ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ညွှန်းသည့် တိုင်းရင်းသားများ၏ ရိုးရာအစဉ်အလာများနှင့် ထူးခြားသော ဝိသေသလက္ခဏာများ
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ရှေးပဝေသဏီကတည်းက အတူတကွ လက်တွဲမှီတင်းနေထိုင်ကြကုန်သော ညီနောင်များ၊ တိုင်းရင်းသားညီအစ်ကိုများတွင် အစဉ်အလာကြီးသည့် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း ယုံကြည်ကိုးကွယ်မှု အနုပညာ၊ အထိမ်းအမှတ်ပွဲတော်၊ ဘာသာစကား၊ စာပေများ၊ စကားပုံများအသီးသီး ရှိကြသည်။ ၎င်းတို့သည် တိုင်းရင်းသားတို့၏ ထူးခြားသည့် အမှတ်လက္ခဏာများ ဖြစ်သကဲ့သို့ ပြည်ထောင်စုကြီး၏ သင်္ကေတတစ်ခုလည်းဖြစ်သည်။ တိုင်းရင်းသားအသီးသီး၏ မူပိုင်သီးခြားလက္ခဏာ တစ်ခုအဖြစ်လည်း မြင်နိုင်ပါသည်။ အချို့သော ယဉ်ကျေးမှုအမွေအနှစ်များသည် ပြည်ထောင်စု စိတ်ဓာတ် ကို ဖော်ညွှန်းသကဲ့သို့ ရှိကြပြီး အေးအတူပူအမျှ ကောင်းတူဆိုးဖက် မျှဝေခံစားလျက် နိုင်ငံတော်ကြီးကို တက်ညီလက်ညီ ထူထောင်နိုင်ရေးကို မျှော်မှန်းနေဟန် ရှိပါသည်။
ယနေ့ မြန်မာနိုင်ငံတော်ကြီးကား ကိုလိုနီစနစ် အောက်မှ လွတ်မြောက်သည်မှာ (၇၂)နှစ်ကျော်ပြီဖြစ် သည်။ လွတ်လပ်သော နိုင်ငံ အဖြစ် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်လည်း ရရှိကြပြီဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားတို့သည် မိမိတို့၏သီးခြားဝိသေသ ဆောင်သော ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို အသက်တမျှ တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်လျက် ပြည်ထောင်စု စိတ်ဓာတ် ရင့်သန်ခိုင်မြဲရေးတွင် အထောက်အကူဖြစ်စေမည့် စွမ်းအားများအဖြစ် ပြောင်းလဲသင့်ပါသည်။ မိမိတို့ ၏ဘာသာစကား၊ စာပေ အမွေအနှစ်များကို ငြိမ်းချမ်းရေး စိတ်ဓာတ်အတွက် ဖော်ဆောင်နိုင်သည့် အရည်အချင်း များအဖြစ် ပြောင်းလဲနိုင်လျှင် တိုင်းရင်း သားများ စုစည်း ညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖော်ဆောင်နိုင်မည် ဟုထင်မြင်မိပါသည်။
မနောပွဲနှင့် မနောစိတ်ဓာတ်
မနောပွဲသည် ကချင်တိုင်းရင်းသားတို့၏ လူသိ အများဆုံးနှင့် အရေးပါဆုံးပွဲတော်တစ်ခု ဖြစ်သည်။ ကချင်ပြည်နယ်နေ့ အထိမ်း အမှတ် အခမ်းအနားတိုင်း တွင် မနောတိုင်များ စိုက်ထူ၍ မနောအကများဖြင့် ကျင်းပလေ့ရှိသော မနောပွဲများသည် နှစ်စဉ်ခြိမ့်ခြိမ့် သဲသဲ ရှိလှသည်။ နတ်ကောင်းနတ်မြတ်များကို ကိုယ်စားပြု သည့် မနောတိုင်အောက်တိုင်သည် အဓိပ္ပာယ်ကိုပို၍ လေးလေး နက်နက် ကောက်ယူကြည့်ပါက ဥစ္စာဓန ပေါကြွယ်ဝစေရန်၊ သတ္တိ ဗျတ္တိနှင့် ပြည့်စုံစေရန်၊ အေးမြ သာယာငြိမ်းချမ်းစေရန်၊ ရေပက်မဝင်သော ချစ်ခြင်း မေတ္တာဖြင့် စည်းလုံးညီညွတ်မှုကို ရရှိကြစေရန်ဟူသည့် လက္ခဏာများကို ဖော်ညွှန်းနေသည်ကို တွေ့ရသည်။ အရင်းစစ်သော် မနောတိုင်၊ မနောစိတ်ဓာတ်အပြည့် ရှိသော ကချင်တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုနှင့် မျိုးချစ်စိတ်ဓာတ်သည် ကျန်ပြည်ထောင်စုတိုင်းရင်းသား အားလုံးနှင့်အတူ ကမ္ဘာတည်သရွေ့ ထာဝရလက်တွဲ သွားမည့် စစ်မှန် သည့် ပြည်ထောင်စုစိတ်ဓာတ်နှင့် ယင်းစိတ်ဓာတ်ကို အခြေခံ၍ နိုင်ငံတော်ကြီးကို ဘေးရန်အန္တရာယ်များမှ စုပေါင်းကာကွယ် တည်ဆောက် မည်ဟူသော အတိတ်နိမိတ်များကို ဆောင်ယူနေဟန် ရှိပါသည်။
သစ္စာတရားကို ပြသရာ ကိန္နရီကိန္နရာ
ထို့အတူ ကယားတိုင်းရင်းသားတို့၏ ထူးခြားသော သင်္ကေတကိုလည်းလေ့လာကြည့်ပါကကယားပြည်နယ် ဟုဆိုလျှင် အချစ်ကြီး သော သင်္ကေတဖြစ်သည့် ကိန္နရီ ကိန္နရာ စသည်ကိုတွဲ၍ မြင်မိသည်။ သစ္စာတရားနှင့် ရှင်သန်မှုကို ကိုယ်စားပြုသည်ဟုဆိုပါသည်။ ပြည်ထောင် စုနှင့် ပြည်နယ်မခွဲခြား တစ်သားတည်းရှိသည်ဟူသည့် အချက်ကို ကယားတိုင်းရင်းသားတို့၏ အမျိုးသားရေး ဝိသေသလက္ခဏာတစ်ခုအဖြစ် အဓိပ္ပာယ် ဖော်မိသည်။ ကယားတိုင်းရင်းသားတို့၏ ပြည်နယ်အလံတွင် အပေါ် ဆုံးအနီရောင်နှင့် အောက်ဆုံး အစိမ်းရောင်ကြားအလယ် အပြာရောင်အပေါ်တွင် ကိန္နရာ၏ အလှတရားက ပေါ်လွင်နေသည်။ ရဲရင့်ပြတ်သားခြင်း နှင့် သယံဇာတ ပေါကြွယ်ဝခြင်းတို့၏အကြား အပြာရောင်တည်ငြိမ်အေး ချမ်းခြင်းက ကိန္နရီကိန္နရာမှ ဆင်းသက်လာသော ကယားလူမျိုးများ၏ ပုံရိပ်ကို ထင်ဟပ်နေသလို ပြည်ထောင်စုသားအားလုံး၏ စစ်မှန်သော ချစ်ခြင်း တရား အရေးပါပုံကိုလည်း ပြသရာ ရောက်ပါသည်။
ဖားစည်နှင့် လက်ချည်ပွဲ
ကရင်လူမျိုးဆိုလျှင် ဖားစည်နှင့် ဒွန်တွဲပါဝင်လေ့ ရှိသည်။ ကရင်လူမျိုးတို့သည်၎င်းတို့၏ ယဉ်ကျေးမှုအမွေ အနှစ်တစ်ခုဖြစ်သော ဖားစည်ကို အထူးစောင့်ရှောက် ထိန်းသိမ်းကြသည်။ ကရင်လူမျိုးများ၏ အဆောင် အယောင်ပစ္စည်းတစ်ခုဖြစ်သည့် ဖားစည်၏ ကောင်းမွန်သော သင်္ကေတအဓိပ္ပာယ်တွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်ပွဲ များဖြစ်ကြရာ၌ ရန်ပွဲများ ငြိမ်းအေးဖို့လက်ဆောင်အဖြစ် ဖားစည်ပေးကြကြောင်း လေ့လာမိသည်။ အခြားဖားစည်များနှင့်မတူ စစ်ချီဖားစည်ဆိုသည့် အမျိုးအစားတစ်ခုလည်း ရှိသေးသည်။ အသံကျယ်လောင်စွာ မြည်ဟိန်းထွက်သော ၎င်းဖားစည်သည် ဘေးအန္တရာယ်တစ်ခုခု ကျရောက်လာလျှင် အရေးပေါ်လူစု၍ စစ်ထွက်ရန်တပ်လှန့်နှိုးဆော်သံ တစ်ခုဖြစ်သည်။ တီးခတ်အချက်ပေးခြင်းဖြင့် စစ်အောင်ပွဲ များရရှိစေကြောင်း ဆိုလေ့ရှိသည်။ ထို့အပြင် ကရင်လူမျိုးတို့၏ ဝါခေါင်လ လက်ချည်ပွဲတစ်ခုကလည်း ရှေးကရင် ခေါင်းဆောင်ကြီးများ၏ မွန်မြတ်သော ရည်ရွယ်ချက်များကို ဖော်ပြနေပါသည်။ ယင်းစုပေါင်းပြုလုပ်သော လက်ချည်ပွဲ၏ ရည်ရွယ်ချက်သည် စုပေါင်း နေထိုင်ခြင်း၊ စုပေါင်းလုပ်ကိုင် စားသောက်ခြင်း၊ အန္တရာယ်ဘေးများကို စုပေါင်းကာကွယ် တွန်းလှန်ခြင်း စသည်များပင်ဖြစ်သည်။ ကွဲကွာနေသော မိသားစုဆွေမျိုးများ ပြန်လည်စုစည်းခြင်း သရုပ်ကို လှစ်ဟမှုက ပြည်ထောင်စုသွေးရင်းသားရင်းအချင်းချင်း ချစ်ကြည် သွေးစည်းခိုင်မာစေရန်၊ မိစ္ဆာရန်သူများ သွေးဆောင်ရာ နောက်သို့ ပါမသွားစေရန်၊ ကမ္ဘာတည်သရွေ့ စည်းလုံးကြစေ ရန် ဖော်ညွှန်းနေသည်မှာ အသေအချာပင် ဖြစ်ပါသည်။
တောင်ဇလပ်ပန်းနှင့် အောက်ချင်းငှက်မောင်နှံ
ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားတို့၏ မွန်မြတ် ထူးကဲသော သင်္ကေတကိုလေ့လာပါကအောက်ချင်းငှက်နှင့် တောင်ဇလပ် ပန်းကို မေ့၍မရပေ။ အောက်ချင်းငှက်ဖို မောင်နှံ၏ တစ်ဦးနှင့်တစ်ဦးအနားကမခွာ ကိုယ့်တာဝန်ကို ကျေပွန်စွာ ကျွေးမွေးစောင့် ရှောက်တတ်သည့် မေတ္တာ သင်္ကေတကား ချင်းလူမျိုးများ၏ သစ္စာတရားကြီးမားပုံကို ဖော်ညွှန်းနေသကဲ့သို့ ရှိသည်။ ချင်းပြည်နယ် ၏ထူထပ်လှပ သည့် တောင်တန်းအစွန်အဖျားများတွင် ပေါက်ရောက် တတ်သည့် ရဲရဲနီသော တောင်ဇလပ်ပန်းက ချင်းလူမျိုးများ ၏ သတ္တိရှိမှုနှင့် ရဲရင့်မှုကို ပြသနေဟန်ရှိသည်။ မည်သို့ပင် ဆိုစေထိုတောင်ဇလပ်ပန်းနှင့် အောက်ချင်းငှက်သင်္ကေတ များက ချင်းလူမျိုးများ၏သစ္စာတရားကြီးမားမှုနှင့် မေတ္တာတရားကို ပြသနေသည်။ ယင်းအချက်များကပင် ကျွန်တော်တို့ ပြည်ထောင်စု တိုင်းရင်း သားအပေါင်းတို့အနေဖြင့် ဘုံရည်မှန်းချက်တစ်ခုအတွက် အတူတကွ လက်တွဲယှဉ်ဆက်ပြီး ချီတက်ရှေ့ဆက်ကြရန်၊ ဘေးအန္တရာယ်အပေါင်းကို ခုခံရင်ဆိုင်နိုင်ရန်၊အသက်စွန့်၍ တာဝန်ယူစောင့်ရှောက် ကြရန်အတွက် စံနမူနာကောင်းများကို ပြသနေသကဲ့သို့ ရှိနေပါသည်။
ဟင်္သာင်္သာတို့၏ ခွန်အား
မွန်လူမျိုးတို့သည်လည်း အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွသော လူမျိုးများဖြစ်သည်။ ဗုဒ္ဓဘာသာ သာသနာအစဦး တွင်လည်း မွန်တိုင်းရင်းသားညီနောင်နှစ် ပါးက မြတ်စွာဘုရား၏ ဆံတော်ရှင်ရှစ်ဆူကို သယ်ဆောင် လာခဲ့သည့် သာသနာ ရာဇဝင်သည် မွန်တိုင်းရင်းသားတို့၏ ဘာသာတရားအပေါ် အလေး အမြတ်ထားမှုကို ဖော်ပြနေပါသည်။ မွန်လူမျိုးတို့သည် မိမိတို့၏ ဘာသာစကား စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ များကို မပျောက် ကွယ်မတိမ်ကောအောင် ထိန်းသိမ်း စောင့်ရှောက်ကြသည့် နည်းတူမိမိတို့၏ အစဉ်နိုးကြားတက်ကြွနေသည့် ဇာတိသွေး ဇာတိမာန်ကိုလည်း တိုင်းရင်းသား လူမျိုးအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် အညမညဖြစ်အောင်ကြိုးပမ်းဆောင် ရွက်လျက် ပြည်ထောင်စု၏ဂုဏ်ကို အမြဲစောင့် ရှောက် ထိန်းသိမ်းကြလျက် ရှိကြသည်။ဟင်္သာရုပ်သည် မွန်အမျိုး သားတို့၏ အမျိုးသားရေးအမှတ်တံဆိပ်တစ်ခုဖြစ်သည်။ ဟင်္သာသင်္ကေတကို မိမိတို့၏ အမျိုးသားနိုင်ငံရေးရည်မှန်း ချက်အတွက် အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်။ အလုံးအထည်ကြံ့ခိုင်သန်စွမ်းမှု၊ တစ်ရှိန်ထိုး ပျံတက်နိုင်စွမ်းရှိသော တောင်ပံအစုံနှင့် ဟင်္သာငှက် တို့သည် ရန်မရှာတတ်သော် လည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားယူနေရသော ပြည်ထောင်စုကြီး အတွက်မူ ခရီးမဆုံးသေး သည့် လမ်းခရီးအတွက် ခွန်အားတစ်ရပ်ဖြစ် စေပါကြောင်း အသိအမှတ်ပြုလိုပါသည်။
ရခိုင်ရိုးရာကျင်ကိုင်ပွဲနှင့် ပြည်နယ်အမှတ်တံဆိပ်
ရခိုင်တိုင်းရင်းသားတို့ အစဉ်အဆက်နေထိုင်သည့် ရခိုင်ပြည်နယ်ကား ယဉ်ကျေးမှုအမွေအနှစ်များ အလွန် ပေါများလှသည်။ ရခိုင်ပြည်နယ်၏ အောင်လံတွင် အဖြူရောင်ပါဝင်မှုသည် ရခိုင်တိုင်းရင်းသားတို့၏ ဖြူစင်ဖြောင့်မတ်မှု၊ အမျိုးသီလစောင့်ထိန်းမှု၊ တည်ကြည် ရိုးသားမှုတို့ကို ဖော်ပြနေသလို ရဲရင့်သတ္တိရှိမှုနှင့် ဇာတိသွေးဇာတိမာန် ပြည့်ဝမှုတို့က အလံတွင် ပါဝင်သော ထက်ဝက် ခန့် အနီရောင်က ဖော်ဆောင်ပြသနေပါသည်။ ထို့ပြင်ယဉ်ကျေးမှု ထွန်းကားပြီး ဥစ္စာဓနပေါကြွယ်ဝမှု၊ သန့်ရှင်းမှု၊ ဖြူစင်မှုကို ပြသသည့်အနေဖြင့် ဖြူစင်သော သဇင်ပန်းနှစ်ခက် ခြံရံထားသည့် ဒင်္ဂါးသင်္ကေတသည် ရခိုင်ပြည်နယ်၏ အမှတ်တံဆိပ်တစ်ခု ဖြစ်ကြောင်း သိရှိရသည်။ ၎င်းတံဆိပ်တွင် ပါဝင်သော အမှတ်လက္ခဏာ များသည် အုပ်ချုပ်မင်းလုပ်သူများအနေဖြင့် မင်းကျင့် တရားဆယ်ပါး၊ နာယကဂုဏ်ခြောက်ပါး၊ သင်္ဂဟတရား လေးပါးအပြားကို ပေါ်လွင်စေရန် ရည်ညွှန်းပြဆိုထားကြောင်းလည်း သိရှိရပါသည်။ ထို့ပြင် ရခိုင်ရှေးမင်းများ အဆက်ဆက် ပွဲတော်များတွင် ပါဝင်ထည့်သွင်း ကျင်းပလေ့ရှိသော ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ သည်လည်း ရခိုင်လူမျိုးတို့၏လျင်မြန်မှု၊ ခွန်အားကြီးမားမှု၊ ဇွဲလုံ့လ ဝီရိယရှိမှုတို့ကို ဆိုလိုရင်းဖြစ်ပြီး ပိုမိုတန်ဖိုးထား မြတ်နိုး အပ်သော အားကစားနည်းတစ်ရပ်လည်း ဖြစ်ပါသည်။
ပင်လုံစာချုပ် မွေးဖွားရာပြည်နယ်
ရှမ်းပြည်နယ်ရှမ်းလူမျိုးများနှင့် ပတ်သက်လျှင်ကား တစ်နိုင်ငံလုံး လွတ်လပ်ရေးအတွက် တောင်တန်းနှင့် ပြည်မပူးပေါင်း၍ လွတ်လပ်ရေးကို ရအောင်ယူမယ်ဆိုပြီး ဆုံးဖြတ်ချက်ချမှတ်လိုက်သော ဖေဖော်ဝါရီလ၇ ရက်နေ့ ကို သမိုင်းဝင် ရှမ်းပြည်နယ်နေ့ အဖြစ် သတ်မှတ်နိုင်ခဲ့ခြင်း က ရှမ်းပြည်နယ်လူထု၏ လွတ်လပ်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ပြရာရောက်သည်။ ရှမ်းလူမျိုးတို့က ထိုနေ့ကို ပင်လုံ စာချုပ် မွေးဖွားရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး စတင်ပေါ်ပေါက်ရန် အစပျိုးသည့် နေ့တစ်နေ့အဖြစ် သတ်မှတ်ဂုဏ်ယူကြ သည်။ ထိုနည်းတူ ရိုးရာယဉ်ကျေးမှုများ ဖြစ်သော ရှမ်းရိုးရာအိုးစည်၊ တိုးနယား၊ ကိန္နရီ ကိန္နရာများသည် လည်း ရှမ်းမျိုးနွယ်စု အားလုံး၏ မင်္ဂလာတစ်ပါးပင် ဖြစ်ပါသည်။
အထက်ပါဖော်ပြချက်များသည် စုစည်းမိသမျှ တင်ပြချက်များသာ ဖြစ်ပါသည်။ ပြည်ထောင်စုစိတ်ဓာတ် နှင့်တကွ မျိုးချစ် စိတ်ဓာတ်ကို ဖော်ညွှန်းသော အမိနိုင်ငံ အတွင်း အခြားသော သွေးချင်းများ၏ ထူးခြားသော အမှတ်သင်္ကေတများလည်း ရှိနေပါ သေးသည်။
အချုပ်အားဖြင့် တိုင်းရင်းသားအပေါင်းတို့၏မေတ္တာ တရား၊ သစ္စာကြီးမားမှု၊ သတ္တိဗျတ္တိနှင့် ရဲဝင့်ပြတ်သားစွာ ဖြင့် အန္တရာယ် ရန်စွယ်ဟူသမျှ စုပေါင်းတွန်းလှန်လိုစိတ် များက ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စုအလှ တရား၊ ပြည်ထောင်စု၏ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို ပုံဖော်ရန်အတွက် စံနမူနာကောင်းလက္ခဏာရပ်များအဖြစ် ရှုမြင်မိပါ ကြောင်း တင်ပြလိုက်ရပါသည်။ ။
မိုးကေနိုင်