ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် စကားဝိုင်း(၄)
တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သည့် မြန်မာနိုင်ငံတွင် ပြည်ထောင်စုကြီး အဓွန့်ရှည်ရန်၊ တိုင်းရင်းသားများ စည်းလုံးချစ်ခင်စွာ အတူတကွနေထိုင်နိုင်ရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်လှသလို ဖက်ဒရယ်စနစ်ကို ကျင့်သုံးနိုင်ရန်အတွက်လည်း ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် ပြည်ထောင်စုနေ့ဂုဏ်ပြုအထူးအစီအစဉ်အနေဖြင့် ခွင့်တူညီမျှ ဝါဒဖြူစင် ဖက်ဒရယ်လစ်ဇင် စကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
(ယမန်နေ့မှ အဆက်)
ကျွန်တော်တို့သမိုင်းကြောင်းအရ ဖက်ဒရယ်ပုံစံပေးဖို့ ရည်ရွယ်ထားတာဖြစ်တဲ့အတွက်ကြောင့် ဖက်ဒရယ် စနစ်ကို ကျွန်တော်တို့နိုင်ငံမှာ တည်ဆောက်တဲ့အခါ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတည်ဆောက်ဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။
ပြည်သွေးနိုင်။ ။ဆရာကြီး အခုလို မြန်မာနိုင်ငံရဲ့ဖက်ဒရယ်သမိုင်းကြောင်းကို လွတ်လပ်ရေးအကြိုကာလ၊ လွတ်လပ်ရေးနဲ့ လွတ်လပ် ရေးကာလတွေကနေပြီး ၂၀၁၀ လောက်အထိကို ဆရာကြီးတောက်လျှောက်ရှင်းပြသွားတာကို တွေ့ရပါတယ်။ အဲဒီမှာ မှတ်သားမိတာက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလည်း ဖက်ဒရယ်ကိုပဲ အဓိက၊ လူမျိုးစုတစ်မျိုး တည်း၊ တစ်စုတည်းကြီးစိုးတဲ့ စနစ်မျိုးတော့ မဖြစ်သင့်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောထားတာလည်းရှိပါတယ်။ နောက် မှတ်သားစရာ တစ်ခုက ဆရာကြီးပြောလိုက်မှ ပိုရှင်းသွားတာက ဖက်ဒရယ်တွေဟာ တိုင်းရင်းသားတွေကနေပြီး စတင် တောင်းဆိုတာမဟုတ်ဘဲ ဖက်ဒရယ်လမ်းကြောင်းကို ဖွင့်ပေးတာဟာ ဝန်ကြီးချုပ်ဦးနုဖြစ်တယ်ဆိုတာကို လည်း ကျွန်တော် မှတ်သားရပါတယ်။
နောက်တစ်ခုက အဲဒီကာလတွေမှာ အရေးကြီးတဲ့ အချက်တွေပါ။ အခုဆရာကြီးပြောသွားတဲ့အထဲမှာ ခွဲထွက်ခွင့်၊ နောက်တစ်ခုက ရှမ်းမူ၊ နောက်တစ်ခုက အသံ လွှင့်ရုံဆွေးနွေးပွဲပေါ့လေ၊ အဲဒါလေးကိုလည်း ဆရာကြီး အကြမ်းဖျင်းတော့ ရှင်းပြပြီးသွားပါပြီ၊ ကျွန်တော်ထပ်ပြီး မေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ ခွဲထွက်ခွင့်ပါ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ခွဲထွက်ခွင့်က ဘာကြောင့်ပါနေရတာလဲ။ အဲဒီခွဲထွက်ခွင့်လေးနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းလေးသိရအောင် ပြောပြ ပေးပါဦးခင်ဗျ။
ဒေါက်တာကျော်ဝင်း။ ။ကျွန်တော်တို့သမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာ ပင်လုံ ညီလာခံမတိုင်မီမှာပါ။ တိုင်းရင်းသားခေါင်း ဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတွေ့တဲ့အခါမှာကတည်းက အထူး သဖြင့် ရှမ်းနဲ့ကချင်က တောင်းတာပါ။ ဒီပြည်ထောင်စု ကြီးကနေ အချိန်မရွေးခွဲထွက်ခွင့်ပေးရမယ်လို့ တောင်းပါတယ်။ တောင်းတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းက “ခွဲထွက်ခွင့်ဆိုတာ ကျွန်တော့်တစ်ယောက်တည်းနဲ့ပေး လို့မရဘူးတဲ့၊ ကျွန်တော်က ဖဆပလ ဗဟိုအဖွဲ့အစည်းမှာ တင်ပြပြီးတဲ့အခါမှာ ကျွန်တော် ပြောရဦးမယ်။ နောက်ပြီး ခင်ဗျားတို့ဗျာ ပေါင်းတောင်မပေါင်းရသေးဘူး ဘာလို့ ခွဲတဲ့စကားပြောသလဲ”လို့ပြောပါတယ်။
အဲဒီတော့ ဒီသမိုင်းကြောင်းကို ပြန်ကြည့်ရင် ပင်လုံ ညီလာခံမှာ ခွဲထွက်ခွင့်ဆိုတာဟာ ပါမလာဘူး။ အဲဒီတုန်း ကပေးမယ်လို့ မပြောဘူး။ အခြေခံဥပဒေဆွဲတဲ့အခါကျတော့မှ ခုနကပြောတဲ့ ခွဲထွက်ခွင့်ဆိုတဲ့ဟာကို စဉ်းစား တာပါ။ ဗိုလ်ချုပ်အောင်ဆန်းက လိုက်တော့ညှိတယ်။ ညှိပေမယ်လို့ ဒီအချက်နှစ်ချက်မပါရင် တောင်တန်း ဒေသတွေက ပြည်မနဲ့ပေါင်းပြီး လွတ်လပ်ရေးမယူတော့ ဘူးလို့သူကအဲဒီလိုပြောပါတယ်။ အကျပ်ကိုင်တဲ့သဘောပါ။ အဲဒီအခါမှာ ဗိုလ်ချုပ်အောင်ဆန်းက ဒါကို နောက်ပိုင်းမှာ သဘောတူ လိုက်ပါတယ်။ ။
ဗိုလ်ချုပ်အောင်ဆန်းကတူပေမယ့် “အေးဗျာတဲ့ ... ခင်ဗျားတို့ အဲဒီလိုဆိုရင် ဆယ်နှစ်ကြာ ကျွန်တော်တို့နဲ့ ပေါင်းကြည့်ပါ”လို့ ပြောပါတယ်။ ဆယ်နှစ်ဆိုတဲ့သဘောက လွှတ်တော်နဲ့ရွေးကောက်ပွဲကာလနှစ်ကြိမ်ကို ပြောတာပါ။ ဗိုလ်ချုပ်ရည်မှန်းတာက အဲဒီဆယ်နှစ်ကာလအတွင်းမှာ ဗမာတွေက တိုင်းရင်းသားတွေအပေါ်မှာ ကောင်းအောင်လုပ်ပြရင် တိုင်းရင်းသားတွေက ယုံကြည်လာပြီး ခွဲထွက်ခွင့်ကိုတော့ တောင်းမှာမဟုတ်တော့ဘူးလို့ သူက ထင်ပါတယ်။ အဲဒါကြောင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေရဲ့ ပုဒ်မ၁၀ မှာ ခုနကပြောတဲ့ရှမ်းရယ်၊ ကယားရယ်။ တောင်းတုန်းကတော့ ကချင်က တောင်းတာပါ။ ဒါပေမယ့်ကချင်ကို ဘာကြောင့်မပေးလဲ၊ ဒီခံစားခွင့်မရပါဘူး။
ကချင်ပြည်နယ်က ပေးဖို့တောင်းတုန်းက ဗိုလ်ချုပ် အောင်ဆန်းက တစ်ခါထပ်ပြီးတော့ပြောတယ် “ခင်ဗျားတို့ ပြည်နယ်တောင်း တာ မူအားဖြင့် ကျွန်တော်လက်ခံပါတယ်။ ဒါပေမယ့်ကျွန်တော့်သဘောနဲ့မပြီးဘူး။ ကျွန်တော်ဖဆပလ အဖွဲ့ချုပ်ကို တင်ပြပေး ရမယ်”လို့ပြောပါတယ်။ ။
နောက် ပေးမယ်လို့လုပ်တဲ့အခါ ပြည်နယ်ထဲမှာ ဘယ်ဒေသတွေပါဖို့လိုသလဲ၊ တကယ်တမ်းကျတော့ ကချင် တိုင်းရင်းသား တွေချည်းပဲနေတဲ့နေရာဟာ ကချင်တောင် တန်းတွေမှာပဲရှိပါတယ်။ အဲဒီတော့ သူတို့က ဘာတောင်း လာလဲဆိုတော့ ဗန်းမော်နဲ့ မြစ်ကြီးနားပါ တောင်းလာပါ တယ်။ မြစ်ကြီးနားနဲ့ ဗန်းမော်က တောင်တန်းဒေသထဲ မှာမပါဘူး။ မြေပြန့်ထဲမှာပါတယ်။ ပါတဲ့အခါ ကျတော့ အဲဒါကို ကောင်းပြီ၊ အဲဒီလိုဆိုရင် ခင်ဗျားတို့၊ ကျွန်တော်တို့ ပြန်တော့ညှိရတော့မယ်။ အကယ်၍ ဗန်းမော်နဲ့မြစ်ကြီးနား ကိုပေးမယ်ဆိုရင် ခင်ဗျားတို့ ခွဲထွက်ခွင့်ကိုတောင်းလို့မရ ဘူးလို့ ပြောတဲ့အတွက်ကြောင့် တကယ်တမ်းခွဲထွက်ခွင့်က ရှမ်းနဲ့ ကယားကရပြီး ကချင်ကမရပါဘူး။
ဒါကြောင့် ခွဲထွက်ခွင့်ဆိုတာက အဓိက ဘာလဲဆို တော့ အင်္ဂလိပ်လက်အောက်မှာအကြာကြီးနေခဲ့ရပါတယ်။ အင်္ဂလိပ်က သွေးခွဲထားတာရှိပါတယ်။ ၁၉၃၅ ခုနှစ် စီမံအုပ် ချုပ်မှုဥပဒေလို့ခေါ်တာပါ။ လူတွေက ၉၁ ဌာနအုပ်ချုပ်ရေး လို့ခေါ်တာပါ။ အဲဒီရဲ့ နောက်မှာ ဇယား(၁) နဲ့ဇယား(၂) ဆိုပြီး ပြထားပါတယ်။ အဲဒီနေရာမှာ ဘယ်နေရာ၊ ဘယ်နေရာတွေက ဗမာပြည်မကြီးပါ။ ဝန်ကြီးစီမံအုပ်ချုပ် တဲ့ ဗမာပြည်ပါ။ အင်္ဂလိပ်လိုတော့ Ministerial Burma လို့ခေါ်ပါတယ်။ ကျန်တာတွေက ဇယားဝင်နိုင်ငံများ၊ ဇယား ဝင်နိုင်ငံဆိုတော့ ခုနက ၃၅ အခြေခံဥပဒေထဲမှာ ဇယား(၁) နဲ့ (၂)ကို ပြောတာဖြစ်ပါတယ်။ အဲဒီတော့ နောက်တစ်မျိုး ခေါ်သေးတယ်အဲဒါကို၊ secluded Area ကြွင်းကျန်ထားတဲ့ နယ်မြေများ။ ဆိုလိုတဲ့သဘောက ပြည်မကြီးကို မလွှဲသာ မရှောင်သာ လွတ်လပ်ရေးပေးတဲ့အခါမှာ တောင်တန်း ဒေသတွေကို ဆက်ပြီးအုပ်ချုပ်ထားမယ်။
အဲဒီတော့ လိုက်လည်း သွေးခွဲတာတွေရှိတယ်။ ဗမာပြည်မကိုပေးမယ်။ ခင်ဗျားတို့ သူတို့နဲ့ သွားမပေါင်းနဲ့၊ ခင်ဗျားတို့ကို အခွင့် အရေး ပေးမယ်။ ဒါမျိုးတွေလုပ်တဲ့ အခါကျတော့ တိုင်းရင်းသားတွေရဲ့ အပေါ်မှာ အင်္ဂလိပ် လက်အောက်ကို ရောက်ပြီးတဲ့အခါမှာ ဘာလုပ်ထား သလဲဆိုတော့ အင်္ဂလိပ်က ပြည်မနဲ့ ပြည်နယ်နဲ့ ဆက်သွယ် လို့မရအောင် နယ်ခြားဖြတ်သန်းရေးဥပဒေကို ပြဋ္ဌာန်းထား ပါတယ်။ Frontier Crossing Actလို့ခေါ်ပါတယ်။ အဲဒီတော့ ဗမာပြည်မကြီးက ဟိုကိုသွားလို့မရသလို ပြည်နယ်က လူတွေကလည်း ဗမာပြည်မကြီးကို လာလို့မရပါဘူး။ အဲဒီတော့ ဘာဖြစ်လာသလဲဆိုတော့ တိုင်းရင်းသားအချင်းချင်း က အနေဝေးသွားတဲ့အခါမှာ ယုံကြည်စိတ်တွေ လျော့သွား ပါတယ်။ သံသယစိတ်တွေ ကြီးလာပါတယ်။ သူတို့အတွက် ဗမာတွေဟာ လူများစုဖြစ်ပါတယ်။ တိုင်းရင်းသား တွေဟာ လူနည်းစုဖြစ်ပါတယ်။ ဒါကြောင့်မို့ အကာအကွယ် ယူဖို့အတွက် ခွဲထွက်ခွင့်ဆိုတာကို တောင်းတယ်လို့ မြင်ပါတယ်။
ပြည်သွေးနိုင်။ ။အခုလို ပြည့်ပြည့်စုံစုံရှင်းပြပေးတာကျေးဇူးပါဆရာကြီး။ ဆက်ပြီး တော့ ဖက်ဒရယ်သမိုင်းကြောင်းမှာ ၁၉၆၂ ခုနှစ် အာဏာ သိမ်းတဲ့ကိစ္စတွေမှာ အဓိကအရေးပါနေတာက ရှမ်းမူ။ ရှမ်းမူဆိုတာလည်း ဘာကြောင့်ရှမ်းမူခေါ်တယ်ဆိုတာ ရယ်၊ သူ့ရဲ့ အနှစ်သာရကဘာလဲဆိုတာ ဆက်ပြီးရှင်းပြပေးပါဦး။
ဒေါက်တာကျော်ဝင်း။ ။ပြည်ထောင်စုမူကိုရေးဆွဲတုန်းကတာဝန်ယူတာ ရှမ်းတွေကတာဝန် ယူတာပါ။ ဦးထွန်းမြင့်ကနှစ်ယောက် ရှိပါတယ်။ လင်းခေး ဦးထွန်းမြင့်နဲ့နောက်တစ်ယောက်က ဦးထွန်းမြင့်လေးခေါ်တယ်။ ဦးထွန်းမြင့်လေး၊ သူ့ကို ရှမ်းခေါင်းဆောင် တွေက တာဝန်ပေးပါတယ်။ အဲဒီအခါ သူကိုယ်တိုင်ရေးဆွဲတဲ့ အတွက်ကြောင့်၊ အဲဒီဟာကလည်း ဟိုတုန်းက ဗိုလ်တထောင် သတင်းစာမှာ ပါပါတယ်။ ပြည်ထောင်စု ဖွဲ့မယ်ဆိုရင် ဘာတွေလိုသလဲ။ အရင်ပြောခဲ့သလိုပဲ ရှစ်ပြည်နယ်မူပါတယ်။ အဲဒီတော့ ရှမ်းဘက်ကနေ နစ်နာချက်တွေက ဘာတွေလဲဆိုတာကို ရေးထားပါတယ်။ အဲဒီ အပေါ်မှာ မူတည်ပြီးဆွဲတဲ့အတွက်ကြောင့် ရှမ်းမူလို့ခေါ် တာဖြစ်ပါတယ်။
အဲဒီရှမ်းမူကို စော်ဘွားတွေက ဦးဆောင်တာဖြစ်ပေ မယ့် နောက်ပိုင်းမှာ တောင်တန်းဒေသ စည်းလုံးညီညွတ် ရေးအဖွဲ့ဆိုပြီး ပြန်ဖွဲ့ တာရှိပါတယ်။ ပြန်ဖွဲ့တဲ့အခါမှာ ကချင်၊ ချင်းတို့လည်း ပါတယ်။ အဲဒီအခါမှာ ခုနကပြောတဲ့ ရှမ်းမူနဲ့ပတ်သက်ပြီး တချို့သော ဆမားဒူးဝါးဆင်ဝါးနောင် တို့ဆို အဲဒီရှမ်းမူကို မကြိုက်ဘူး။ အလားတူပဲ ချင်းကိုယ် စားလှယ်ဖြစ်တဲ့ ဦးဇာရဲလျန်က “ဟာ ခင်ဗျာတို့ဒီဥစ္စာ ရှစ်ပြည်နယ်မူလုပ်မယ်ဆိုရင် ဗမာတွေလည်း ပါသင့်တာ ပေါ့။ ဗမာတွေ ဘာလို့မဖိတ်တာလဲ”လို့ပြောပါတယ်။ နောက် ကရင်ဘက်ကဆို ဦးအေစိုးမြင့်ကလည်း သဘော မတူပါဘူး။ ဒါကြောင့်မို့ ရှမ်းမူဟာ ဘာကြောင့် ရှမ်းခေါ်သလဲ။ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကို တင်တာက ရှမ်းစော်ဘွားများဖြစ်ပါတယ်။ ရေးတဲ့သူ ကလည်း ခုနကဦးထွန်းမြင့်လေးရေး ဆွဲတယ်။ ဒါကြောင့် မို့ ရှမ်းမူလို့ခေါ်တာဖြစ်ပါတယ်။
ပြည်သွေးနိုင်။ ။အဲဒီတုန်းကအသံလွှင့်ရုံဆွေးနွေးပွဲလို့ ခေါ်ပါတယ်။ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့ ညနေ ၆ နာရီကစပြီး အသံ လွှင့်ရုံမှာ ဆွေးနွေးပွဲလုပ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်ဦးနုနဲ့၊ အာဏာရနေတဲ့အစိုးရနဲ့၊ ဖက်ဒရယ် မူတောင်းနေတဲ့ တိုင်းရင်းသားတွေ ဆွေးနွေးတာဟာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရတဲ့နီးပါး ရောက်နေပြီ။ အဲဒီအနေအထားမှာမှ အာဏာသိမ်းမှု က ပေါ်ပေါက် လာတယ်။ ဒါကြောင့်မို့ ဖဆပလကိုယ်စားလှယ်ဖြစ်တဲ့ ဒေါက်တာအေးမောင် ပြင်ဆင်ထားတဲ့မိန့်ခွန်းဟာ မလွှင့်လိုက်ရဘူး။ အကယ်၍ အဲဒီမိန့်ခွန်းသာလွှင့်ခွင့် ရမယ်၊ ပြောလို့ရမယ်ဆိုရင် အခြေအနေတွေ တစ်မျိုးဖြစ် သွားနိုင်တယ်ဆိုပြီး ဆရာကြီးရဲ့ စာအုပ်ထဲမှာလည်း ကျွန်တော်တို့ ဖတ်ရပါတယ်။ အဲဒါကြောင့် အသံလွှင့်ရုံ ဆွေးနွေးပွဲကို အသေးစိတ်ပြောပြပေးပါဦး ဆရာကြီး။
ဒေါက်တာကျော်ဝင်း။ ။အဲဒီအသံလွှင့်ရုံ ဆွေးနွေးပွဲမှာဘယ်သူတွေကပထမဦးဆုံးဆွေး နွေးသလဲဆိုတော့ တိုင်းရင်းသား ကိုယ်စားလှယ် တွေကဆွေးနွေးပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ အလှည့်ကျ ဆွေးနွေးကြပါတယ်။ ပထမနေ့မှာ ခုနကပြော သလို တိုင်းရင်းသားခေါင်းဆောင်တွေက ဖက်ဒရယ်ပေးသင့်တဲ့ အကြောင်း ဆွေးနွေးတဲ့သူရှိသလို ဖက်ဒရယ်ပေးဖို့စော သေးတယ် လို့ သဘောထားတင်ပြတဲ့သူလည်း ရှိပါတယ်။ အဲဒါတွေစုစည်းပြီး နောက်ဆုံးမှာ ပြန်ပြောရမှာက ဝန်ကြီးချုပ်ဦးနုပဲ။ ဝန်ကြီး ချုပ်ဦးနုက ပြန်ပြောရမယ်။ အဲဒီတော့ တိုင်းရင်းသားခေါင်းဆောင်တွေ ပြောပြီး သွားပြီ။ ဖဆပလနဲ့ ပမညတကိုယ်စား လှယ်တွေက ပြောပြီးပြီ။ ပထစကိုယ်စားလှယ်တွေက ပြောခွင့်မရလိုက်ဘူး။ ။
အဲဒီတော့ အသံလွှင့်ရုံညီလာခံမှာ ဆွေးနွေးတာတွေ က တောင်ကြီးညီလာခံမှာ ဆွေးနွေးတာတွေအတော်များ များကို ပြန်ပြောတာပါ။ ပြောတဲ့အခါမှာ အထူးသဖြင့် ရှမ်းနဲ့ကချင် တိုင်းရင်းသားတွေက ခုနကစစ်မှန်သော ဖက်ဒရယ်မူကိုပဲ အဓိက ထားပြီး ဆွေးနွေးပါတယ်။ ကျန်တဲ့အပိုင်းတွေက ဖဆပလကိုယ်စားလှယ် ဦးဘဆွေ ဆွေးနွေးတယ်။ ပမညတကိုယ်စားလှယ် သခင်ချစ်မောင် ဆွေးနွေးတာရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေကအကျိုးအကြောင်း ပြတယ်။ ခုနကပြောတဲ့ ဖက်ဒရယ်နိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ဆိုတာ ဘယ်လို၊ ဖက်ဒရယ်ယောင်ယောင် နိုင်ငံတွေက ဘာတွေဆိုတာ သူ့ရဲ့ ဆွေးနွေးချက်ထဲမှာ အပြည့်အစုံပါပါ တယ်။ အဲဒီတော့ အားလုံးဆွေးနွေးပြီးတဲ့ အခါ သူတို့အထဲမှာ လျှို့ဝှက်ပြီးဆွေးနွေးတာလည်း ရှိပါတယ်။
အဲဒီဆွေးနွေးချက်တွေအရ ကျွန်တော်တို့ ခုနက ပြောသလို ဝန်ကြီးချုပ်ဦးနုက ခင်ဗျားတို့တောင်းတာတွေ အကုန်လိုက်လျောမယ်။ ဖက်ဒရယ်တော့မတောင်းနဲ့တော့၊ အဲဒါလည်း သဘောတူညီပြီလို့ကြားပါတယ်။ ဒီအသံ လွှင့်ရုံမှာ ဆွေးနွေးတာတော့ ဖိုင်နယ်မှာ ဘာတွေလုပ် မလဲဆိုတာ ဒါကိုအားလုံးကိုယ်စားလှယ်တွေ ညှိပြီးတဲ့ အခါမှာ သဘောထားခံယူတာပါ။ ခံယူတဲ့အခါမှာ အများစု က စစ်မှန်တဲ့ဖက်ဒရယ်ပုံစံမျိုးကို တိုင်းရင်းသားတွေက လွဲလို့ပြည်မကြီးက ခေါင်းဆောင်တွေ၊ ဖဆပလကလည်း သိပ်ပြီး သဘော မကျဘူး။ ဖက်ဒရယ်ဆိုတာတော့ကောင်းတယ်။ ဒါပေမယ့် အချိန်မတန်သေးဘူးလို့ပြောပါတယ်။ ပြီးတဲ့အခါမှာခုနက ပြည်ထောင်စုမှာလည်း အဲဒီသဘော ပဲပြောပါတယ်။ လောလောဆယ် စစ်မှန်တဲ့ဖက်ဒရယ်လုပ် လို့မရဘူးဆိုတာက အထူးသဖြင့် ရှစ်ပြည်နယ်မူ ဆိုတာကိုသဘောမကျကြပါဘူး။ ။
ဘာဖြစ်လို့လဲဆိုတော့ ပြည်နယ်တွေကို ဘဏ္ဍာငွေ ခွဲဝေပေးတဲ့အခါ တာဝန်ခံရတာက ဗမာပြည်ကတာဝန်ခံ ရတာပါ။ဒါကြောင့်မို့ ဗမာပြည်ဟာ ပြည်နယ်ဖြစ်သွားမယ် ဆိုရင် ခုနကပြောတဲ့ခွဲဝေမှုက လုပ်လို့မရတော့ဘူး။ ဒါကြောင့် လောလောဆယ် တိုင်းရင်း သားတွေအားလုံးညှိနှိုင်းပြီးတဲ့အခါ ဒါကိုဆွေးနွေးကြမယ်ဆိုတာ အသံလွှင့် ရုံညီလာခံ ကျင်းပတာဖြစ်ပါတယ်။
ပြည်သွေးနိုင်။ ။ဒါဆိုရင် အသံလွှင့်ရုံညီလာခံမှာနောက်ဆုံးသဘောတူညီမှု၊ ဖဆပလ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သဘောတူ ညီမှု တစ်စုံတစ်ရာရတယ်လို့ ဆိုလိုတာလားခင်ဗျာ။
ဒေါက်တာကျော်ဝင်း။ ။သူတို့ရဲ့ သဘောထားတွေ ပြောတာပါ။ သဘော တူညီမှုရတယ် ဆိုတာက ဝန်ကြီးချုပ်ဦးနုရဲ့ ပြောကြား ချက်ထဲမှာ ပါတာ ဖြစ်ပါတယ်။ နောက်ပိုင်း ဘာတွေဆွေးနွေးသလဲဆိုတာတော့မပြောထားဘူး။ သဘောတူညီမှုရတယ်ဆိုတာ ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုတာ ဝန်ကြီးချုပ် ဦးနု ကဆုံးဖြတ်ပြီးသားပါ။ ဒါပေမယ့်ကျန်တဲ့လူတွေက ကန့်ကွက်တာ။ ပမညတတို့၊ ဖဆပလတို့ကကန့်ကွက်တာ၊ ဒါပေမယ့် ရှမ်းစော်ဘွားတွေဘက်က လိုက်လျောတန်တာ လိုက်လျောဖို့လိုပါတယ်။ အထူးသဖြင့် ခွဲထွက်ဖို့မတောင်း နဲ့တော့။ အဲဒါသဘောတူတာကိုပြောတာပါ။
ပြည်သွေးနိုင်။ ။အဲဒီတုန်းကကိစ္စတွေကို ပထမပိုင်း ဖက်ဒရယ်ကတော့ ၁၉၆၂ ခုနှစ် မတ်လ၂ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့ အခါကျ တော့ ဒီအပိုင်းက ပြီးပြတ်သွားတဲ့သဘောဖြစ်သွားပါတယ်။အခု၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေပြီ။ ဒီဥပဒေ နဲ့ ရွေးကောက်ပွဲ နှစ်ကြိမ်ပြုလုပ်ပြီးပြီ။ အခု ဒီဖွဲ့စည်းပုံကို လည်း ပြင်ဆင်ဖို့လိုအပ်တယ်ဆိုတဲ့သဘောထားတွေ ရှိနေပါတယ်။ အဲဒီတော့ ဒီနေ့ဆွေးနွေးတာလည်း ဖက်ဒရယ်အကြောင်းဖြစ်တဲ့အခါကျတော့ အနာဂတ် မြန်မာနိုင်ငံရဲ့ ပုံစံက ဘယ်လိုဖြစ်သင့် သလဲဆိုတာ ဆရာ ကြီးရဲ့ အမြင်ကိုကြားချင်ပါတယ်။
ဒေါက်တာကျော်ဝင်း။ ။ကျွန်တော့်အမြင်၊ သမိုင်းဆရာတစ်ယောက်အနေနဲ့မြင်တာက တော့ မြန်မာနိုင်ငံရဲ့ အနေအထားဟာ ခုနကပြောခဲ့သလို ပဲ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စု နိုင်ငံကြီးဖြစ်ပါတယ်။ အဲဒါကြောင့် တိုင်းရင်းသား တွေရဲ့ လိုလားချက်၊ သူတို့တောင်းဆိုတာတွေရှိပါတယ်။ ခေတ် အဆက်ဆက်ကလည်း တောင်းဆိုခဲ့ပါတယ်။ တစ်ပြည် ထောင်ပုံစံကို မကြိုက်ဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ အနေ အထားအရ တိုင်းရင်းသားပေါင်းစုံနေထိုင်တယ်။ Multi -national State ပဲဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော့်သဘောထားပြောရရင် ကျွန်တော်တို့က တစ်ပြည်ထောင်စနစ်နဲ့သွားခဲ့တာ လည်းကြာပြီ။ အဲဒီတော့ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေက ဖက်ဒရယ်ပြောပေမယ့် တစ်ပြည်ထောင်ဆန်သွားတဲ့ အတွေ့အကြုံရှိပါတယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ လုံးဝ တစ်ပြည်ထောင်စနစ်ပါ။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ မှာလည်း ပြည်ထောင်စု ပုံစံမျိုး တွေ တွေ့ရပါတယ် ပြောပေမယ့် ပြည်ထောင်စုအစစ်ကြီးမဟုတ်သေးပါဘူး။
ကျွန်တော့်အနေနဲ့ မြင်တာက မြန်မာနိုင်ငံရဲ့ ပကတိ အနေအထားနဲ့ အခြေခံဥပဒေတစ်ရပ်ကို ဆွဲတော့မယ် ဆိုရင် မိမိတို့ရဲ့ တိုင်းပြည်၊ လူမျိုး၊ ပင်ကိုစရိုက်အဲဒါတွေကို ကြည့်ပြီး ဘယ်ဟာ၊ ဘယ်နိုင်ငံရဲ့ ဟာကိုပုံတူကူးချရ မယ်လို့မဟုတ်ဘူး။ မိမိတို့နိုင်ငံနဲ့ သင့်လျော်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကိုသာရေးဖွဲ့ဖို့လိုပါတယ်။ အထူးသဖြင့် အများကလိုလားနေတဲ့ ဖက်ဒရယ်ပုံစံမျိုးကို သွားရင် ပိုပြီးကောင်းမယ်။ အနာဂတ်ပုံဖော်သင့်တဲ့အခြေခံဥပဒေဟာ ဖက်ဒရယ်ကိုအခြေခံတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပဲ ဖြစ်သင့်တယ်လို့မြင်ပါတယ်။
ပြည်သွေးနိုင်။ ။ဆရာကြီးအနေနဲ့ အခုလိုဖက်ဒရယ်လစ်ဇင်နဲ့ပတ်သက် ပြီး ပြည့်ပြည့်စုံစုံပြောကြားပေးတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိကြောင်းပြောကြားရင်းနဲ့ ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲကို ဒီမှာပဲ နိဂုံးချုပ်ပါတယ်ခင်ဗျာ။ ။
သတင်းအဖွဲ့