Skip to main content

ရန်ကုန်မြို့ လေထုအရည်အသွေးနှင့် ပတ်သက်သည့် အခြေအနေနှင့် စပ်လျဉ်း၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်သူတွေ လေအရည်အသွေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုဖြစ်နေမှာစိုးတဲ့အတွက် တိုင်းတာရရှိမှုကို ဖေဖော်ဝါရီ ၆ ရက်ကစပြီး ထုတ်ပြန်ခဲ့ ရရှိတဲ့အချက်အလက်အရလည်း ၅၀ နဲ့ ၁၀၀ ကြားမှာ ရှိတဲ့အတွက် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အနေအထား မရှိပါဘူး (မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး)

ရန်ကုန်မြို့ လေထုအရည်အသွေးနှင့် ပတ်သက်ပြီး ရန်ကုန်မြို့နေ ပြည်သူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ရန်ကုန် (ကမ္ဘာအေး) စခန်းက ဖေဖော်ဝါရီ ၆ ရက်မှ ၁၂ ရက်အထိ နေ့စဉ် တိုင်းတာရရှိသည့် ရန်ကုန်မြို့ လေအရည်အသွေး (PM2.5) အခြေအနေများကို ၎င်းတို့၏ ဌာနဖေ့စ်ဘွတ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်လာခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့ လေထုအရည်အသွေးနှင့် ပတ်သက်သည့် အခြေအနေနှင့် စပ်လျဉ်း၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ ရန်ကုန်မှာ လေထုအရည်အသွေးနဲ့ ပတ်သက်ပြီး ရန်ကုန်နေ ပြည်သူတွေက စိုးရိမ်တာမျိုး ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အခြေအနေကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ ရန်ကုန်မှာ လေထုအညွှန်းကိန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဌာနကနေ တိုင်းတာလည်းရှိတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီကလည်း တိုင်းတယ်။ တခြားသော NGO အဖွဲ့အစည်းတွေက တိုင်းတာလည်းရှိတယ်။ များသော အားဖြင့် ဒီလိုအဖွဲ့အစည်းတွေ တိုင်းတာကြ တာကလူစည်ကားတဲ့ အချိန်မှာ တိုင်းတာပြီး သတင်းထုတ်ပြန်တာမျိုးရှိတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းမှာပဲ အဖွဲ့အစည်းတစ်ခုက လူစည်ကားတဲ့ အချိန်ပိုင်း တစ်ခုတိုင်းပြီး ရလာတဲ့ လေအရည်အသွေးဟာ အန္တရာယ်ဖြစ်လောက်တဲ့အထိ ရောက်နေပြီလို့ထုတ်ပြန်ပါတယ်။ ဒီလို ထုတ်ပြန်လိုက်တဲ့အတွက် ပြည်သူလူထု က သတိထားမိ လာတယ်။ ဒီလို တိုင်းတာပြီး သတင်းထုတ်တဲ့အခါ ရန်ကုန်မြို့ရဲ့ လေအရည်အသွေးဟာ ဗန်ကောက်တို့၊ ပေကျင်းတို့ထက်ကို ပိုဆိုးနေတဲ့ ပုံစံမျိုး ထုတ်ပြန်ပါတယ်။ အမှန်တော့ ဗန်ကောက်တို့၊ ပေကျင်းတို့ဟာ ကျွန်တော်တို့ ထက် အများကြီးဆိုတဲ့ နေရာဒေသတွေဖြစ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေက ပြန်ပြီး ဖြေကြားထားတာရှိပါတယ်။

အရင်တုန်းက လေအရည်အသွေးကို ကျွန်တော်တို့အနေနဲ့ တိုင်းတာပြီး တိုင်းတာရရှိတဲ့ Report တွေကို East Asia Network Center of Acid Deposition(EANED) အဖွဲ့ကို ၆ လပတ်တစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် ပေးပို့ပါ တယ်။ ဒီအချက်အလက်တွေကို ကမ္ဘာ့မိုးလေဝသအဖွဲ့ကနေ ပြန်ပြီး Report လုပ်ပါတယ်။ ပြီးတော့ ကမ္ဘာ့နိုင်ငံတွေအလိုက် လေအရည်အသွေး ဘယ်လောက် ရှိတယ်ဆိုတာကို ဖော်ပြပေးလေ့ရှိတယ်။ ဒီထဲမှာလည်း ကျွန်တော်တို့နိုင်ငံက များတဲ့အထဲ မပါပါဘူး။ အလယ်အလတ်အဆင့် လောက်ပဲရှိပါတယ်။ ကျွန်တော့် အနေနဲ့ အရင်ကတည်းက တိုင်းတာနေပေမယ့် မထုတ်ပြန်ဘူး။ ဒါပေမယ့် ပြည်သူတွေ သိရှိအောင်၊ စိုးရိမ်မှုမဖြစ်အောင် ဖေဖော်ဝါရီ ၆ ရက်ကစပြီး လေအရည်အသွေးကို အမှန်သိရှိအောင် ထုတ်ပြန်ပေးတာရှိပါတယ်။

အဓိကကတော့ လေအရည်အသွေးတိုင်းတဲ့အခါ နှစ်မျိုးရှိပါတယ်။ အချိန်ပိုင်းတိုင်းတာမျိုးလည်း ရှိတယ်။ အသွားအလာများတဲ့ အချိန်ပိုင်းတစ်ခုကိုပဲ တိုင်းတာပြီး ယူလို့မရပါဘူး။ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းအရ လေအရည်အသွေး တိုင်းမယ်ဆိုရင် ၂၄ နာရီ တိုင်းရတာဖြစ်ပါတယ်။ ၂၄ နာရီ၊ လအလိုက်၊ နှစ်အလိုက် သွားရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေ လေအရည်အသွေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုဖြစ်နေမှာစိုးတဲ့အတွက် တိုင်းတာရရှိတဲ့ အချက်အလက်ကို ဖေဖော်ဝါရီ ၆ ရက်က စပြီး ထုတ်ပြန်ခဲ့တယ်။ ဒီရရှိတဲ့အချက်အလက်အရလည်း ၅၀ နဲ့ ၁၀၀ ကြားမှာ ရှိတဲ့အတွက် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အနေ အထား မရှိပါဘူး။ တကယ်လို့ ၁၀၀ ကျော်သွားရင်တော့ အသက်ကြီးတဲ့သူတွေ၊ ကလေး ငယ်တွေ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကျန်းမာရေးချို့တဲ့သူတွေအတွက် အန္တရာယ်ရှိပါတယ်။

မေး။ ။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ရန်ကုန်မှာလေအရည်အသွေး တိုင်းတာမှုအခြေအနေကို သိရှိပါရစေ။ ဖြေ။ ။ မြို့နယ်အလိုက် တိုင်းတာတာမျိုးတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ဌာနအနေနဲ့ ကမ္ဘာအေး မိုးလေဝသစခန်းမှာ လေ အရည်အသွေး တိုင်းတာရေးစက်ကို တပ်ဆင်ပြီး ရန်ကုန်မြို့အတွက် တိုင်းတာတာဖြစ်ပါတယ်။ ဒီလိုမျိုး လေအရည်အသွေး စက်တွေကို မြို့နယ်တိုင်း တပ်ဆင်နိုင်ရင်တော့ပိုပြီး အချက်အလက်ရမယ်။ ပိုကောင်းပါတယ်။ အခုက ကီလိုမီတာ ၅၀ အတွင်း လေအရည်အသွေးကို တိုင်းတာနိုင်တဲ့အတွက် ရန်ကုန်မြို့တစ်ခုလုံးကို ခြုံပြီး တိုင်းတာနိုင်ပါတယ်။

လေအရည်အသွေး တိုင်းတာမှုနဲ့ ပတ်သက်ပြီး ထပ်တိုးမယ့် အစီအစဉ်တွေ လည်းရှိပါတယ်။ နောက်ဘဏ္ဍာနှစ်မှာ ရွေ့လျားအရည် အသွေး တိုင်းတာစက်တွေနဲ့ တိုင်းတာနိုင်အောင် ဆောင်ရွက်နေတာရှိပါတယ်။ မန္တလေးမှာဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက တိုင်းတာတာရှိပါတယ်။ ဂျပန်က လှူတာပါ။ စတုန်းက ကျွန်တော်တို့ ဌာနကိုလှူတာပါ။ အခု ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ရှိလာတော့ သူတို့နဲ့ပိုပြီး သက်ဆိုင်တဲ့အတွက် သူတို့ကို လွှဲပေးလိုက်တာပါ။ ဒါပေမယ့် သူတို့ တိုင်းတာရရှိတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ဆီကို ပေးပို့ပေးပါတယ်။ နောက်နှစ်မှာဆို နေပြည်တော်မှာ တပ်ဆင်ဖို့လည်း ရှိပါတယ်။ ဘဏ္ဍာနှစ်တိုင်း ဒီလိုပဲ တိုးချဲ့ပြီး ဆောင်ရွက်သွားမှာပါ။

မေး။ ။ တချို့ လေအရည်အသွေး တိုင်းတာရာမှာ တိုင်းတဲ့နေရာမတူရင်air pollution မတူနိုင်ဘူး။ မြို့နယ်တိုင်း တိုင်းသင့် သလားဆိုပြီး ပြောကြတာမျိုးလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း သိရှိပါရစေ။

ဖြေ။ ။ ကျွန်တော်တို့ ဌာနအနေနဲ့ လေအရည်အသွေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြည်သူတွေကို သိရှိအောင် ဖြေကြားပေးထားဖို့ ၊ ဝန်ထမ်းတွေကို ပြောထားပါတယ်။ ဖြေဆိုပေးဖို့လည်း ပြောထားပါတယ်။ကျွန်တော်တို့ဌာနရဲ့ ဖေ့စ်ဘွတ်၊ ဝက်ဘ်ဆိုက်ကနေလည်း ဖြေကြားပေးပါတယ်။ မြို့နယ်တိုင်းမှာ လေအရည်အသွေး တိုင်းတာသင့် သလားဆိုရင်တော့ တိုင်းတာ သင့်ပါတယ်။ အရင်တုန်းကဆို မိုင် ၅၀ ပတ်လည်မှာ မိုးလေ၀သစခန်း တစ်ခုရှိရင် လုံလောက်တယ်။ ဒါပေမယ့် အခု နောက်ပိုင်းမှာ ရာသီဥတုပြောင်းလဲလာတယ်။ မိုးလေဝသတိုင်းတာမှုအတွက် ဖွံ့ဖြိုးပြီး နိုင်ငံတွေဆို ၃ ကီလိုမီတာ၊ ၅ ကီလို မီတာအတွင်း တပ်လာတာမျိုးတွေရှိလာတယ်။ ထုတ်လွှင့်တဲ့ ပမာဏကလည်း အချိန်တစ်ခုနဲ့ တစ်ခု မတူနိုင်ဘူး။ ရုံးတက်ရုံးဆင်းများတဲ့ အချိန်ဆို လေအရည်အသွေးဟာ ကျနေနိုင်တယ်။

အခုနောက်ပိုင်းမှာ ကားတွေ၊ အဲကွန်းတွေ ဒီလိုတွေကနေ ကာဗွန်ထုတ်လွှင့် မှုများလာတယ်။ ဒီလို အသုံးပြုမှုတွေ များလာတဲ့ အတွက် မြို့နယ်အလိုက်လည်း လေအရည်အသွေးကမတူနိုင်ဘူး။ဒါကြောင့် မြို့နယ်တိုင်းမှာ တပ်သင့်ပါတယ်။

ဒပေမယ့် အချိန်ပိုင်းတစ်ခုတိုင်းပြီး ကျန်းမာရေး ထိခိုက်စေတယ်ဆိုတာမျိုး ကလည်း မဖြစ်နိုင်ပါဘူး။ ဗန်ကောက်တို့၊ ပေကျင်း တို့က လေအရည်အသွေးက ၂၄ နာရီတိုင်းတာတဲ့အခါ ၁၅၀ ကျော်နေတဲ့ အနေအထားဖြစ်ပါတယ်။ တချို့ ရက်ဆို သူတို့ဆီမှာ ၃၀၀ ကျော်တာမျိုးလည်းရှိပါတယ်။

လေထုအရည်အသွေး ကျဆင်းတာမျိုးရှိရင် ကာဗွန်ထုတ်လုပ်မှုများပြီး ရာသီဥတု ပြောင်းလဲမှုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံမှာ ကာဗွန်ထုတ်လုပ်မှုကို လျှော့ချနိုင်ဖို့ ၂၀၃၀ ပြည့်နှစ် သတ်မှတ်ချက်ထားပြီး ဆောင်ရွက်နေတာလည်း ရှိပါတယ်။ အခု ကညနမှာဆို ကားက မီးခိုးထွက် မထွက်ကအစ စိစစ်လာတယ်။ ကျွန်တော် ပြောချင်တာက လေအရည်အသွေး အပိုင်းနဲ့ ပတ်သက်ပြီး အစိုးရပိုင်းမှာပါ အလေးထားပြီး လုပ်ဆောင်နေပါတယ်။ ဒီအတွက် ပဲရစ်သဘောတူညီချက်မှာလည်း ပါဝင်လက်မှတ်ရေးထိုးထားတာ ၊ ရှိပါတယ်။ ဒီလို လျှော့ချနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကို အသုံးပြုဖို့လည်း လိုပါတယ်။ လူတစ်ဦးချင်းစီရဲ့ လိုက်နာဆောင်ရွက်မှုကလည်း အရေးကြီးပါတယ်။ စွမ်းအင်နဲ့ ပတ်သက်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို အသုံးချဖို့လည်း အရေးကြီးပါတယ်။

မေး။ ။ နယ်စပ်ဒေသတွေမှာလည်း လေထုညစ်ညမ်းမှု ဖြစ်ပွားတာမျိုး ၊ရှိပါတယ်။ ဒီဒေသတွေမှာရော လုပ်ဆောင်နေတာတွေ ရှိပါသလား။

ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ လေအရည်အသွေးတိုင်းတာရာမှာ နယ်စပ်ဒေသတွေအတွက် လုပ်ဆောင်တာတော့ မရှိသေးဘူး။ ဒီဒေသ တွေမှာ အက်စစ်မိုးရွာသွန်းမှုနဲ့ ပတ်သက်ပြီး monitoring လုပ်နေတာတော့ ရှိတယ်။ နယ်စပ်တစ်လျှောက်မှာ လေအရည် အသွေး တိုင်းတာမှုကို အဓိကတာဝန်ယူတာ၊ အာဆီယံမှာပါ တာဝန်ယူတာက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကပါ။ သူတို့ကတော့ ဒါတွေနဲ့ ပတ်သက်ပြီး စပြီးအကောင်အထည် ဖော်နေပါပြီ။ နယ်စပ်ဒေသမှာ မီးခိုးမြူထူထပ်တာနဲ့ ပတ်သက်ပြီး မနှစ်က ထိုင်းက ကျွန်တော်တို့ကို ပြောတယ်။ ကျွန်တော်တို့ကလည်း ထိုင်းကို ပြောတာ ရှိတယ်။ နှစ်ဖက်ပြောကြပေမယ့် နှစ်နိုင်ငံ လုံးမှာ တောင်ယာစိုက်ပျိုးဖို့အတွက် မီးရှို့တာရှိတယ်။ တောမီးလောင်တာရှိတယ်။ ဒီလိုမျိုးတွေကြောင့် ဂြိုဟ်တုကနေ ကြည့်တဲ့ အခါ မီးခိုးမြူထူထပ်တာတွေ့ရတယ်။ တာချီလိတ်မှာဆို ရေဖျန်းပေး ရတာမျိုးရှိခဲ့တယ်။

 မေး။ ။ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုတွေကို အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ပေးနိုင်ဖို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှာ ဆောင်ရွက်နေတာတွေရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ။ ။ လက်ရှိမှာတော့ JICA နဲ့ ဆောင်ရွက်ပြီးတဲ့ ပရောဂျက်ရှိပါတယ်။ JICA ကနေ အလိုအလျောက် မိုးလေဝသတိုင်းတာရေး စက်တွေ၊ ရေဒါတွေ၊ ဂြိုဟ်တု တိမ်မိုးဖမ်းစက်တွေ ဒီလိုမျိုးတွေ ပေးအပ်တာလည်း ရှိပါတယ်။ ကိုရီးယား မိုးလေဝသအေဂျင်စီ ကနေလည်း အလိုအလျောက် မိုးလေဝသတိုင်းတာရေးစက်တွေ ပေးအပ်တာလည်းရှိတယ်။ နိုင်ငံတော်အပိုင်း ကလည်း Immediate Response Fund နဲ့ အလို အလျောက် မိုးလေဝသတိုင်း တာရေးစက်တွေ တိုးချဲ့တပ်ဆင်ပြီး အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်နေပါတယ်။

အရင်တုန်းကဆို မိုးလေဝသသတင်းကို တစ်နေ့ကို တစ်ကြိမ် ထုတ်ပြန်ပေး တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ တစ်နေ့ငါးကြိမ် ထုတ်ပြန်ပေးပါတယ်။ မနက် ၇ နာရီ၊ မွန်းတည့် ၁၂ နာရီ၊ မွန်းလွဲ ၂ နာရီ၊ ညနေ ၄နာရီနဲ့ ည ၇ နာရီဆိုပြီး ငါးကြိမ် ထုတ်ပြန်ပေး ပါတယ်။ ရာသီဥတု ထူးခြားမှုရှိရင်လည်း ထူးခြားမှုရှိသလို ထုတ်ပြန်တာလည်း ရှိပါတယ်။ တကယ်လို့ ရာသီဥတု ထူးခြားမှုမရှိရင် မနက် ကနေ ညအထိ တစ်ပုံစံတည်း ဖြစ်နေတဲ့အတွက် တချို့ပြည်သူတွေက မေးကြ တာရှိပါတယ်။

ဒီအပေါ်မှာလည်း ကျွန်တော်တို့အနေနဲ့ ဘာကြောင့် တူညီနေတဲ့အကြောင်း ကို သေချာရှင်းပြပေးပါတယ်။ ကျွန်တော်တို့ဌာနအနေ နဲ့ ပြည်သူလူထုက မိုးလေဝသနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုရှိတာကို ဝမ်းသာပါတယ်။ ၂၀၀၈ ခုနှစ်နာဂစ်မဖြစ်ခင်အထိ မိုးလေဝသကို စိတ်ဝင်စားမှု နည်းပါတယ်။ တီဗွီမှာ မိုးလေဝသ ကြေညာချက်လာရင်တောင် တခြားလိုင်း ပြောင်းကြည့်ကြတာမျိုး ရှိပါတယ်။ အခုတော့ ပြည်သူတွေအနေနဲ့ မိုးလေဝသနဲ့ ပတ်သက်ပြီး စိတ်ဝင်စား မှုရှိလာတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆို မနက် အိပ်ရာထတာနဲ့ မိုးလေဝသ သတင်းကိုကြည့်ပြီး ရာသီဥတုနဲ့ လိုက်လျောညီထွေရှိအောင် ဝတ်စား သွားလာတာမျိုးရှိပါတယ်။

အရင်က မိုးလေဝသနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု မရှိတဲ့အတွက် တခြားအိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင်တော့ နောက်ကျ ကျန်ခဲ့ပါတယ်။ ဒါပေမယ့်၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ ပြည်ပအကူအညီတွေရလာသလို အစိုးရပိုင်းကလည်း | ပံ့ပိုးဆောင်ရွက်မှု များလာတယ်။ တဖြည်းဖြည်း တိုးတက်မှုတော့ ရှိလာပါတယ်။

မေး။ ။ ပြည်သူတွေ သိရှိစေဖို့ ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောကြားပေးပါ။

ဖြေ ။ ။ အဓိကတော့ ရာသီဥတု အပြောင်းအလဲကတစ်ကမ္ဘာလုံးမှာ ဖြစ်နေပြီ။ဒီလို ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ လိုက်လျောညီထွေရှိဖို့ ကလည်း အရေးကြီးပါတယ်။ ရာသီဥတုပြောင်းလဲမှုအတွက် တစ်ဖက်ကလည်း ပြုပြင်ထိန်းသိမ်းတာတွေ ကို ဆောင်ရွက်ရမှာပါ။ ရာသီဥတုနဲ့ လိုက်လျောညီထွေမှု ရှိအောင် ဥပမာ စိုက်ပျိုးရေးက အစ၊ အရင်က ဒေသအလိုက် စိုက်တဲ့ စပါးမျိုးထက် ရာသီဥတုဒဏ်ခံ စပါးမျိုးကို ပြောင်းစိုက်တာမျိုး၊ တခြားရာသီဥတုနဲ့ သင့်လျော်တဲ့ စိုက်ပျိုးတာမျိုးကိုပြောင်းလဲ ရမှာပါ။ ဒီလိုမျိုး အသိပညာတွေလည်း ကျယ်ပြန့်စေချင်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပညာတွေရှိဖို့ လိုအပ်ပါတယ်။ အဓိက ကတော့ ပြောင်းလဲလာတဲ့ရာသီဥတုနဲ့ လိုက်လျော ညီထွေ ရှိအောင် ပြုမူနေထိုင် တတ်ဖို့ကလည်း အရေးကြီးတယ်ဆိုတာကို သတင်းပေးချင်ပါတယ်။

မေးမြန်း - ရှင်မင်း ဓာတ်ပုံ - ဟိန်းမင်းစိုး