။ ခင်ဗျားက ခေါင်းဆောင်လုပ်မယ်ဆိုလျှင် ခေါင်းဆောင်လုပ်ပေါ့တဲ့။ ဒါနဲ့ ကျွန်တော့်ကို မိတ်ဆွေ များက ဝိုင်းဝန်းကန့်ကွက်ကြပါတယ်။ မိန်းမကိုယ်တိုင် ကလည်း မလုပ်ဖို့ ငိုယိုပြီးပြောပါတယ်။ ဒါပေမယ့် ကျွန်တော်က မိတ်ဆွေပစ်၊ မိန်းမပစ်နဲ့ ဗိုလ်ချုပ်နှင့် အတူတူ ချစ်ချစ်ခင်ခင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို သံလိုက်နှင့်တူတဲ့ ဗိုလ်ချုပ်လိုလူမျိုး ကျွန်တော်တို့ ဗမာ ပြည်မှာ မရှိခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။
ချင်းအမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝမ်ကို ဟောကလည်း အောက်ပါအတိုင်း ပြောကြားခဲ့သည်။
“ကျွန်တော် ပင်လုံအစည်းအဝေးကြီးတွင် မြန်မာပြည် နှင့် တောင်တန်းအမျိုးသားများ ဆက်ဆံရေးအတွက် ချင်း များ၏ ကိုယ်စားလှယ်အဖြစ် လာစဉ်အခါက ဗိုလ်ချုပ်ကို ပထမဆုံးတွေ့ရခြင်း ဖြစ်ပါတယ်။
အကျဉ်းအားဖြင့် မေတ္တာ၊ ကရုဏာနှင့် သူ၏ တောင်ပေါ်သားများကို မွန်မြတ်သည့် သဘော ထားဖြင့် မိမိ၏ ဆွေရင်း၊ သားရင်းအဖြစ် နှီးနှော တိုင်ပင်သည့်အတွက် ချင်းကိုယ်စားလှယ်များ ၏ ချစ်ခြင်းမေတ္တာနှင့် ကြည်ညိုလေးစားခြင်း ကို ရရှိခဲ့သူဖြစ်ပါတယ်။ သူ၏ အကျင့်စာရိတ္တ၊ ဝီရိယနှင့် ရိုးသားဖြောင့်မတ်ခြင်းအားဖြင့် ပင်လုံ စာချုပ်ကြီးကို ချုပ်ဆိုနိုင်ခဲ့သည်ဟု ကျွန်တော် ဆိုချင်ပါတယ်။ သူ၏ ရိုးသားဖြောင့်မတ်ခြင်း သည် လူတိုင်း၏ ယုံကြည်ခြင်းဖြစ်စေသည့် အတွက် ဗိုလ်ချုပ်၏မိန့်ခွန်းသည် ကတိစာချုပ် ဖြစ်သည်ဟု ယုံကြည်ခဲ့ကြလေသည်။”
ညောင်ရွှေ စော်ဘွားကြီးကလည်း “ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် မြန်မာ ပြည်၏ ရှေ့ဆောင်လမ်းပြ မီးရှူးတိုင်ဖြစ်ခဲ့ပါ တယ်။ ၎င်း၏ ပညာစွမ်း၊ လုံ့လစွမ်းတွေနဲ့ မည်းမှောင်နေသော စစ်ဒုက္ခကျရောက်နေတဲ့ ဗမာပြည်ကြီးကို အလင်းရောင်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလ ကျောင်းသား ဘဝကစ၍ လူထုတိုးတက်ရေးလုပ်ငန်းတွေကို ခေါင်းဆောင်ခဲ့တယ်။ ကျောင်းသားလောက၊ နိုင်ငံရေးလောက၊ အုပ်ချုပ်ရေးလောက အစရှိ တဲ့ နေရာဌာနအသီးသီးမှာ ဗိုလ်ချုပ်အောင်ဆန်း ကို မသိသူ အလွန်ရှားပါး ပါလိမ့်မယ်။ တည်ကြည်မှု၊ ရိုးဖြောင့်မှု၊ အမြင်ကျယ်မှုတွေနဲ့ လူထုလုပ်ငန်းတွေကို ရှေ့ဆောင်ခဲ့ပါတယ်။
“တိုင်းရင်းသားညီညွတ်ရေး၊ လူထုညီညွတ် ရေး၊ အာရှတိုက်နိုင်ငံများ ညီညွတ်ရေးစတဲ့ အဆင့်ဆင့်သော ညီညွတ်မှုတို့ကို အမြဲထာဝရ လုံးပန်းခဲ့သူဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ လုံ့လဥဿာဟကြောင့် မြန်မာနိုင်ငံတွင် ကြုံကြိုက်ခဲလှသော တိုင်းရင်းသားလူမျိုး ပေါင်းစုံ၏ ညီညွတ်မှုကို ယခု ရရှိလျက်ရှိပါတယ်။ အထူးသဖြင့် နယ်စပ်ဒေသတိုင်းရင်းသားများ အားအကိုးကြီးကိုးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရလို့ နယ်စပ်ဒေသ တိုင်းရင်းသားတွေ ဟာ ယူကျုံးမရ တွေးမိတိုင်း ဆွေးမြည့်တဲ့အခြေ သို့ ရောက်ရပါတယ်” ဟု ပြောကြား ခဲ့သည်။
တိုင်းရင်းသား ခေါင်းဆောင်များ၏ ဗိုလ်ချုပ်အောင်ဆန်းအပေါ် သဘောထား အမြင်များသည် ပြီးပြည့်စုံသည်မဟုတ်သော် လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ထူးခြားချက် များနှင့် ဗိုလ်ချုပ်အောင်ဆန်းသည် ကျွန်ုပ်တို့၏ စိတ်အာရုံထဲ၌ အဘယ်ကြောင့် မပျောက်ကွယ် စွဲထင်ကျန်ရစ်နေရသည်ဟူသော အချက်ကို တစ်စိတ်တစ်ဒေသ ဖော်ညွှန်းနေသည်ဟု ယုံကြည်ယူဆမိပါတော့သည်။ ။

မြင့်ဆွေဦး